ဘာမှမရေးဖြစ်တာ(ဆယ်ရက်လောက်)ကြာပြီ
ဘယ်ကစရေးရမလဲ ဘယ်မှာထိုင်ရေးရမလဲ သုံးထပ်ဆောင်အပေါ် ဆုံးထပ်က လူမနေတဲ့အခန်းတစ်ခုမှာထိုင်ရေးရမလား
အဆောင်ရှေ့မှာ ကွမ်းသွေးတွေနဲ့ရဲပတောင်းခတ်နေတဲ့ ပန်း စိုက်ခုံမြင့်ပေါ်ထိုင်ရေးရမလား
အသင့်ကြော်လှော်ပြီး အခြောက်အခြမ်းနံ့တွေနဲ့လှိုင်နေတဲ့ စားရိပ်သာမှာထိုင်ရေးရမ လား
ဒါမှမဟုတ် အာရုံ(ခံစားမှု)ကောင်းအောင် ကော်ဖီမွှေးမွှေးတစ်ခွက်ပဲ အရင်သောက်လိုက်ရကောင်းမလား
တော်ပြီ ခုတင်ပေါ်မှာပဲ မထတမ်းထိုင်ရေးတော့မယ် လက်တန်း ကိုယ်ထင်ခုတင်ရွှေနန်း အခုတင်ပဲ
ခုတင်တွေ တန်းစီ/ရှေ့ကြည့်/သတိ/သက်သာ/အေးစေ အခုတင်ပဲ ခုတင်ခြေရင်းမှာနေရာမရွေ့အောင်
ဆော့ပင်နဲ့အမှတ် အသားအချို့ပြုလုပ် အခုတင်ပဲ ခုတင်ပေါ်မှာ Prison Department စာတန်းထိုးထားတဲ့
အုန်းခွံမွေ့ရာပေါ်မှာ အဘွားပေးလိုက်တဲ့အိပ်ရာခင်းတစ်ခုဖြန့်ခင်း အခုတင်ပဲ ခုတင်ဘေးမှာ
အဘိုးဆေးအသစ်သုတ်ပေးလိုက်တဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကသံသေတ္တာတစ်လုံးချ အခုတင်ပဲ ခုတင်ခြေရင်းမှာဖိနပ်သုံးရန်တန်းစီ
အခုတင်ပဲ စွမ်းဆောင်နိုင်သူအတွက် ကြီးလေးသောတာဝန်ဟူသည်မရှိ အစွမ်းအစ အစွမ်းအလယ် အစွမ်းအဆုံး
ရင်ဘတ်မှာ နံပါတ်သုံးလုံးရေးထားတဲ့ အထက်အောက်ဆင်တူဝတ်စုံကြီးဝတ်ပြီး ကြိုးထိုးဖို့အပေါက်တွေအများကြီးပါတဲ့
ဖိနပ် ကြီးတွေစီးပြီး ဦးထုပ်ဆောင်း ခါးပတ်ပတ် လွယ်အိတ်လွယ် လေးယောက်တွဲဘယ်ညှိအမြန်လျှောက်
ဘယ်ညာ ညာဘယ် ဘယ်ညာ ဘယ် အမိန့်သံအတိုင်းမှန်အောင်နင်း ခရာသံအတိုင်းမှန်အောင်နင်း ခရာသံတို/သံရှည်
ခရာ သံနဲ့ပဲအလုပ်လုပ် ခရာသံနဲ့ပဲချုပ်နှောင် ခရာသံနဲ့ပဲလွတ်မြောက် ခရာလား အခရာလား တစ်
နှစ် သုံး လေး ကြံ့ခိုင် ရေး လေး ငါး ခြောက် ခွန် မလှမွန်
ရပ်! ဘယ်သူလဲ?
မိတ်ဆွေ
စကားဝှက်ပြော
နှင်းဆီ (မီးတို တစ် မီးရှည် နှစ်)
ရေအိုးကွဲရင် အမှတ်ဖြတ်
အိပ်ရာခင်းမညီရင် အမှတ်ဖြတ် ဖိနပ်မစီရင် အမှတ်ဖြတ် အတွင်းခံမရုတ်ရင် အမှတ်ဖြတ် မယ်လို့
ခြောက်လှန့် စည်းကမ်းဆိုတာ မိမိကိုယ်ကိုယ်မိမိ တာဝန်ယူနိုင်ခြင်း (ပဏာမပြုပြင်ရေးကာလအတွင်း
အမှတ်မဖြတ်သေးကြောင်း မှတ်သားနာယူ) ရွှေလက်ခုပ်အုပ်ကာတီး တစ်ခါတီးဆယ့်ငါးချက်တိတိ မှန်မှန်မြန်မြန်
မသိလိုက်ဘူး မြောက်ကိုရီးယားခေါင်းဆောင်ကြီး ရုတ်တရက်သေသွားမှန်း မသိလိုက်ဘူး ဒေါ်စုနဲ့ဟိုဝန်ကြီးချုပ်မမ
လာတွေ့သွားမှန်း မသိလိုက်ဘူး အဖေအားနည်းနေလို့ဆေးဘူးကြီးချိတ်လိုက်ရမှန်း မသိလိုက်ဘူး
ဘာဘာဘာမှ မသိဘူး ကဲ ကဲ ဂျာနယ်ဝယ်ဖတ်မယ်ကွာ ဗဟုသုတနှစ်စောင် အားကစားနှစ်စောင် မကြီး
မငယ်ဆီကိုဖုန်းဆက်
ကာလတစ်ခုအကြာမှာ အဟောင်းတွေဆက်ပြီးမဟောင်းတော့သလို
အသစ်တွေဆက်ပြီး သစ်မနေတော့
ညညဆို ဘလူးတုသ်မှတစ်ဆင့်
ဘလူးတုသ်ကိုဗဟိုပြု၍ ဘလူးတုသ်ချင်းဆက်သွယ်၍ ဘလူး ဘလူး ဘလူး
ညညဆို စုပေါင်းစာကြည့်ချိန်မှာ
စာကြည့်(ချင်ယောင်ဆောင်)ရင်း ဖရုံစေ့ဝါးလိုက် လက်ဖက်သုပ်ဝါးလိုက်
ညညဆို ဆက်သွယ်မှုဧရိယာအတွင်းထဲကတောင်ကုန်းလေးပေါ်
အယ်လ်အီးဒီမီးရောင်တွေနဲ့
ပိုးစုန်းကြူးလို တလက်လက်
အခုချိန်လောက်ဆို သူတို့
ခါတိုင်းလိုပဲ ကိုရီးယားဇာတ်လမ်းတွဲကြည့်နေကြမလား ခါတိုင်းလိုပဲ ရင်ဒီအော်တန်ကို အားပေးနေမလား
ခါတိုင်းလိုပဲ စကားများရန်ဖြစ်နေကြမလား ခါတိုင်းလိုပဲ စကားမပြောအားအောင်အလုပ်လုပ် နေကြမလား
ခါတိုင်းလိုပဲ စကားပြောသင်တန်းပဲဆက်တက်နေမလား ခါတိုင်းလိုပဲ ဂျူတီချိန်တွေဆက်နေမလား
ခါတိုင်းလိုပဲ လက်ဘက်ရည်တစ်ခွက်ရှေ့ချပြီးပွားနေကြမလား ခါတိုင်းလိုပဲ ကီးဘုတ်ခလုတ်တွေ
တစ်ဖြောင်း ဖြောင်းနှိပ်နေမလား ခါတိုင်းလိုပဲ ရုပ်ရှင်တွေတစ်ခွေပြီးတစ်ခွေ ဆက်တိုက်ကြည့်နေမလား
ခါတိုင်းလိုပဲ ဖက်ကြမ်း တစ်လိပ်ဖွာရင်း လူကြီးပြုပြင်ရေးဆောင်းပါးတွေ ရေးချွတ်နေမလား
ခါတိုင်းလိုပဲ အမြှုပ်ထနေတဲ့ဖန်ခွက်တွေ ကိုင် မြှောက်နေမလား ခါတိုင်းလိုပဲ မယ်ရီခရစ္စမတ်နေကြမလား
ညအိပ်ရာမဝင်ခင် မျက်နှာသစ်
သွားတိုက်တိုင်း အုတ်ကန်ဘေးမှာတွယ်ကပ်တွားသွားနေတဲ့ ကျွတ်လိုလို မျှော့ လိုလို သွေးစုပ်သတ္တဝါတွေကို
မီးညှပ်တစ်ချောင်းနဲ့ဆွဲခွာထုတ်ရင်း နှာချေလိုက် ချောင်းဆိုးလိုက် ဝမ်းချုပ်လိုက် လေလည်လိုက်…
(၂၅၊၁၂၊၂၀၁၁)
No comments:
Post a Comment