Tuesday, July 17, 2012

ပုံပြင်ပြောသူများ



စာရေးဆရာဖြစ်ချင်လျှင် ရောက်သည့်နေရာမှာ တွေ့သမျှလူကို မေးမြန်းစူးစမ်းရမည် ဟူ၏။
            စာရေးရန် လက်အလွန် ‘ဆာ’ နေသော ဥာဏ်မြင့်က သည်အဆိုကို လက်တွေ့အကောင်အထည်ဖော်ရန် သူထိုင် လျက်ရှိသော လက်ဘက်ရည်ဆိုင်မှ စားပွဲထိုးလေးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ နေ့လည်ခင်း လူပါးနေချိန်မို့ စားပွဲထိုးလေးများက ချောင်တစ်ချောင်တွင်ထိုင်ကာ ငိုက်နေကြ၏။ ဥာဏ်မြင့်၏ခေါ်သံကြောင့် အသားညိုညို၊ မျက်နှာ ပြည့်ပြည့်နှင့် သွက်လက်ချက်ချာဟန်ရှိသော စားပွဲထိုးလေးတစ်ယောက်က ငိုက်နေရာမှ ငေါက်ခနဲထကာ ပြေးလာပြီး…
            “ဘာလိုသေးလဲ…ဆရာ”
            “ဘာမှမလိုပါဘူးကွ…မင်းကို ‘ဗျူး’ ချင်လို့။ ကဲ…လာ မင်းအကြောင်းတွေ ငါ့ကို ပြောပြစမ်းကွာ။ ပြီးရင် မင်းကိုငါ မုန့်ဖိုးပေးပါ့မယ်ကွ…”
            ဥာဏ်မြင့်၏စကားကြောင့် စားပွဲထိုးကလေး ခေတ္တမျှ တွေသွား၏။ ထို့နောက်
            “ဘယ်ကစပြောရမှာလဲ ဆရာ”
            “အင်း…မင်းနာမည်က စပြောပေါ့။ ပြီးတော့ မင်းအကြောင်း၊ မင်းရဲ့မိသားစုအကြောင်း၊ မင်းတို့ရဲ့ရွာအကြောင်း တွေပါ ဆက်ပြောကွာ…”
            “ကျွန်တော့်နာမည်က မင်းထက် လို့ခေါ်ပါတယ်ဆရာ။ နေတာကတော့………”
            နာရီဝက်ခန့်ကြာပြီးနောက်…
            “ကောင်းတယ်ကွာ…အရမ်းစိတ်ဝင်စားသွားပြီ။ မနက်ဖြန်လည်း ငါထပ်လာမေးအုံးမယ်။ ဒီအကြောင်းတွေကို မင်း ဘယ်သူ့ကိုမှ မပြောပြနဲ့နော်…ကြားလား မင်းထက်။ ရော့…ဒီမှာ မင်းမုန့်ဝယ်စားဖို့ ပိုက်ဆံငါးရာ”
            ဥာဏ်မြင့်ပေးသွားသော ငါးရာတန်ငွေစက္ကူကိုကိုင်ကာ မင်းထက်တစ်ယောက် ပြုံးနေမိသည်။
*
            လမ်းထဲသို့ရောက်ခါနီးလေ မင်းထက်၏ခြေလှမ်းများက သွက်လာလေဖြစ်သည်။ သူဝယ်လာသော မုန့်များကို နှစ်ခြိုက်စွာစားနေမည့် ‘မမပွင့်’ ၏ပုံရိပ်များက မင်းထက်အတွေးထဲတွင် တဖျပ်ဖျပ်ပြေးလွှားနေ၏။
            မမပွင့်တို့ အိမ်ရှေ့သို့ အရောက်တွင်
            “မမပွင့်ရေ…ဗျို့ မမပွင့်…ကျွန်တော်မုန့်တွေ ၀ယ်လာတယ်ဗျ။ လာယူပါဦး”
            “ဟယ်…မင်းထက်ပါလား…အားနာစရာကြီးဟယ်။ ဘာဖြစ်လို့ ၀ယ်လာတာလဲ”
            “မမပွင့်ပြောပြတဲ့ ပုံပြင်တွေကို လူတစ်ယောက်ကို ကျွန်တော်ပြန်ပြောပြလိုက်တော့ သူက သဘောကျလို့ဆိုပြီး မုန့်ဖိုးငါးရာပေးသွားတယ်ဗျ။ အဲဒါကြောင့် မမပွင့်အတွက် မုန့်တွေဝယ်လာခဲ့တာ…စားနော်။ ပြီးတော့ ကျွန်တော့်ကိုလည်း ပုံပြင်တွေ ထပ်ပြောပြအုံး…”
            “အေး…အေး…ကျေးဇူးပါပဲဟယ်”
*
            “အဘွားငြိမ်း…နေကောင်းလားရှင့်”
            “သြော်…ဘယ်သူများလဲလို့…မိပွင့်ပါလား။ အေး..အေး ကောင်းပါတယ်ကွယ်”
            “ဒီမှာ…အဘွားငြိမ်းစားဖို့ သမီး မုန့်တွေဝယ်လာတယ်။ သမီးကို ဟိုတစ်နေ့ကပြောပြတဲ့ ပုံပြင်တွေ ဆက်ပြောပြ အုံးနော်”
            “အေးပါဟယ်…ကဲ…ထိုင်ဦးလေကွယ်”
            အဘွားငြိမ်းက သူ၏ စာကြည့်မျက်မှန်ကို တပ်လိုက်၍ စာအုပ်စင်ထဲမှ ‘တစ်ထောင့်တစ်ညပုံပြင်များ’ စာအုပ်ကို ဆွဲယူလိုက်ပြီးနောက် စာရွက်များကို တစ်ရွက်ချင်းလှန်ကာ ပုံပြင်တွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြနေလေတော့၏။  ။

လင်းဇင်ယော်
မဟေသီ (June,2011)

No comments:

Post a Comment