‘သော်’ မဂ္ဂဇင်း ဆယ်နှစ်ပြည့်အထူးထုတ်အတွက်
စာမူတောင်းရန် စာရေးဆရာကြီး ‘ကိုဒေါက်’ ၏ အိမ်သို့ အယ်ဒီတာ ပေါက်စ ‘မျိုးသူ’ ရောက်လာခဲ့သည်။
ဆရာကြီးသည် စာကောင်းပေမွန်များကို နှစ်ပေါင်းများစွာ
အဆက်မပြတ်ရေးသားပြီး ကလောင်တစ်ချောင်း ထူထောင်လာခဲ့သူဖြစ်၏။ ထို့ကြောင့် ဆရာကြီးထံမှ
စာမူတစ်ပုဒ်ကို မဖြစ်မနေ တောင်းယူလာခဲ့ရန် အယ်ဒီတာချုပ် ‘ဒေါ်သော်သော်ခိုင်’ က မျိုးသူအား
တာဝန်ပေးလိုက်ခြင်းဖြစ်သည်။
ဧည့်ခန်းထဲ၌ စာရေးဆရာကြီးကို ကွမ်းတမြုံ့မြုံ့နှင့်
စာဖတ်နေလျက်သား အဆင်သင့်တွေ့လိုက်ရသဖြင့် မျိုးသူ အလွန်ပျော်သွား၏။
“ဆရာကြီး”
မျိုးသူ၏ခေါ်သံကြောင့် စာဖတ်နေသော ဆရာကြီးက
စာကြည့်မျက်မှန်ပေါ်မှ တစ်ချက်ကျော်ကြည့်လိုက်ပြီး…
“ဟ…မောင်မျိုးသူပါလားကွ၊ လာ လာ ထိုင်လေကွာ”
“ဟုတ်ကဲ့ခင်ဗျ…ဆရာကြီး နေကောင်းတယ်နော်”
ပဋိသန္ဓာရစကားများပြောပြီးနောက် မျိုးသူက
လာရင်းကိစ္စကိုပြောတော့ ဆရာကြီးက…
“ဟေ…ဟုတ်လား! ဆယ်နှစ်တောင် ပြည့်သွားပြီလားဟ၊
အင်း…လောလောဆယ်တော့ ရေးထားပြီးသား စာမူက အဆင်သင့် မရှိသေးဘူးကွ၊ ဒီလိုလုပ်၊ နောက်တစ်ပတ်မှ
လာယူပါလားကွ၊ ငါရေးထားပေးမယ်လေ”
ဆရာကြီး၏စကားကြောင့် မျိုးသူ၏ အာရုံထဲတွင်
“လက်ဗလာနဲ့ပြန်လာရင် ငါနဲ့အတွေ့ပဲ” ဟု ရာဇသံပေးထား သော အယ်ဒီတာချုပ်၏မျက်နှာ ပေါ်လာသဖြင့်…
“ဟာ…နောက်တစ်ပတ်တော့ မလုပ်ပါနဲ့ ဆရာကြီးရယ်၊
စာမူအသစ်မရှိရင်လည်း အရင်ရေးထားခဲ့ပြီးသား အဟောင်းတွေထဲက တစ်ပုဒ်လောက်ချီးမြှင့်ပေးပါခင်ဗျာ၊
ဆရာကြီးရဲ့ စာမူမပါလာရင် အယ်ဒီတာချုပ်က ကျွန်တော့်ကို ‘ထောင်း’ လိမ့်မယ်ဗျ”
“ဟုတ်ပါပြီကွာ…ဒါဆိုလည်း ခဏစောင့်အုံးဟေ့”
ဟုဆိုကာ ဆရာကြီးက ထွေးခံထဲသို့ ကွမ်းတံတွေးတစ်ချက် ထွေးလိုက်ပြီး စာမူဟောင်းဖိုင်တွဲများ
ထည့်ထားသော စာအုပ်ဗီရိုကြီးဆီသို့သွားကာ လှန်လှောရှာဖွေနေလေတော့သည်။
အတန်ကြာမှ ဖိုင်တွဲထဲက ၀ါကြန့်ကြန့်စာမူဟောင်းတစ်ပုဒ်ကို
ခဲရာခဲဆစ် ဆွဲထုတ်ယူလိုက်ပြီး မျိုးသူအား လှမ်း ပေးလိုက်၏။
“ရော့ဟေ့…ဒီစာမူလေးပဲ ယူသွားလိုက်တော့ကွာ”
ဆရာကြီး၏စာမူကို မျိုးသူက အဆင်သင့်ပါလာသော
စာမူဖိုင်တွဲထဲသို့ သေသေချာချာ ညှပ်ထည့်လိုက်ပြီးနောက် လွယ်အိတ်ထဲမှ စာအိတ်တစ်လုံး
ထုတ်ယူလိုက်ကာ
“ဆရာကြီး…ကျွန်တော်တို့ရဲ့
စာမူခကို လက်ခံပေးပါခင်ဗျာ” ဟုပြောပြီး ဆရာကြီး၏လက်ထဲသို့ ရိုသေစွာထည့် ပေးလိုက်သည်။
ထို့နောက် ဆရာကြီးအား ကျေးဇူးတင်စကား အထပ်ထပ်ပြောကာ ပြန်သွားသည်။
ဆရာကြီးသည် ဧည့်ခန်းထဲတွင် ထိုင်ကျန်ရစ်ခဲ့ပြီး
နှုတ်ဆက်ထွက်ခွာသွားသော မျိုးသူကိုတစ်လှည့်၊ လက်ထဲမှ စာမူခထည့်ထားသော စာအိတ်ကိုတစ်လှည့်ကြည့်ကာ
စဉ်းစားရင်း တစ်ယောက်တည်း ပြုံးနေမိ၏။
အမှန်တော့ ထိုစာမူဟောင်းလေးမှာ လွန်ခဲ့သောဆယ်နှစ်ခန့်က
သော်မဂ္ဂဇင်းမှ အယ်ဒီတာချုပ်ကိုယ်တိုင် ‘ပယ်’ ထားခဲ့သော စာမူတစ်ပုဒ်ဖြစ်ကြောင်း မျိုးသူတစ်ယောက်
မသိရှာခဲ့ပေ…။ ။
လင်းဇင်ယော်
ကလျာ- ဒီဇင်ဘာ၊ ၂၀၁၁။
No comments:
Post a Comment