(၁)
အရှောင်အပုန်း ကောင်းလွန်းသောကြောင့်
ကမ္ဘာဦးကတည်း ယနေ့အထိ မျိုးမတုံးဘဲ အသက်ရှင်ကျန်ရစ်ခဲ့သော သတ္တဝါ တွေထဲတွင် ‘ခြင်’ နှင့်
‘ကြွက်’ တို့ ထိပ်ဆုံးကပါမည်ထင်သည်။ ခြင်ဆိုသောသတ္တဝါအမျိုးအစားမှာ ဖြတ်ရောင်းစရာ ဈေးကောင်းရသော
ကိုယ်အင်္ဂါအစိတ်အပိုင်းများကလည်းမရှိ၊ ချက်ပြုတ်စားသောက်၍လည်း မရသည့်အပြင် အမြစ်ပြတ်
နှိမ်နင်းနိုင်သည့် နည်းလမ်းများလည်း မပေါ်ပေါက်သေးသောကြောင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှာ
ကမ္ဘာပေါ်မှ လုံးဝ,ပပျောက်သွားသည်ဟူ၍မရှိဘဲ ရာသီအလိုက်၊ နေရာဒေသအလိုက် ခေါင်းထောင်မင်းမူလျက်ရှိသည်။
ထို့အတူပင် ကြွက်ဆိုသည့်သတ္တဝါကလည်း ခြင်ကဲ့သို့ပျံလည်းမပျံနိုင်၊ သေးသေးမွှားမွှားလည်းမဟုတ်ပေမယ့်
ဖမ်းဆီး သုတ်သင်ရန် အလွန်ခက်၏။
မြေအောက်ဥမင်လိုဏ်ခေါင်းတွေတူးပြီး
ရှောင်တိမ်းထွက်ပြေးရာတွင် ကျင်လည်လှသော အိုစမာဘင်လာဒင် တောင် နောက်ဆုံးမှာ ဖမ်းမိသွားသေးသည်ပဲ၊
ဒီမလောက်လေးမလောက်စား ကြွက်စုတ်တစ်ကောင်လောက်ကတော့ ဘာကြောင့် ရှာလို့မတွေ့ရမှာလဲဟု
ဒေါက်တာလင်းတစ်ယောက် ကိုယ့်ကိုကိုယ်အားပေးပြီး ဆေးခန်းထဲမှာ မြေလှန်ရှာပါ သော်လည်း
အစအနပင် မတွေ့ရ။
ထိုကြွက်စုတ်ကို အကောင်လိုက်ရှာမတွေ့သေးသော်လည်း
ဒင်း(သင်း)အရိပ်တွေ၊ ခြေရာလက်ရာတွေကတော့ ဆေးခန်းတစ်ခန်းလုံး မွစိထနေပြီ။ ချောင်းဆိုးပျောက်ဆေးရည်အထုပ်တွေဆိုလည်း
ဖောက်သောက်လိုက်၊ ပန်းနာရင်ကျပ် ဆေးတွေဆိုလည်း ဖောက်စားလိုက်၊ ရှိရှိသမျှ ပဋိဇီဝဆေးတွေလည်း
တစ်မျိုးမှမကျန်အောင် ကိုက်ဖောက်လိုက်နှင့် အားမရသေးဘဲ အစာကြေဆေးများ၊ သွေးကျဆေးများ၊
ဗီတာမင်အားဆေးများကိုပါ အစာပိတ်မှီဝဲသွားတတ်သေးသည်။ တစ်ခါတလေ ကိုယ်ဝန်တားသည့်ဆေးကတ်တွေတောင်မှ
မြားပြထားသည့်အတိုင်း အစဉ်လိုက်ဖောက်စားသွားသေး သည်။ အရက်ပြန်ကတော့ ဖန်ပုလင်းနှင့်ထည့်ထား၍
ထင်သည်၊ နေရာမရွေ့သေး။
မဟုတ်မှလွဲရော၊ ဒီကြွက်
အမ,ပဲဖြစ်ရမည်။
ဆရာဝန်တစ်ယောက် ထိုင်နေသောဆေးခန်းတွင်
ကျန်းမာရေးနှင့်မညီညွတ်သည့် သတ္တဝါတစ်ကောင် ထင်တိုင်း ကြဲနေသည်မှာ အလွန်ရှက်စရာကောင်းလှ၏။
ဒီကြွက်စုတ်ကတော့ ကျန်းမာရေးနှင့်မညီညွတ်သည်သာမဟုတ်။ ဆရာဝန် နှင့်လည်း အကြီးအကျယ်ပင်
မညီညွတ်တော့။
ကိုယ်ပျောက်ဝိဇ္ဇာကြွက်ကတော့
လူရှိနေသည့်အချိန်ဆိုလျှင် အမြီးလှုပ်သံ၊ နားရွက်ခတ်သံတောင် မထွက်။ ဒေါက်တာလင်း ဆေးခန်းပိတ်သွားသည့်အချိန်ကျမှ
ဘယ်ချောင်ကနေ ဘယ်လိုထွက်လာမှန်းမသိဘဲ ရှိရှိသမျှဆေးတွေကို စိတ်ကြိုက်ပွဲတော်တည်လေတော့သည်။
ဒင်းကြောင့် ဒေါက်တာလင်း၏ ရှိစုမဲ့စုအရင်းအနှီးတွေ အလေအလွင့်များလှပြီ။ နောက်ဆုံးတော့
ဆေးကတ်တွေကို ဗီရိုထဲထည့်ကာ အာမခံသော့ကြီးကြီးဖြင့် ခတ်ထားရသည့်အဖြစ်သို့ ရောက်ကုန်တော့
၏။
တစ်ခါက ဒေါက်တာလင်း
ဒေါသထွက်ထွက်နှင့် စိတ်ရောဂါဝေဒနာရှင်များကိုပေးသော အပြင်းစားအိပ်ဆေးတွေ သုံး၊ လေးလုံးလောက်
ချကျွေးထားကြည့်သေးသည်။ ထိုဆေးတွေစားပြီး မနိုးသောအိပ်စက်ခြင်းဖြင့် အိပ်ပျော်သွားလျှင်
လည်း အကောင်းသား။ သို့သော် ဒါမျိုးကျတော့ စားဖို့နေနေသာသာ ခြေရာလက်ရာပင် မယွင်း။
တတ်လည်းတတ်နိုင်တဲ့
ကြွက်…။
(၂)
“ကလေးက အဖျားတော်တော်ကြီးနေပါလား၊
တစ်ရာ့သုံးတောင်ရှိတယ်”
ပြဒါးတိုင်ကိုကြည့်ရင်း ဒေါက်တာလင်းပြောလိုက်သော
စကားကြောင့် ကလေးအမေက ပျာပျာသလဲဖြင့်
“ဒါဆို အဖျားမြန်မြန်ကျသွားအောင် ဆေးကောင်းကောင်းလေးတစ်လုံးလောက်
ထိုးပေးပါဆရာရယ်” ဟု ဝင်ပြော လေသည်။
ထိုကိစ္စတွေ ပြောပြောနေရတာလည်း ဒေါက်တာလင်း
တော်တော်မောလှပြီ။ အမေတွေက သူတို့ကလေး နေကောင်းချင်ဇောဖြင့် အလွန်ဆေးထိုးစေချင်ကြသည်။
‘ကလေးငယ်တွေကို မလိုအပ်ဘဲဆေးမထိုးသင့်၊ ကလေးငယ်တွေ ကို ထိုးရမည့်ဆေးများမှာ ကာကွယ်ဆေးများနှင့်
ဗီတာမင်ဘီဝမ်းသာရှိသည်’ ဟု ဒေါက်တာလင်းတို့ကို ဆရာတွေက သင်ကြားပေးထားခဲ့၏။ ရောဂါအခြေအနေစိုးရိမ်ရ၍
နေ့စဉ်ဆေးထိုးရန်လိုအပ်လာပါကလည်း ဆေးရုံသို့သာလွှဲသင့်သည်။ ဒါတွေကို ပါးစပ်က အမြှုပ်တစီစီထွက်လောက်အောင်
ထပ်တလဲလဲရှင်းပြနေရသော်လည်း အခြေအနေတွေက မထူးခြား လာ။
မထူးခြားလာသည်သာမက “ဆေးထိုးချင်လို့ ဆေးခန်းလာတာပေါ့၊
သောက်ဆေးလောက်ကတော့ ကွမ်းယာ ဆိုင်မှာ ဝယ်သောက်လည်းရတယ်” ဟု ဒေါက်တာလင်းကို ပြန်ခံပက်သွားသည်များပင်
ရှိသေးသည်။
ထို့အပြင် ဆရာဝန်က ဆေးထိုးအပ်ကိုင်မှ ကလေးတွေက
ကြောက်ကြသည်၊ သို့မဟုတ် ကလေးတွေကို ခြောက် ၍ရသည်၊ ခြောက်လို့ကောင်းသည်ဟု အမေတွေက အရိုးစွဲအောင်
ယူဆထားကြသေး၏။ အငိုသန်လွန်းသော ကလေးတွေ ဆိုလျှင် “ဆရာဝန်ခေါ်ပြီး အပ်ကြီးကြီးနဲ့ထိုးခိုင်းလိုက်မယ်”
ဟု တစ်ချက်လှန့်လိုက်တာနှင့် ပြဲနေတဲ့ပါးစပ် ချက်ချင်းကိုပိတ် သွားရော။ ရှိုက်သံလေးတောင်
တစ်ချက်မထွက်ရဲ။ တချို့ကလေးများဆိုလျှင် ဆေးလုံးဝအထိုးမခံရဖူးဘဲနှင့်ကို ‘ဆရာဝန်’ ဆိုသည့်အသံကြားသည်နှင့်
‘ဘာကြီး’ မှန်းတောင် မမြင်ရသေးဘဲ ဗြဲခနဲ သူ့ထက်ငါအရင်ဦးအောင် အလုအယက် ငိုနေ တတ်ကြသည်။
ဤသို့ဖြင့် ဆရာဝန်တွေလည်း (ဝတ္ထုတွေ၊ ရုပ်ရှင်တွေ၊ ဂျာနယ်တွေထဲမှာတင်မကပဲ) အပြင်လောကမှာပါ
ကလေးအမေတွေကြောင့် နေရင်းထိုင်ရင်း ကမ္ဘာ့ဆိုးပေကြီးတွေ၊ လူကြမ်းမင်းသားကြီးတွေကို ဖြစ်လို့။
ထို့ကြောင့် ဆေးခန်းလာပြသောကလေးတွေကို
အငိုတိတ်အောင် လာဘ်ထိုးနေရသည်မှာလည်း ဒေါက်တာလင်း ၏ နေ့စဉ်ဖြေရှင်းပေးနေရသော ပြဿနာများစွာထဲမှ
တစ်ခုဖြစ်သည်။ တချို့ကလေးတွေဆို ပါးစပ်ကအော်ငိုရသည်နှင့်ပင် အားမရသေးဘဲ အတွင်းအားတွေလွန်ပြီး
ဆေးခန်းတစ်ခုလုံးရွှဲရွှဲစိုသွားအောင် ရတနာရွှေပြွန်က ရေသွန်သွားသေး၏။ ကလေးကငို၊ သေးကစို
ဟူသည်မှာ ဒေါက်တာလင်း၏ဆေးခန်းကိုများ စောင်းပြီးဆိုထားတာလား မသိ။
‘ကလေးလူနာများကို
စမ်းသပ်လျှင် မုန့်နှင့်အရုပ်မပါဘဲ လုံးဝမစမ်းရ’
ဆရာ့ဆရာကြီးများက
အစဉ်အဆက်ဆိုမိန့်ခဲ့သည်မှာ သွေးထွက်အောင်မှန်သည်။ တငွဲငွဲနှင့် ငိုယိုရုန်းကန်နေ သောကလေးကို
မည်သို့မှစမ်း၍မရ။ အာပြဲအောင်ငိုနေသော ပါးစပ်ထဲသို့ စီဗစ်အချို နှစ်လုံး၊ သုံးလုံးလောက်
ပစ်ထည့်ပေး လိုက်တော့မှ အငိုဒီဂရီနည်းနည်းလျော့သွားပြီး ဆရာဝန်-လူနာဆက်ဆံရေးကို စတင်ထူထောင်ခွင့်ရတော့သည်။
ဒါတောင် အမေတွေက ဘေးကနေငြိမ်ငြိမ်မနေဘဲ “တိတ်နော်၊ မတိတ်ရင် ဆရာဝန်က အပ်နဲ့ထိုးလိမ့်မယ်”
ဟု ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တတ်လွန်းသဖြင့် အငိုတိတ်နေသည့်ကလေးက ဒုတိယအချီ ပြန်ထငိုတော့သည်။
ထိုအခါမျိုးတွင်တော့ ဒေါက်တာလင်းလည်း မတတ်သာသည့်အဆုံး နျူကလီးယားဆေးထိုးအပ်ကြီးပြကာ
ခြိမ်းခြောက်ရတော့၏။
အခုလည်းကြည့်…။
တစ်နှစ်သာသာလောက်
ရှိသေးသောကလေးကို နှံပြည်စုတ်အမြောက်နဲ့ချိန်ခိုင်းနေပြန်သည်။ သို့နှင့် ကလေးတွေ ကို
ဆေးမထိုးချင်သော ဒေါက်တာလင်းလည်း ကလေးအမေကျေနပ်အောင် အကြံတစ်မျိုးထုတ်ရတော့၏။
“ကဲ…အမေရေ…ကလေးကတော့
ကိုယ်တော်တော်ပူနေတယ်၊ ကျွန်တော် အဖျားကျဆေးအရည်ရယ်၊ ပိုးသတ် ဆေး(ပဋိဇီဝဆေး)အရည်ရယ်
ပေးလိုက်မယ်၊ တစ်ခါတိုက်ရင် လက်ဘက်ရည်ဇွန်းတစ်ဇွန်းစီ၊ မနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊
ညတစ်ကြိမ် တစ်နေ့သုံးကြိမ်တိုက်ပေးနော်၊ ပြီးတော့ အဖျားတက်လာရင်ထည့်ဖို့အတွက် ဂြိုလ်တုဆေးတောင့်
လည်း ပေးလိုက်မယ်၊ ဘယ်လိုသုံးရမလဲ သိတယ်နော်”
“ဟုတ်ကဲ့”
ဆေးမထိုးပေးလိုက်၍
ကလေးအမေက သိပ်ကျေနပ်ပုံမပေါ်သော်လည်း ဂြိုလ်တုတစ်တောင့်ပေးလိုက်သော ကြောင့် ဘာမှစောဒက
ထပ်မတက်တော့ဘဲ ပြန်သွားလေသည်။ သို့သော် နာရီဝက်လောက်အကြာတွင် ထိုကလေးအမေ ရေးကြီးသုတ်ပြာနှင့်
ပြန်ရောက်လာပြီး…
“ဆရာ…ဆရာပေးတဲ့ ဆေးတောင့်တိုက်လိုက်တာ
ကလေးက ပြန်အန်ထုတ်လိုက်လို့ နောက်တစ်တောင့်လောက် ထပ်ပေးပါအုံး”
“ဘယ်ကဆေးတောင့်လဲ…?
ကျွန်တော်ပေးလိုက်တာ ဆေးအရည်တွေပါဗျ”
“ဟို…ဂြိုလ်တုတစ်တောင့်ပါသေးတယ်လေ
ဆရာရဲ့”
မြတ်စွာဘုရား…! သည်ကလေးအမေ
ဝင်ရမယ့်ဥမင်လိုဏ်ခေါင်းချင်း လွဲကုန်ပြီ…။
“ဟာ…ဂြိုလ်တုက ပါးစပ်ကတိုက်ရတာ
မဟုတ်ဘူးဗျ၊ စအိုက ထည့်ရတာ၊ ခုနက ကျွန်တော်မေးတော့ သိတယ် ဆို”
“ဟို…ဟို…ဆရာဆူမှာ
ကြောက်လို့ပါ…”
မရဲတရဲပြန်ဖြေလိုက်သော
ကလေးအမေ၏အဖြေကြောင့် ဒေါက်တာလင်း သနားသွားရပြန်သည်။
“ကဲ…ကဲ… ကလေးကို ပြန်သွားခေါ်လာခဲ့၊
ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင်ပဲ ထည့်ပေးလိုက်မယ်”
သူတို့အိမ်နှင့်ဆေးခန်းက
သိပ်မဝေးသောကြောင့် ကလေးကိုပြန်ခေါ်ခိုင်းကာ ခုတင်ပေါ်တင်၊ တင်ပါးလေး နှစ်ဖက်ဖြဲပြီး
နောက်ထပ်ဂြိုလ်တုတစ်တောင့်ကို ဒေါက်တာလင်းကိုယ်တိုင် စကြဝဠာတွင်းနက်ကြီးထဲသို့ ထည့်ပေးလိုက်ရ
သည်။ ကလေးအမေကတော့ မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ကြောင်ငေးလျက်။ ဒီလိုမှန်းသိလျှင်
အစ တည်းက တစ်ခါတည်းထည့်ပေးလိုက်ရင် အကောင်းသား။ ဂြိုလ်တုဆေးတောင့်အသုံးပြုပုံကို ကလေးအမေသိပြီးသား
ထင်၍ မရှင်းပြမိဘဲ ဒီအတိုင်းပေးလိုက်တာကိုက ဒေါက်တာလင်းအမှား။
“အဲဒီလိုဆေးမျိုး
ကျွန်မတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ဖူးသေးပါဘူး ဆရာရယ်”
အံ့သြဝမ်းသာဖြင့်
ပြောလိုက်သော ကလေးအမေ၏စကားကြောင့် ဒေါက်တာလင်းလည်း အကွက်ဝင်လာတုန်း
“ဟုတ်တယ်၊ ဒီဆေးက
အရမ်းကောင်းတာ၊ တစ်တောင့်ထည့်လိုက်တာနဲ့ အဖျားချက်ချင်းကျသွားတယ်၊ ဆေးထိုး စရာ လုံးဝ,မလိုဘူး”
ဟု ပြောလိုက်ရသည်။
ဂြိုလ်တုအစွမ်းကိုသိသွားသော
ကလေးအမေကလည်း ကျေးဇူးတင်စကား အထပ်ထပ်ပြောပြီး ထွက်သွားလေ၏။ ဒေါက်တာလင်းကတော့ ဆေးခန်းထဲမှာ
တစ်ယောက်တည်း အတွေးဂယက်များထရင်း ကျန်ရစ်ခဲ့၏။ ကမ္ဘာ့ဆေးပညာများ အံ့မခန်းတိုးတက်နေသည်ဟု
ဆိုပါသော်လည်း စအိုမှထည့်သော ဂြိုလ်တုဆေးတောင့် (Suppository) ကိုပင် မမြင်ဖူးသေး သော၊
မည်သို့အသုံးပြုရမှန်းပင် မသိသေးသော လူများလည်း ရှိနေပါသေးလား။
ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား ဒေါက်တာလင်းရယ်…။
(၃)
“အဖျားကျဆေးလေးတစ်လုံးလောက် ထိုးပေးလို့မရဘူးလားဆရာ၊
ဒီကလေးက ထိုးဆေးနဲ့မှ အဖျားကျတာ ဆရာရဲ့၊ သောက်ဆေးဆို ဖြုံတောင်မဖြုံဘူး”
ထုံးစံအတိုင်း ကလေးက အဖျားနည်းနည်းကြီးသည်ဆိုတာနှင့်
အမေက အပ်တောင်းတော့၏။
ထိုကဲ့သို့ ဆေးထိုးခိုင်းတိုင်း
ဒေါက်တာလင်းကလည်း လက်စွဲတော်ဂြိုလ်တုတွေ ထည့်ပေးလိုက်လေ့ရှိသည်။ အခု လည်း ဂြိုလ်တုတစ်တောင့်ထည့်ဖို့အတွက်
ကလေးအမေကို မဲဆွယ်ရဦးမည်။
“အမေ…စအိုထဲကိုထည့်တဲ့ ဂြိုလ်တုဆေးတောင့်ဆိုတာ
ကြားဖူးလား”
“ရှင်! ဂြိုလ်တု…?”
“အဖျားကျဆေးလေ”
“အဲဒီလို ရှုပ်ရှုပ်ရှက်ရှက်တွေ ကျွန်မနားမလည်ပါဘူး
ဆရာရယ်၊ တင်ပါးမှာပဲ ဆေးတစ်လုံး ထိုးပေးလိုက်ပါရှင်”
“မဟုတ်ဘူး အမေရဲ့…ဆေးထိုးတော့ ကလေးအသားနာတာပေါ့၊
အခု ကျွန်တော်ပြောတဲ့ဂြိုလ်တုက ဖယောင်း တုံးလေးလိုပဲ၊ စအိုထဲကို ထည့်လိုက်ရင်ပြီးပြီ၊
နာလည်းမနာဘူး၊ အဖျားလည်း ချက်ချင်းကျတယ်”
“ဒီလိုဆိုလည်း ဆရာသင့်တော်သလိုသာ ကုပေးပါရှင်”
ကလေးအမေထံမှ ထောက်ခံမဲရ၍ ဒေါက်တာလင်းလည်း
ဂြိုလ်တုထည့်ဖို့အတွက် ဆေးဘူးကိုဖွင့်လိုက်တော့…
“ဟိုက်! သွားပြီ”
ဆေးဘူးထဲမှဂြိုလ်တုဆေးတောင့်တွေ အခွံချည်းပဲ
ကျန်ပါတော့လား…။
တရားခံဘယ်သူလဲဆိုတာ ဒေါက်တာလင်း ချက်ချင်းသိလိုက်၏။
ပြစ်မှုဘယ်လိုကျူးလွန်သွားခဲ့သလဲ ဆိုတာကို သာ ဒေါက်တာလင်း မသိဘဲဖြစ်နေသည်။ ဒီကြွက်စုတ်
ပါးစပ်ကသောက်ရတဲ့ ဆေးတွေနဲ့တင် အားမရတော့ပါကလား။
သေချင်းဆိုး ကြွက်။
ဂြိုလ်တုထည့်ရန် အကြီးအကျယ်မဲဆွယ်ထားခဲ့မိသော
ဒေါက်တာလင်းတစ်ယောက် ကလေးအမေကို ဘယ်လို မျက်နှာပြရမှန်းတောင် မသိတော့။ ကလေးကတော့ ဖင်တုံးလုံးကလေးနှင့်
ခုတင်ပေါ်မှာ မှောက်လျက်သား…။
ဆေးတွေကြွက်ကိုက်သွားလို့ နောက်နေ့မှပဲလာထည့်တော့နော်ဟု
ပြောလိုက်၍လည်းမကောင်း။ ထည့်စရာ မလို တော့ဘူး၊ အဖျားကျသွားပြီ၊ သောက်ဆေးပဲသောက်တော့ဟု
ဆိုပြန်လျှင်လည်း အပြောနှင့်အလုပ် မညီဘဲဖြစ်တော့မည်။ ဒေါက်တာလင်း ဇောချွေးတွေစို့ထွက်လာ၏။
ကလေးအမေကတော့ ဒေါက်တာလင်းဘာဖြစ်နေမှန်း ရိပ်မိပုံမရ။
ဟန်ကိုယ့်ဖို့အတွက်
တစ်ခုခုတော့ လုပ်ပေးမှရမည်။ စဉ်းစားစမ်း ဒေါက်တာလင်းရေ…စဉ်းစားစမ်း…။
ဟုတ်ပြီ…!
ဒေါက်တာလင်း၏ ခရီးဆောင်ဆေးအိတ်ထဲမှာ
လူကြီးတွေအတွက် ဂြိုလ်တုတစ်တောင့် အပိုဆောင်ထားသည်ကို သတိရသွားသည်။ နောက်ဆုံးတွင်တော့
ထိုဂြိုလ်တုကိုပဲ တစ်ဝက်ချိုးပြီး ထည့်ပေးလိုက်ရတော့သည်။
တော်ပါသေးရဲ့။
(၄)
တစ်နေ့ လူနာတစ်ယောက် အမောဖောက်နေသောကြောင့်
လိုက်ကြည့်ပေးပါရန် ဒေါက်တာလင်းကို လာပင့်၏။ လူနာအိမ်က ဆေးခန်းအနီးမှာပင်ဖြစ်သောကြောင့်
ဒေါက်တာလင်းလည်း ချက်ချင်းထလိုက်သွားသည်။ လူနာက ဒေါက်တာလင်း၏ဖောက်သည် နာတာရှည်ပန်းနာရောဂါသည်ဖြစ်၏။
တစ်ခုခုနှင့်ဓါတ်မတည့်သည့်အခါတိုင်း ထိုကဲ့သို့ပင် မကြာခဏ အမောထဖောက်လေ့ရှိသည်။ ရောဂါရာဇဝင်
သိပြီးသားဖြစ်သောကြောင့် ဒေါက်တာလင်းလည်း သိပ်မစိုးရိမ် တော့ဘဲ အေးအေးဆေးဆေးပင် နားကြပ်ကိုထုတ်ကာ
နားထောင်လိုက်သည်။
ထိုစဉ် နားတစ်ဖက် စူးခနဲခံစားလိုက်ရသောကြောင့်
နားကြပ်ကိုအမြန်ချွတ်ပြီးကြည့်လိုက်တော့ ဒေါက်တာလင်း အမောဆို့သွားသည်။ ကြည့်ဦး…။ ဒေါက်တာလင်း၏နားကြပ်မှာ
နားမနာအောင်ခံထားသည့် ရာဘာတုံးလေးတစ်ဖက် မရှိတော့ဘဲ စတီးချောင်းကြီးသာ ငေါထွက်ပြီး
ကျန်နေရစ်ခဲ့၏။
ဒီတစ်ချီတော့ ဒေါက်တာလင်း
အရှိုက်တည့်တည့်ထိသွားပြီ။
“ဒါ ရိုးရိုးနားကြပ်မဟုတ်ဘူးကွ ကြွက်စုတ်ရ၊
လစ်တမင်ကွ လစ်တမင်…”
ဒေါက်တာလင်း ကြွက်စုတ်ကို စိတ်ထဲမှကျိန်ဆဲရင်း
လူနာရှင်တွေ မရိပ်မိအောင် (နားအနာခံပြီး) နားကြပ်ကို ဟန်ပါပါပြန်တပ်ကာ ဟိုထောက် သည်ထောက်လုပ်နေလိုက်ရ၏။
ပြီးမှ ခါတိုင်းလိုပင် အမောကျဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးများပေးကာ ဆေးခန်းသို့
ပြန်လာခဲ့ရသည်။
ဒီကြွက်ကို ဒီအတိုင်းဆက်ထားလို့တော့ မဖြစ်…။
ဒီလောက် သောင်းကျန်းနေသည့်ကြွက်ကို အပြတ်ရှင်းပစ်မှရ တော့မည်။ ဘယ်လိုလုပ်ရပါ့မလဲ။ ကြွက်ထောင်ချောက်တွေ၊
ကြွက်ဖမ်းကော်တွေကတော့ သိပ်စိတ်မချရ။ အခန့်မသင့် လျှင် လွတ်ပြေးသွားနိုင်သည်။ ထို့ကြောင့်
ဒေါက်တာလင်း၏ ကမ္ဘာဦးသတ္တဝါစစ်ဆင်ရေးကြီး ရာနှုန်းပြည့်အောင်မြင်ရန် ဆေးခန်းအနှံ့ ကြွက်သတ်ဆေး
‘ပရိုမိုးရှင်း’ လုပ်ထားလိုက်ရတော့၏။
“စိတ်မကောင်းပါဘူး
ငကြွက်ရာ၊ သဗ္ဗေသတ္တာ ကမ္မသကာပေါ့…”
(၅)
ထိုနေ့မှစပြီး ဒေါက်တာလင်း၏ဆေးခန်းလည်း
ကြွက်အန္တရာယ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတော့၏။ အခုမှပဲ ဆေးတွေကိုလည်း ဘီရိုထဲသော့ခတ်စရာမလိုတော့ဘဲ
စိတ်ချလက်ချထားနိုင်တော့သည်။ ကြွက်ကတော့ ဘယ်ဘုံဘယ် ဘဝမှာ ဘာများဖြစ်နေပြီလဲ မသိ။ ဘယ်လိုပဲဖြစ်ဖြစ်
ဆေးခန်းထဲထပ်မရောက်လာရင် ပြီးရော။
ထိုစဉ် ဆေးခန်းထဲ
လူနာတစ်ယောက်ဝင်လာသဖြင့် ဒေါက်တာလင်း၏ အတွေးစများ ပြတ်သွားသည်။
“ဆရာ…ကျွန်တော် ဝမ်းလျှောနေလို့”
“ဟုတ်လား…ဘယ်နှစ်ကြိမ်
ရှိပြီလဲ”
“လေး ငါး ကြိမ်လောက်တော့ရှိပြီ
ဆရာ”
ဒေါက်တာလင်း လူနာကိုစမ်းသပ်ပြီး
သောက်ဆေးများနှင့် ဓါတ်ဆားတစ်ထုပ်ပေးလိုက်သည်။ သို့သော် မကြာခင် မှာပင် ထိုလူနာပြန်ရောက်လာပြီး…
“ဆရာ…ဆရာပေးလိုက်တဲ့
ဓါတ်ဆားထုပ်က ကြွက်ကိုက်ထားသလားမသိဘူး၊ အပေါက်ကြီးနဲ့”
“ဘာ!”
“ဟုတ်တယ်ဆရာရဲ့…ဒီမှာကြည့်လေ”
ဟုတ်ပ…။ ဓါတ်ဆားထုပ်အောက်နားမှာ
ကြွက်ကိုက်ထားတဲ့ အပေါက်ကြီးပါလား။ ထိုစဉ် ဒေါက်တာလင်း၏ ခေါင်းပေါ်က “ကျွိ…ကျွိ” ဟု
အသံကြားသဖြင့် မော့ကြည့်လိုက်ရာ…
“အမလေး…နည်းတဲ့ကောင်ကြီး
မဟုတ်ပါလား!”
ဆေးပေါင်းစုံစားထားပြီး
အဆမတန်သန်မာထွားကြိုင်းလျက်ရှိသော ကြွက်မည်းမည်းကြီးတစ်ကောင် ထုပ်တန်း ပေါ်မှနေ၍ ဒေါက်တာလင်းကို
ပြောင်ပြနေသယောင်ယောင်…။
လင်းဇင်ယော်
ပြုံးစရာမဂ္ဂဇင်း- နိုဝင်ဘာ၊ ၂၀၁၁။
ဆရာရေ......တော်တော်လေးကိုကောင်းတယ်ဆရာရေ......အရမ်းအရမ်း Like ပါ၏
ReplyDelete