(တစ်)
‘အိုရီဂါမီ’ ဆိုသည်မှာ ဂျပန်ရိုးရာစက္ကူအရုပ်ခေါက်ကစားနည်း
ဖြစ်ကြောင်းကို ကျွန်တော်အတန်းကြီးလာသော အခါမှစ၍သိခဲ့ရသော်လည်း
အိုရီဂါမီစက္ကူရုပ်ကလေးများကိုမူ ကျွန်တော်သူငယ်တန်းကတည်းက စခေါက်တတ်ခဲ့ပါသည်။
(နှစ်)
ကျွန်တော်သူငယ်တန်းတုန်းက ကျွန်တော်တို့အတန်းပိုင်ဆရာမကိုယ်တိုင်
ခေါက်ပေးခဲ့သော အိုရီဂါမီစက္ကူရုပ် ကလေးနှစ်ခု ရခဲ့ဖူး၏။ ထိုစက္ကူရုပ်ကလေးများကို ဆရာမက
‘ဆု’ အဖြစ်ပေးခဲ့ခြင်းဖြစ်သည်။
ကျွန်တော်တို့ဆရာမသည် လုပ်အားပေး စေတနာ့ဝန်ထမ်းဆရာမတစ်ယောက်
ဖြစ်၏။ ဆရာမသည် အသား ဖြူဖြူ၊ ကိုယ်ဟန်နွဲ့နွဲ့၊ မျက်နှာသွယ်သွယ်နှင့် အလွန်ကျက်သရေရှိပါသည်။
ဆရာမ၏နှုတ်ခမ်းများကလည်း အစဉ်အမြဲပြုံးလျက်ရှိသည်။ မျက်မှန်ဝိုင်းဝိုင်းနောက်မှ မျက်လုံးကလေးများကလည်း
ကြင်နာမှုအပြည့်ဖြင့် ကြည့်တတ်၏။ ဆရာမသည် ကျွန်တော်တို့ကို စာသင်သည့်အခါ ကြိမ်လုံးကိုင်လေ့မရှိဘဲ
သီချင်းများဆိုပြခြင်း၊ ပုံပြင်များပြောပြခြင်းဖြင့်သာ ကျွန်တော်တို့ မပျင်းရအောင်
သင်ပေးလေ့ ရှိသည်။
ဆရာမသည် ကျွန်တော်တို့၏ လေ့ကျင့်ခန်းစာအုပ်များကို
အမှတ်ခြစ်ပေးသောအခါ ဆော့ပင်နီနီဖြင့် အမှန်ခြစ် ကြီးကြီးခြစ်ပေးတတ်၏။ လက်ရေးလှလှနှင့်
သေသေသပ်သပ်ရေးထားလျှင် လေ့ကျင့်ခန်းစာအုပ် စာမျက်နှာ တစ်မျက်နှာအပြည့် အမှန်ခြစ်ကြီးကြီးရှည်ရှည်တစ်ခု
ခြစ်ပေးသည်။ လက်ရေးမလှမပနှင့် ခြစ်ရာဖျက်ရာများနေလျှင်တော့ အမှန်ခြစ် ခပ်သေးသေး ခပ်တိုတိုသာရ၏။
ထိုစဉ်က ကျွန်တော်တို့သည် ဆရာမထံမှ အမှတ်ခြစ်ပြီးသားလေ့ကျင့်ခန်း စာအုပ်များပြန်ရလျှင်
ဆရာမခြစ်ပေးထားသော အမှန်ခြစ်များကို ပေတံနှင့်တိုင်းကာ တစ်ယောက်နှင့်တစ်ယောက် အမှန်ခြစ်အရှည်ပြိုင်ကြသည်။
တစ်ခါတစ်ရံတွင် ဆရာမက အလွန်သဘောကျလျှင်
အင်္ဂလိပ်စာ ပန်းလက်ရေးဖြင့် ‘Good’ ဟု ရေးပေးတတ် သေးသည်။ ထိုအခါမျိုးများ၌ ထို
‘Good’ ကိုရသော ကျောင်းသားများသည် ပျော်မဆုံးမော်မဆုံးနှင့် ငါးဖယ်လုံး ဖြစ်နေလေတော့၏။
ကျွန်တော်လည်း ဆရာမ ရေးပေးသော ထို ‘Good’ မျိုးကို သုံးကြိမ်တိတိ ရှားရှားပါးပါး ရခဲ့ဖူးပါသည်။
(သုံး)
တစ်နေ့သောအခါ ဆရာမသည် ကျွန်တော်တို့ကို
ဖတ်စာအုပ်ထဲမှ လေ့ကျင့်ခန်းတစ်ခုကိုကူးခိုင်းသည်။ “ပထမဆုံးကူးပြီးတဲ့ ကျောင်းသားသုံးယောက်ကို
တစ်ခါမှမပေးဖူးသေးတဲ့ ဆု တစ်ခုစီပေးမယ်” ဟုလည်းပြော၏။ ထိုအခါ ကျွန်တော်တို့အားလုံးကလည်း
ထို ‘တစ်ခါမှ မပေးဖူးသေးသောဆု’ ကို စိတ်ဝင်စားကြသဖြင့် လေ့ကျင့်ခန်းကို မြန်မြန်ပြီးအောင်
ခေါင်းမဖော်တမ်း အလုအယက် ကူးရေးကြလေတော့သည်။
ထိုကဲ့သို့ ကျောင်းသားများက လေ့ကျင့်ခန်းကို
အားသွန်ခွန်စိုက်ကူးရေးနေစဉ် ဆရာမကလည်း ဗလာစာအုပ် တစ်အုပ်၏ အလယ်ခေါင်မှ စာရွက်တစ်ပြူးကိုဖြုတ်ပြီး
အေးဆေးစွာထိုင်၍ခေါက်နေသည်။ ဆရာမရော ကျွန်တော်တို့ပါ အလုပ်ကိုယ်စီနှင့် အာရုံဝင်စားနေကြသဖြင့်
ကျွန်တော်တို့၏စာသင်ခန်းလေး တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ခဲတံ ကျိုးသည့်အသံကိုပင် ကြားနိုင်၏။
အရင်တုန်းက လေ့ကျင့်ခန်းလုပ်လျှင်နောက်ကျမှသာ
ပြီးလေ့ရှိသော ကျွန်တော်သည် ‘ဆု’ လိုချင်သောဇောဖြင့် အားသွန်ခွန်စိုက်ရေးလိုက်ရာ ထိုနေ့က
အရင်ဦးဆုံးပြီးသွားခဲ့ပါသည်။ ပြီးလျှင်ပြီးချင်းပင် လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်လျက်
သားကိုင်၍ ခုံတန်းထဲမှသုတ်ခနဲပြေးထွက်ကာ ဆရာမထံသွားပြ၏။ ဆရာမကလည်း အူယားဖားယားပြေးလာသော
ကျွန်တော့်ကိုကြည့်ကာ ပြုံးလျက် “အမယ် တယ်တော်ပါလား” ဟုချီးကျူးပြီး ကျွန်တော့်ဆံပင်များကို
ပွတ်ဖွလိုက်သည်။ ထို့နောက် ဆရာမက ကျွန်တော့်လေ့ကျင့်ခန်းစာအုပ်ကိုစစ်ပြီး ထုံးစံအတိုင်း
အမှန်ခြစ်ကြီးကြီးခြစ်ပေး၏။ အမှတ်ခြစ် ပေးပြီးသောအခါ ကျွန်တော်လိုချင်ခဲ့သော ‘ဆု’ ကိုပေးပါသည်။
ထိုဆုကတော့ ‘စက္ကူလူရုပ်ကလေး’ တစ်ရုပ်။
ဆရာမကိုယ်တိုင် သေသပ်လှပစွာခေါက်ထားသော အိုရီဂါမီစက္ကူလူရုပ်ကလေး
ဖြစ်သည်။ ဆံပင်၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ပုံများကို ဆရာမကိုယ်တိုင်ဘောပင်ဖြင့်
လှပစွာဆွဲပေးထားသော စက္ကူလူရုပ်ကလေးက ကျွန်တော့်ကို ပြုံးပြနေ၏။ ကျွန်တော်ကလည်း ထိုအရုပ်ကလေးကိုမြင်တော့
သွားကျိုးကလေးများပေါ်အောင် ပြန်ပြုံးပြလိုက်မိသည်။
စာသင်ခုံတန်းထဲသို့ ပြန်ရောက်သောအခါ ဘေးနားမှသူငယ်ချင်းများက
ကျွန်တော်ဆုရလာသော စက္ကူလူရုပ် ကလေးကိုသဘောကျကြသဖြင့် အလုအယက် ၀ိုင်းပြီးတောင်းကြည့်ကြ၏။
သို့သော် သူတို့ကိုပေးကိုင်လိုက်လျှင် ကျွန်တော့်အရုပ်ကလေး ပျက်စီးသွားမည်စိုးသဖြင့်
ထိုစက္ကူရုပ်ကလေးကို မည်သူ့ကိုမှမပေးကိုင်ဘဲ လေ့ကျင့်ခန်းစာအုပ် ကြားတွင်ညှပ်၍ လွယ်အိတ်ထဲသို့
တရိုတသေ ထည့်ထားလိုက်တော့သည်။
ဆရာမကတော့ ကျွန်တော့်ကိုကြည့်ပြီး မျက်လုံးကလေးများပိတ်သွားအောင်
ရယ်ပြုံးလျက်။
(လေး)
အိမ်သို့ပြန်ရောက်သော် လေ့ကျင့်ခန်းစာအုပ်ကြားတွင်ညှပ်ထားသော
စက္ကူရုပ်ကလေးကိုထုတ်ကာ ဖြည်းဖြည်း ချင်း ဖြေကြည့်သည်။ အားလုံးဖြေကြည့်လိုက်လျှင် ပြန်မခေါက်တတ်မည်စိုးသဖြင့်
တစ်ဆင့်ချင်းစီဖြေကာ ခေါက်ရာကလေး များအတိုင်း ပုံဆွဲ၍မှတ်ထားရ၏။ အားလုံးဖြေပြီးသွားသောအခါ
ခေါက်ရာကလေးများအတိုင်းပင် တစ်ဆင့်ချင်း ပြန်ခေါက် ကြည့်သည်။ ထိုနောက် စာရွက်အသစ်တစ်ပြူးဖြုတ်ကာ
အရုပ်အသစ်တစ်ခုကို အစအဆုံးပြန်ခေါက်ကြည့်သည်။
စက္ကူလူရုပ်ကလေးခေါက်ရန်အတွက် စတုရန်းပုံ
လေးထောင့်ကျကျ စာရွက်နှစ်ရွက်လိုသည်။ ဗလာစာရွက်ကို ထောင့်ဖြတ်ခေါက်ချလိုက်ပြီး အောက်မှပိုနေသောအစကို
ဖြတ်ထုတ်လိုက်လျှင်ရ၏။ ကိုယ်ပိုင်းနှင့် လက်နှစ်ချောင်း အတွက် စာရွက်တစ်ရွက်၊ ခါးနှင့်
ခြေထောက်နှစ်ချောင်းအတွက် စာရွက်တစ်ရွက်လိုသည်။ ခေါင်းပိုင်းအတွက်ကိုမူ စောစောက ဖြတ်ထုတ်ထားသော
စက္ကူအပိုစကလေးကို ယူပြီးပြန်ခေါက်ရသည်။ ပြီးလျှင် ခေါင်း၊ ကိုယ်၊ ခါး အပိုင်းသုံးပိုင်း
ကိုဆက်လိုက်ခြင်းဖြင့် သပ်ရပ်လှပသော အိုရီဂါမီစက္ကူလူရုပ်ကလေး ဖြစ်လာသည်။
ကျွန်တော်ခေါက်ထားသော အရုပ်ကလေးသည် ဆရာမခေါက်ထားသော
အရုပ်ကလေးနှင့်မတူပါ။ ဆရာမ၏ အရုပ်ကလေးက ခေါက်ရိုးများသေသပ်ပြီး ခေါက်ချိုးညီညီနှင့်
ချစ်စရာကောင်းသည်။ ကျွန်တော်ခေါက်ထားသော အရုပ် ကလေးကတော့ ခေါက်ရိုးတွေကလည်းမသေမသပ်၊
ခေါက်ချိုးကလည်းမညီမညာ။ ထို့ကြောင့် အရုပ်ကလေး၏ ခြေတွေ လက်တွေကကွေးကောက်နေသည်မှာ ကနေသည်နှင့်ပင်တူသေးသည်။
ထို့အပြင် ခဲတံတုံးတုံးဖြင့် မဆွဲတတ်ဆွဲတတ်နှင့် ဆွဲထားသော လူမျက်နှာပုံကလည်း ငိုမဲ့မဲ့နှင့်။
သို့သော် ကျွန်တော်ကတော့ စက္ကူလူရုပ်ကလေးကို ခေါက်တတ်သွားသဖြင့် မြူးနေသည်။ ထိုနေ့က
တစ်နေကုန်ပင် စက္ကူလူရုပ်ကလေးများ ထိုင်ခေါက်နေတော့၏။
နောက်တစ်နေ့ ကျောင်းပြန်တက်သောအခါ ကျွန်တော်ပထမဆုံးခေါက်ထားသော
စက္ကူရုပ်ကလေးကိုယူ၍ ဆရာမကိုသွားပေးသည်။ ဆရာမက အချိုးအစားမကျသော ကျွန်တော်၏အရုပ်ကလေးကိုကြည့်ပြီး
သဘောကျစွာ ပြုံးရယ် နေခဲ့သည်။
“ဒီအရုပ်ကလေးကို သားကိုယ်တိုင်ခေါက်ထားတာလား” ဟု ဆရာမကမေးသည်။
ကျွန်တော်သည် ရင်ကိုကော့ကာ အသံကျယ်ကျယ်နှင့် “ဟုတ်” ဟု
တစ်လုံးတည်းဖြေလိုက်သည်။
ဆရာမက “သိပ်တော်တာပဲကွယ်” ဟု ကျွန်တော့်ခေါင်းကိုပွတ်ရင်း
ချီးကျူးသည်။ ထို့နောက် ကျွန်တော့်စက္ကူရုပ် ကလေးကို စာအုပ်ကြားထဲညှပ်ကာ ယူသွားပါသည်။
ထို့နေ့က ကျွန်တော့်မျက်နှာသည် ဆရာမဆွဲပေးထားသော လူရုပ်ကလေးကဲ့သို့
ပျော်တပြုံးပြုံး။
နောက်တစ်ခါတွင်လည်း ဆရာမကိုယ်တိုင်ခေါက်ပေးပြီး
ဆုချသော ‘စက္ကူကြိုးကြာရုပ်ကလေး’ ကို ကျွန်တော်ရခဲ့ ပြန်ပါသည်။ နှုတ်သီးချွန်ချွန်၊
အတောင်ကားကား၊ အမြီးရှည်ရှည်နှင့် ကြိုးကြာရုပ်ကလေးသည် ယခုပင်ထ၍ ပျံသန်းတော့ မည့်အလား
ကြွရွလှပလျက်ရှိသည်။ ထိုကြိုးကြာရုပ်ကလေးကိုလည်း ပြန်ဖြေကာလိုက်ခေါက်ကြည့်ခြင်းဖြင့်
ကျွန်တော် ခေါက်တတ်သွားခဲ့ပြန်ပါသည်။
(ငါး)
ကျွန်တော်ဘွဲ့ရပြီး လုပ်ငန်းခွင်သို့ရောက်သောအခါ
ဆရာမခေါက်ပေးခဲ့သော စက္ကူလူရုပ်ကလေးနှင့် စက္ကူ ကြိုးကြာရုပ်ကလေးကို မကြာခဏအမှတ်ရမိသည်။
လုပ်ငန်းခွင်တွင် လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံရသည်။ ပြဿနာအမျိုးမျိုးကိုလည်း
ကြုံတွေ့ဖြေရှင်းရသည်။ စိတ်သောကများနှင့် ပင်ပန်းနွမ်းနယ်လာသောအခါ ကျွန်တော်သည် ဆရာမခေါက်ပေးခဲ့သော
စက္ကူလူရုပ်ကလေးအတိုင်း ပြုံးပြီးနေနိုင်အောင် ကြိုးစားရပါသည်။
ဘ၀အမောများနှင့် ကြုံဆုံရသဖြင့် စိတ်ပင်ပန်းနေသောအခါများတွင်
ကျွန်တော်သည် စက္ကူလူရုပ်ကလေးများ ကိုခေါက်ပြီး ပြုံးနေသောမျက်နှာပုံများကိုရေးဆွဲပေးကာ
အမောဖြေလေ့ရှိပါသည်။ ပြုံးရယ်နေသော စက္ကူလူရုပ်ကလေး ကိုကြည့်ပြီး ငယ်စဉ်ကသွားကျိုးကလေးနှင့်
ရိုးရိုးကလေးပြုံးခဲ့ဖူးသည်ကို သတိရသွားသဖြင့် လွမ်းနေမိသည်။ ယခုတော့ ကျွန်တော်သည် စက္ကူရုပ်ကလေးကို ခေါက်ချိုးညီညီနှင့်
သေသပ်လှပစွာခေါက်တတ်နေလေပြီ။ မျက်နှာပုံကလေးများကို လည်း ပြုံးနေသည့်ပုံ၊ မဲ့နေသည့်ပုံ၊
အံ့အားသင့်နေသည့်ပုံ၊ ငိုနေသည့်ပုံ စသဖြင့်ပုံစံအမျိုးမျိုး ဆွဲတတ်နေပြီ။
တစ်ခါတစ်ရံ အကြောင်းကိစ္စတစ်ခုခုဖြင့် ခရီးသွားရသောအခါများတွင်မူ
ကျွန်တော်သည်ဆရာမ၏ စက္ကူ ကြိုးကြာရုပ်ကလေးကို မြင်ယောင်နေမိသည်။ ကျွန်တော်တို့သည်ဘဝဇာတ်ခုံပေါ်တွင်
စက္ကူကြိုးကြာကလေးကဲ့သို့ပင် တစ်နေရာမှတစ်နေရာသို့ အတောင်ဖြန့်ကာ အစွမ်းကုန်ပျံသန်းရင်းခရီးနှင်ကြရသည်။
ပျံသန်းရင်းနှင့် အတောင်ညောင်း လာသောအခါများတွင် အေးမြသောအရိပ်တစ်ခုအောက်သို့ခိုဝင်ပြီး
ခရီးတစ်ထောက်နားကာ အမောဖြေကြရပြန်ပါသည်။ အနားယူပြီးအားအင်ပြည့်ဖြိုး လန်းဆန်းလာပြန်သောအခါ
တစ်ဖန်ပျံသန်းကာ ခရီးနှင်ကြရပြန်သည်။ ကြိုးကြာငှက်ကလေး ကဲ့သို့ပင် ဘ၀လေစီးကြောင်းထဲတွင်
နားလိုက် ပျံလိုက် ။ ပျံလိုက် နားလိုက်နှင့်။
ကျွန်တော်သည် ခရီးတစ်ခုသွားပြီးတိုင်း ကြိုးကြာငှက်ရုပ်ကလေးတစ်ခုခေါက်ကာ
ပုလင်းအလွတ်တစ်လုံးထဲတွင် ထည့်ထားလေ့ရှိပါသည်။ ယခုအခါ ကျွန်တော်၏ပုလင်းထဲတွင် ရောင်စုံကြိုးကြာငှက်ကလေးများသည် အတောင်တဖျတ် ဖျတ်ခတ်ကာ
မိုင်ထောင်ချီအောင် ပျံသန်းလျက်ရှိသည်။
(ခြောက်)
ငယ်စဉ်က
ကျွန်တော်တို့အတန်းပိုင်ဆရာမသည် အိုရီဂါမီ စက္ကူလူရုပ်ကလေးနှင့် စက္ကူကြိုးကြာရုပ် ကလေးကို
မည်သည့်အဓိပ္ပါယ်နှင့်ခေါက်ပေးခဲ့မှန်း မသိခဲ့ပါ။
ဆရာမ၏ စက္ကူရုပ်ကလေးများကတော့ ကျွန်တော့်ဘ၀တွင် တစ်လှည့်စီပါဝင်ပတ်သက်နေခဲ့သည်။
ဆရာမခေါက်ပေးခဲ့သော ထိုစက္ကူအရုပ်ကလေးနှစ်ရုပ်ကို စာအုပ်ကြားတွင်ညှပ်၍
ယနေ့ထက်တိုင် ကျွန်တော် မြတ်နိုးစွာသိမ်းထားဆဲ ။ ။
လင်းဇင်ယော်
ပိတောက်ပွင့်သစ်၊
ဧပြီ၊ ၂၀၁၁ - အနှစ်နှစ်ဆယ် မှတ်မှတ်ရရ
No comments:
Post a Comment