Saturday, June 23, 2012

သောက်ရမ်းကြာတဲ့ သောကြာ


နိမိတ်မကောင်းဘူးဆိုတဲ့ တစ်ဆယ့်သုံးရက်သောကြာလည်း မဟုတ်
ချိုးကလေးမှန်မှန်လာတတ်တဲ့သောကြာလည်း မဟုတ်
သောက်ရမ်းကြာတဲ့ သောကြာ
ဆို ဘာမှလာရှင်းပြမနေနဲ့ သောကြာကလွဲပြီး ဘာတစ်ခုမှမလိုချင်
သောကြာဆို တစ်မိုင်ခွဲခရီးကို ခေါက်တုန့်ခေါက်ပြန် ပြေး/လျှောက်ရလည်း မမောဘူး
သောကြာဆို ဖန်နီကာလာအောက်ခံဘောင်းဘီကိုယ်စီနဲ့ ရေလုချိုးစရာမလိုဘူး
သောကြာဆို (စား၍ရသော)ဘဲတွေရေဆင်းချိုးတဲ့ကန်ကြီးဘေးမှာ ဆည်းဆာကြည့်စရာမလိုဘူး
သောကြာဆို တားမြစ်နယ်မြေကိုဖြတ်ပြီး စာအုပ်သိုလှောင်ရုံသွားဖို့ စိုင်းပြင်းနေစရာမလိုဘူး
သောကြာဆို မြေမညီတဲ့မြက်ခြောက်ကွင်းမှာ လေထိုးထားတဲ့ရာဘာလုံးတစ်လုံးကို လူအများကြီးလုကန်စရာ
မလိုဘူး မြေကြီးပေါ်ရေစည်းသားပြီး ကြိမ်နဲ့ယက်ထားတဲ့အလုံးကို ခတ်စရာမလိုဘူး
သောကြာဆို ခြေဆီနံ့ထောင်းထနေတဲ့ခြေအိတ်တွေ ရေမွှေးဖျန်းစရာ လျှော်ဖွပ်စရာမလိုဘူး
သောကြာဆို ပလပ်ပေါက်တစ်ခုတည်းကနေ (မြစ်လက်တက်တွေခွဲထွက်လာသလို) ပလပ်ပေါက်
အများကြီး ပြိုင်ဆက်သွယ်တန်းစရာ တန်းဆက်သွယ်တန်းစရာမလိုဘူး
            သောကြာဆို ထမင်းလုံးချီလာတဲ့ ပုရွက်ဆိတ်တွေလို Mr.Water အလှည့်ကျသယ်စရာမလိုဘူး
သောကြာဆို ကျည်ကွယ်မျက်ကွယ်အရပ်မှာ စင်္ကာပူသွားစရာမလိုဘူး ရှမ်းပြည်သွားစရာမလိုဘူး
သောကြာဆို အနံ့ပြင်းတဲ့အကြော်အလှော်ဟင်းတွေ စားစရာမလိုဘူး
သောကြာဆို ဂျာနယ်လုဖတ်စရာ ဂျာနယ်ခွဲဖတ်စရာမလိုဘူး
သောကြာဆို ကိုးပေါင်သုံးအောင်စလေးတဲ့ နန်းကြိုးမျှင်တွေဆိုင်းထားတဲ့ နယ်ချဲ့+ဖက်ဆစ်ကိုတော်လှန်
တိုက်ခိုက်ခဲ့တဲ့ ယိုင်ဖယ်ယိုင်ဖယ်သေနတ်တွေ ယိုင်ဖယ်ယိုင်ဖယ်ထမ်းစရာမလိုဘူး
သောကြာဆို သနပ်ခါးဘဲကြားစရာမလိုဘူး
သောကြာဆို သောက်စရာမလိုဘူး
သောကြာဆို ဟဲလို ဟဲလို ကြားလား စရာမလိုဘူး
သောက်ရမ်း (သောက်ရမ်း) ကြာတဲ့ သောကြာ မရောက်ခင်ကတည်းက သောကြာအတွက် အထုပ်အပိုး ပြင်ပြီးအသင့် မီးတောက်အောင်ပြေးတဲ့ အသက်ကြီးကြီးဟီးနိုးကားတွေစီးဖို့အသင့် အပြာရောင်ဝတ်စုံပွပွကြီး အောက်မှာ ပျောက်ကွယ်နေတဲ့အလှတရားများ စီတန်းလှည့်လည်လာရန်အသင့် ကြိုတင်ဇယားများနဲ့ရန်ကုန်မြို့ ကြီးထဲစီးမျောရန် အသင့် အသင့် အသင့်စားသုံးရန်
Readymade သောကြာ Pre-paid သောကြာ Disposable သောကြာ
ကုန်သွားရင်အသုံးပြုခဲ့ပြီးတဲ့ သောကြာကိုတမ်းတရင်း နောက်ထပ်လာမယ်သောကြာတွေကို
မျှော်ရင်း ရှိစုမဲ့စုသောကြာကိုပဲ သောက်-ရမ်း-ကြာ-အောင်
(တစ်)
(ဆစ်)
(ချင်း)
ဆွဲဆန့်…

ပိတောက်ပွင့်သစ်၊ ဇွန်၊ ၂၀၁၂။

No comments:

Post a Comment