Saturday, June 9, 2012

သူ့နာမည်ရဲ့ဝစ္စနှစ်လုံးပေါက်ကို နေရာပြောင်းပြီးခေါ်ကြည့်တော့


သည်လောက် ပ,စားပေးထားသည့်ကြားက လုပ်ရက်ခဲ့သည်။ တစ်အုပ်ပြီးတစ်အုပ် စနစ်တကျစီမံကိန်းဆွဲပြီး စိမ်ပြေနပြေ ‘ဘတ်ခြင်း’ ခံနေရသဖြင့် အခုဆို ကိုဖိုးချမ်း၏ဆိုင်မှာ မြသန်းတင့်တွေ တော်တော်လျော့သွားပြီ။ ‘စာဘတ်သူ’ ကို မသိ၍ မဟုတ်။ သိ၏။ သို့သော် လက်ဆုပ်လက်ကိုင် သက်သေအထောက်အထား မရှိဘဲ စွပ်စွဲလိုက်ပါက ခင်မင်မှုပျက်စီးသွားပြီး တစ်ဖက်သား၏ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်သောကြောင့် ကိုဖိုးချမ်းမှာ သိရက်နှင့်ပင် အောင့်အည်းသည်းခံနေရ၏။ ထို ပုဂ္ဂိုလ်ကတော့ သူ့ကိုယ်သူ ပိရိလှပြီ၊ သေသပ်လှပြီဟု ထင်နေလိမ့်မည်။
            အခြားစာအုပ်တွေဆို သည်လောက် မခံပြင်းပါ။ အခုတော့ ကြိုက်လွန်းသဖြင့် ကိုဖိုးချမ်းကိုယ်တိုင် ပင်ပန်းကြီးစွာ ဝယ်ယူစုဆောင်းထားရသော မြသန်းတင့်တွေကိုမှ ရွေးပြီးယူသွားသည်။ ချက်ချင်းလက်ငင်း အစားပြန်ဝယ်၍ရသော ‘လေရူးသုန်သုန်’ လိုစာအုပ်မျိုးဆိုလျှင်တော့ ကိစ္စမရှိ။ နောက်ထပ် မထုတ်တော့သဖြင့် ရှားပါးစာရင်းဝင်နေပြီးဖြစ်သော ‘ပါရီကျဆုံးခန်း’ လိုစာအုပ်မျိုးတွေပါ မ,သွားတော့ ကိုဖိုးချမ်းမှာ တွေးမိတိုင်း ရင်နာ၍မဆုံး။ လိုချင်လျှင် ပွင့်ပွင့်လင်းလင်း ပြောပြီး တောင်းသင့်သည်။ ပေးနိုင်သည့် စာအုပ်ဆိုလျှင်လည်း ကိုဖိုးချမ်းက ပေးလိုက်မည်ပင်။ ပြန်ရောင်းပေးနိုင်သည့် စာအုပ်ဆိုလျှင်လည်း သင့်တော်သည့် နှုန်းထားတစ်ခုခုနှင့် ပြန်ရောင်းပေးမည်ပင်။ အခုတော့ ထိုပုဂ္ဂိုလ်ကလည်း မြသန်းတင့်မှ မြသန်းတင့်…။ ယူသွားပါတော့လား သိုင်းဝတ္ထုတွေ အတွဲလိုက်၊ အချစ်ဝတ္ထုတွေ အပုံလိုက်၊ မဂ္ဂဇင်းဟောင်း တွေ အထပ်လိုက်။
အမာရွတ်မြင်တိုင်း မဟော်ကို အခဲမကြေဆိုသလို “မြသန်းတင့်” ဆိုသည့်အသံ ကြားလိုက်ရတိုင်း ကိုဖိုးချမ်း၏ အာရုံထဲမှာ ထိုပုဂ္ဂိုလ်၏ ပုံရိပ်များ ပေါ်ပေါ်လာသောကြောင့် ရင်ထုမနာဖြစ်နေရတော့၏။
*
သည်မြို့မှာရှိသော စာအုပ်အငှားဆိုင်များအနက် ကိုဖိုးချမ်း၏ စာအုပ်အငှားဆိုင်လေးသည် စာအုပ်အစုံလင်ဆုံး၊ စာဖတ်သူ အများဆုံးဖြစ်၏။ ကိုယ်တိုင်ကလည်း စာသမားတစ်ယောက်ဖြစ်သည့်အပြင် ဆိုင်လေး၏သက်တမ်းမှာလည်း ဆယ်စုနှစ် တစ်ခုပင် ကျော်လာခဲ့ပြီဖြစ်ရာ ကိုဖိုးချမ်းဆိုင်တွင် ဝတ္တုတို/ရှည်ပေါင်းချုပ်၊ ဆောင်းပါးပေါင်းချုပ်၊ ကဗျာပေါင်းချုပ်များမှအစ ဘာသာရေးကျမ်းများ၊ ဒဿနကျမ်းများ၊ စွယ်စုံကျမ်းများကိုပင် အတွဲလိုက် တင်ထားနိုင်သည်။ ဘာသာပြန် ဆိုလျှင်လည်း ကိုဖိုးချမ်းဆိုင်မှာ မတင်ထားသောစာအုပ်ဟူ၍ လုံးဝမရှိသလောက်ပင်။ ကိုဖိုးချမ်း အနှစ်သက်ဆုံးစာရေးဆရာဖြစ်သော မြသန်းတင့်၏ စာအုပ်များကိုတော့ ထွက်သမျှ တစ်အုပ်မကျန် ဝယ်ယူစုဆောင်းထားသည်သာမက စာအုပ်ဆိုင်၏ မျက်နှာ စာတည့်တည့်၌ပင် ဆရာမြသန်းတင့်၏ဓါတ်ပုံကို ပုံကြီးချဲ့ကာ ဘောင်သွင်းပြီး ကျကျနန ချိတ်ဆွဲထားလေသည်။
            ကိုဖိုးချမ်းဆိုင်တွင် စာအုပ်များကို အရှေ့စင်နှင့် အနောက်စင်ဟူ၍ ခွဲခြားသတ်မှတ်ထားပြီး အလယ်တွင်တော့ စာအုပ်စာရင်းမှတ်သော စားပွဲငယ်ရှိသည်။ အငှားသွက်သော လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ်ဝတ္ထုများ၊ သိုင်းဝတ္ထုများ၊ ရုပ်ပြနှင့်ကာတွန်းများကိုတော့ အရှေ့စင်များမှာတင်ထားပေးသည်။ ငှားရခဲသော ဘာသာပြန်၊ ဆောင်းပါး စသည့် လိုင်း စာအုပ်များကိုတော့ အနောက်စင်များမှာထားသည်။ အသစ်ထွက်သော ဝတ္ထုနှင့်မဂ္ဂဇင်းများကိုတော့ ကိုဖိုးချမ်း၏စားပွဲပေါ် မှာ စီစီရီရီ တင်ထားတတ်သည်။ ပုံမှန်စာဖတ်ပရိတ်သတ်များက အရှေ့စင်မှစာအုပ်များကိုသာ ဖတ်ရှုလေ့ရှိပြီး စာဖတ် သက်ရင့်သူများသာလျှင် ကိုဖိုးချမ်း၏နောက်ကျောဘက်မှ စာအုပ်များကို ပို၍သဘောတွေ့ကြလေသည်။ ထို့ကြောင့် ကိုဖိုးချမ်းဆိုင်တွင် အများအားဖြင့် အရှေ့စင်များဘက်၌သာ လူစည်ကားနေတတ်ပြီး အနောက်စင်များမှာတော့ လူ ခပ်ပါးပါးပင်။
            တစ်ည…။
ဆိုင်သိမ်းခါနီး လူရှင်းနေချိန်တွင် ကိုဖိုးချမ်းထံသို့ အသားညိုညို၊ ဆံပင်ပါးပါးနှင့် ပိန်ကိုင်းကိုင်း လူတစ်ယောက် ဝင်လာသည်။ ရောက်ရောက်ချင်း ထိုလူက စကားတစ်ခွန်းမှမပြောသေးဘဲ ကိုဖိုးချမ်းချိတ်ထားသော မြသန်းတင့်၏ ဓါတ်ပုံ ကို အတန်ကြာအောင် ငေးမောကြည့်နေ၏။
            “ဘာစာအုပ်ငှားချင်လို့လဲ ခင်ဗျာ”
            ကိုဖိုးချမ်းမေးလိုက်တော့မှ ထိုလူလည်း ဆတ်ခနဲတစ်ချက်တွန့်သွားပြီး သတိပြန်ဝင်လာဟန်ဖြင့် တစ်ချက်ပြုံးပြ လိုက်ကာ…
            “သြော်…မြသန်းတင့်ရဲ့ စာအုပ်တွေ ရှိလား”
            “ဟုတ်ကဲ့၊ ရှိပါတယ်၊ ဒီဘက်မှာ လာကြည့်လိုက်ပါ”
            ကိုဖိုးချမ်းစကားကြောင့် ထိုလူလည်း မြသန်းတင့်စာအုပ်များထားရာ အနောက်စင်ဘက်သို့ ရောက်လာသည်။ ကိုဖိုးချမ်း စုဆောင်းထားသော စာအုပ်များကိုမြင်မြင်ချင်းပင် အားရဝမ်းသာစွာဖြင့်…
            “ဟာ…ဒီစာအုပ်တွေ ဖတ်ချင်လွန်းလို့ လိုက်ရှာနေတာ တစ်မြို့လုံးနှံ့နေပြီ၊ အခုမှပဲ တွေ့တော့တယ်ဗျာ၊ ခင်ဗျားဆီ မှာ မြသန်းတင့်စာအုပ်တွေ စုံလှချည်လား”
            “ဟုတ်တယ်၊ ကျွန်တော်က မြသန်းတင့် ပရိတ်သတ်လေ”
            “ဟုတ်လား! ကျုပ်လည်း မြသန်းတင့် ခရေဇီပဲဗျ၊ တွေ့ရတာ ဝမ်းသာတယ်ဗျာ၊ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ?”
            “ကျွန်တော့်နာမည် ဖိုးချမ်းပါ”
            “ကျုပ်နာမည်လည်း မှတ်ထားအုံးဗျ၊ သန့်စင်တဲ့၊ ဒီမြို့ကို ပြောင်းလာတာ မကြာသေးဘူး၊ စာငတ်လွန်းလို့ စာအုပ် ဆိုင် လိုက်ရှာနေတာ၊ အဆင်မပြေပါဘူးဗျာ၊ တချို့ဆိုင်တွေက စာအုပ်မစုံ၊ တချို့ကျတော့လည်း စပေါ်တင်ခိုင်းနဲ့၊ အခု ခင်ဗျားနဲ့တွေ့မှပဲ အဆင်ပြေတော့တယ် ကိုဖိုးချမ်းရေ”
            ထိုနောက် သန့်စင်က စာအုပ်စင်ပေါ်မှ မြသန်းတင့်၏ ‘ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ စာအုပ်ကို ဆွဲထုတ်ကာ စာရွက်များကို တဖျတ်ဖျတ်လှန်ကြည့်လိုက်ပြီး
            “လောလောဆယ် ဒီတစ်အုပ်ပဲ အရင်ယူသွားအုံးမယ်ဗျာ၊ စပေါ်ပေးရသေးလား”
            “ဟာ…ပေးစရာမလိုပါဘူး၊ ရပါတယ်”
            “ဟုတ်လား…ကျေးဇူးပဲဗျာ၊ လေး ငါးရက်လောက် ကြာမယ်နော်၊ ကျုပ်က စာဖတ်နည်းနည်းနှေးတယ်ဗျ”
            “ကိစ္စမရှိပါဘူးဗျာ”
ဆိုင်ထဲမှထွက်မသွားခင် သန့်စင်က မြသန်းတင့်၏ဓါတ်ပုံကို နောက်တစ်ခေါက် ထပ်ကြည့်ပြီး “သိပ်တော်တဲ့လူပဲ ဗျာ” ဟု လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။
            သန့်စင်ထွက်သွားပြီးမှ ကိုဖိုးချမ်းလည်း တစ်ယောက်တည်း တွေးနေမိ၏။
            “အင်း…ခုနကလူကို မျက်မှန်တပ်ပေးလိုက်ရင်တော့ မြသန်းတင့်နဲ့ တော်တော်တူမှာပဲ…”
*
တော်တော်တူသည်…။
ကိုဖိုးချမ်းနှင့်သန့်စင်တို့သည် အကြိုက်ချင်း တော်တော်တူကြသည်။ မြသန်းတင့်ကို စွဲစွဲလမ်းလမ်း ကြိုက်တာချင်း လည်း တူသည်။ စီးကရက်ကို လက်ကမချတမ်း သောက်တတ်တာချင်းရော၊ ရော့ခ်သီချင်းတွေကိုမှ စွဲစွဲမြဲမြဲနားထောင်တာ ချင်းရော၊ ရုပ်ရှင်ဆိုလျှင်လည်း ဒရာမာဇာတ်ကားတွေကိုမှ ကြည့်တတ်တာချင်းပါ တူကြသည်။ ထို့ပြင် နှစ်ယောက်စလုံး၏ လက်ရေးလက်သားများကလည်း ခွဲလို့မရအောင် တူကြသေး၏။ လက်ရေးကြီးတာ၊ စောင်းတာကအစ အသတ်အငင် ဆွဲပုံ ဆွဲနည်းများအထိ တစ်ထေရာတည်းပင်။ အထူးခြားဆုံးအချက်မှာ နှစ်ယောက်စလုံး တစ်ရက်တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာမွေးသောကြောင့် မွေးနေ့ချင်းပါ တူကြသည်။ ထို့အတွက်ကြောင့်ပင် သူတို့၏ စိတ်ခံစားမှုများ၊ အတွေး အခေါ်များ၊ ဖြစ်ရပ်များသည် တိုက်တိုက်ဆိုင်ဆိုင် တူနေကြခြင်းဖြစ်လိမ့်မည်ဟု ကိုဖိုးချမ်း မကြာခဏတွေးမိ၏။
နောက်ပိုင်းတွင် သန့်စင်သည် ကိုဖိုးချမ်း၏ စာအုပ်ဆိုင်လေးမှာသာ အမြဲလိုလို လာထိုင်နေတတ်၏။ ညနေစောင်း ဆိုင်ဖွင့်လိုက်သည်နှင့် သန့်စင်ရောက်လာကာ စာထိုင်ဖတ်နေတတ်ပြီး ညမိုးချုပ်ဆိုင်ပိတ်ချိန်ရောက်မှသာ စာအုပ်များငှား ပြီး ပြန်သွားလေ့ရှိသည်။ သန့်စင်က အလိုက်သိသည်။ စာအုပ်ငှားသူများနှင့် အလုပ်များနေသည့် အချိန်မျိုး၊ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် လက်မလည်အောင် ချုပ်နေရသည့်အချိန်မျိုးဆိုလျှင် ကိုဖိုးချမ်းကို အနှောင့်အယှက်မပေးဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး စာဖတ်နေတတ်သည်။ သို့သော် လူရှင်းသွားလျှင်တော့ သန့်စင်က စကားတွေကို ရေပက်မဝင်အောင် ပြောတော့၏။ ပြောလိုက်တိုင်းလည်း မြသန်းတင့်အကြောင်းတွေချည်းပင်။ မြသန်းတင့်စာတွေ မည်မျှကောင်းကြောင်း၊ စာမျိုးစုံလည်း ရေးနိုင်ကြောင်း၊ ဘာသာပြန်ရာတွင်လည်း အလွန်တော်ကြောင်း၊ ကွယ်လွန်သွား သည်အထိ စာရေးခြင်းအလုပ်တစ်ခုတည်းကိုသာ တစ်စိုက်မတ်မတ် လုပ်သွားခဲ့ကြောင်းစသဖြင့် ကရားရေလွှတ် တတွတ် တွတ် ပြောနေတော့သည်။
            တဖြည်းဖြည်းနှင့် ကိုဖိုးချမ်းဆိုင်လေးသည် သန့်စင်၏ ဒုတိယအိမ်ကဲ့သို့ ဖြစ်လာတော့သည်။ ကိုဖိုးချမ်း နေမကောင်း၍ စာအုပ်ဆိုင် မထိုင်နိုင်သည့်နေ့များဆိုလျှင် သန့်စင်က ထိုင်ပေးလေ့ရှိသောကြောင့် အဆင်ပြေနေသည်။ သို့သော် အဆင်မပြေသည့်အချက်မှာ သန့်စင်က ကိုဖိုးချမ်းဆိုင်မှစာအုပ်များကို သူစိတ်တိုင်းကျ ပြန်ပြီးစီထားတတ်ခြင်း ပင်။ စာအုပ်များ စနစ်တကျ စီစဉ်ထားခြင်းကို နှစ်ယောက်စလုံး နှစ်သက်ကြသော်လည်း စီပုံစီနည်းချင်းကမတူ။ ကိုဖိုးချမ်း က စာအုပ်များကို ဝတ္ထု၊ ဆောင်းပါး၊ သိုင်း၊ ကာတွန်း၊ ဟာသ စသဖြင့် အမျိုးအစားအလိုက်ခွဲခြားပြီး စီစဉ်ထားသော်လည်း သန့်စင်က စာရေးဆရာအမည်များဖြင့် အက္ခရာအစဉ်အတိုင်း ကကြီးမှအ,အထိ ပြန်စီထားလေ့ရှိသောကြောင့် အရှေ့စင် နှင့်အနောက်စင်မှ စာအုပ်များမှာ ကဘောက်တိကဘောက်ချာ ဖြစ်ကုန်တော့၏။ မင်းင်္သိခနှင့် မင်းမြတ်သူရတို့ စာအုပ်တွေ ကြား မင်းလူ ရောက်ချင်ရောက်နေတတ်ပြီး လူထုဦးလှ၊ လူထုဒေါ်အမာ၊ လူထုစိန်ဝင်းတို့ကြားမှာလည်း လွန်းထားထား ရောက်ချင်ရောက်နေပြန်တော့သည်။ တက္ကသိုလ်ဘုန်းနိုင်၊ တက္ကသိုလ်နေဝင်း၊ တက္ကသိုလ်နေလင်းအောင်တို့ကလည်း တစ်စုတည်း ဖြစ်ချင်ဖြစ်နေပြန်သေးသည်။ ထို့ကြောင့် သန့်စင်စာအုပ်ဆိုင်ထိုင်ပြီး နောက်တစ်နေ့ရောက်လျှင် ကိုဖိုးချမ်းမှာ စာအုပ်များကို အစအဆုံး ဝီခေါ်အောင် ပြန်စီရတော့၏။
အစပိုင်းကတော့ စာအုပ်တွေပျောက်နေမှန်း ကိုဖိုးချမ်း သတိမထားမိခဲ့။
တစ်နေ့ စာဖတ်သူတစ်ယောက်က “ခန်းဆောင်နီအိပ်မက် ရှိလား” ဟု မေး၍ လိုက်ရှာပေးရာမှ မြသန်းတင့်၏ စာအုပ်များ မရှိတော့မှန်း သိလိုက်ရ၏။ မသင်္ကာသဖြင့် သေချာအောင် ထပ်ရှာကြည့်သော်လည်း ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဆယ့်နှစ်အုပ်တွဲမှလွဲ၍ မြသန်းတင့်၏စာအုပ်များ တစ်အုပ်မှ မကျန်တော့။ ‘သုခမြို့တော်’ လည်း ပျောက်နေပြီ။ ‘မာယာဘုံ’ လည်းမတွေ့တော့။ ‘အချစ်မိုးကောင်းကင်’ ကို လည်း မမြင်ရတော့။ အဆိုးဆုံးမှာ ကိုဖိုးချမ်း နှစ်သက်လွန်းလှသဖြင့် အခေါက်ပေါင်းများစွာ မရိုးနိုင်အောင်ပြန်ဖတ်နေမိသည့် ‘လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ’ ပါမကျန် မ,သွားခြင်း ဖြစ်သည်။ သည်လောက်ဆိုလျှင် လက်သည်ကို ကိုဖိုးချမ်း သိလိုက်ပြီ။
*
“ကိုဖိုးချမ်း…စစ်နှင့်ငြိမ်းချမ်းရေး ရှိလားဗျ”
သေချာပေါက်ရှိမှန်းသိရက်နှင့် လာမေးနေသော သန့်စင်၏စကားက ကိုဖိုးချမ်းကို ကသိကအောက်ဖြစ်သွားစေ၏။ တစ်ပြိုင်နက်တည်းမှာပင် ကိုဖိုးချမ်းတစ်ယောက် အကြီးအကျယ် ထိတ်လန့်သွားရသည်။ စစ်နှင့်ငြိမ်းချမ်းရေးသည် ကိုဖိုးချမ်းဆိုင်မှာ နောက်ဆုံးကျန်တော့သည့် မြသန်းတင့်၏လက်ရာဖြစ်သည်။ အခု သန့်စင်က ကျူပင်ခုတ်ကျူငုတ်မကျန် လက်စတုံးပစ်တော့မည်ထင်သည်။ “မရှိဘူး” ဟု လိမ်မပြောတတ်သည်ကတစ်ကြောင်း၊ စာအုပ်တွေထားသည့်နေရာကို သန့်စင်က သိနေသောကြောင့်တစ်ကြောင်း ကိုဖိုးချမ်း ဘာမှမပြောလိုက်နိုင်ခင်မှာပင် စစ်နှင့်ငြိမ်းချမ်းရေးမှာ မသမာသူ၏ လက်ထဲသို့ ကျရောက်သွားလေတော့သည်…။
*
ပါဝါမျက်မှန် ကိုင်းအနက်ကြီးတပ်ကာ နှုတ်ခမ်းတင်းတင်းစေ့ပြီး အလိုမကျဟန်ဖြင့် ပေစောင်းစောင်း ကြည့်နေသော ဆရာ မြသန်းတင့်၏ဓါတ်ပုံကို မော့ကြည့်ရင်း ကိုဖိုးချမ်း လိပ်ပြာမလုံသလို ခံစားမိသည်။ ဆရာမြကတော့ သူ့စာအုပ်များကို ကောင်းကောင်းမထိန်းသိမ်းရကောင်းလားဆိုပြီး ကိုဖိုးချမ်းကို ကြိမ်းမောင်းနေတော့မည်။ မသိလိုက်ဘဲ ပါကုန်တာဆိုလျှင် တော့ ဆရာမြက ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပေလိမ့်မည်။ အခုတော့ ကိုဖိုးချမ်းခမျာ မျက်စိရှေ့မှာပင် ဗြောင်ယူသွား ခြင်း ခံနေရသောကြောင့် ဆရာမြကိုပင် စေ့စေ့မကြည့်ဝံ့တော့။ ကြည့်လိုက်တိုင်း ဆရာမြက မျက်ထောင့်နီကြီးဖြင့် ကြည့် ကာ
“ဟေ့ကောင်…ဖိုးချမ်း၊ မင်းပြောတော့ ငါ့စာအုပ်တွေဆို ဘာသာပြန်ရော ပင်ကိုယ်ရေးပါ ကြိုက်လွန်းလှချည်ရဲ့ဆို၊ အခုတော့ မင်းဆိုင်မှာ ငါ့စာအုပ်တွေ ဘယ်နှစ်အုပ်များ ကျန်တော့လို့လဲကွ…ဟင်” ဟု မာန်မဲနေသယောင်ယောင်…။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ ဆရာမြရယ်”
ဓါတ်ပုံထဲမှ ဆရာမြသန်းတင့်ကို မော့ကြည့်ရင်း ကိုဖိုးချမ်းတစ်ယောက် စိတ်ထဲမှ တောင်းပန်နေမိ၏။
“ငြိမ်လှချည်လား ကိုဖိုးချမ်းရဲ့၊ ဘာတွေများ နက်နက်နဲနဲ တွေးနေတာလဲဗျ”
နောက်ကျောဘက်မှ ရုတ်တရက်ကြားလိုက်ရသော သန့်စင်၏အသံကြောင့် ကိုဖိုးချမ်း ထိတ်ခနဲ ဖြစ်သွားသည်။
“ဒီလူ ဘာလာလုပ်ပြန်တာလဲ၊ ငါ့ဆိုင်မှာ သူယူချင်စရာ မြသန်းတင့်လည်း တစ်အုပ်မှမကျန်တော့ဘူး…”
အတွေးမဆုံးခင်မှာပင် သန့်စင်က ကိုဖိုးချမ်း တလေးတစား ချိတ်ဆွဲထားသော မြသန်းတင့်၏ဓါတ်ပုံကို လက်ညှိုး ထိုးပြီး…
“ကိုဖိုးချမ်း ဒီဓါတ်ပုံကြီး ကျွန်တော့်ကို ခဏငှားလိုက်ဗျာ”
ဟိုက်! မြွေပွေးတော့ ကိုက်ပြီ…။
“လုပ်ပါ ကိုဖိုးချမ်းရာ၊ ကျွန်တော်လည်း ခင်ဗျားကိုအားကျပြီး ဆရာမြဓါတ်ပုံကို ချိတ်ထားချင်လို့ပါ၊ မပျောက်စေ ရပါဘူး၊ စိတ်ချ၊ မနက်ဖြန်ဆက်ဆက်ပြန်လာပေးပါ့မယ်ဗျာ”
ပြောရင်းဆိုရင်းဖြင့် သန့်စင်က မြသန်းတင့်၏ပုံကို ဇိုးဇိုးဇတ်ဇတ် တက်ဖြုတ်ကာ ယူသွားလေတော့၏။
“ဆရာမြရေ…ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့တော့ဗျာ”
*
သန့်စင်ပြောခဲ့သော ထိုမနက်ဖြန်က ကိုဖိုးချမ်းထံသို့ လပေါင်းများစွာကြာသည့်တိုင် ရောက်မလာခဲ့ပါ…။
ကိုဖိုးချမ်း၏စာအုပ်ဆိုင်လေးတွင်လည်း မြသန်းတင့်လက်ရာဟူ၍ အစအနပင် မကျန်ရစ်ခဲ့။ မြသန်းတင့်၏ဓါတ်ပုံ ချိတ်ဆွဲထားခဲ့သောနေရာတွင် လေးထောင့်ကွက်လပ်ကြီးတစ်ခုက အထင်းသား။ ရေအဆုံး ကုန်းတစ်ဝက်ဆိုတော့ မြသန်းတင့်၏စာအုပ်တွေ အားလုံးမဟုတ်တောင် တစ်ဝက်လောက်တော့ ပြန်ရနိုင်ကောင်းပါရဲ့ဟူသော မျှော်လင့်ချက် ဖျော့ဖျော့ကလေးဖြင့် သန့်စင်ကို စောင့်နေရ၏။ လူတစ်ယောက်သတ်လျှင် ထိုလူကို ထောင်ဒဏ်ပေး၏။ လူဆယ်ယောက် သတ်လျှင်တော့ ထိုလူကိုသေဒဏ်ပေး၏။ လူထောင်ပေါင်းများစွာသတ်ခဲ့လျှင်တော့ ထိုပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် လိုအပ်လာပြီ။ ထို့ကြောင့် မြသန်းတင့်များကို ပြန်ပေးဆွဲသွားခဲ့သောသန့်စင်နှင့် ကိုဖိုးချမ်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဆန္ဒ ပြင်းပြလျက်ရှိသည်။
“သန့်စင်ဆိုတဲ့လူကိုများ တွေ့မိကြသေးလား၊ တွေ့ရင် ကျွန်တော့်ဆီလာခဲ့ပါအုံးလို့ ပြောပေးပါဗျာ”
အခုတလော ဆိုင်မှာစာအုပ်လာငှားသည့်လူတိုင်းကို ကိုဖိုးချမ်းပြောနေကျစကား။
“ဘယ်က သန့်စင်လဲဗျ”
“ကျွန်တော်မရှိတဲ့အချိန် ကျွန်တော့်အစား ဆိုင်လာလာထိုင်ပေးနေတဲ့လူလေ၊ အသားညိုညို၊ ပိန်ပိန်ပါးပါးနဲ့ မြသန်းတင့်နဲ့လည်း နည်းနည်းဆင်တယ်လေဗျာ”
“ကျွန်တော် ခင်ဗျားဆိုင်မှာ စာအုပ်အမြဲလာငှားနေကျပဲ၊ ဒီဆိုင်မှာ ခင်ဗျားကလွဲပြီး တခြားဘယ်သူထိုင်တာကိုမှ မတွေ့ဖူးပါလားဗျ”
ထိုလူ၏ စကားကြောင့် ကိုဖိုးချမ်း စဉ်းစားရကြပ်သွား၏…။
*
သည်လိုဆို သန့်စင်ဘယ်ရောက်သွားခဲ့သလဲ…?
ခရီးလွန်နေ၍လား၊ ကျန်းမာရေး ချို့ယွင်းနေ၍လား၊ မပြောကောင်းမဆိုကောင်း တစ်ခုခုများ ဖြစ်နေပြီလား။ ကိုဖိုးချမ်း သန့်စင်အကြောင်းတွေးမိလိုက်တိုင်း ပဟေဠိများဖြင့်သာ အဆုံးသတ်လေ့ရှိသည်။ အတွေးများ တင်းကြပ်လာပြီး အိပ်လို့မပျော်နိုင်တော့သဖြင့် စာအုပ်တစ်အုပ်ကို စိတ်ပြေလက်ပျောက် ဖတ်နေမိသည်။
စာရွက်များကိုလှန်ဖတ်နေရင်းမှ ကိုဖိုးချမ်း၏မျက်လုံးများ တဖြည်းဖြည်း လေးကျလာသည်။ ကွေးထားသော တံတောင်ဆစ်က အောက်သို့ပြေဆန့်လာသည်နှင့်အတူ စာအုပ်ကိုထိန်းကိုင်ထားသော ကိုဖိုးချမ်း၏ လက်ချောင်းများမှာ လည်း တစ်စတစ်စ အားလျော့လာ၏…။
‘ဘုတ်’ ခနဲ အသံကြားလိုက်ရသဖြင့် မှေးခနဲအိပ်ပျော်သွားရာမှ လန့်နိုးလာသည်။ ကိုဖိုးချမ်း၏လက်ထဲမှ ဖတ် လက်စစာအုပ် ကြမ်းပေါ်သို့ လွတ်ကျသွားခြင်းဖြစ်၏။ အိပ်ရာမှမထဘဲ ခန္ဓာကိုယ်ကို ခုတင်ဘေးသို့ပွတ်ရွှေ့လိုက် ပြီး ပြုတ်ကျသွားသောစာအုပ်ကို လှမ်းကောက်ယူလိုက်သည်။ ဤတွင် အလွန်ရင်းနှီးနေသော အထိအတွေ့တစ်ခုနှင့်အတူ ကိုဖိုးချမ်း၏လက်ထဲသို့ စာအုပ်တစ်အုပ်ပါလာ၏။ စာအုပ်ကို ကြည့်လိုက်တော့ ငိုက်မျဉ်းနေသော ကိုဖိုးချမ်း၏မျက်လုံးများ ချက်ချင်းပင် ပြူးထွက်သွား၏။
ကိုဖိုးချမ်း၏လက်ထဲမှာ နွေညများ…။ မြသန်းတင့်၏ ‘လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ’ စာအုပ်။

လက်ထဲမှစာအုပ်ကို အလန့်တကြားလွှတ်ချလိုက်ပြီး ခုတင်ပေါ်မှ စွေ့ခနဲခုန်ဆင်းကာ ခုတင်အောက်ငုံ့ကြည့်လိုက် တော့ စာအုပ်တွေအထပ်လိုက်။ ဆွဲထုတ်ယူကြည့်လိုက်တော့ ဖုန်အလိမ်းလိမ်းကပ်နေသည့် မြသန်းတင့် စာအုပ်တွေ။ တိတိကျကျဆိုရလျှင် ကိုဖိုးချမ်းဆိုင်၏ စာအုပ်ဆိုင်တံဆိပ်ရိုက်နှိပ်ထားသော မြသန်းတင့်စာအုပ်များပင်။ စစ်နှင့်ငြိမ်းချမ်း ရေး၊ လေလွင့်သူ၊ သုခမြို့တော်၊ မာယာဘုံ စသည် စသည်…။
            ခုတင်အောက်ကို သည်စာအုပ်တွေ မည်သို့ရောက်နေခဲ့ပါလိမ့်။
လက်နှိပ်ဓါတ်မီးတစ်လက် လှမ်းယူလိုက်ပြီး ခုတင်အောက်မှောင်ထဲကို ထိုးကြည့်လိုက်တော့ စူးခနဲမီးရောင်ထဲမှာ ရုတ်တရက် မြင်လိုက်ရသည်က ခုတင်ထောင့်မှာ မှီလျက်ထောင်ထားသော မြသန်းတင့်၏ ဓါတ်ပုံတစ်ပုံ…။

လင်းဇင်ယော်
IDEA, March, 2012

No comments:

Post a Comment