Sunday, July 1, 2012

ဒိုမယ် (သို့) ပုလဲလုံးတွေဝပ်ထားတဲ့ကျွန်း



ကျွန်းစခန်းလေးသို့ သူရောက်သည့်အခါတိုင်း စားရိပ်သာနှင့်ဆေးခန်းလေးကိုဆက်ထားသော အမိုးအောက်မှလမ်းကြား လေးတွင် ထိုင်ခုံလေးတစ်လုံးချကာ ထိုင်လေ့ရှိသည်။ ဝန်ထမ်းများလုပ်ငန်းခွင်ဝင်သည့်အချိန် အေးအေးလူလူ ရှိတတ် သောနေ့လည်ခင်းများတွင် သည်လမ်းကြားလေး၌ စာအုပ်တစ်အုပ်၊ လက်ဖက်ရည်အဖန်တစ်ခွက်နှင့်အတူ သူထိုင်နေကျ။ ဖြည်းဖြည်းဖျော့ဖျော့တိုးဝင်လာတတ်သော ဆားငွေ့သင်းသည့်ပင်လယ်လေကိုရှူရှိုက်လိုက်၊ စာမျက်နှာတွေကို တစ်ရွက် ပြီးတစ်ရွက်လှန်ဖတ်လိုက်၊ အဖန်ရည်တစ်ကျိုက်ကျိုက်ကာ ဖတ်လက်စစာတွေကိုအရသာခံလိုက်၊ ဗိုက်ဆာလာလျှင် စားရိပ်သာထဲဝင်ပြီး စားစရာတစ်ခုခုယူစားလိုက်၊ လူနာလာလျှင် ထကြည့်လိုက်၊ ဖြတ်သန်းသွားလာသူများတွေ့လျှင် ခေါင်းညိတ်ပြုံးပြလိုက်နှင့် ကျွန်းပေါ်ကနေ့ရက်တွေကို တရွေ့ရွေ့ကုန်လွန်စေခဲ့၏။
            လူနာလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သည်ထိုင်ခုံလေးမှာပဲ သတ်မှတ်ချိန်ပြည့်အောင် သူထိုင်သည်။ ဆေး ထုတ်၊ စာရင်းသွင်း၊ လူနာကြည့်သည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် ဆေးခန်းထဲမှာသူနေလေ့မရှိ။ ဆေးခန်းထဲ၌ လေအေးပေးစက်တပ်ပေးထားသော်လည်း လတ်ဆတ်သောပင်လယ်လေစစ်စစ်ကို ရှူရှိုက်ရတာလောက် သူမမက်မော။ လူနာလာသည့်အခါမှ လူနာနှင့်အတူ ဆေးခန်းထဲသို့ဝင်လေ့ရှိ၏။ သည်ကျွန်းစခန်းလေးသည် ပုလဲမွေးမြူထုတ်လုပ်သော နေရာတစ်ခုဖြစ်သောကြောင့် သူ့ဆေးခန်းလေးသို့ လာသမျှလူနာများ(ကျွန်းသူကျွန်းသားများ)အားလုံးမှာလည်း ပုလဲ ဝန်ထမ်းများသာလျှင်ဖြစ်ကြသည်။ သူတို့အားလုံး ကျွန်းပေါ်မှာမွေး၊ ကျွန်းပေါ်မှာကြီးပြင်းကြသူများမဟုတ်ဘဲ တစ်ဝမ်း တစ်ခါးအတွက် နေရာစုံမှ လာရောက်လုပ်ကိုင်ကြသူများဖြစ်သည်။
တစ်ကောင်လျှင် အုတ်ခဲတစ်လုံးသာသာလေးသော မုတ်ကောင်များပါသည့်ခြင်းများကို နေ့စဉ် ဆွဲရ၊ မ,ရသော ဒဏ်များကြောင့် သူတို့အားလုံး ခါးနာဖူး၏။ ပုခုံးနာဖူး၏။ မုတ်ကောင်ခြင်းများတွင် တွယ်ကပ်နေတတ်သော ရေမှော်ပင် တစ်မျိုး (သူတို့အခေါ် ယားပင်)ထိမိသောကြောင့် အဖုအပိမ့်ကြီးများထကာ မခံနိုင်အောင်ယားယံဖူး၏။ ထို ‘ယားပင်’ များ မတော်တဆ မျက်လုံးထဲဝင်သောကြောင့် နီရဲယားယံလာပြီး မျက်ရည်ပူများ တသွင်သွင်စီးကျဖူး၏။ မုတ်ကောင်များ၊ မုတ်ကောင်ခြင်းများ၊ ဘောသီးများတွင် အထပ်ထပ်တွယ်ကပ်နေကြသော ခရင်းကောင်များကို ဖယ်ရှားသုတ်သင်ရင်း ခရင်းပြတ်ရှဖူး၏။ ပင်လယ်ပြင်တွင် မိုးဒဏ်၊ လေဒဏ်၊ လှိုင်းဒဏ်ကို အန်တုရင်ဆိုင်ရင်းမှ လှိုင်းမူးဖူး၊ အော့အန်ဖူး၏။ အခါအားလျော်စွာ ခေါင်းထောင်နှိပ်စက်တတ်သော တုပ်ကွေး၊ ငှက်ဖျားတို့ကြောင့် သူတို့အားလုံး သောက်ဆေး၊ ထိုးဆေး တို့နှင့်ရင်းနှီးဖူးကြ၏။ သို့နှင့် နှစ်တွေကြာလာတော့လည်း သူတို့အားလုံး ထိုဝေဒနာများကို ကျင့်သားရလာကြ၏။
မနက်ပိုင်း ဆယ့်ငါးမိနစ်အလုပ်နားသည့်အချိန်များတွင် ထိုင်ခုံလေးအနီးသို့ ‘ကိုလူလှ’ ရောက်လာတတ်ပြီး သူ့ကို လက်ဘက်ရည်သောက်လာခေါ်တတ်သည်။ ထိုအခါများတွင် ကိုလူလှတို့ မုတ်ကောင်သားဖောက်ဌာနမှာ လက်ဘက်ရည် လိုက်သောက်ရင်း ဖန်ဘူးတွေ၊ ဖန်ပြွန်တွေ၊ ဖန်ပြားတွေ၊ အဏုကြည့်မှန်ပြောင်းတွေ၊ မုတ်ကောင်ပေါက်ကလေးများ တွယ် ကပ်နေသည့်ကြိုးထုံးတွေ၊ ဖိုင်ဘာစည်ပိုင်းကြီးတွေကြားကို ရောက်သွားတတ်၏။
            မုတ်ကောင်သားဖောက်ရန်အတွက် အရွယ်ရောက်ပြီးသော မုတ်ကောင်အထီးနှင့်အမကို ကန်တစ်ကန်ထဲ၌ အတူ ထည့်ပြီး ရေအပူချိန်အတက်အကျကို ကစားပေးရသည်။ ထိုအခါ မုတ်ကောင်အထီးနှင့်အမတို့သည် သုက်နှင့်မျိုးဥများ လွှတ်ကြသည်။ ယင်းတို့၏မျိုးဥများ သန္ဓေအောင်ပြီးနောက် ၄၈ နာရီအကြာ၌ပေါက်ပွားလာသော မုတ်ကောင်ပေါက်လေး များကို တွဲလောင်းချထားသောကြိုးထုံးလေးများ၌ တွယ်ကပ်စေလျက် ဆက်လက်မွေးမြူကြရသည်။ ကိုလူလှက စည်ပိုင်း ထဲမှ ရေအနည်းငယ်ယူကာ ဖန်ပြားဝိုင်းတစ်ခုပေါ်တင်၍ အဏုကြည့်မှန်ပြောင်းအောက်မှာထိုးပြသဖြင့် ကြည့်လိုက်ရာ မြင်းခွာပုံသဏ္ဍာန်မုတ်ကောင်သားပေါက်လေးများကို ညိုတိုတိုမည်းတဲတဲတွေ့လိုက်ရသည်။
အဆိုပါ ညိုမည်းမည်းမုတ်ကောင်ပေါက်လေးများကို ကျွေးရန်အတွက် အစာ(ဘက်တီးရီးယား)များကိုလည်း သီးသန့်မွေးမြူပေးရသေးသည်။ မုတ်ကောင်ပေါက်လေးရက်သားမှ ကိုးရက်သားအထိကို အစာနှစ်မျိုး၊ ကိုးရက်မှသုံးလ အထိကို နောက်ထပ်အစာနှစ်မျိုးပေါင်းကာ စုစုပေါင်းအစာလေးမျိုးရောစပ်၍ ကျွေးကြရ၏။ မုတ်ကောင်အစာ အမျိုးပေါင်း များစွာရှိသည့်အနက်မှ လက်ရွေးစင် အစာလေးမျိုးကိုသာ ရွေးချယ်၍အသုံးပြုထားသည်ဟု ကိုလူလှက စိတ်ရှည်လက် ရှည်ရှင်းပြသည်။ ထို့အပြင် ဤပုလဲမွေးမြူရေးလုပ်ငန်းသည် ဂျပန်နိုင်ငံမှာတော့ တစ်နိုင်တစ်ပိုင်မိသားစုလုပ်ငန်းဖြစ်သည် ဟုပြောပြသဖြင့် သူအံ့အားသင့်ခဲ့ရသေးသည်။
ကိုလူလှ၏မုတ်ကောင်သားဖောက်ဌာနမှ ခေတ်မီနည်းပညာများဖြင့် နှစ်စဉ်မုတ်ကောင်ပေါင်းထောင်သောင်းချီ၍ သားဖောက်မွေးဖွားပေးနိုင်သော်လည်း ကိုလူလှကိုယ်တိုင်မှာတော့ အခုထိ သားသမီးရတနာ မထွန်းကားနိုင်သေး။ “ကိုလူလှကြီး…ဘယ်လိုလဲ၊ ထူးခြားပြီလား” ဟုမေးလိုက်တိုင်း “နည်းစနစ်ရှာနေတုန်းဗျ” ဟု အရွှန်းဖောက်ကာ ခပ်ပြုံးပြုံး ပြန်ဖြေတတ်လေ့ရှိသော ကိုလူလှတစ်ယောက် ကျွန်းလေးပေါ်မှ မုတ်ကောင်ပေါက်ကလေးများကိုသာ သားငယ်သမီးငယ် လေးများအဖြစ် အရိပ်တကြည့်ကြည့် ဂရုစိုက်နေရတော့၏။
ရာသီဥတုကြည်လင်သောနေ့များမှာတော့ သူ့ထိုင်ခုံလေးဆီသို့ စားရိပ်သာမှူးကြီး ‘ဦးလှဝင်း’ ကွမ်းတမြုံ့မြုံ့ ဝါးလျက်ရောက်လာတတ်ပြီး မုတ်ကောင်ဝတ်ဆံသွင်းသည့်ဌာနသို့ ခေါ်သွားတတ်၏။ သစ်သားခုံကြီးများကိုယ်စီဖြင့် အသားစလှီးသူကလှီး၊ ဝတ်ဆံသွင်းသူကသွင်းနှင့် စည်ကားလှသည်။ ဝတ်ဆံသွင်းရန်အတွက် အရွယ်ရောက်ပြီး မုတ်ကောင်များကို သေတ္တာနက်(Black Box)ထဲသို့ထည့်ပြီး တစ်လခန့် အစာရေစာဖြတ်ထားရသည်။ သို့မှသာ မုတ်ကောင် ၏ အသားများကျုံ့ကျစ်သွားပြီး ဝတ်ဆံသွင်း၍ကောင်းသည်ဟူ၏။ ဝတ်ဆံမသွင်းခင် မုတ်ကောင်များ အခွံဟ,လာစေရန်  ရေနွေးစိမ်ပေးရသည်။ ထို့နောက် ပွင့်အာလာသောမုတ်ကောင်အခွံများ ပြန်ပိတ်မသွားစေရန် သစ်သား ‘သပ်’ လေးများ ရိုက်ထည့်ပေးထားရ၏။
            မုတ်ကောင်၏ခန္ဓာကိုယ်ထဲသို့ အရှင်လတ်လတ်ထည့်သွင်းရသော ဝတ်ဆံလုံးလေးများမှာလည်း မုတ်ကောင်၏ အခွံကိုပင် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်ဟု ဝတ်ဆံသွင်းသူတစ်ဦးကပြောပြသည်။ ယင်းဝတ်ဆံလုံးလေးကို သတ်မှတ် ထားသည့်နေရာ၌ ထည့်သွင်းပြီးလျှင် နောင်အခါတွင်ဝတ်ဆံအိတ်ဖြစ်လာစေမည့် မုတ်ကောင်အသားစလေးတစ်ခုကို အပေါ်မှထပ်၍အုပ်ပေးရ၏။ ဝတ်ဆံသွင်းသူတစ်ယောက်သည် တစ်နေ့လျှင်ဝတ်ဆံအလုံးရေနှစ်ရာခန့် သွင်းကြရသည်။ ဝတ်ဆံသွင်းပြီးသောမုတ်ကောင်များကိုလည်း အချိန်မှန်မှန်ပြန်ဖော်ကာ ဓါတ်မှန်(X-ray)စက်ကြီးအောက်မှာ ဖြတ်သန်းစေ လျက် ဝတ်ဆံမြဲမမြဲ၊ ပုလဲဖြစ်မဖြစ်စစ်ဆေးပေးကြရ၏။ ဝတ်ဆံမအောင်သောမုတ်ကောင်များကိုတော့ စောစောစီးစီး ကိစ္စ တုံးပစ်လိုက်ကြသည်။ ဝတ်ဆံအောင်သည့်၊ ပုလဲဖြစ်သည့်မုတ်ကောင်များကတော့ ပုလဲဖော်ယူမည့်အချိန်ကာလအထိ အသက်ဆက်ရှင်ခွင့်ရကြသည်။
            ပုလဲ၏အရောင်အသွေးသည် မွေးမြူသောပင်လယ်ရေ၏ အနေအထားပေါ်မူတည်ပြီး ငွေရောင်၊ ရွှေရောင်၊ ပန်း ရောင်၊ အနက်ရောင်ဟူ၍ ကွဲပြားသွားသည်။ သည်ကျွန်းစခန်းလေးမှာတော့ ငွေရောင်နှင့်ရွှေရောင်ပုလဲများ အထွက်များ၏။ ငွေရောင်ကိုပို၍ လူကြိုက်များသည်ဟုဆိုသည်။
            “ကျွန်မက ဒီအလုပ်နဲ့အသက်မွေးနေရတော့ ဒီအသားမစားဘူး” ဟု ဝန်ထမ်းတစ်ဦးက ဝတ်ဆံသွင်းနေရင်းမှ သူ့ကိုပြောပြသည်။ သူကတော့ သည်အလုပ်နှင့်အသက်မွေးသူမဟုတ်သောကြောင့် ဦးလှဝင်းကြော်ကျွေးသော ‘မုတ်သား ကြော်’ ကို မြည်းစမ်းကြည့်၏။ သူစားဖူးနေကျဖြစ်သော ကမာကောင်ကဲ့သို့ ညှီစို့စို့မဟုတ်ဘဲ ထူးခြားချိုမွှေးပြီး ဝါးလိုက်လျှင် ဆတ်တောက်ဆတ်တောက်နှင့် အလွန်စားကောင်းသည်။ ပုလဲဖော်ပြီးသော မုတ်သားများကိုလည်း အခြောက်လှန်းကာ ကြော်၊ လှော်၊ ဖုတ်၊ ပြုတ်၊ သုပ် စသည်ဖြင့် အမျိုးမျိုးလုပ်စားကြသေးသည်။
            ထိုင်ခုံလေးမှာစာဖတ်ရင်း အာရုံကြောများညောင်းညာလာသောအခါ စိမ်းဖန့်ဖန့်ပင်လယ်ဆီသို့လှမ်းကြည့်ရင်း တောင့်တင်းနေသည့်အကြောများကို ဖြေလျှော့ရသည်။ ပင်လယ်ဘယ်သို့ သူလှမ်းကြည့်လိုက်တိုင်း ပင်လယ်၏အရေပြား တစ်လျှောက် ဟိုမှသည်မှတဒုတ်ဒုတ်ခုတ်မောင်းနေသော အလုပ်လှေများကို တွေ့ရမြဲ။ သူ ကျွန်းပေါ်သို့ရောက်စက ထို အလုပ်လှေများကို ကောင်းကောင်းမခွဲခြားတတ်သေး။ အနေကြာလာသောအခါမှ သည်ဟာက အလုပ်လှေအသေး(Small Boat)၊ ဒါက လှေအလတ်(Medium Boat)၊ ဟိုဟာက မုတ်ကောင်သန့်ရှင်းရေးလှေ(Pump Boat)၊ ဒါကတော့ ကမ်းရိုး တန်းတစ်ကြောမှာအမြန်ဆုံးဆိုသည့် ပီမက်စ်(P-Max) စသည်ဖြင့် ကြည့်တတ်၊ခွဲခြားတတ်လာခဲ့၏။ ကျွန်းသူကျွန်းသားများ ကတော့ စက်သံကိုအဝေးမှကြားရုံဖြင့် မည်သည့်လှေမှန်းတပ်အပ်ပြောနိုင်ကြသည်။ ထိုလှေများဖြင့် ဒူးတင်ပေါင်တင် ကျင်လည်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းများစွာကြာလာခဲ့ပြီကိုး။
            နေရှိန်ပြင်းပြင်းနေ့လယ်ခင်းများတွင် သူ့ထိုင်ခုံလေးဘေးမှခုံတန်းလေး၌ တစ်ကျွန်းလုံးကိုခြင်ဆေးလိုက်ဖျန်းပြီး ပြန်လာတတ်သော ခြင်နှိမ်နင်းရေးသမားကြီး ‘ဦးအောင်ဌေး’ တစ်ယောက် လျှာထိုးဦးထုပ်ဆောင်း၊ နေကာမျက်မှန်တပ်၊ နှာခေါင်းစည်းအုပ်ပြီး အငွေ့တထောင်းထောင်းထနေသည့် ခြင်ဆေးမှုတ်ပြောင်းကြီးလွယ်ကာ ခရီးတစ်ထောက်ဝင်နား တတ်၏။ ဦးအောင်ဌေး၏အဓိကတာဝန်မှာ ကျွန်းလေးကိုလျှပ်စစ်စွမ်းအင်ပေးထားသည့် မီးစက်ကြီးခြောက်လုံးကို အလှည့် ကျ ခုတ်မောင်းပေးရသော မီးစက်တာဝန်ခံဖြစ်သည်။ တစ်ခါတစ်ရံ သူနှင့်အတူ မီးစက်ရုံသို့လိုက်သွားတတ်ပြီး ငါးပိနိုင်နိုင်၊ ငရုတ်ကောင်းနံ့သင်းသင်းနှင့် သုပ်ထားသည့်သရက်သီးသုပ်ကို နားပူပူ၊ နေပူပူထဲမှာ ရေနွေးကြမ်းပူပူသောက်ရင်း မြည်းကြ ၏။ တစ်ခါတလေ ကွမ်းသမားကိုလူလှရောက်လာတတ်ပြီး သရက်သီးစိမ်းတွေ တဂျွမ်းဂျွမ်းကိုက်ဝါးနေကြသော သူတို့ကို ကြည့်ကာ သွားကျိန်းနေရှာသည်။
            ညနေစောင်းရေစစ်ချိန်များ၌ ထိုင်ခုံလေးဆီသို့ ကျွန်းသူကျွန်းသားများက ‘အာတိုကြီး’ ဟု ချစ်စနိုးခေါ်ကြသည့် အာရ်အိုဦးလှစိုးကြီး ရောက်လာတတ်ပြီး ‘အနောက်အော်’ မှာ ခရုကောက်ရန်၊ ကျောက်ခက်ချိုးရန် သူ့ကိုလာခေါ်တတ်၏။ သစ်ခုတ်သူများ၊ ရှပ်ငုပ်သူများ တစ်ခါတစ်ရံရောက်လာတတ်သည်မှာလွဲ၍ လူသူအရောက်အပေါက်နည်းသည့် အနောက် အော်မှာ သဘာဝအလှအပများ၊ ပင်လယ်သက်ရှိများ မပျက်မစီးဘဲကျန်ရှိနေသေးသည်။
            ရေစစ်ချိန်ဖြစ်သောကြောင့် ကမ်းခြေတစ်လျှောက်တွင် အရွယ်စုံ၊ အရောင်စုံ၊ ပုံသဏ္ဍာန်စုံ ခရုလေးများတင်ကျန် နေရစ်ခဲ့၏။ သည်ဟာက တူးရွင်းပြား၊ ဟိုဟာက ခရုရုပ်ဆိုး၊ ဒါက ပေါင်မုန့်မျှော့၊ ဒါက သွေးမျှော့ စသည်ဖြင့် တစ်ခါမှ မမြင် ဖူးမကြားဖူးသော အကောင်တွေ၊ အမည်နာမတွေကို တွေ့ရကြားရ၏။ သူကတော့ ကင်မရာတစ်လုံးနှင့် မြင်မြင်သမျှ လျှောက်ရိုက်နေမိသည်။ လူသံကြား၍ ရေစပ်ကျောက်ဆောင်ကြားကို လှစ်ခနဲပြေးဝင်သွားသော အပြာရောင်ငါးကလေး များကိုတွေ့ရသည်။ လိမ္မော်ရောင်မျက်လုံးတစ်လုံးတည်းနှင့် ထိမိလျှင်အလွန်အဆိပ်ပြင်းသော ဆူးမည်းကြီးတွေဖြန့်ကား ပြီး တရွေ့ရွေ့သွားနေသည့် သံပခြုပ်တစ်ကောင်တလေလည်း မြင်ရသည်။ သဲပြင်အောက်မှာရုပ်ဖျက်ပြီး သားကောင်ကို ငြိမ်စောင့်နေသော ငါးဘီလူးဆိုသည့်သတ္တဝါလည်း ရှိသည်။ ဟထားသောအခွံကြားထဲသို့ ဝင်လာသမျှကို မလွှတ်တမ်း ညှပ်ထားတတ်သည့် ကျားလက်သည်းတွေကလည်း အမြောက်အမြား။ ရေအောက်ကျောက်ဆောင်တစ်နေရာမှာတော့ Finding Nemo ရုပ်ရှင်ထဲမှ အဖြူအနီကျားလေးနှင့် နီမိုငါးလေး (Clown Fish) တစ်ကောင်ကို တွေ့လိုက်ရ၏။ သူဓါတ်ပုံ ရိုက်ရန် အနားသို့တိုးကပ်သွားသည်တိုင် ဘယ်မှထွက်မပြေးဘဲ ကျောက်ဆောင်အနီး၌သာ လှုပ်ခတ်ကူးယက်နေသည်မှာ ရုပ်ရှင်ထဲကအတိုင်း သူ့ဥကလေးများကို စောင့်ကြပ်နေသည့်အလားပင်။
            လူသူအရောက်အပေါက်နည်းသဖြင့် ဂေဟစနစ်မပျက်စီးသေးဘဲ ဇီဝမျိုးကွဲများစွာကို တွေ့မြင်နိုင်ခြင်းဖြစ်သည်။ သို့သော် “အရင်တုန်းက ဒီကောင်တွေ ဒီထက်ပိုများသေးတယ်ဗျ၊ အခုကျမှရှားသွားတာ” ဟူသော အာရ်အိုကြီး၏စကား ကြောင့် သူ့အတွေးများ လန့်ဖျပ်ထွက်ပြေးကုန်၏။ သည်လိုဆို ယခုကဲ့သို့ (မည်သည့်အချိန်တွင် ပျက်သုဉ်းပျောက်ကွယ် သွားမည်မသိသော) သဘာဝအလှအပမျိုးစုံကို တွေ့မြင်ခွင့်ရလိုက်ခြင်းအတွက် သူ ဂုဏ်ယူလိုက်ရမည်လား၊ ဝမ်းနည်း လိုက်ရမည်လား။ ခရုခွံတွေတော့ ရသလောက် သူကောက်ခဲ့သည်။ ပင်လယ်ကတော့ သူ့တာဝန်သူကျေပွန်စွာ ထမ်း ဆောင်လျက်ရှိနေဆဲ။
နေစွယ်ကျိုးချိန်သို့ရောက်သည့်အခါ ကိုလူလှကြီးက ကျွန်းအရှေ့ဘက်သောင်ပြင်တစ်လျှောက် လမ်းလျှောက် ထွက်ရန် သူ့ကိုလာခေါ်တတ်သည်။ နင်းချလိုက်လျှင် ခြေမျက်စိထိအောင် အိခနဲ အိခနဲ နစ်ဝင်သွားတတ်သော သဲသောင် မွမွပေါ်၌ တစ်လှမ်းချင်းလှမ်းရသည်မှာ အရသာရှိလှ၏။ ရင်ကိုဖွင့်ကာ လတ်ဆတ်သန့်ရှင်းသော ပင်လယ်လေကို အဆုတ် အပြည့်ရှိုက်သွင်းလိုက်သည့် တစ်ခဏအတွင်းမှာပင် တစ်နေကုန်ထိုင်းမှိုင်းနေသည့် သွေးလှည့်ပတ်မှုများ သွက်လက် မြန်ဆန်လာတော့သည်။ တစ်နေရာမှာတော့ မုတ်ခွံတွေစုပုံထားသည်ကိုတွေ့သဖြင့်စပ်စုကြည့်ရာ သည်မုတ်ခွံတွေကို တန်ချိန်နှင့်ပြန် ရောင်းရသည်ဟု ကိုလူလှကပြောပြသည်။ အလှကုန်ထုတ်လုပ်ရန်၊ အနုပညာပစ္စည်းများပြုလုပ်ရန်၊ ဆေးဖော်ရန်အတွက် အသုံးဝင်သည်ဟူ၏။ လူတို့၏ စွမ်းရည်ထက်မြက်မှုအောက်၌ မုတ်ကောင်၏အရိုးအသားနှင့် အသည်းနှလုံးပါမကျန် ဒူးထောက်အရှုံးပေးရတော့သည်။
ကမ်းစပ်တစ်လျှောက် ခိုးကြောင်ခိုးဝှက်နှင့် တရွေ့ရွေ့သွားနေသည့် ဝင်ကစွပ်ကောင်လေးများ၊ ကဏန်းကောင် လေးများကတော့ ခြေသံရှပ်ခနဲကြားလိုက်သည်နှင့် တန့်ခနဲရပ်ကာ ရိပ်ခနဲဝပ်နေကြရှာသည်။ ခြေသံတွေ တဖြည်းဖြည်း ဝေးသွားမှ ခေါင်းပြန်ထောင်လာကြသည်။ လျှောက်ရင်းလျှောက်ရင်းဖြင့် ဆက်လျှောက်စရာမြေမရှိတော့သည့် ကျွန်း ကလေး၏ အစွန်းတစ်နေရာသို့အရောက်တွင် သူတို့နှစ်ယောက်နောက်ပြန်လှည့်ကာ ကျွန်းစခန်းလေးဆီသို့ လှမ်းမျှော် ကြည့်မိကြ၏။ ကောင်းကင်ပြာပြာ၊ တောင်တန်းစိမ်းစိမ်းခြေရင်းမှာ လဲလျောင်းနေသည့်ကျွန်းစခန်းလေး။ သူ့ခြေရင်းမှာ ပင်လယ်စိမ်းစိမ်း၊ လှိုင်းခေါင်းဖြူဖြူတို့က ဝပ်တွားခစားရသောကျွန်းစခန်းလေး။ ပုလဲလုံးလေးများကို ပင်လယ်အနှံ့ ဖြန့်ကြဲ စိုက်ပျိုးထားသော ကျွန်းစခန်းလေး။ သဘာဝနှင့်နည်းပညာ အားပြိုင်လျက်ရှိနေသော ကျွန်းစခန်းလေး။
“အရမ်းလှတဲ့ ကျွန်းကလေးပဲဗျာ…”
သူ့ပြောစကားကို ကိုလူလှက ထောက်ခံခြင်းလည်းမပြု၊ ကန့်ကွက်ခြင်းလည်းမပြုဘဲ တောင့်တောင့်ကြီးရပ်ကာ ကျွန်းလေးကို တွေတွေကြီးစိုက်ကြည့်နေလေ၏။ ယင်းနောက်တွင်မှ “ခဏတစ်ဖြုတ်ဆိုရင်တော့ ပျော်စရာကြီးပေါ့၊ နှစ်နဲ့ ချီပြီးနေလာရတဲ့အခါမှာတော့ အလွမ်းကိုအလှက မလွှမ်းမိုးနိုင်တော့ပါဘူးဗျာ” ဟု တစ်ခွန်းချင်းပြန်ပြော၏။ ကျွန်းပေါ်မှ ယန္တရားဆန်သောနေ့ရက်များကို ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ် နေပျော်အောင်ဖြတ်သန်းကြရပါသော်လည်း အထီးကျန် ဆန်လာသည့်အခါ၊ ငြီးငွေ့လာသည့်အခါများတွင် အရာအားလုံးထက် မိသားစုကိုသာ တောင့်တမိကြပါသည်။ အပြန်လမ်း တစ်လျှောက်မှာတော့ သူတို့နှစ်ယောက်လုံး ကိုယ့်အတွေးနှင့်ကိုယ် တိတ်ဆိတ်နေကြသည်။ လှိုင်းလုံးတွေကတော့ ကမ်း စပ်ဆီကို တဖြန်းဖြန်း ရိုက်ခတ်နေဆဲ။
နေဝင်ရီတရောအချိန်ရောက်သည့်အခါ တစ်နေ့တာပင်ပန်းခဲ့သမျှ အညောင်းပြေရန်အတွက် ဘောလီဘောပုတ် သူက ပုတ်ကြမည်။ တချို့က ကမ်းစပ်တစ်လျှောက် ဝါသနာအလျောက် ရေကူးကြ၊ ငါးမျှားကြမည်။ တချို့က မိသားစု အလိုက် တံတားပေါ်မှာ လေညင်းခံရင်းလမ်းလျှောက်ကြမည်။ ထမင်းစားချိန်ရောက်လျှင် ဟင်းခွက်ကလေးများ ကိုယ်စီ ကိုင်ကာ စားရိပ်သာမှာ ထမင်းစုစားကြမည်။ သောက်တတ်စားတတ်သူများကတော့ နေရာကောင်းကောင်းရှာပြီး အမြည်း ကောင်းကောင်းလုပ်ကာ သောက်ကြစားကြ ဝိုင်းဖွဲ့ကြမည်။ အရှိန်နည်းနည်းရလာလျှင် ကာရာအိုကေစက်ဖွင့်ကာ မိုက်ကိုင် ကြမည်။ ပြီးလျှင် “ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်၊ လူမွဲတွေလည်း မနှေးခေတ်မီ သူဌေးဖြစ်တော့ မည်” ဟု တစ်ယောက်တစ်ပေါက် ဝိုင်းဆိုကြပေမည်။
အဖော်စုံသူ၊ ပျိုရွယ်သူများကတော့ လရောင်အောက်မှာ၊ တံတားပေါ်မှာ၊ ခုံတန်းလေးပေါ်မှာထိုင်ရင်း ပင်လယ်က ပြောပြသော ဘာသာဗေဒကို အတူတကွ နားစွင့်နေကြပေမည်။ ညကိုးနာရီထိုး၍ အဆောင်တံခါးပိတ်သည့်အခါ ပြတင်း ပေါက်သံဇကာခြားလျက် စကားတွေမကုန်နိုင်အောင် ဆက်ပြောကြဦးမည်။ ကျွန်းကလေးပေါ်မှာတွေ့၊ ကျွန်းကလေးပေါ် မှာ တိမ်ပြာပြာဆန်းဒေးနေ့လေးကိုသတ်မှတ်ပြီး ကျွန်းကလေးပေါ်မှာပင် မိသားစုဘဝထူထောင်လိုကြသော သူတို့အတွက် တော့ ကျွန်းလေးက ဖူးစာကျွန်းကြီးဖြစ်နေပေတော့၏။
ညက တငြိမ့်ငြိမ့် နက်မှောင်လာပြီ။
အခုချိန်လောက်ဆို ပင်လယ်အောက်မှ မုတ်ကောင်လေးတွေလည်း အခွံနှစ်လွှာလုံအောင်ပိတ်ကာ အိပ်စက်နေ ကြပေရော့မည်။ သို့မဟုတ် အသားထဲနစ်မြှုပ်နေသောပစ္စည်းတစ်ခုကို ဖယ်ထုတ်ရန်အတွက် ဓာတ်သတ္တုရည်များကို အသည်းအသန် အန်ထုတ်နေပေလိမ့်မည်။ ညဥ့်နက်လာသည်နှင့်အမျှ တစ်နေကုန် မနားတမ်းလှုပ်ရှားနေခဲ့ရသော ကျွန်းလေးသည်လည်း မျက်ခွံများလေးစင်းကာ အိပ်မောကျစပြုလာနေပြီ။ ကျွန်းတစ်ကျွန်းလုံး ဦးအောင်ဌေး၏ မီးစက်သံမှ လွဲ၍ မည်သည့်အသံမှမကြားရတော့။ စားရိပ်သာနှင့်ဆေးခန်းလေးကိုဆက်ထားသော အမိုးအောက်မှလမ်းကြားလေးမှာ တော့ ထိုင်ခုံလေးတစ်လုံး ပြန်မသိမ်းမိဘဲ ကျန်နေရစ်ခဲ့သည်။

လင်းဇင်ယော်
မဟေသီ - ဇူလိုင်၊ ၂၀၁၂။

No comments:

Post a Comment