Saturday, June 9, 2012

လွင်ပြင်ကမ်းပါး သက်တန့်တံခါး၏ သစ်လွင်တိမ်တိုက်များ


(နိဒါန်း)
လွင်ပြင်ကမ်းပါး သက်တန့်တံခါးဝမှာ
သစ်လွင်တိမ်တိုက်တွေ လေနှင်ရာလွင့်မျောခဲ့တာ
အခုဆိုရင် ဆယ်စုနှစ်တစ်ခုနီးနီးတောင် ရှိခဲ့ပြီ
ဒါပေမယ့်…
နွေဦးပေါက် ဥသြတွန်သံတွေကြားရတိုင်း
မိုးစက်ပွင့်တွေ တဖွဲဖွဲရွာကျလာတိုင်း
ဆောင်းနှင်းမြူတွေ တငွေ့ငွေ့ဝေလာတိုင်း
ငါ့ရဲ့ အေးခဲနေတဲ့စိတ်က ၂၀၀၂ မကွေးညရဲ့ ပုံရိပ်တွေနဲ့
နွေးထွေးနိုးထလာခဲ့ပြီ…။

(၁)  
ငါတို့ရဲ့… 
သစ်လွင်ဘ၀ ရင်ခုန်သံတွေဟာ 
မြေလတ်ရဲ့ဆောင်းနဲ့ စခဲ့
မြသလွန်ဘုရားနဲ့ စခဲ့
ဧရာဝတီတံတားကြီးနဲ့ စခဲ့
နဂါးပွက်တောင်နဲ့ စခဲ့
နှောင်ကြိုးလေးတစ်မျှင်နဲ့ စခဲ့
မြတ်နိုးခွင့်နဲ့ စခဲ့
အိုင်စီနဲ့ စခဲ့
နက်စ်ပလိန်းနဲ့ စခဲ့
ပဲအီကြာနဲ့ စခဲ့
ထပ်တရာနဲ့ စခဲ့
လက်ဖက်ထမင်းနဲ့ စခဲ့
ပဲယိုနှမ်းယိုနဲ့ စခဲ့
ဖန်ခါးမြေနဲ့ စခဲ့ 
ဖုန်နံ့သင်းတဲ့ ကျောင်းမြေနီလမ်းကြီးနဲ့ စခဲ့ရပေါ့။
ငါတို့တစ်တွေ တစ်မိုးတည်းအောက်မှာ အတူတူစုနေကြရင်း 
ကိုယ်စီကိုယ်စီ အိမ်ကိုလွမ်းခဲ့ရ
အသိုက်အမြုံကို ခွဲခွာလာကြသူ အချင်းချင်း
လက်တွဲရင်း၊ ဖေးမကူညီခဲ့ကြရင်း
တစ်စားပွဲတည်းမှာအတူ ထမင်းလက်ဆုံစားခဲ့ကြတာ
ရေတစ်အိုးတည်း အတူသောက်ခဲ့ကြတာ
ဘိုးရတနာက သက်သေ…
ကျောင်းကပြန်လာတိုင်း
အဆောင်နောက်က ရေစည်လေးဘေးမှာ ရေအတူတူစုချိုးရင်း
အ၀တ်တွေကို ကိုယ်တိုင်လျှော်ခဲ့ကြတာ
ဖူဂျီဆပ်ပြာဘူးကလေးက အသိဆုံးပါ။
ညနေဆို
စက်ဘီးလေးတွေကိုယ်စီ စီးကြရင်း
မြို့ထဲမှာ လျှောက်လည်ကြ
မုန့်တွေထွက်ဝယ်စားကြတာ
‘ကောင်းမွန်’ ကိုလည်းရောက်
‘လက်ရွေးစင်’ ကိုလည်းရောက်
‘အေးမြနန္ဒာ’ ကိုလည်းရောက်
‘ဟိုက်ကလပ်စ်’ ကိုလည်းရောက်
‘လက်နှစ်ဖက်’ ကိုလည်းရောက်
‘လမင်းအိမ်’ ကိုလည်းရောက်
အဝေရာလမ်း၊ ခွာညိုလမ်း၊ သစ္စာလမ်း၊ မေတ္တာလမ်း၊
နတ်မောက်လမ်း၊ မဲထီးလမ်း၊ တောင်တွင်းလမ်းတွေပေါ်မှာ
အကြိမ်ကြိမ် အခါခါ ဖြတ်သန်းစီးဆင်းခဲ့ကြ
ပြီးတော့ ‘မကွေးမြို့စွန် မြသလွန်’ ကို ကြည်ညိုချမ်းမြေ့စွာ ဖူးခဲ့ကြရင်း
သူငယ်ချင်းတွေစုပြီး အမှတ်တရဓါတ်ပုံတွေ ရိုက်ခဲ့ကြတာ
‘ဘောသော၊ ဘောကျော်’ တောင် အဆစ်ပါခဲ့ရပေါ့…။
(၂)                                                                                                                                              မနက်အိပ်ရာထ
မြူနှင်းငွေ့တွေရဲ့ ချမ်းစိမ့်စိမ့် ထွေးပွေ့မှုမှာ
အနွေးထည်ကိုယ်စီဝတ်ရင်း
ထမင်းချိုင့်ကိုယ်စီဆွဲရင်း
လွယ်အိတ်ကိုယ်စီလွယ်ရင်း
ကျောင်းဘတ်စကားမှာ ထိုင်ခုံနေရာဦးခဲ့ကြ
ဖုန်ထူထပ်တဲ့ ကျောင်းမြေနီလမ်းကြီးကို
နှာခေါင်းပိတ်ဖြတ်သန်းကြရင်း
စာသင်ဆောင်တွေဆီကို အပြေးအလွှားသွားခဲ့ကြရင်း
လက်ချာတွေ တက်ခဲ့ကြ
ကျူတိုရီယယ်တွေ ဖြေခဲ့ကြပေါ့။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း
အတူတူရောနှောရင်း မိတ်ဆွေဖွဲ့ခဲ့ကြတာ
မနောမြေက ခေါင်ရည်ပြင်းပြင်းတွေလည်း ပါရဲ့
ဂေါ်ရခါးလည်း ပါရဲ့
အညာသားလည်း ပါရဲ့
တောင်ပေါ်သားလည်း ပါရဲ့
မုံရွေး၊ ကြေးမုံ၊ ချောင်းဦးနယ်တစ်လွှားကလည်း ပါရဲ့
ပြည်မှာဆောင်းလည်း ပါရဲ့
မြစ်ဝကျွန်းပေါ်သားလည်း ပါရဲ့
ပင်လယ်ပျော်တွေလည်း ပါရဲ့
‘ပြည်ထောင်စုကျောင်း’ ဆိုတာ
ငါတို့ကျောင်းကိုများ ပြောလေရော့သလား။
လက်ချာခန်းထဲမှာ
ငိုက်တစ်ချက် မငိုက်တစ်ချက်ထိုင်နေရင်း
‘ဒေါ်ယဉ်လဲ့လဲ့သွင်’ ရဲ့ စပီကင်လေယူလေသိမ်းတွေ
‘ဦးဥာဏ်ဝင်းထွန်း’ ရဲ့ ဂဏန်းသင်္ချာတွက်ဟန်တွေကို
တုပကျီစယ်ခဲ့ကြဖူးပေါ
အားလပ်ချိန်ကလေးတွေမှာလည်း
လက်ချာခန်းထဲ ‘စက္ကူမြား’ တွေ ပလူပျံခဲ့ကြရင်း
ရွှေစွန်ညိုတွေလိုလည်း ၀ဲခဲ့ကြဖူးပေါ့။
နေ့လည်ခင်း နေရှိန်ပြင်းပြင်းအောက်မှာ
ဂျူတီကုတ်ဖြူဖြူတွေဝတ်ပြီး ဖြတ်သန်းရင်း
လက်တွေ့ခန်းတွေဆီကို ၀င်ခဲ့ကြ
တိုက်ထရေးရှင်းလုပ်တိုင်း
ဖန်ပြွန်ချောင်းတွေ၊ ဖန်ဗူးတွေကျကွဲရင်းက
အက်ဆစ်တွေလည်း စွန်းပေခဲ့ကြဖူးပေါ့၊
မှန်ဘီလူးခုံးတွေ၊ မှန်ဘီလူးခွက်တွေချိန်ရင်း
မျက်လုံးတွေကိုက်ခဲ့ရ ချွေးတွေပြန်ခဲ့ရပေါ့၊
အပင်တွေရဲ့ အလင်းရောင်နဲ့အစာချက်ခြင်းအကြောင်းတေ
လက်တွေ့လေ့လာကြရင်းက
အာလူးတွေလှီးခဲ့ကြ၊ ကြက်သွန်တွေခွာခဲ့ကြပေါ့၊
ဖော်မလင်နံ့ပြင်းပြင်းတွေရှူရင်း
ဖားတွေ ယုန်တွေကိုခွဲခဲ့ကြရပေါ့၊
အသည်းယားစဖွယ် မြွေပွေးဆိုတာ
ဂျိုနဲ့မဟုတ်မှန်း ငါတို့အားလုံးသိခဲ့ကြပေါ့။
လမ်းကြောင်း (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)
ငါတို့စီးရမှာ ဘယ်ကားလဲ သူငယ်ချင်း
‘ကိုပိန်’ ကားပဲစီးရမလား ?
‘ဦးရဲ’ ကားပဲစီးရမလား ?
ကျောင်းဆင်းချိန်တွေမှာ
မကွေးဆေးရဲ့ သစ်ပုတ်ပင်ကြီးလို့တင်စားရလောက်တဲ့
တစ်ပင်တည်းသော သရက်ပင်ကြီးအောက်မှာ
ငါတို့တွေ ကျောင်းကားစောင့်ခဲ့ကြရတာ
မမေ့နိုင်စရာ…။
(၃)
ကြယ်တွေစုံတဲ့ညတွေမှာ ဂစ်တာကလေး
မတောက်တခေါက်တီးကြရင်း
အဆောင်ရှေ့မှာ သီချင်းတွေအော်ဆိုခဲ့ကြ
ဒါမှမဟုတ်
လက်ဘက်ရည်ဆိုင်သွားပြီး
နက်စပလိန်း တစ်ခွက်သောက်ရင်း
ဖွင့်သမျှသီချင်းတွေ နားထောင်ခဲ့ကြပေါ့
မှတ်မှတ်ရရ အဲဒီတုန်းက
“ဘကုန်း…ဘ၊ ၀လုံး…၀” ဆိုတဲ့
ရာစုသစ်အခွေကို ခဏခဏ ဖွင့်ခိုင်းခဲ့တယ်လေ။
ဘလက်ကော်ဖီကိ
အဲဒီမှာစပြီး သောက်တတ်သွားခဲ့ပေါ့
လေးဖြူရဲ့ ‘လိပ်ပြာ’ နဲ့အတူ ပျံသန်းခဲ့
အငဲရဲ့ ‘၈၅ မန္တလေးည’ ထဲမှာ နစ်မျောခဲ့
တာရာမင်းဝေရဲ့ ‘မီးတောက်ရစ်သမ်’ ကိုဖတ်ရင်းနဲ့
ထိပ်ထားကိုလည်း ရမ်းရော်ပြီးလွမ်းခဲ့ရဖူးပေါ့
ညစဉ်တိုင်း ဒိုင်ယာရီစာအုပ်ကလေးထဲမှာ
ကဗျာတွေရေးရင်း ရူးသွပ်ခ
အိပ်ရာဝင်ချိန်မှာလည်း ရင်တဒိတ်ဒိတ်ခုန်ရတဲ့အထိ
စိတ်ကူးတွေကို အရူးအမူးတည်ဆောက်ခဲ့ဖူးပေါ့…။
(၄)
ဒီလိုနဲ့ပဲ…
ငါတို့ဟာ သစ်လွင်ဘ၀ရဲ့ တောက်ပတဲ့အချိန်တွေကို
ချိုမြိန်စွာစားသုံးနေရင်းက
စာသင်နှစ်တစ်ခုရဲ့ အဆုံးကိုရောက်ခဲ့။
တစ်နှစ်တာ သင်ခဲ့ရသမျှ ‘စာကလေး’ တွေ
ခလုတ်တိုက်လဲရင် အဝေးကိုလန့်ပြေးမသွားရအောင
ချော့တစ်ခါ ခြောက်တစ်လှည့်
အပြန်ပြန်အလှန်လှန်ကျက်မှတ်ရတာ ညနဲ့တောင်မဆံ့ခဲ့
စာမေးပွဲညတွေမှာ ပေါ်ပေါ်လာတတ်တဲ့
‘အစက်အပြောက်လေးတွေ’ ကလည်း
မျက်လှည့်ပြသလို
တိုးတစ်လှည့်၊ ကွဲတစ်လှည့်နဲ့…။
နောက်ဆုံးမှာတော့
မလျှော့သောဇွဲနဲ့
စာတွေ့လက်တွေ့ကို ရဲရဲတောက် အစွမ်းပြကြရင်း
အောင်စာရင်းမှတ်တမ်းမှာ ငါတို့အားလုံးရဲ့နာမည်တွေ စိုက်ထူနိုင်ခဲ့ကြပြီး
သစ်လွင်နေ့ရက်တွေဟာ အနားသတ်လှခဲ့ရပေါ့။
(နိဂုံး)
ဧရာဝတီဟာ အစဉ်အမြဲ စီးဆင်းနေသလို
လွင်ပြင်ကမ်းပါး သက်တန့်တံခါးမှာလည်း
သစ်လွင်တိမ်တိုက်တွေဟာ
နှစ်စဉ်နှစ်တိုင်း မရိုးနိုင်အောင် ဆက်လက်လွင့်မျောနေကြဆဲ…။
လွမ်းရယ်မပြေနိုင်တဲ့ ၂၀၀၂ဖန်ခါးမြေရဲ့
အလတ်ဆတ်ဆုံးနေ့ရက်တွေနဲ့ အစပြုခဲ့တဲ
အဖြူစင်ဆုံးအချိန်တွေနဲ့ ထွေးပွေ့ထားခဲ့တဲ့
အပျော်ရွှင်ဆုံးဘ၀တွေနဲ့ မှုန်းခြယ်ထားခဲ့တဲ့
လွင်ပြင်ကမ်းပါး သက်တန့်တံခါးကြီးဆီမှာ
လွင့်မျောခဲ့ကြဖူးတဲ့ အတိတ်က တိမ်တိုက်ဟောင်းတွေကို
လွမ်းမောတသစွာ ရေတွက်နေမိရင်း……။        ။

လင်းဇင်ယော်
UMMG 3rd Generation

ဆေးတက္ကသိုလ်-မကွေး၊ ဆယ်နှစ်ပြည့်။

No comments:

Post a Comment