Saturday, July 21, 2012

ဂျီပီဒေါက်တာ


(၁)
“ဒေါက်တာလင်း”
“အထွေထွေရောဂါကုဆရာဝန်”
           
(၂)
မိုးပြာရောင်လွင်လွင် ဖိုင်ဘာဘုတ်ပြားပေါ်တွင် ဖြူဖွေးဝိုင်းစက်သော စာလုံးများဖြင့်ရေးထားသည့် အသက်စက်စက် ဆိုင်းဘုတ်လေးကို တစိမ့်စိမ့်ကြည့်ပြီး ဒေါက်တာလင်းပီတိတွေပွားနေသည်။ သည်ကနေ့ ဒေါက်တာလင်းဆေးခန်းစဖွင့် သော ပထမဆုံးနေ့ဖြစ်၏။
            စားပွဲပေါ်မှ ဆေးပုလင်းများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် စီနေရင်းဘယ်လိုလူနာတွေလာရင် ဘယ်လိုစမ်းသပ် လိုက်မည်၊ ဘာဆေးတွေပေးလိုက်မည်ဟု ကြိုတင်တွေးတောနေမိ၏။
မကြာမီပင်ဒေါက်တာလင်း၏ ဖွင့်ခါစဆေးခန်းလေးသို့ လူတစ်ဦးမရဲတရဲနှင့် ၀င်ရောက်လာသည်။
            “ဆရာရှိလားခင်ဗျာ”
            “ဟုတ်ကဲ့…ဘာဖြစ်လို့လဲ”
            “ကျွန်တော်ကိုအားဆေးလေးနည်းနည်းရောင်းပေးပါ”
            “ဘာအားဆေးမျိုးလဲဗျ…”
            “ဟိုလေ…ခွန်အားဖြိုးမောက်ပြီးအားကောင်းမောင်းသန်ဖြစ်စေတဲ့ အားဆေးမျိုးရှိလားဆရာ”
            “ယောက်ျားအားတိုးဆေးကိုပြောတာလား”
            “အင်း…ရလောက်မယ်ထင်တယ်…”
            မသေချာမရေရာသောထိုလူ၏ အဖြေစကားများကြောင့် ဒေါက်တာလင်းသင်္ကာမကင်းဖြစ်လာသည်။
            လူပုံစံကို ကြည့်ရသည်မှာ သန်သန်မာမာ တောင့်တောင့်တင်းတင်းနှင့် ယောက်ျားအားတိုးဆေးသောက်ရ လောက်သည့် ပုံစံမျိုးလည်းမဟုတ်။ မဟုတ်မှလွဲရော တစ်ယောက်ယောက်အတွက် လာဝယ်ပေးသည်ပဲဖြစ်ရမည်။ ထို့ကြောင့် ဒေါက်တာလင်းက
“ဘယ်သူသောက်မလို့လဲ”ဟုမေးလိုက်တော့…
            “ကြက်…”
            “ဘာ…ဘာပြောတယ်”
            “ကြက်လေ…ဟို…ကျွန်တော့်ကြက်ဖလေးအတွက်ပါဆရာ။ ဒီကောင် အခုတစ်လော အစာသိပ်မစားနိုင်ဘဲ တမှိုင်မှိုင် တတွေတွေဖြစ်နေလို့ လန်းဆန်းတက်ကြွသွားအောင် အားဆေးလေးတိုက်ချင်လို့ပါဗျာ။ သန်ဘက်ခါကျရင် ‘ချိန်းပွဲ’ ရှိတယ်လေဆရာရဲ့”
            သူ့စကားများကြောင့် ဒေါက်တာလင်း‘လေ’ သွားရသည်။
ဆေးခန်းဖွင့်ခါစ လူနာဖြင့်တစ်ယောက်မှ မကုရသေးဘူး။ တိရစ္ဆာန်အားဆေးလာဝယ်သည့်လူနှင့် တွေ့နေသည်။ မလုပ်ပေးပြန်လျှင်လည်း “ဒီဆရာဝန် ဘာမှမလုပ်တတ်ဘူး” ဆိုပြီးရပ်ကွက်ထဲလျှောက်ပြောနေအုံးမည်။ ထို့ကြောင့် ဒေါက်တာလင်းလည်း စကားနည်းရန်စဲသဘောဖြင့် အနီးမှာရှိသော ‘ဘားပလက်’ဆေးလုံးတွေ ပေးလိုက်တော့ ‘ကြက်ဆရာ’လည်း ကျေနပ်ပြီးပြန်သွားလေသည်။
ဘားပလက်တွေသောက်ပြီး ခွန်အားတွေပဲတိုးလာမလား။
ဒါမှမဟုတ် ကြက်ငှက်တုပ်ကွေးမိပြီးပဲ မာလကီးယားသွားမလားဆိုတာကိုတွေးရင်း ဒေါက်တာလင်းတစ်ယောက် ကျန်ရစ်ခဲ့လေ၏။
           
(၃)
ဒေါက်တာလင်းကို အမေမွေးတုန်းက‘အူကြောင်ကြောင်’ နက္ခတ်၊ ‘ကိုးလိုးကန့်လန့်’ ဇာတာမျိုးနှင့်များ ယှဉ်ပြီးမွေးလိုက် မိသည်လားမသိ။ ထိုကဲ့သို့ အူတိအူချာနိုင်လှသောကိစ္စမျိုးများနှင့် မကြာခဏကြုံရလေ့ရှိသည်။
တစ်ခုသောအားလပ်ရက်တွင် ဒေါက်တာလင်းတစ်ယောက် ဆိုင်ကယ်ပြင်ရန်အတွက် အပြင်သို့ထွက်လာရာ လမ်းခုလတ်၌ အသက်လေးဆယ်ကျော်ခန့် အမျိုးသမီးကြီးတစ်ယောက်က ဒေါက်တာလင်းစီးလာသောဆိုင်ကယ်ကို အရေးတကြီးလှမ်းတား၏။ လက်ထဲမှာလည်း အသည်းအသန်ငိုနေသော ကလေးတစ်ယောက်ကို ပွေ့ချီထားသေးသည်။
အကူအညီလိုအပ်နေပုံရသောကြောင့် ဒေါက်တာလင်းလည်းဆိုင်ကယ်ရပ်ပေးလိုက်ပြီး…
            “ဘာဖြစ်လို့လဲ…ဘယ်သွားချင်လို့လဲဗျ”
            “ဆေးရုံသွားချင်လို့ပါရှင်…ကျွန်မသားလေးရဲ့ ရွှေပန်းကိုဘောင်းဘီ ‘ဇစ်’ ညှပ်နေလို့။ ကူညီပါဦးရှင်”
            ကလေးမှာနာကျင်လွန်းသဖြင့် မျက်ရည်စီးကြောင်းတွေ ထပ်နေပြီ။ ကလေးငယ်ကိုကြည့်ပြီး ဒေါက်တာလင်း သနားသွားသည်။ ကိုယ်ချင်းလည်းစာမိပါသည်။ ထို့ကြောင့် ဒုက္ခသည်သားအမိကို ဒေါက်တာလင်းကပဲ စေတနာ့ ၀န်ထမ်းလုပ်ကာ ဆေးရုံသို့ လိုက်ပို့ပေးလိုက်ပါသည်။
            လမ်းတွင် ချိန်းကြိုးလျော့နေသော ဒေါက်တာလင်း၏ဆိုင်ကယ်မှ ‘ဂလောက် ဂလက်’ နှင့် နားမခံနိုင်အောင် အသံစုံမြည်နေလေရာ ကလေးအမေက…
            “ဆိုင်ကယ်ကိုနည်းနည်းပါးပါး ပြင်ဦးလေ။ ဒီပုံအတိုင်းဆို ငှားစီးမယ့်သူတစ်ယောက်မှမရှိဘဲ ထမင်းငတ်နေလိမ့် မယ်နော်” ဟုပြောလေ၏။
            မိမိကလေးဒုက္ခရောက်နေသည့်ကြားကပင် သူတစ်ပါးအတွက် စဉ်းစားအကြံပေးသော ထိုအဒေါ်ကြီးကို ဒေါက်တာလင်း လေးစားသွားသည်။
            သို့နှင့် ဆေးရုံရောက်တော့ အဒေါ်ကြီးကဒေါက်တာလင်းကို
            “တက္ကစီခဘယ်လောက်ပေးရမလဲရှင်” ဟုမေးလေ၏။
ထိုအခါကျမှပင် ဒေါက်တာလင်းလည်း သူ့ကိုဆိုင်ကယ်တက္ကစီသမားနှင့် မှားပြီးတားကြောင်း သိလိုက်ရတော့ သည်။
“ဟာ…ဒေါ်ကြီးလူမှားနေပြီ။ ကျွန်တော် တက္ကစီသမား မဟုတ်ဘူးခင်ဗျ။ ကျွန်တော် ဒီဆေးရုံကဆရာဝန်ပါ”
            “ဟင်…ဟုတ်လား”
            ကလေးအမေအဒေါ်ကြီးက မယုံနိုင်သောမျက်လုံးများဖြင့် ဒေါက်တာလင်းကို ခြေဆုံးခေါင်းဆုံးကြည့်နေ၏။ သည်တော့မှ ဒေါက်တာလင်းလည်း ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။ ထင်မည်ဆိုလည်းထင်စရာပင်။
ဒေါက်တာလင်း ၀တ်ထားသည်မှာ အပေါ်က မြင်းခေါင်းစွပ်ကျယ်လက်ပြတ်၊ အောက်ကသရီးကွာတားဘောင်းဘီ နှင့်။ ပြီးတော့ ရေကလည်းမချိုးရသေး။
ထိုနေ့က ဆေးရုံဂျူတီမှ မရှိဘဲကိုး။

(၄)
‘သမုဒ္ဒရာ ၀မ်းတစ်ထွာ’ အတွက် ဒေါက်တာလင်းသည် မြို့အစွန်ကျကျတစ်နေရာမှာ ဆေးခန်းလေးတစ်ခန်း ဖွင့်ထားပါသည်။ ပထမဆုံးလာတာကလူနာမဟုတ်ဘဲ ကြက်နာ…အဲ…ကြက်အားဆေးလာဝယ်တဲ့သူ ဖြစ်နေ၏။ ဒေါက်တာလင်း၏ ဆေးခန်းလေးကတော့ အစတည်းကယဉ်သကို ဖြစ်နေခဲ့သောကြောင့် ဘယ်လိုကမောက်ကမတွေများ ထပ်ဖြစ်လာအုံးမလဲဆိုတာကိုသာ ရင်တထိတ်ထိတ်နှင့် စောင့်နေရသည်။
သည်လိုနှင့် ကြက်အားဆေးပေးပြီးနောက်သုံးရက်လောက်အကြာတွင် ဒေါက်တာလင်း၏ ဆေးခန်းထဲသို့ လူတစ် ယောက် ရောက်လာပြန်သည်။ လက်ထဲမှာလည်း ကြက်ဖကြီးတစ်ကောင် ပိုက်လျက်သား။
“ဆရာ ကျွန်တော့်ကိုလည်း ကြက်အားဆေးရောင်းပေးပါအုံးဗျာ”
“နေပါအုံး…ခင်ဗျားကိုဘယ်သူညွှန်လိုက်တာလဲဗျ”
“မောင်ပုညွှန်လိုက်တာလေ။ ဆရာဟိုတစ်နေ့က ကြက်အားဆေးရောင်းပေးလိုက်တဲ့လူလေ။ မနေ့က ကြက်ဝိုင်း မှာဒီကောင့်ကြက် တစ်ချီတည်းနဲ့ ပွဲသိမ်းခွပ်လိုက်နိုင်လို့ ဒီကောင်က ဆရာ့အားဆေးကောင်းကြောင်း ကြွားနေတာနဲ့ ကျွန်တော်လည်း အားကျမခံလာဝယ်တာပါ။ လုပ်ပေးပါအုံးဆရာရယ်။ ကျွန်တော်လည်း နိုင်ချင်လို့ပါ”
ဒေါက်တာလင်း သက်ပြင်းကလေးတစ်ချက် ခိုးရှိုက်ရင်းဘားပလက်တွေ ရောင်းပေးလိုက်ရပြန်ပါသည်။

(၅)
ထိုကဲ့သို့ အဆီအငေါ်မတည့်သော ကိစ္စကလေးတွေကို ဖြေရှင်းပေးရသည်မှာ တစ်ခါတစ်ရံစိတ်ညစ်ရသော် လည်း တစ်ခါတစ်ရံတွင်တော့ ပျော်စရာကောင်းပါသည်။
တစ်နေ့ ဒေါက်တာလင်း၏ ဆေးခန်းသို့ အမျိုးသမီးလူနာတစ်ယောက် ရောက်လာသည်။ အသက်က ၄၅ နှစ်ခန့်။ အသားအရေမွဲခြောက်ခြောက်နှင့် အားအင်ချည့်နဲ့ကာပိန်ချုံးကျနေပြီး ချောင်းကလည်းတဟွတ်ဟွတ်ဆိုးနေသေး၏။
“အစ်မကြီး…ဘာဖြစ်လို့လဲ”
“ဖျားလို့ပါဆရာ”
“ဘယ်လောက်ကြာသွားပြီလဲ”
“ဆယ့်ငါးရက်၊ ရက်နှစ်ဆယ်လောက်ရှိပါပြီ။ ချောင်းကလည်းဆိုးလိုက်တာမှ အိပ်လို့တောင်မရဘူး ဆရာရယ်။ တစ်ခါတလေဆို သွေးစလေးတွေတောင် ပါလာတတ်သေးတယ်။ ကျွန်မကိုကယ်ပါအုံးဆရာရယ်”
ရောဂါလက္ခဏာတွေကတော့ အဆုတ်တီဘီ ဖြစ်နိုင်သည်။ သေချာအောင် ဒေါက်တာလင်းက လူနာကို သလိပ်စစ်ခိုင်း၊ ဓါတ်မှန်ရိုက်ခိုင်းလိုက်သည်။ လူနာကလည်း “ဟုတ်ကဲ့” ဟုဆိုပြီး ပြန်သွားသည်။
တစ်ရက်နေလည်းပေါ်မလာ။ နှစ်ရက်နေလည်းပေါ်မလာ။ သုံး၊လေးရက်နေလည်းပေါ်မလာနှင့်။ တစ်ပတ် လောက်ကြာတော့မှ ထိုလူနာပြန်ရောက်လာသည်။ သူနှင့်အတူအဖော်မိန်းမကြီးတစ်ဦးလည်းပါလာ၏။
“အမလေး…သလိပ်သွားစစ်တဲ့လူကလည်း အခုမှပဲ ပြန်ပေါ်လာတယ်နော်” ဟုဒေါက်တာလင်းက ပြောလိုက် တော့…
“ဆရာ…သူကစုန်းပြုစားထားလို့ နေမကောင်းဖြစ်နေတာ။ သလိပ်စစ်လည်းပေါ်မှာမဟုတ်ဘူး။ ဆရာကြမ်း (ပယောဂဆရာ)နဲ့ ကုမှရမှာ” ဟုလူနာနှင့် အဖော်ပါလာသောမိန်းမကြီးက ၀င်ပြောလေ၏။
လူနာကိုကြည့်လိုက်တော့ သူ့ခမျာမှာမျက်နှာငယ်လေးနှင့်။ ထိုအမျိုးသမီးကြီးပြောတာကို ယုံရအခက်၊ မယုံရ အခက် ဖြစ်နေဟန်တူ၏။
ထစ်ခနဲရှိစုန်းတွေ၊ နတ်တွေကိုချည်း လွှဲချနေကြသောသူတွေကို ရိုက်လည်းရိုက်ပစ်ချင်သည်။ သနားလည်း သနားမိသည်။ သည်ကိစ္စကို သူတို့နားလည်အောင်တော့ သေသေချာချာရှင်းပြမှ ရတော့မည်။
“မဟုတ်ဘူး…အဒေါ်ကြီးရဲ့…သူ့ရောဂါကအဆုတ်ရောဂါပါ။ စုန်းပြုစားတာမဟုတ်ပါဘူး။ တီဘီဆေးကို ခြောက်လ မှန်မှန်သောက်လိုက်ရင် လုံးဝကောင်းသွားမှာ”
“ဟာ…ဆရာကဘာသိလို့လဲ…”
“ဟင်…”
“ဒါ…စုန်းပြုစားတာဆရာရဲ့။ သူဟိုတစ်လောတုန်းကဟိုမိန်းမကြီးနဲ့ ရန်သွားဖြစ်မိတာအဲဒါ ဟိုကမကျေနပ်လို့ အောက်လမ်းနည်းနဲ့ ပြန်လုပ်လွှတ်လိုက်တာဆရာရဲ့။ ဆရာလည်းသတိနဲ့နေအုံးနော်။ တော်တော်ကြာပြုစားခံနေရလို့ ဆရာကြမ်းဆီရောက်နေအုံးမယ်” ဟုအဖော်ပါလာသောအမျိုးသမီးက ဒေါက်တာလင်းကိုဆရာပြန်လုပ်နေသည်။
သည်အမျိုးသမီးနည်းနည်းတော့ လွန်သွားပြီ။ ဆရာဝန်တစ်ယောက်လုံးက အကျိုးသင့် အကြောင်းသင့်ကို စိတ်ရှည်ရှည်ထားပြီး ရှင်းပြနေတာတောင် တ ‘စုန်း’ တည်းစုန်းနေသောကြောင့် ဒေါက်တာလင်း ကျွဲမြီးတိုလာသည်။
“ဒီမှာအဒေါ်ကြီး…အဲဒီစုန်းစုတ်လောက်ကိုတော့ ဆရာကလုံးဝမမှုဘူး။ ဆရာ့ဆီမှာ ကိုးသင်္ချိုင်းသံနဲ့လုပ်ထားတဲ့ အပ်တွေရှိတယ်။ ပြီးတော့ သိမ်ဝင်ဆေးလုံးတွေလည်း ရှိသေးတယ်။ စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေ၊  ပြိတ္တာ၊ မှင်စာ၊ ဘီလူးရှိရှိသမျှ နာနာဘာဝ၊ ၀ိနာဘာဝတွေ အကုန်နိုင်တယ်။ သိပလား”
အထက်ပါစကားကို ဒေါက်တာလင်းကတမင် ‘ရွဲ့’ပြောလိုက်ခြင်းဖြစ်သည်။
ဒါကို အရိပ်သုံးပါးနားမလည်သော ထိုမိန်းမကြီးက
“ဟယ်…ဟုတ်လား။ ဒါဆိုဆရာကတော်တော်စွမ်းတာပဲ။ ကျွန်မတူမကိုပျောက်အောင် ကုပေးပါအုံးဆရာရယ်” ဟုအားကိုးတကြီး တောင်းဆိုနေလေတော့ ဒေါက်တာလင်းလည်း အကွက်ဝင်လာတုန်း ရောင်တော်ပြန်နှင့် ရောလွှတ် ရလေတော့၏။
“စိတ်ချ။ ဆရာပြောသမျှကိုအတိအကျလိုက်နာရင် လုံးဝပျောက်သွားစေရမယ်… ဘာမှမပူနဲ့။ အရင်ဆုံးအနေနဲ့ သလိပ်သွားစစ်ရမယ်။ အခုသလိပ်စစ်ပေးတဲ့ဌာနက ဆရာကြီးကလည်းနှယ်နှယ်ရရတော့ မဟုတ်ဘူး။ အထက်ဂိုဏ်းက ဆရာကြီးတစ်ဆူပဲ။ ရော့…ဆရာရေးပေးလိုက်တဲ့ ‘အင်းစာ’ ကိုယူသွား။ အဲဒီဆရာကြီးကိုပြ။ သူ့ဆီမှာသလိပ်စစ်၊ ဓါတ်မှန်ရိုက်။ ပြီးတော့ သူပေးတဲ့ဆေးတွေကိုတစ်ရက်မှ မပြတ်ဘဲခြောက်လမှန်မှန်သောက်။ ပျောက်ကိုပျောက်စေရမယ်”
“ကျေးဇူးတင်လိုက်တာဆရာရယ်”
ထိုသို့ဖြင့် စုန်းပြုစားခံရသူတီဘီရောဂါသည်ကို ဒေါက်တာလင်း၏ အင်းဆေးစာနှင့်အတူ တီဘီတိုက်ဖျက်ရေး ဌာနမှ အထက်လမ်းတီဘီရောဂါကုဆရာကြီးဆီသို့ ပို့လိုက်လေတော့၏။
ဒေါက်တာလင်းတို့ ကြုံလိုက်မှဖြင့် အသည်းအသန်။

(၆)
“ဒေါက်တာလင်းလားခင်ဗျာ”
“ဟုတ်ကဲ့ ဘာဖြစ်လို့လဲ”
“ကျွန်တော့်ကို အားဆေးလေးနည်းနည်းရောင်းပါခင်ဗျာ”
ဟိုက်…လာပြန်ပြီသည်အားဆေး။ ဆေးခန်းထဲရောက်လို့ ထိုင်ခုံမှာပင် မထိုင်ရသေး။ အားဆေးပြဿနာက စလာပြီ။
“အားဆေးကခင်ဗျားသောက်ဖို့လား”
“မဟုတ်ပါဘူးဆရာ”
“ဒါဖြင့် ကြက်ကိုတိုက်မလို့လား”
“ဟင့်အင်း”
“ပယောဂပူးနေလို့များလား”
“ဟာ…ပေါက်ပေါက်ရှာရှာဆရာရယ်”
“ဒါဆိုဘယ်သူ့အတွက်လဲ”
“ကျွန်တော့် ပန်းပင်လေးတွေ အတွက်ပါခင်ဗျာ။ ပန်းပင်လေးတွေ ညှိုးနွမ်းနေလို့…အဲဒါ လန်းလန်းဆန်းဆန်း လေးဖူးပွင့်လာအောင် အားဆေးလေးတိုက် အဲထည့်ပေးချင်လို့ပါ ဆရာ။ ကျွန်တော်ဥယျာဉ်မှူးတစ်ယောက်ပါ”
ဒေါက်တာလင်းကလည်း “ကျွန်တော် ဆရာဝန်တစ်ယောက်ပါ” ဟု ပြန်မပြောဖြစ်လိုက်ပါ။
သည်တစ်ခါတော့ ဒေါက်တာလင်းလည်းအထာကောင်းကောင်းနပ်နေပြီဖြစ်သောကြောင့် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ လက်စွဲတော်ဘားပလက်ဆေးလုံးတွေကို ပေးလိုက်လေတော့သည်။
ဒေါက်တာလင်း၏ ဆေးခန်းကလေးမှာလည်း လူနာကုရသည်ထက် အားဆေးရောင်းရသည်ကပို၍ တွက်ချေ ကိုက်မည်ထင်၏။ လူတွေကလည်း ဒေါက်တာလင်း၏ဆေးခန်းကို ဘာများမှတ်နေသလဲမသိ။ လာလိုက်မှဖြင့် ပေါက်တတ်ကရတွေချည်း။
ထူးအိမ်သင်၏သီချင်းထဲကလို “နည်းနည်းလေးတော့ လွဲနေမယ်၊ လွဲလွဲလေးလည်းကောင်းပါတယ်” ဆိုသည့် အတိုင်းပင်။
ထိုနေ့ကဒေါက်တာလင်းဆေးခန်းပိတ်တော့ ဆေးခန်းရှေ့မှာချိတ်ဆွဲထားသော ဆိုင်းဘုတ်လေးကို တစ်ခုခုများ လွဲနေ၍လားဟူသောအတွေးဖြင့် သေသေချာချာ ပြန်ဖတ်ကြည့်နေမိသည်။ ဆိုင်းဘုတ်မှာရေးထားသည်ကတော့…

“ဒေါက်တာလင်း”
“အထွေထွေရောဂါကုဆရာဝန်”……တဲ့။
မှန်နေသည်ပဲလေ။


လင်းဇင်ယော်
ရယ်စရာ - August,2011


1 comment:

  1. နည်းနည်းလေးတော့ လွဲတာရှိမယ် ..... ဟုတ်ရဲ့လားဟေ့.....ကောင်းတာလေးတွေရှာကြံတွေး....လိုအပ်ရင်းရူးလိုက်ဦး..... ( လေးစားပါတယ် ဆရာ..... ဆက်ပြီးအားပေးနေလျှက် )

    ReplyDelete