Thursday, July 26, 2012

အယ်လ်ဖရက်ဒို၊ ဆယ်လ်ဗာတို၊ ကိုမြင့်သန်းနှင့် ငွေရောင်ပိတ်ကားပေါ်မှ အတိတ်ပုံရိပ်များ


တစ်လောက မိတ်ဆွေရုပ်ရှင်ဝါသနာအိုးတစ်ဦး ယူလာပေးသော အီတလီရုပ်ရှင်ဇာတ်ကားလေးတစ်ကားကို ကြည့်လိုက်ရ ပါသည်။ ဇာတ်ကားအမည်မှာ ‘Cinema Paradiso’ ဖြစ်ပြီး အီတလီလူမျိုး ဒါရိုက်တာ ‘ဂူဆက်စ္စပီတော်နာတိုရီ’ လက်စွမ်းပြ ရိုက်ကူးထားသော နာမည်ကျော်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါသည်။ ဇာတ်လမ်းအကျဉ်းမှာ ရုပ်ရှင်ဝါသနာအိုး ချာတိတ်လေး ‘ဆယ်လ်ဗာတို’ နှင့် ရုပ်ရှင်ပြစက်မောင်းသူ ‘အယ်လ်ဖရက်ဒို’ တို့ ဆရာတပည့်နှစ်ဦးကြားက သံယောဇဉ်၊ ထိုခေတ်ကာလ(၁၉၄၅ ခုနှစ်ဝန်းကျင်)က ရုပ်ရှင်ရုံများ၊ ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ဓလေ့စရိုက်များကို ရိုးရိုးရှင်းရှင်း ရိုက်ကူးထားသော ဇာတ်ကားလေးဖြစ်၏။ အဆိုပါ ရုပ်ရှင်ဇာတ်ကားမှ အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်သော ဆယ်လ်ဗာတို နှင့် အယ်လ်ဖရက်ဒိုတို့နှစ်ဦး၏ သရုပ်ဆောင်ချက်မှာ ပီပြင်လွန်းသဖြင့် ကျွန်တော်သည် ရုပ်ရှင်ကြည့်နေရသည့်အဖြစ်ကို မေ့လျော့ကာ မိမိမျက်စိရှေ့၌ တကယ်ပင်ဖြစ်ပျက်နေသည့်အလား ထင်မှတ်မိပါသည်။
            ထိုရုပ်ရှင်ဇာတ်ကားသည် ၁၉၈၉ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင်၊ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားဆုနှင့် ရွှေကမ္ဘာလုံးဆုများအပြင်၊ အခြားဆုပေါင်းမြောက်များစွာကိုလည်း ရရှိခဲ့သည်။ ထိုဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်းတွင် မြို့နှစ်မြို့ ရုပ်ရှင်ဇာတ်ကားတစ်ကားတည်းပြသဖြင့် တစ်မြို့တွင်ပြသပြီးသောဖလင်အခွေကို နောက်တစ်မြို့သို့ ဆယ်လ်ဗာ တိုက စက်ဘီးဖြင့်အလျင်မီအောင် ပို့ပေးရသောအခန်းကို ရောက်သောအခါ ကျွန်တော့်မျက်စိထဲတွင် ဆယ်လ်ဗာတိုအစား ‘ကိုမြင့်သန်း’ ကို ပြန်မြင်ယောင်မိပြီး တစ်ပြိုင်နက်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်မှ အဖြစ်အပျက်များကို မနေ့တစ်နေ့ကလို တရေးရေး မြင်ယောင်လာမိသည်။
            ရုပ်ရှင်ဆိုသောအရာကို ကျွန်တော့်အသက်လေးနှစ်သား(၁၉၇၄ခုနှစ်)အရွယ်တွင် စတင်ထိတွေ့ခဲ့ရပါသည်။ ထို အချိန်က ယခုခေတ်လို တီဗွီ၊ ဗီဒီယိုပြစက်ဆိုတာ တွေ့ဖူးဖို့ ဝေးစွ၊ ကြားပင်မကြားဖူးသေးပါ။ ရုပ်ရှင်ကြည့်ချင်ပါက ရုံမှာ သွားကြည့်ရသော ခေတ်ဖြစ်ပါသည်။ ကျွန်တော်တို့မြို့တွင် သမ္မတ၊ ဂုဏ်၊ ရှေ့ဆောင်၊ ရွှေဗဟိုရ်၊ မြိတ်သီရိဟူသော ရုပ်ရှင် ရုံငါးရုံရှိသည့်အနက် ဂုဏ်ရုပ်ရှင်ရုံတစ်ရုံသာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများပြသပြီး ကျန်လေးရုံမှာ မြန်မာဇာတ်ကားများ ပြသပါသည်။ သို့သော် တစ်ခါတစ်ရံ မြန်မာရုပ်ရှင်ဇာတ်ကားသစ်များမဝင်သောအခါ သမ္မတရုံ၌ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား ပြသလေ့ရှိပါသည်။  
ကျွန်တော်တို့အိမ်မှာ ထိုရုပ်ရှင်ရုံငါးရုံ၏အလယ်မှာတည်ရှိပြီး လမ်းလျှောက်သွားပါက ငါးမိနစ်ပင်မကြာပါ။ ထို ကြောင့်လည်း ကျွန်တော်သည် ရုပ်ရှင်ဇာတ်ကားအသစ်လဲတိုင်း အမြဲကြည့်ဖြစ်ပါသည်။ ဇာတ်ကားသစ်တစ်ကားသည် ရက်သတ္တနှစ်ပတ်မှ သုံးပတ်ခန့်ရုံတင်တတ်ပြီး တစ်မြို့လုံးပေါင်းမှ ရုပ်ရှင်ရုံစုစုပေါင်း ငါးရုံသာရှိသောကြောင့် ကျွန်တော်တို့ မှာ တစ်လတစ်လ ရုပ်ရှင်ဇာတ်ကားသစ် ငါးကား၊ ခြောက်ကားခန့်သာ ကြည့်ရပါသည်။ ကျွန်တော်တို့ငယ်စဉ်က ကြည့်ခဲ့ရ သော မြန်မာရုပ်ရှင်ဇာတ်ကားများမှာ အဖြူအမည်းရုပ်ရှင်ဇာတ်ကားများသာဖြစ်ပြီး ပိတ်ကားကပင် ဟောင်းနွမ်းနေ၍လော၊ ရုပ်ရှင်ပြစက်ကပင် အိုမင်းနေ၍လောမသိ၊ ရုပ်သံကြည်လင်ပြတ်သားမှုမရှိ။ ပိတ်ကားပေါ်မှပုံရိပ်များမှာ မှုန်တိမှုန်ဝါးနှင့် တုန်ခါနေတတ်ပြီး အသံကလည်း ပြတ်တောက်ပြတ်တောက်။ သို့သော် ဘာဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဇာတ်ကားတိုင်း ကို အနည်းဆုံးနှစ်ခေါက်ပြန်ကြည့်စမြဲ။ တချို့ဇာတ်ကားများဆို အကြိမ်ကြိမ်၊ အထပ်ထပ်ပြန်ကြည့်သောကြောင့် အလွတ်ရ လုမတတ်ပင်။ ငယ်စဉ်က ကျွန်တော်တို့နှစ်ခြိုက်ခဲ့ရသော သရုပ်ဆောင်များမှာ ညွန့်ဝင်း၊ ကျော်ဟိန်း၊ နေအောင်၊ ခင်သီတာထွန်း၊ ဆွေဇင်ထိုက်တို့ဖြစ်ပြီး ဗီလိန်ဆို အံ့ကျော်ကား ပြိုင်ဘက်မရှိ။ မြတ်လေး၊ ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး အစရှိသော အကျော်ဒေးယျကြီးများကိုတော့ ကျွန်တော်တို့ ကောင်းကောင်းမမီလိုက်ကြပါ။ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ဆို ကလေးပီပီ ကျွန်တော်တို့က အပစ်အခတ်၊ အသတ်အပုတ်များများပါသော ဂျိမ်းစ်ဘွန်းကား၊ ကောင်းဘွိုင်ကားနှင့် တရုတ်သိုင်းကားများကို သိပ်မကြိုက်။ ရုပ်ရှင်ဇာတ်ကားသစ်များကို အများအားဖြင့် သောကြာနေ့၌သာ ရုံတင်တတ်သော ကြောင့် ထိုနေ့ရောက်တိုင်း ကျွန်တော်တို့မှာ အလိုလိုတက်ကြွနေတတ်ပါသည်။
            ထိုစဉ်က ရုံဝင်ကြေးများမှာ အောက်ထပ်ရုပ်ရှင်ပိတ်ကားနဲ့ အနီးဆုံးနေရာက ၁.၀၀ကျပ်တန်း၊ သူ့အနောက်တွင် ၂.၀၀ကျပ်တန်းနှင့် အပေါ်ထပ်မှာ ၂.၅၀ကျပ်တန်း ဖြစ်ပါသည်။ ထိုအချိန်က ကလေးများသာဖြစ်သော ကျွန်တော်တို့သည် အများအားဖြင့် ၁.၀၀ကျပ်တန်းမှသာ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ သို့သော် တစ်ခါတစ်ရံ ရုပ်ရှင်အားလပ်ချိန်ပေးမှ ၀င် ကြည့်ပါက ရုံဝင်ကြေးတစ်ဝက်နှုန်းသာ ပေးရပါသည်။ ဒါကတော့ ရုပ်ရှင်ရုံဝန်ထမ်းများအတွက် အပိုဝင်ငွေသက်သက် ဖြစ်၏။ တစ်ခါတစ်ရံ နာမည်ကြီးရုပ်ရှင်ကားများကို ပထမဆုံးရုံတင်သောနေ့၌ ပထမဦးဆုံး ရုပ်ရှင်ပြသချိန် (first day, first show) ၌ကြည့်လိုပါက ရုပ်ရှင်လက်မှတ်မရသောကြောင့် ၁.၀၀ကျပ်တန်းကို ၂.၀၀ကျပ်တန်သည်၊ ၃.၀၀ ကျပ်တန်သည် ပေးပြီး မှောင်ခိုလက်မှတ်ဝယ်ကြည့်ရပါသည်။ မှတ်မှတ်ရရ ကျွန်တော့်တစ်သက်တွင် ပထမဆုံးကြည့်ခဲ့ရသော ရုပ်ရှင် ဇာတ်ကားမှာ ဂေါ်ဇီလာကားဖြစ်ပြီး ၁.၀၀ကျပ်တန်းမှ ကြည့်ရသောကြောင့် ရုပ်ရှင်ပိတ်ကားနှင့် အလွန်နီးကပ်နေသဖြင့် ဂေါ်ဇီလာကြီး ပိတ်ကားပေါ် ပေါ်လာတိုင်း ကျွန်တော့်မှာကြောက်လန့်ပြီး ငိုပါလေတော့သည်။ ထိုအခါ အစ်ကို၊ အစ်မများ က ကျွန်တော်အငိုတိတ်စေရန် ရုံအပြင်မှသကြားလုံး၊ နေကြာစေ့တို့ကို ထွက်ဝယ်ပေးရ၏။
            ငယ်စဉ်ကလေးဘ၀ကတည်းက ယခုထက်တိုင် ရုပ်ရှင်ကို ကျွန်တော်စွဲလန်းနှစ်ခြိုက်ခဲ့ရခြင်းအကြောင်းအရင်းကို ပြန်ဆန်းစစ်ကြည့်မိတော့ အချက်နှစ်ချက်ကို သွားတွေ့ရပါသည်။ ပထမအချက်မှာ ရုပ်ရှင်ရုံနှင့်အိမ် နီးကပ်လွန်းသဖြင့် ဇာတ်ကားသစ်လဲတိုင်း ကြည့်ဖြစ်ခဲ့သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ကျွန်တော်တို့မြို့ရှိ ရုပ်ရှင်ရုံငါးရုံစလုံးမှာ ကျွန်တော်တို့အိမ်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်ငယ်စဉ်က အဖေသည် အသံချဲ့ စက်များကို အခကြေးငွေဖြင့်ငှားရမ်းနေသောကြောင့် အဆိုပါရုပ်ရှင်ရုံငါးရုံမှာ ရုပ်ရှင်ကားသစ်လဲတိုင်း ရုပ်ရှင်ကြော်ငြာ ဘုတ်ပြားကြီး၂ချပ်ကို ကားနံဘေးတစ်ဖက်တစ်ချက်တွင်ချိတ်ဆွဲပြီး အဖေ့ထံမှအသံချဲ့စက်ငှားရမ်းကာ မြို့လှည့်ကြော်ငြာ ရပါသည်။ ထိုသို့ဇာတ်ကားအသစ်ကို မြို့လှည့်ကြော်ငြာတိုင်းလည်း ကားပေါ်ကျွန်တော်ပါစမြဲဖြစ်သည်။ ထိုအချက် နှစ်ချက်ကြောင့်လည်း ယနေ့တိုင် ရုပ်ရှင်ကိုစွဲလန်းခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
            ထိုသို့ ဇာတ်ကားသစ်လဲတိုင်း ကားပေါ်မှ မိုက်ခရိုဖုန်းတစ်လုံးဖြင့် ဒိုင်ခံမြို့လှည့်ကြော်ငြာပေးရသူမှာ ‘ဦးထူးလွင်’ ဖြစ်ပြီး ကြော်ငြာလက်ကမ်းစာရွက်လေးများကို ဝေငှပေးရသူမှာ ကိုမြင့်သန်းဖြစ်ပါသည်။ အဆိုပါ ကိုမြင့်သန်းမှာ သဘော ကောင်းပြီး ဥာဏ်ရည်ချို့တဲ့နေသူတစ်ဦး ဖြစ်ပါသည်။ ရုပ်ရှင်ကြော်ငြာကားကြီးဖြင့် မြို့လှည့်ကြော်ငြာသောအခါ သူက ‘မိုက်’ ကိုင်ပြီး မကြော်ငြာရသဖြင့် အားမလိုအားမရဖြစ်ကာ အရပ်ထဲပြန်ရောက်တော့ သူ့လက်ကို ‘မိုက်’ ကိုင်ထားသလို ပြုလုပ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် ကြော်ငြာလေတော့သည်။ သူ့ကိုမြင်လျှင် တချို့မိန်းမပျိုလေးများက “မြင့်သန်း၊ ဒီနေ့ ဘာကားသစ် ရုံတင်သလဲ?” ဟုမေးပါက ကိုမြင့်သန်းမှာ ပျော်တပြုံးပြုံး ဂုဏ်ယူမဆုံးတော့။
            ကလေးများမှာ ထိုရုပ်ရှင်ကြော်ငြာကားကြီး လှည့်လည်လာတာကိုမြင်သည်နှင့် ကားနောက်မှ အပြေးအလွှား လိုက်ကာ ကိုမြင့်သန်းထံမှ ရုပ်ရှင်ကြော်ငြာစာရွက်လေးများကို အလုအယက် တောင်းယူကြပါသည်။ ထိုအလုပ်ကို ကိုမြင့်သန်းက မည်သူခိုင်းခိုင်း မခိုင်းခိုင်း သူ့တာဝန်ဟု မှတ်ယူထားကာ ပျော်ပျော်ကြီး လုပ်နေကျ။ အခကြေးငွေ တစ်ပြား တစ်ချပ်မှမရလည်း သူမမှု။ ၀ါသနာအရင်းခံသက်သက်။
            တစ်ခါတစ်ရံ သမ္မတရုံ၌ ပြသစရာ မြန်မာရုပ်ရှင်ဇာတ်ကားသစ်မရှိသောအခါ ဂုဏ်ရုံတွင်ပြသလျက်ရှိသော နိုင်ငံခြားရုပ်ရှင်ဇာတ်ကားကိုပင် ရုံနှစ်ရုံခွဲကာ ပြသရပါသည်။ ထိုအခါ ရုပ်ရှင်ရုံတစ်ရုံနှင့်တစ်ရုံ ပြသချိန်ကို နာရီဝက်ခန့် ခွာထားရပါသည်။ ဂုဏ်ရုံတွင်ပြသပြီးသော ဖလင်ခွေကို သမ္မတရုံတွင် အလျင်မီပြသနိုင်စေရန် ကိုမြင့်သန်းက အပြေးတစ်ပိုင်း ပို့ပေးရပါသည်။ Cinema Paradiso ဇာတ်ကားတွင် ဆယ်လ်ဗာတိုက ဖလင်ခွေများကို တစ်မြို့မှတစ်မြို့သို့ စက်ဘီးတစ်စီးဖြင့် အလျင်မီအောင် ပို့ဆောင်ပေးရသော ဇာတ်ဝင်ခန်းကိုကြည့်ပြီး ကိုမြင့်သန်းကိုသာ မြင်ယောင်လာမိပါ တော့သည်။ နှစ်နာရီ(ခန်မှန်းခြေ ဖလင်ပေတစ်သောင်း)ခန့်ကြာသော ဇာတ်ကားမျိုးဆို စုစုပေါင်းဖလင်ရှစ်ခွေမို့ ကိုမြင့်သန်း ခမျာ ဂုဏ်ရုံမှ သမ္မတရုံသို့ လွန်းပျံယာဉ်တစ်စင်းလို ခေါက်တုံ့ခေါက်ပြန် ပြေးရလေသည်။ တစ်ခါတစ်ရံ ဂုဏ်ရုံ၌ပြရင်း တန်းလန်းနဲ့ ရုပ်ရှင်ပြစက်ချို့ယွင်းသွားပါက သမ္မတရုံမှ ရုပ်ရှင်ကြည့်ပရိတ်သတ်များမှာ ဆန့်တငံ့ငံ့၊ စောင့်ပြီးပဲဆက်ကြည့် ရမလိုလို၊ အိမ်ပဲပြန်ရမလိုလို။ တစ်ခါတစ်ရံ ပြသစရာဇာတ်ကားသစ်မရှိသဖြင့် ဇာတ်ကားဟောင်းများကို ပြန်လည်ရုံတင် သောအခါ အထူးနှုန်း(ရုံဝင်ကြေးတစ်ဝက်)သာပေးရပါသည်။
            အဖေ့အသံချဲ့စက်များကျေးဇူးကြောင့် ကျွန်တော်သည် ရုပ်ရှင်ရုံငါးရုံစလုံးမှ ၀န်ထမ်းများနှင့် ခင်မင်ရင်းနှီးကာ မည်သည့်ရုပ်ရှင်ရုံမှာမဆို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ကို ရရှိခဲ့လေသည်။ နေ့တိုင်းမဟုတ်တောင် ၂ရက်ခြား၊ ၃ရက်ခြား တစ်ကြိမ်လောက်တော့ ရုပ်ရှင်ရုံသို့ မှန်မှန်ရောက်ဖြစ်ခဲ့ပါသည်။ တစ်ခါတစ်ရံ ကြည့်ပြီးသား ရုပ်ရှင်ကားမို့ ထပ်ခါတလဲလဲ ကြည့်ရပျင်းလာသောအခါ ရုပ်ရှင်ပြစက်ခန်းထဲသို့ဝင်ကာ ပြစက်မောင်းသူ ‘ဦးတင်မောင်’ အား ဟိုမေး၊ ဒီမေး၊ ရုပ်ရှင်ပြစက် ကို ဟိုကလိ၊ ဒီကလိလုပ်၏။ ထိုအခါ ဦးတင်မောင်က ဆဲဆဲဆိုဆိုဖြင့် ကျွန်တော်မေးမြန်းသမျှကို ပြန်လည်ရှင်းပြတတ်ပါ သည်။ Cinema Paradiso တွင် ချာတိတ်ကလေး ဆယ်လ်ဗာတိုက သူ့ဆရာ အယ်လ်ဖရက်ဒိုကို ရုပ်ရှင်ပြစက်အကြောင်း သိလိုသမျှ မေးမြန်းတိုင်း အက်လ်ဖရက်ဒိုက စိတ်ရှည်လက်ရှည် ပြန်လည်ရှင်းပြသည့် ဇာတ်ဝင်ခန်းလေးကို ကြည့်ရသော အခါ အယ်လ်ဖရက်ဒိုက ဦးတင်မောင်ဖြစ်သွားပြီး ဆယ်လ်ဗာတိုကတော့ ကျွန်တော်ပဲ ဖြစ်နေသယောင်ယောင်။
            ယခုတော့ ကျွန်တော်တို့မြို့ရှိ ရုပ်ရှင်ရုံငါးရုံအနက် ဂုဏ်ရုံတစ်ရုံသာ ကျန်ရှိပါတော့သည်။ ၁၉၈၉ခုနှစ်တွင် မြို့ တစ်ဝက်ခန့်ကို လောင်ကျွမ်းစေခဲ့သော မီးဘေးတွင် ဂုဏ်ရုံမှလွဲ၍ ကျန်လေးရုံစလုံး မီးဘေးသင့်ခဲ့ရပါသည်။ မီးဘေးသင့်ခဲ့ ရသော ထိုရုပ်ရှင်ရုံလေးရုံသည် ယခုတော့ လူနေအိမ်၊ တည်းခိုခန်း၊ ဂိုဒေါင်အသီးသီး ဖြစ်လို့နေပါပြီ။ နောက်ဆုံးကျန်ရှိနေ သေးသော ဂုဏ်ရုံကို လုပ်ငန်းရှင်တစ်ဦးက၀ယ်ယူကာ အဆင့်မြင့်ရုပ်ရှင်ရုံအဖြစ် ပြုပြင်ပြောင်းလဲပြီး ရုပ်ရှင်ဆက်လက်ပြသ ခဲ့ပေမယ့် မအောင်မြင်တော့ပါ။ အိမ်တိုင်းမှာ တီဗွီ၊ ဗီဒီယိုပြစက်အသီးသီး ရှိနေသည့်အပြင် တစ်မြို့လုံးအနှံ့ ကေဘယ်လ် လိုင်းများ၊ ဂြိုလ်တုစလောင်းများ အလျှံအပယ်တပ်ဆင်ထားသောကြောင့် ရုပ်ရှင်ရုံကိုလူသိပ်မ၀င်တော့။ အိပ်ဆောင်အမ်ပီ ဖိုးတစ်လုံးရှိရုံမျှနှင့် အလွယ်တကူ ရုပ်ရှင်ကြည့်ရှုနိုင်ပြီ မဟုတ်ပါလား။ ထို့အပြင် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား ၁၀ ကားတွဲ၊ ၁၂ ကားတွဲတစ်ခွေမှ ကျပ် ၅၀၀ ခန့်သာ ပေးရသောကြောင့် အများစုမှာ ကိုယ်ပိုင်သာဝယ်ကြည့်ကြတော့သည်။
            နောက်ဆုံးတော့ ဂုဏ်ရုံလည်း နည်းပညာလှိုင်းတံပိုးအောက်မှာနစ်မြုပ်ခဲ့ရပြီး ရုပ်ရှင်ရုံဝန်ထမ်းများမှာလည်း တစ်ယောက်တစ်နေရာစီ အကွဲကွဲ၊ အပြားပြား။ အိမ်ဆေးသုတ်ခြင်းဖြင့် အသက်မွေးသူကမွေးရ၊ ဆိုက်ကယ်တက္ကစီမောင်း သူကမောင်း၊ ကွယ်လွန်သူကကွယ်လွန်။ ဦးထူးလွင်တစ်ယောက်သာ နဂိုနေမြဲအတိုင်း။ သို့သော် ယခင်ကလို ရုပ်ရှင်ဇာတ် ကားကြော်ငြာသူ မဟုတ်တော့။ တရားပွဲ၊ ဇာတ်ပွဲ၊ ယာဉ်အန္တရာယ်သတိပေးနှိုးဆော်ချက်များကို ကြော်ငြာပေးသူဖြစ်လို့ နေပါပြီ။
            စက်မှုနည်းပညာများ တစ်ဟုန်ထိုးတိုးတက်လာသော သည်ဘက်ခေတ်ကြီးတွင် ရုပ်ရှင်တစ်ကား ကြည့်ရဖို့အရေး မှာ ငှက်ပျောသီးအခွံနွှာစားရသလိုပင်။ ကျွန်တော်တို့ငယ်စဉ်တုန်းကလို ကြမ်းပိုးအလွန်ကိုက်သော ထိုင်ခုံတွင်ထိုင်၍ မွန်းကြပ်လှောင်အိုက်သော ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ချိန်အမီ သွားရောက်ကြည့်ရှုနေစရာ မလို၊ ရုပ်ရှင်လက်မှတ်လည်း တန်းစီဝယ်ယူနေစရာ မလိုတော့။ မိမိနေအိမ်၌ပင် မိမိကြိုက်နှစ်သက်သော ရုပ်ရှင်ဇာတ်ကားကို အချိန်မရွေး အခန့်သား ထိုင်ကြည့်နိုင်လေပြီ။ အကယ်၍ တစ်နေ့တည်းနဲ့ ကြည့်လို့မပြီးပါက နောက်တစ်နေ့မှာ ဆက်ကြည့်၍လည်း ရသေးသည်။ ဒါက အိမ်ကြည့်သမားများ၏ အားသာချက်ဖြစ်ပြီး အားနည်းချက်မှာ ဘေးပတ်ဝန်းကျင် အနှောင့်အယှက်များကြောင့် ရုပ်ရှင်ထဲ အာရုံအပြည့်အ၀နှစ်မြှုပ်၍ မရခြင်းပင် ဖြစ်သည်။ ရုပ်ရှင်ထဲ အာရုံရောက်နေခိုက် ဖုန်းသံကမြည်လာသောကြောင့် မကြာမကြာ ဖုန်းထပြောရခြင်း၊ ကလေးများရန်ပွဲကို ထဖျန်ဖြေပေးရခြင်း၊ သူတစ်ခွန်း ငါတစ်ခွန်း ပြောဆိုနေကြသော အိမ်သူ/သားများ၏ ဆူညံသောစကားသံ အစရှိသောအကြောင်းများကြောင့် ရုပ်ရှင်ထဲအာရုံ အပြည့်အ၀မရောက်နိုင်။ ညဥ့်နက် လူခြေတိတ်ချိန်ရောက်မှ မိမိတစ်ဦးတည်း ကြည့်ဖိုရာကလည်း ၀ိုင်းအုံကိုက်ခဲတတ်ကြသော ခြင်အန္တရာယ် ကြောင့် သိပ်အလုပ်မဖြစ်။
            သို့သော် တစ်ခါတလေတော့ ကျွန်တော်သည် ရုပ်ရှင်ရုံများကို ပြန်လည်လွမ်းဆွတ်နေမိပါသည်။ အိမ်တွင် ရုပ်ရှင် ကြည့်ခြင်းနှင့် ရုပ်ရှင်ရုံသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုရခြင်းမှာ ရသတစ်မျိုးစီပေးစွမ်းနိုင်ပေသည်။ အိမ်ကြည့်သမားများ တွင် အားသာချက်၊ အားနည်းချက်ရှိသလို ရုံကြည့်သမားများတွင်လည်း အားသာချက်၊ အားနည်းချက်ရှိပါသည်။ ရုံကြည့် သမားများ၏အားသာချက်မှာ ဘေးပတ်ဝန်းကျင်မှ ကားဟွန်းသံ၊ အိမ်သူ/သားများ၏ ဆူညံသံစသော အနှောင့်အယှက် များကင်းဝေးသောကြောင့် ရုပ်ရှင်ထဲအာရုံအပြည့်အ၀ နှစ်မြှုပ်ထားနိုင်ခြင်းပင် ဖြစ်ပါသည်။ ရုပ်ရှင်ရုံထဲသို့ ရောက်ပြီဆို ကတည်းက ရုပ်ရှင်ကြည့်ဖို့ကလွဲပြီး အခြားဘာမှလုပ်စရာမရှိ။ ရုံကြည့်သမားများ၏ အားနည်းချက်မှာ တစ်ခါတစ်ရံ နံဘေး ချင်းကပ်လျက်ခုံတွင် အလွန်အငိုသန်သောကလေးများ၊ စကားအလွန်များသောအမျိုးသမီးများ၊ အရက်နံ့တထောင်း ထောင်းထနေသော ယမကာလုလင်များနှင့် ယှဉ်တွဲထိုင်ရခြင်းပင်တည်း။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။ အသီးသီး အား သာချက်၊ အားနည်းချက်ကိုယ်စီတော့ ရှိတတ်စမြဲမဟုတ်လား။ ဒါက ကျွန်တော်ဖြတ်သန်းခဲ့ရသော ဖလင်ခေတ်ရုပ်ရှင်ရုံ များ၏ ၀ိုးတ၀ါးရုပ်ပုံလွှာသာဖြစ်ပါသည်။
            တစ်လောက ကျွန်တော်အလုပ်မှအပြန် ဂုဏ်ရုံရှေ့တွင်ငေါင်စင်းစင်းထိုင်ကာ ဆေးပေါ့လိပ်တစ်လိပ်ကို သဲကြီး မဲကြီးဖွာရှိုက်နေသော ကိုမြင့်သန်းကို တွေ့လိုက်ရသည်။ အခုတော့ ကိုမြင့်သန်းလည်း အချိန်၏တိုက်စားမှုကြောင့် တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေပြီး မဖြီးလိမ်းမသုတ်သင်တာကြာပြီမို့ ဆံပင်ကလည်းဘုတ်သိုက်။ သူ့နံဘေးမှာတော့ နို့ဆီ ဘူးခွံအလွတ်ထဲတွင်ထည့်ထားသော သောက်လက်စလက်ဘက်ရည်တစ်ခွက်။ ကိုမြင့်သန်းသည် တိုင်တန်းနစ်သင်္ဘော ကပ္ပတိန်လိုပင် သူ့နောက်ဆုံးထွက်သက်အထိ ဂုဏ်ရုံကိုဖက်တွယ်ထားမလား မပြောတတ်။ အမြဲတမ်း ဂုဏ်ရုံအနားတစ် ၀ိုက်မှာသာ တဝဲလည်လည်။ အရင့်အရင်ဘဝက ဝဋ်ကြွေးတွေ ပေးဆပ်နေရသလား။ နောက်နောင် ဘဝ ဘဝတွေ အတွက် ပါရမီဖြည့်ဆည်းနေရော့သလားမသိ။ သူသည် ကျွန်တော့်ကိုလည်း ကောင်းကောင်းမှတ်မိပုံမရ။ ထို့ကြောင့် ကျွန်တော်ကပင် “ကိုမြင့်သန်း၊ ဒီနေ့ ဂုဏ်ရုံမှာ ဘာကားပြနေသလဲဗျ” ဟု နှုတ်ဆက်မေးမြန်းရာ သူသည် ရုပ်ရှင်လောက နှင့်ကင်းကွာခဲ့ရသည်မှာကြာပြီမို့ ကျွန်တော့်အမေးကို ချက်ချင်းအဖြေပြန်မပေးနိုင်။ တဒင်္ဂမျှ စဉ်းစားလိုက်၊ ဆေးပေါ့လိပ် ဖွာလိုက်လုပ်နေရင်း၊ အတန်ငယ်ကြာတော့မှ သူ့နှုတ်ဖျားက တီးတိုးစကားလေးတစ်ခွန်း ထွက်ပေါ်လာသည်ကို ကျွန်တော် အမှတ်မထင် ကြားလိုက်ရပါသည်။
            “River of No Return” ဟူသတည်း။

စိုးငယ်


No comments:

Post a Comment