Tuesday, July 31, 2012

မွေးစားမိခင်



တစ်ခုသောအားလပ်ရက်၌ အဝတ်ဘီရိုရှင်းရင်း အံဆွဲထဲမှ လက်ကိုင်ပုဝါတစ်ထည်နှင့် ကျစ်ကျစ်လျစ်လျစ်ချည်ထုံးထား သော အထုပ်ကလေးတစ်ထုပ် ထွက်လာ၏။ ပန်းရောင်ဇာအနားကွပ်ထားသော ထိုအဖြူရောင် လက်ကိုင်ပုဝါအထုပ် ကလေး ရှိနေခဲ့သည်မှာ ဘယ်လောက်များ ကြာခဲ့ပြီမသိ။ တစ်ချိန်က ရှင်းသန့်ခဲ့ဟန်တူသော အဖြူရောင်လေးမှာ ယခုအခါ ညိုရော်လျက်ရှိနေပြီ။ ချည်ထားသော အထုံးလေးကို ဖြည်ကြည့်လိုက်တော့ အထဲမှ တစ်ကျပ်တန်အကြွေစေ့များ တစ်၊ နှစ်၊ သုံး၊ လေး……ကိုးစေ့တိတိ တွေ့ရသည်။ သည်ငွေအကြွေကိုးကျပ်ကို ဘယ်သူကများ တယုတယထုပ်ပြီး သိမ်းဆည်းထား ခဲ့ပါလိမ့်။ ဘာကြောင့်များပါလိမ့်။
            မိနစ်အနည်းငယ်ကြာအောင် ဥာဏ်မီသလောက် တွေးကြည့်သော်လည်း အဖြေက ရေးရေးမျှပေါ်မလာ…။
နောက်ဆုံးတော့ အမေ့ကိုပဲ အကူအညီတောင်းရတော့သည်။ အမေက အကြွေစေ့လေးများကို ခဏယူကြည့် လိုက်ပြီးနောက် ကျွန်တော်မသိသေးသော အကြွေစေ့များ၏ရာဇဝင်ကို ပြောပြပါသည်။ အမှန်တော့ ထိုအကြွေစေ့များမှာ ကျွန်တော်မွေးခါစက အမေ့ကို အမေကြီး(အဘွား)က ပေးခဲ့ခြင်းဖြစ်၏။ ‘သားဦးစနေ’ ဖြစ်နေသောကြောင့် ယတြာချေသည့် အနေနှင့် အမေကြီးက ကျွန်တော့်ကို ထိုငွေကိုးကျပ်ဖြင့် (စတိသဘော) ဝယ်ယူမွေးစားခဲ့ခြင်းဖြစ်သည်။
အမေ့စကားဆုံးတော့ နှစ်များစွာကြာခဲ့သည့်တိုင် အရောင်လက်နေဆဲဖြစ်သော အကြွေစေ့လေးများကို လက်ဖဝါး ထဲတွင် တချွင်ချွင်မြည်အောင် လှုပ်ကစားနေမိရင်း…။
*
ကျွန်တော့်သွားများ မလှပါ။
ငယ်စဉ်က အတတ်ဆန်းပြီး ရေခွက်ကိုပါးစပ်မှာစွပ်၍ပြေးရာ မှောက်လျက်လဲသဖြင့် ရှေ့သွားများအတွဲလိုက် ကျွတ်ထွက်သွားကာ နှုတ်ခမ်းအထက်မှာလည်း ထင်ရှားသည့်အမှတ်အသားတစ်ခု လက်ဆောင်ရခဲ့ဖူး၏။ ကျန်သွားများမှာ လည်း အကုန်လုံးလိုလို မည်းညစ်နေအောင် သွားပိုးစားလျက်ရှိရာ အမေကြီးက တစ်ချောင်းပြီးတစ်ချောင်း ဆွဲနှုတ်ပေးခဲ့ ရသည်။ ပိုးစားထားသောသွားတွေ ‘နဲ့’ လာပြီဆိုသည်နှင့် အမေကြီးက “လူလေးရေ… လာပါဦးကွယ်” ဟုခေါ်၍ ပါးစပ်ဟ ခိုင်းပြီး လက်ကိုင်ပုဝါလေးနှင့်အသာအုပ်ကာ ထုံဆေးမပါ မေ့ဆေးမပေးဘဲ သည်အတိုင်း ဂျွတ်ခနဲ ဆွဲချွတ်ပေးတတ်သည်။ ထိုစဉ်က ကျွန်တော့်သွားတွေကပဲ ကျွတ်ချိန်တန်နေ၍လား၊ အမေကြီးကပဲ ကျွမ်းကျင်လွန်း၍လားမသိ၊ ကျွန်တော့်ပါးစပ် ထဲမှ ပိုးကိုက်သွားမည်းနက်နက်လေးများမှာ နာကျင်မှုတစ်စုံတစ်ရာ မခံစားလိုက်ရဘဲ အမေကြီး၏လက်အတွင်းသို့ ကျရောက်ကုန်ကြ၏။ ဤနည်းဖြင့် ကျွန်တော်၏ ချောကလက်ရောင်နို့သွားကလေးများမှာ သွားဆရာဝန်၏ ထုံဆေးအပ်၊ ပလာယာ စသည်တို့နှင့် တွေ့ထိဖူးခြင်းမရှိလိုက်ဘဲ နိဋ္ဌိတံခဲ့ကြရသည်။
            သွားတစ်ချောင်းနှုတ်ပေးပြီးတိုင်း အမေကြီးက ကျွန်တော့်လက်ထဲသို့ လောလောလတ်လတ် နှုတ်ထားသည့် သွားကလေးကိုထည့်ပေးပြီး “ကြွက်ကလေးရေ…မင်းသွားတွေ ငါ့ကိုပေး၊ ငါ့သွားကို မင်းယူ” ဟု ရွတ်ခိုင်းကာ ကြွက်တွင်း ထဲသို့ ပစ်ခိုင်းလေ့ရှိသည်။ ကျွန်တော်ကလည်း ကြွက်တွင်းရှာမတွေ့သောကြောင့် အမေကြီးအလစ်မှာ နီးစပ်ရာအိမ်ရှေ့ ရေမြောင်းထဲသို့ ပစ်ပစ်ချတတ်၏။ ထိုကြောင့်ပင်လားမသိ။ အသစ်ထွက်လာသောသွားများမှာ ကြွက်သွားလေးများလို ကျောက်တန်းစီညီပါပေ့ မဟုတ်တော့ဘဲ စောင်းသည့်သွားကစောင်း၊ ရွဲ့သည့်သွားကရွဲ့၊ ထပ်သည့်သွားကထပ်ကုန်တော့ သည်။
            အမေကြီးသည် ထိုကဲ့သို့ ကြာကြာဝါးမည့် ‘သွား’ များကို ဂရုစိုက်တတ်ရုံသာမက ‘လျှာ’ အရင်းမြက်စေဖို့လည်း အမြဲဖြည့်ဆည်းပေးတတ်၏။ “သွားကောင်းမှ အမေကြီးချက်တဲ့ဟင်းတွေ အများကြီးစားနိုင်မှာပေါ့ လူလေးရဲ့” ဟု သွား နှုတ်ပေးခါနီးတိုင်း အမေကြီးပြောလေ့ရှိသည်။ အမေကြီးသည် ဟင်းချက်လည်းအလွန်ကောင်း၏။ ဟင်းလျာများကို စိတ် ရှည်လက်ရှည်နှင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်သလို ရှိသမျှနှင့်ခံတွင်းပေါက်အောင်လည်း စီမံနိုင်သည်။
မြေးတစ်သိုက် အိမ်အလည်လာတော့မည်ဆိုလျှင် အမေကြီးက ထမင်းဟင်းများကို အားကြိုးမာန်တက် ကြိုတင် ချက်ထားပြီးသား။ မြေးတွေကလည်း ရောက်လျှင်ရောက်ချင်း အမေကြီးကို အာဘွားတစ်ချက် ညာတာပါတေးလုပ်ပြီး ထမင်းဝိုင်းသို့ သူ့ထက်ငါဦးအောင် အလုအယက်ဝင်ထိုင်ကာ ပလုတ်ပလောင်း လုစားကြတော့သည်။ ထိုကဲ့သို့ သူ့လက်ရာ များကို ခေါင်းမဖော်တမ်း လွေးနေသည်ကိုမြင်လျှင် အမေကြီးက အလွန်သဘောကျသည်။ မြေးတွေထဲက တစ်ယောက် ယောက် အစားအသောက်ပျက်နေလျှင် အမေကြီးက “ငါ့မြေးလေး၊ အူတွေကျဉ်းနေပြီလား?” ဟု စိုးရိမ်တကြီးမေးကာ ခံတွင်းပေါက်စေမည့်ဟင်းလျာများကို ချက်ချင်းပင်ရှာကြံ၍ ချက်ပြုတ်ပေးတတ်၏။
            တစ်ကျိပ်ကျော်ကျော်အင်အားရှိသော မြေးထီးမြေးမတွေကလည်း တစ်ယောက်ကို အကြိုက်တစ်မျိုးစီ။ ဝက်သား ကို မိုးခိုသားမှစားတတ်သော မြေးတွေရှိသလို ငါးပိရည်ကို တစ်ခွက်လုံးလောင်းချပြီး နယ်ဖတ်စားသောက်တတ်သော မြေးလည်းရှိသည်။ တချို့မြေးက ပဲကုလားဟင်းကြိုက်၏။ တချို့မြေးကျတော့ ဘဲဥချဉ်ရည်ဟင်း။ အမေကြီးချက်သော ငါးဘတ်မွှေနှင့်မှ ထမင်းကောင်းကောင်းစားတတ်သော မြေးလည်းရှိပါသေးသည်။ မြေးများက တစ်ယောက်တစ်ပေါက်နှင့် အကြိုက်ထွေပြားကြသော်လည်း ဘယ်မြေးလာလျှင် ဘာဟင်းချက်ထားရမည်ကို အမေကြီးက နပ်ပြီးသား။ ထို့အပြင် ဘာဟင်းချက်ထားလျှင် ဘယ်မြေးကို ခေါ်ကျွေးရမည်ကိုလည်း ပြောစရာမလို…။
            အမေကြီးလက်ရာများအနက် ကျွန်တော်အကြိုက်ဆုံးဟင်းမှာ ကြက်သားကာလသားချက်…။
ဆီနည်းနည်း၊ ရေများများထည့်ကာ ဘူးသီးစိတ်ကလေးများ မနူးတနူးရော၍ချက်ထားသော ထိုကာလသားဟင်း တစ်ခွက်တည်းနှင့်ပင် အရည်သောက်လိုက်၊ အဖတ်စားလိုက်လုပ်ရင်း ထမင်းတွေ တစ်လုတ်ပြီးတစ်လုတ်၊ တစ်ပန်းကန်ပြီး တစ်ပန်းကန် လျှောခနဲ လျှောခနဲ ဝင်သွားတတ်သည်။ နောက်ထပ်အကြိုက်ဆုံး ဟင်းတစ်မျိုးကတော့ ပုစွန်ခြောက်ကို ညက်နေအောင်ထောင်းပြီး မွှေးနေအောင်ကြော်ထားသော ပုစွန်ခြောက်ငါးပိချက်။ သူ့ကိုတော့ အမေကြီးက အချိုနှင့်အစပ် ဟူ၍ နှစ်မျိုးချက်လေ့ရှိ၏။ ကျွန်တော်က အချိုထက်အစပ်ကို ပို၍ ခံတွင်းတွေ့သည်။ ထိုပုစွန်ခြောက်ငါးပိချက်ကိုတော့ ကျွန်တော်က ထမင်းနှင့်စားလေ့မရှိဘဲ သည်အတိုင်း သူ့ချည်းသက်သက် ထိုင်စားတတ်၏။ (တက္ကသိုလ်ကျောင်းသားဘဝ အဆောင်မှာနေရစဉ်ကလည်း လူကြုံရှိသည့်အခါတိုင်း ပို့ပေးလေ့ရှိသော အမေကြီး၏ပုစွန်ခြောက်ငါးပိချက်ကို တစ်ဆောင် လုံးက လက်မလည်အောင် ဝိုင်းအားပေးကြသဖြင့် ရောက်သည့်နေ့မှာပင် ကုန်သွားတတ်သည်။)
            ကျွန်တော်တို့မြေးများတင်မကဘဲ အမေကြီး၏သားသမီးများ ကိုယ်တိုင်ကလည်း အမေကြီးလက်ရာ အသည်းစွဲ ပင်။ အမေဆိုလျှင် ရန်ကုန်မှ ကျွန်တော်ပြန်လာသည့်အခါတိုင်း အမေကြီးကို ပုစွန်တုပ်ဟင်းချက်ခိုင်းပြီး ယူလာရန် အမြဲမှာ လေ့ရှိသည်။ ကျွန်တော်တို့မြို့မှာက ရေချိုပုစွန်ရှား၏။ ထိုအခါမျိုးများ၌ အမေကြီးသည် (သမီးစားဖို့အတွက်) ဈေးသို့ ကိုယ်တိုင်သွားပြီး ပုစွန်တုပ်များကို စိတ်ကြိုက်ရွေးဝယ်ကာ မီးဖိုချောင်ထဲတွင် မီးခိုးတစ်လုံးလုံး၊ ချွေးတစ်လုံးလုံးနှင့် ကျကျနန ချက်လေတော့၏။ ပြီးလျှင် ထမင်းဗူးလေးထဲသို့ထည့်ကာ ဆီတွေမယိုဖိတ်ရအောင် ပလတ်စတစ်အိတ် အထပ်ထပ်နှင့် သေသေချာချာ ထုပ်ပိုးပေးလိုက်လေ့ရှိသည်။
            အမေကြီးသည် သူ့လက်ရာများကို သားတွေ၊ သမီးတွေ၊ မြေးတွေ အားပါးတရစားနေသည်ကိုကြည့်ပြီး ပီတိပွား နေတတ်သော်လည်း သူ့ပိုင်နက် မီးဖိုချောင်ထဲသို့ တစ်ယောက်ယောက်ဝင်လာပြီး ချက်ပြုတ်လျှင် မကြိုက်တတ်။ တစ်ခါ တစ်ရံ ခေါက်ဆွဲပြုတ်ရန်၊ နွားနို့နွှေးရန်အတွက် အိုးတစ်လုံးကိုင်ပြီး မီးဖိုချောင်ထဲသို့ အဖေကြီးဝင်လာတတ်သည့်အခါ များတွင် အမေကြီးက “ရှင်ဖယ်နေစမ်းပါ…ကျွန်မလုပ်ပေးပါ့မယ်” ဟုဆိုကာ အဖေကြီးကို အိမ်ရှေ့သို့ အတင်းနှင်လွှတ် တတ်သည်။ ထမင်းတစ်စားပွဲလုံးကိုလည်း ငါးပိရည်၊ တို့စရာကအစ အချိုပွဲအထိ သူ့လက်နှင့် ကိုယ်တိုင်ကိုယ်ကျပြင်ဆင် ပေးရမှ ကျေနပ်၏။
*
အမေကြီးတွင် သွားလေရာ ဆောင်ထားတတ်သော ဆေးသေတ္တာ အဝါရောင်လေးတစ်လုံးရှိ၏။
            ယင်းဆေးသေတ္တာလေးထဲတွင် အမေကြီးနေ့စဉ်သောက်နေကျ သွေးတိုးကျဆေးရှိသည်။ နှလုံးငြိမ်ဆေးပါသည်။ ပရုတ်ဆီဘူးထည့်ထားသည်။ မျက်စဉ်းဆေးဆောင်ထားသည်။ ဖောက်လက်စ လျက်ဆားထုပ်ကလေးများလည်း တွေ့ရ တတ်သလို ဂမုန်းပေါင်းတစ်ထောင် သွေးဆေးပုလင်းလေးကလည်း အသင့်။ ကျွန်တော်တို့ငယ်စဉ်က အမေကြီး ဆေး သောက်ချိန်ရောက်တိုင်း မြေးများကို အနားသို့ခေါ်ပြီး လက်ဖဝါးလေးများ တန်းစီ၍ဖြန့်ခိုင်းထားတတ်သည်။ ထို့နောက် လက်သန်းလုံးခန့်ရှိသော ဂမုန်းပေါင်းတစ်ထောင် သွေးဆေးပုလင်းထဲသို့ သွားကြားထိုးတံကလေးနှင့်ထိုးမွှေပြီး ထွက်လာ သော နီနီညိုညိုအမှုန့်များကို လက်ဖဝါးပေါ်တွင် တစ်ယောက်နည်းနည်းစီ ပုံပေးသည်။ ထိုစဉ်က သွေးဆေး၏ အာနိသင် ဘာမှန်းမသိကြသော်လည်း လျက်လိုက်လျှင် လျှာပေါ်မှာစွဲကျန်ရစ်သော ချိုရှိန်းမြမြအရသာကြောင့် ကျွန်တော်တို့ အလွန် ကြိုက်ကြသည်။ တော်ရုံတန်ရုံ ဂျီကျတတ်သောမြေးဆိုလျှင် သွေးဆေးပုလင်းလေးထောင်ပြလိုက်သည်နှင့် အငိုချက်ချင်း တိတ်ပြီး လက်ဝါးဖြန့်တော့၏။ သို့သော် သွားနာသွားကိုက်သည့်အခါများတွင် အမေကြီးသိပ်ထည့်ပေးတတ်သော တရုတ် ဆေးမှုန့်ခါးခါးကြီးကိုတော့ မည်သူမှ မကြိုက်ကြ။
            နေ့လည်နေ့ခင်း အားလပ်သည့်အချိန်များတွင် အဖေကြီးရော အမေကြီးပါ စာအုပ်စာစောင်ကိုယ်စီနှင့် စာဖတ် လေ့ရှိကြ၏။ ဤအချိန်မျိုးများတွင် ကျွန်တော်တို့မြေးတစ်စု အပြေးအလွှားထမ်းဆောင်ကြရမည့် တာဝန်ကြီးတစ်ခု ရှိပါ သည်။ ထိုတာဝန်က ‘စာကြည့်မျက်မှန် ရှာဖွေပေးခြင်း’ ပင်။ အဖေကြီးတို့ နှစ်ယောက်စလုံးတွင် အဝေးကြည့်မျက်မှန် တစ်လက်နှင့် စာကြည့်မျက်မှန်တစ်လက်စီ ရှိကြသည်။ ယင်းမျက်မှန်နှစ်လက်ကို ခဏခဏ လဲလှယ်တပ်ဆင်ရသဖြင့် နေရာအထားမှားကာ စာဖတ်ချိန်ရောက်တိုင်း အမြဲလိုလိုပင်ရှာမတွေ့ဘဲ ပျောက်နေတတ်၏။ ထိုအခါ ကျွန်တော်တို့ ဦးစံရှားအဖွဲ့က မျက်မှန်ရှာပုံတော် ဖွင့်ပေးကြရသည်။ အရင်ဦးဆုံးတွေ့အောင်ရှာနိုင်သူကို အဖေကြီးနှင့်အမေကြီးက မုန့်ဖိုး ပေးလေ့ရှိသည်။ များသောအားဖြင့် မျက်မှန်များမှာ ခေါင်းအုံးအောက်၊ သတင်းစာအောက်များတွင် ဖုံးနေတတ်၏။
            တစ်ခါတလေ တစ်ယောက်ယောက်က လူလည်ကျပြီး မျက်မှန်များကိုကြိုဖွက်ထား၍ ရှာခိုင်းသည့်အချိန်ရောက် တော့မှ ဖွက်ထားရာကနေထုတ်ယူလာပြီး မုန့်ဖိုးညာယူလေ့ရှိသည်။ တစ်နေ့မှာတော့ အမေကြီးက မျက်မှန်ရှာခိုင်းသဖြင့် ကျွန်တော်တို့အားလုံး ဘုရားစင်၊ ထမင်းစားခန်းကအစ ရေချိုးခန်း၊ အိမ်သာပါမကျန် နေရာအနှံ့ ဒေါင်းတောက်အောင် လိုက်ရှာပါသော်လည်း လုံးဝ ရှာမတွေ့။ နောက်ဆုံး မှတ်လောက်သားလောက်ရှိတော့မှ အမေကြီးက သူကိုယ်တိုင်ဖွက် ထားသည့်မျက်မှန်ကလေးကို အားလုံးမြင်အောင် ထုတ်ပြသည်။
ထိုနေ့မှစ၍ မည်သူမှ မျက်မှန်မဖွက်ကြတော့…။
*
အမေကြီး၏ဆံပင်သည် ခါးလယ်လောက်အထိ ရှည်သည်။ ရေချိုးခေါင်းလျှော်ပြီး၍ ဆံပင်များကို ဖြန့်ချထားတတ်သည့် အခါတိုင်း ကျွန်တော်တို့က အမေကြီးခေါင်းကို အတင်းဖြဲကာ ဆံပင်ဖြူရှာကြသည်။ ထိုစဉ်က ဆံပင်ဖြူဈေး အလွန်ကောင်း သည်။ တစ်ပင်ကို ငါးကျပ်။ ထို့အပြင် “ဆံပင်ဖြူတစ်ပင်နှုတ်ပေးရင် ကုသိုလ်တစ်ပိဿာလောက်ရတယ်ကွဲ့” ဟူသော အမေကြီး၏ပြောစကားကြောင့် ဘာမှန်းညာမှန်းမသိဘဲ ကုသိုလ်ဆိုတာကြီးကို အတင်းလိုချင်ကြသော ကျွန်တော်တို့မှာ အားတက်သရော ဝိုင်းရှာကြတော့၏။ ရှည်လျားနက်မှောင်နေသော အမေကြီး၏ဆံပင်တွေကြားထဲမှာ ပုန်းကွယ်နေတတ် သော ငွေရောင်ဆံမျှင်များကို မတွေ့,တွေ့အောင်ရှာပြီး ဇာဂနာနှင့် အမြစ်ပါပါအောင် ဆွဲနှုတ်ရသည်မှာ ပျော်စရာတစ်မျိုး ပင်။
သို့သော် အမေကြီးက နေ့စဉ် အုံးဆီကို အိရွှဲနေအောင်လိမ်းတတ်သဖြင့် ဆံပင်ဖြူသိပ်ရှာမရတတ်။ အလွန်ဆုံးရမှ လေး ငါး ခြောက်ပင်ခန့်သာဖြစ်သောကြောင့် ကျွန်တော်တို့အုပ်စုအတွက် နေ့တွက်မကိုက်။ ထိုအခါ ကျွန်တော်တို့ မြေးရှုပ် တစ်သိုက်က တစ်ခေါင်းလုံးဖွေးဖွေးလှုပ်နေသော အဖေကြီး၏ဆံပင်ဖြူများကို မျက်စောင်းထိုးကြတော့၏။ နှုတ်ရဲသောမြေး တစ်ယောက်က “အဖေကြီး… ဆံပင်ဖြူနှုတ်မလား? တစ်ပင်သုံးကျပ်ပဲ ယူမယ်လေ” ဟု လက်သုံးချောင်းထောင်ပြပြီး ကြေး စခေါ်တော့ အဖေကြီးက အလွန်သဘောကျပြီး တဟားဟားရယ်လေသည်။ သို့သော်လည်း ပိုက်ဆံရရ မရရ ကုသိုလ်ရရင် ပြီးရောဟု သဘောထားပြီး ဆံပင်ဖြူနှုတ်မည်တကဲကဲ ပြင်နေကြသောမြေးတွေကို မတားနိုင်တော့သဖြင့် အဖေကြီးက “အမေကြီးရေ…ခင်ဗျားမြေးတွေကို ကျုပ်မနိုင်တော့ဘူးဗျို့” ဟု စစ်ကူတောင်းရတော့၏။ ဒါတောင် လက်မြန်သူတွေက တဗြုတ်ဗြုတ်ဆွဲနှုတ်ကြသဖြင့် ဆံပင်ဖြူတွေ သုံးလေးပင်လောက် ပါသွားသေးသည်။
ထိုနေ့မှစ၍ အဖေကြီးလည်း လက်သံပြောင်လှသော ကျွန်တော်တို့အန္တရာယ်မှ ကင်းဝေးစေရန် ဆံပင်ဖြူများကို အမြန်ဆုံးပြန်နက်သွားအောင် ဆေးဆိုးထားလိုက်ရတော့၏။
*
ယခုအခါ အဖေကြီးရော အမေကြီးပါ အသက်အရွယ် အတော်အတန်ထောက်လာကြပြီ။ ငယ်စဉ်က ကျွန်တော့်သွားတွေကို တစ်ချောင်းပြီးတစ်ချောင်းဆွဲနှုတ်ပေးခဲ့သော အမေကြီးမှာလည်း သွားတွေတစ်ချောင်းမှ မကျန်တော့။ ထမင်းစားလျှင် သွားဖုံးကလေးနှင့် ကြိတ်ကြိတ်ပြီး ဝါးနေရ၏။
အသက်ကြီးလာတော့ မေ့တတ်လာသဖြင့် ဟင်းချက်သည့်အခါ ဆားကို နှစ်ခါသုံးခါ ခတ်မိလာတတ်ပြီ။ တစ်ခါ တစ်ရံ၌လည်း ဆားလုံးဝ,မခတ်မိ။ အရင်ကကဲ့သို့ ဟင်းတွေတစ်မယ်ပြီးတစ်မယ်ချက်ကာ လက်စွမ်းမပြနိုင်တော့သော် လည်း အမေကြီးသည် အချိန်တန်လျှင် မီးဖိုချောင်ထဲသို့ဝင်နေဆဲ၊ ထမင်းဟင်းတွေကို ချက်ပြုတ်နေဆဲ။ မြေးတွေ အိမ် အလည်လာလျှင်လည်း “ငါ့မြေးတို့…ထမင်းစားသွားကြဦးလေ” ဟုခေါ်မြဲ…။ အမေကြီးလက်ရာများကလည်း မှော်ဝင်နေ သောကြောင့်လားမသိ၊ ယနေ့ထက်တိုင် စား၍ကောင်းနေဆဲ…။
စုံစီနဖာဆေးသေတ္တာလေးထဲ၌လည်း နေ့စဉ်သောက်ရမည့်ဆေးများ တစ်မျိုးပြီးတစ်မျိုး၊ တစ်ကတ်ပြီးတစ်ကတ် တိုးတိုးလာပြီ။ ဆေးသောက်ရမည့် အကြိမ်ရေကလည်း ပိုများလာပြီ။ သို့သော် အမေကြီးလက်စွဲ ဂမုန်းပေါင်းတစ်ထောင် သွေးဆေးပုလင်းလေးခမျာမှာတော့ အရင်တုန်းကလို တိုးဝှေ့အားပေးမည့်သူများ မရှိကြတော့သဖြင့် သေတ္တာထောင့်၌ ကပ်ကာ ညှိုးဖျော့လျက်ရှိ၏။
            ခဏခဏပျောက်တတ်သော အမေကြီး၏မျက်မှန်များ တစ်နေ့တစ်ခြား ထူထူလာသကဲ့သို့ ရှည်လျားနက်မှောင်ခဲ့ သော ဆံပင်များကလည်း တစ်စထက်တစ်စ ဖြူရော်ကျဲပါးကြကုန်ပြီ။ အရင်ကလို ဇာဂနာတစ်ယောက်တစ်ချောင်းနှင့် အလုအယက် ဝိုင်းနှုတ်ပေးကြမည့် မြေးတစ်ဖြာကလည်း (အကြောင်းအမျိုးမျိုးကြောင့်) အနားမှာတစ်ယောက်မှ မရှိကြ တော့။
            သို့သော်လည်း အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမေကြီးကတော့ မြေးတွေကို အရင်တုန်းကလို ချစ်နေမြဲ၊ သတိရနေမြဲ…။
            ယာဖျက်တော့သခွား ဆိုသည်မှာ ဟုတ်ကောင်းဟုတ်နိုင်သော်လည်း မြေးဖျက်တော့အဘွား ဆိုသည်ကိုတော့ လုံးဝ သဘောမတူနိုင်။ ‘သားအချစ်၊ မြေးအနှစ်’ ဆိုသည့်အတိုင်း ကိုယ်တိုင်ဝမ်းနှင့်လွယ်၍ မမွေးခဲ့ရသော်လည်း အမေကြီး သည် မြေးတစ်ကျိပ်ကျော်တို့၏ ချစ်လှစွာသော မွေးစားမိခင်ကြီးတစ်ဦး ဖြစ်မြဲဖြစ်နေဆဲပင်…။

လင်းဇင်ယော်
အတွေးအမြင် အမှတ်(၂၄၅)၊ သြဂုတ်၊ ၂၀၁၂။

Saturday, July 28, 2012

ဂျီပီဒေါက်တာနှင့်ကမ္ဘာဦးသတ္တဝါ


(၁)
အရှောင်အပုန်း ကောင်းလွန်းသောကြောင့် ကမ္ဘာဦးကတည်း ယနေ့အထိ မျိုးမတုံးဘဲ အသက်ရှင်ကျန်ရစ်ခဲ့သော သတ္တဝါ တွေထဲတွင် ‘ခြင်’ နှင့် ‘ကြွက်’ တို့ ထိပ်ဆုံးကပါမည်ထင်သည်။ ခြင်ဆိုသောသတ္တဝါအမျိုးအစားမှာ ဖြတ်ရောင်းစရာ ဈေးကောင်းရသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကလည်းမရှိ၊ ချက်ပြုတ်စားသောက်၍လည်း မရသည့်အပြင် အမြစ်ပြတ် နှိမ်နင်းနိုင်သည့် နည်းလမ်းများလည်း မပေါ်ပေါက်သေးသောကြောင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှာ ကမ္ဘာပေါ်မှ လုံးဝ,ပပျောက်သွားသည်ဟူ၍မရှိဘဲ ရာသီအလိုက်၊ နေရာဒေသအလိုက် ခေါင်းထောင်မင်းမူလျက်ရှိသည်။ ထို့အတူပင် ကြွက်ဆိုသည့်သတ္တဝါကလည်း ခြင်ကဲ့သို့ပျံလည်းမပျံနိုင်၊ သေးသေးမွှားမွှားလည်းမဟုတ်ပေမယ့် ဖမ်းဆီး သုတ်သင်ရန် အလွန်ခက်၏။
မြေအောက်ဥမင်လိုဏ်ခေါင်းတွေတူးပြီး ရှောင်တိမ်းထွက်ပြေးရာတွင် ကျင်လည်လှသော အိုစမာဘင်လာဒင် တောင် နောက်ဆုံးမှာ ဖမ်းမိသွားသေးသည်ပဲ၊ ဒီမလောက်လေးမလောက်စား ကြွက်စုတ်တစ်ကောင်လောက်ကတော့ ဘာကြောင့် ရှာလို့မတွေ့ရမှာလဲဟု ဒေါက်တာလင်းတစ်ယောက် ကိုယ့်ကိုကိုယ်အားပေးပြီး ဆေးခန်းထဲမှာ မြေလှန်ရှာပါ သော်လည်း အစအနပင် မတွေ့ရ။
ထိုကြွက်စုတ်ကို အကောင်လိုက်ရှာမတွေ့သေးသော်လည်း ဒင်း(သင်း)အရိပ်တွေ၊ ခြေရာလက်ရာတွေကတော့ ဆေးခန်းတစ်ခန်းလုံး မွစိထနေပြီ။ ချောင်းဆိုးပျောက်ဆေးရည်အထုပ်တွေဆိုလည်း ဖောက်သောက်လိုက်၊ ပန်းနာရင်ကျပ် ဆေးတွေဆိုလည်း ဖောက်စားလိုက်၊ ရှိရှိသမျှ ပဋိဇီဝဆေးတွေလည်း တစ်မျိုးမှမကျန်အောင် ကိုက်ဖောက်လိုက်နှင့် အားမရသေးဘဲ အစာကြေဆေးများ၊ သွေးကျဆေးများ၊ ဗီတာမင်အားဆေးများကိုပါ အစာပိတ်မှီဝဲသွားတတ်သေးသည်။ တစ်ခါတလေ ကိုယ်ဝန်တားသည့်ဆေးကတ်တွေတောင်မှ မြားပြထားသည့်အတိုင်း အစဉ်လိုက်ဖောက်စားသွားသေး သည်။ အရက်ပြန်ကတော့ ဖန်ပုလင်းနှင့်ထည့်ထား၍ ထင်သည်၊ နေရာမရွေ့သေး။
မဟုတ်မှလွဲရော၊ ဒီကြွက် အမ,ပဲဖြစ်ရမည်။
ဆရာဝန်တစ်ယောက် ထိုင်နေသောဆေးခန်းတွင် ကျန်းမာရေးနှင့်မညီညွတ်သည့် သတ္တဝါတစ်ကောင် ထင်တိုင်း ကြဲနေသည်မှာ အလွန်ရှက်စရာကောင်းလှ၏။ ဒီကြွက်စုတ်ကတော့ ကျန်းမာရေးနှင့်မညီညွတ်သည်သာမဟုတ်။ ဆရာဝန် နှင့်လည်း အကြီးအကျယ်ပင် မညီညွတ်တော့။
ကိုယ်ပျောက်ဝိဇ္ဇာကြွက်ကတော့ လူရှိနေသည့်အချိန်ဆိုလျှင် အမြီးလှုပ်သံ၊ နားရွက်ခတ်သံတောင် မထွက်။ ဒေါက်တာလင်း ဆေးခန်းပိတ်သွားသည့်အချိန်ကျမှ ဘယ်ချောင်ကနေ ဘယ်လိုထွက်လာမှန်းမသိဘဲ ရှိရှိသမျှဆေးတွေကို စိတ်ကြိုက်ပွဲတော်တည်လေတော့သည်။ ဒင်းကြောင့် ဒေါက်တာလင်း၏ ရှိစုမဲ့စုအရင်းအနှီးတွေ အလေအလွင့်များလှပြီ။ နောက်ဆုံးတော့ ဆေးကတ်တွေကို ဗီရိုထဲထည့်ကာ အာမခံသော့ကြီးကြီးဖြင့် ခတ်ထားရသည့်အဖြစ်သို့ ရောက်ကုန်တော့ ၏။
တစ်ခါက ဒေါက်တာလင်း ဒေါသထွက်ထွက်နှင့် စိတ်ရောဂါဝေဒနာရှင်များကိုပေးသော အပြင်းစားအိပ်ဆေးတွေ သုံး၊ လေးလုံးလောက် ချကျွေးထားကြည့်သေးသည်။ ထိုဆေးတွေစားပြီး မနိုးသောအိပ်စက်ခြင်းဖြင့် အိပ်ပျော်သွားလျှင် လည်း အကောင်းသား။ သို့သော် ဒါမျိုးကျတော့ စားဖို့နေနေသာသာ ခြေရာလက်ရာပင် မယွင်း။
တတ်လည်းတတ်နိုင်တဲ့ ကြွက်…။
 (၂)
“ကလေးက အဖျားတော်တော်ကြီးနေပါလား၊ တစ်ရာ့သုံးတောင်ရှိတယ်”
            ပြဒါးတိုင်ကိုကြည့်ရင်း ဒေါက်တာလင်းပြောလိုက်သော စကားကြောင့် ကလေးအမေက ပျာပျာသလဲဖြင့်
            “ဒါဆို အဖျားမြန်မြန်ကျသွားအောင် ဆေးကောင်းကောင်းလေးတစ်လုံးလောက် ထိုးပေးပါဆရာရယ်” ဟု ဝင်ပြော လေသည်။
            ထိုကိစ္စတွေ ပြောပြောနေရတာလည်း ဒေါက်တာလင်း တော်တော်မောလှပြီ။ အမေတွေက သူတို့ကလေး နေကောင်းချင်ဇောဖြင့် အလွန်ဆေးထိုးစေချင်ကြသည်။ ‘ကလေးငယ်တွေကို မလိုအပ်ဘဲဆေးမထိုးသင့်၊ ကလေးငယ်တွေ ကို ထိုးရမည့်ဆေးများမှာ ကာကွယ်ဆေးများနှင့် ဗီတာမင်ဘီဝမ်းသာရှိသည်’ ဟု ဒေါက်တာလင်းတို့ကို ဆရာတွေက သင်ကြားပေးထားခဲ့၏။ ရောဂါအခြေအနေစိုးရိမ်ရ၍ နေ့စဉ်ဆေးထိုးရန်လိုအပ်လာပါကလည်း ဆေးရုံသို့သာလွှဲသင့်သည်။ ဒါတွေကို ပါးစပ်က အမြှုပ်တစီစီထွက်လောက်အောင် ထပ်တလဲလဲရှင်းပြနေရသော်လည်း အခြေအနေတွေက မထူးခြား လာ။
            မထူးခြားလာသည်သာမက “ဆေးထိုးချင်လို့ ဆေးခန်းလာတာပေါ့၊ သောက်ဆေးလောက်ကတော့ ကွမ်းယာ ဆိုင်မှာ ဝယ်သောက်လည်းရတယ်” ဟု ဒေါက်တာလင်းကို ပြန်ခံပက်သွားသည်များပင် ရှိသေးသည်။
            ထို့အပြင် ဆရာဝန်က ဆေးထိုးအပ်ကိုင်မှ ကလေးတွေက ကြောက်ကြသည်၊ သို့မဟုတ် ကလေးတွေကို ခြောက် ၍ရသည်၊ ခြောက်လို့ကောင်းသည်ဟု အမေတွေက အရိုးစွဲအောင် ယူဆထားကြသေး၏။ အငိုသန်လွန်းသော ကလေးတွေ ဆိုလျှင် “ဆရာဝန်ခေါ်ပြီး အပ်ကြီးကြီးနဲ့ထိုးခိုင်းလိုက်မယ်” ဟု တစ်ချက်လှန့်လိုက်တာနှင့် ပြဲနေတဲ့ပါးစပ် ချက်ချင်းကိုပိတ် သွားရော။ ရှိုက်သံလေးတောင် တစ်ချက်မထွက်ရဲ။ တချို့ကလေးများဆိုလျှင် ဆေးလုံးဝအထိုးမခံရဖူးဘဲနှင့်ကို ‘ဆရာဝန်’ ဆိုသည့်အသံကြားသည်နှင့် ‘ဘာကြီး’ မှန်းတောင် မမြင်ရသေးဘဲ ဗြဲခနဲ သူ့ထက်ငါအရင်ဦးအောင် အလုအယက် ငိုနေ တတ်ကြသည်။ ဤသို့ဖြင့် ဆရာဝန်တွေလည်း (ဝတ္ထုတွေ၊ ရုပ်ရှင်တွေ၊ ဂျာနယ်တွေထဲမှာတင်မကပဲ) အပြင်လောကမှာပါ ကလေးအမေတွေကြောင့် နေရင်းထိုင်ရင်း ကမ္ဘာ့ဆိုးပေကြီးတွေ၊ လူကြမ်းမင်းသားကြီးတွေကို ဖြစ်လို့။
            ထို့ကြောင့် ဆေးခန်းလာပြသောကလေးတွေကို အငိုတိတ်အောင် လာဘ်ထိုးနေရသည်မှာလည်း ဒေါက်တာလင်း ၏ နေ့စဉ်ဖြေရှင်းပေးနေရသော ပြဿနာများစွာထဲမှ တစ်ခုဖြစ်သည်။ တချို့ကလေးတွေဆို ပါးစပ်ကအော်ငိုရသည်နှင့်ပင် အားမရသေးဘဲ အတွင်းအားတွေလွန်ပြီး ဆေးခန်းတစ်ခုလုံးရွှဲရွှဲစိုသွားအောင် ရတနာရွှေပြွန်က ရေသွန်သွားသေး၏။ ကလေးကငို၊ သေးကစို ဟူသည်မှာ ဒေါက်တာလင်း၏ဆေးခန်းကိုများ စောင်းပြီးဆိုထားတာလား မသိ။
‘ကလေးလူနာများကို စမ်းသပ်လျှင် မုန့်နှင့်အရုပ်မပါဘဲ လုံးဝမစမ်းရ’
ဆရာ့ဆရာကြီးများက အစဉ်အဆက်ဆိုမိန့်ခဲ့သည်မှာ သွေးထွက်အောင်မှန်သည်။ တငွဲငွဲနှင့် ငိုယိုရုန်းကန်နေ သောကလေးကို မည်သို့မှစမ်း၍မရ။ အာပြဲအောင်ငိုနေသော ပါးစပ်ထဲသို့ စီဗစ်အချို နှစ်လုံး၊ သုံးလုံးလောက် ပစ်ထည့်ပေး လိုက်တော့မှ အငိုဒီဂရီနည်းနည်းလျော့သွားပြီး ဆရာဝန်-လူနာဆက်ဆံရေးကို စတင်ထူထောင်ခွင့်ရတော့သည်။ ဒါတောင် အမေတွေက ဘေးကနေငြိမ်ငြိမ်မနေဘဲ “တိတ်နော်၊ မတိတ်ရင် ဆရာဝန်က အပ်နဲ့ထိုးလိမ့်မယ်” ဟု ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တတ်လွန်းသဖြင့် အငိုတိတ်နေသည့်ကလေးက ဒုတိယအချီ ပြန်ထငိုတော့သည်။ ထိုအခါမျိုးတွင်တော့ ဒေါက်တာလင်းလည်း မတတ်သာသည့်အဆုံး နျူကလီးယားဆေးထိုးအပ်ကြီးပြကာ ခြိမ်းခြောက်ရတော့၏။
အခုလည်းကြည့်…။
တစ်နှစ်သာသာလောက် ရှိသေးသောကလေးကို နှံပြည်စုတ်အမြောက်နဲ့ချိန်ခိုင်းနေပြန်သည်။ သို့နှင့် ကလေးတွေ ကို ဆေးမထိုးချင်သော ဒေါက်တာလင်းလည်း ကလေးအမေကျေနပ်အောင် အကြံတစ်မျိုးထုတ်ရတော့၏။
“ကဲ…အမေရေ…ကလေးကတော့ ကိုယ်တော်တော်ပူနေတယ်၊ ကျွန်တော် အဖျားကျဆေးအရည်ရယ်၊ ပိုးသတ် ဆေး(ပဋိဇီဝဆေး)အရည်ရယ် ပေးလိုက်မယ်၊ တစ်ခါတိုက်ရင် လက်ဘက်ရည်ဇွန်းတစ်ဇွန်းစီ၊ မနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့သုံးကြိမ်တိုက်ပေးနော်၊ ပြီးတော့ အဖျားတက်လာရင်ထည့်ဖို့အတွက် ဂြိုလ်တုဆေးတောင့် လည်း ပေးလိုက်မယ်၊ ဘယ်လိုသုံးရမလဲ သိတယ်နော်”
“ဟုတ်ကဲ့”
ဆေးမထိုးပေးလိုက်၍ ကလေးအမေက သိပ်ကျေနပ်ပုံမပေါ်သော်လည်း ဂြိုလ်တုတစ်တောင့်ပေးလိုက်သော ကြောင့် ဘာမှစောဒက ထပ်မတက်တော့ဘဲ ပြန်သွားလေသည်။ သို့သော် နာရီဝက်လောက်အကြာတွင် ထိုကလေးအမေ ရေးကြီးသုတ်ပြာနှင့် ပြန်ရောက်လာပြီး…
“ဆရာ…ဆရာပေးတဲ့ ဆေးတောင့်တိုက်လိုက်တာ ကလေးက ပြန်အန်ထုတ်လိုက်လို့ နောက်တစ်တောင့်လောက် ထပ်ပေးပါအုံး”
“ဘယ်ကဆေးတောင့်လဲ…? ကျွန်တော်ပေးလိုက်တာ ဆေးအရည်တွေပါဗျ”
“ဟို…ဂြိုလ်တုတစ်တောင့်ပါသေးတယ်လေ ဆရာရဲ့”
မြတ်စွာဘုရား…! သည်ကလေးအမေ ဝင်ရမယ့်ဥမင်လိုဏ်ခေါင်းချင်း လွဲကုန်ပြီ…။
“ဟာ…ဂြိုလ်တုက ပါးစပ်ကတိုက်ရတာ မဟုတ်ဘူးဗျ၊ စအိုက ထည့်ရတာ၊ ခုနက ကျွန်တော်မေးတော့ သိတယ် ဆို”
“ဟို…ဟို…ဆရာဆူမှာ ကြောက်လို့ပါ…”
မရဲတရဲပြန်ဖြေလိုက်သော ကလေးအမေ၏အဖြေကြောင့် ဒေါက်တာလင်း သနားသွားရပြန်သည်။
“ကဲ…ကဲ… ကလေးကို ပြန်သွားခေါ်လာခဲ့၊ ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင်ပဲ ထည့်ပေးလိုက်မယ်”
သူတို့အိမ်နှင့်ဆေးခန်းက သိပ်မဝေးသောကြောင့် ကလေးကိုပြန်ခေါ်ခိုင်းကာ ခုတင်ပေါ်တင်၊ တင်ပါးလေး နှစ်ဖက်ဖြဲပြီး နောက်ထပ်ဂြိုလ်တုတစ်တောင့်ကို ဒေါက်တာလင်းကိုယ်တိုင် စကြဝဠာတွင်းနက်ကြီးထဲသို့ ထည့်ပေးလိုက်ရ သည်။ ကလေးအမေကတော့ မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ကြောင်ငေးလျက်။ ဒီလိုမှန်းသိလျှင် အစ တည်းက တစ်ခါတည်းထည့်ပေးလိုက်ရင် အကောင်းသား။ ဂြိုလ်တုဆေးတောင့်အသုံးပြုပုံကို ကလေးအမေသိပြီးသား ထင်၍ မရှင်းပြမိဘဲ ဒီအတိုင်းပေးလိုက်တာကိုက ဒေါက်တာလင်းအမှား။
“အဲဒီလိုဆေးမျိုး ကျွန်မတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ဖူးသေးပါဘူး ဆရာရယ်”
အံ့သြဝမ်းသာဖြင့် ပြောလိုက်သော ကလေးအမေ၏စကားကြောင့် ဒေါက်တာလင်းလည်း အကွက်ဝင်လာတုန်း
“ဟုတ်တယ်၊ ဒီဆေးက အရမ်းကောင်းတာ၊ တစ်တောင့်ထည့်လိုက်တာနဲ့ အဖျားချက်ချင်းကျသွားတယ်၊ ဆေးထိုး စရာ လုံးဝ,မလိုဘူး” ဟု ပြောလိုက်ရသည်။
ဂြိုလ်တုအစွမ်းကိုသိသွားသော ကလေးအမေကလည်း ကျေးဇူးတင်စကား အထပ်ထပ်ပြောပြီး ထွက်သွားလေ၏။ ဒေါက်တာလင်းကတော့ ဆေးခန်းထဲမှာ တစ်ယောက်တည်း အတွေးဂယက်များထရင်း ကျန်ရစ်ခဲ့၏။ ကမ္ဘာ့ဆေးပညာများ အံ့မခန်းတိုးတက်နေသည်ဟု ဆိုပါသော်လည်း စအိုမှထည့်သော ဂြိုလ်တုဆေးတောင့် (Suppository) ကိုပင် မမြင်ဖူးသေး သော၊ မည်သို့အသုံးပြုရမှန်းပင် မသိသေးသော လူများလည်း ရှိနေပါသေးလား။
ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား ဒေါက်တာလင်းရယ်…။
(၃)
            “အဖျားကျဆေးလေးတစ်လုံးလောက် ထိုးပေးလို့မရဘူးလားဆရာ၊ ဒီကလေးက ထိုးဆေးနဲ့မှ အဖျားကျတာ ဆရာရဲ့၊ သောက်ဆေးဆို ဖြုံတောင်မဖြုံဘူး”
            ထုံးစံအတိုင်း ကလေးက အဖျားနည်းနည်းကြီးသည်ဆိုတာနှင့် အမေက အပ်တောင်းတော့၏။
ထိုကဲ့သို့ ဆေးထိုးခိုင်းတိုင်း ဒေါက်တာလင်းကလည်း လက်စွဲတော်ဂြိုလ်တုတွေ ထည့်ပေးလိုက်လေ့ရှိသည်။ အခု လည်း ဂြိုလ်တုတစ်တောင့်ထည့်ဖို့အတွက် ကလေးအမေကို မဲဆွယ်ရဦးမည်။
            “အမေ…စအိုထဲကိုထည့်တဲ့ ဂြိုလ်တုဆေးတောင့်ဆိုတာ ကြားဖူးလား”
            “ရှင်! ဂြိုလ်တု…?”
            “အဖျားကျဆေးလေ”
            “အဲဒီလို ရှုပ်ရှုပ်ရှက်ရှက်တွေ ကျွန်မနားမလည်ပါဘူး ဆရာရယ်၊ တင်ပါးမှာပဲ ဆေးတစ်လုံး ထိုးပေးလိုက်ပါရှင်”
            “မဟုတ်ဘူး အမေရဲ့…ဆေးထိုးတော့ ကလေးအသားနာတာပေါ့၊ အခု ကျွန်တော်ပြောတဲ့ဂြိုလ်တုက ဖယောင်း တုံးလေးလိုပဲ၊ စအိုထဲကို ထည့်လိုက်ရင်ပြီးပြီ၊ နာလည်းမနာဘူး၊ အဖျားလည်း ချက်ချင်းကျတယ်”
            “ဒီလိုဆိုလည်း ဆရာသင့်တော်သလိုသာ ကုပေးပါရှင်”
            ကလေးအမေထံမှ ထောက်ခံမဲရ၍ ဒေါက်တာလင်းလည်း ဂြိုလ်တုထည့်ဖို့အတွက် ဆေးဘူးကိုဖွင့်လိုက်တော့…
            “ဟိုက်! သွားပြီ”
            ဆေးဘူးထဲမှဂြိုလ်တုဆေးတောင့်တွေ အခွံချည်းပဲ ကျန်ပါတော့လား…။
            တရားခံဘယ်သူလဲဆိုတာ ဒေါက်တာလင်း ချက်ချင်းသိလိုက်၏။ ပြစ်မှုဘယ်လိုကျူးလွန်သွားခဲ့သလဲ ဆိုတာကို သာ ဒေါက်တာလင်း မသိဘဲဖြစ်နေသည်။ ဒီကြွက်စုတ် ပါးစပ်ကသောက်ရတဲ့ ဆေးတွေနဲ့တင် အားမရတော့ပါကလား။
သေချင်းဆိုး ကြွက်။
            ဂြိုလ်တုထည့်ရန် အကြီးအကျယ်မဲဆွယ်ထားခဲ့မိသော ဒေါက်တာလင်းတစ်ယောက် ကလေးအမေကို ဘယ်လို မျက်နှာပြရမှန်းတောင် မသိတော့။ ကလေးကတော့ ဖင်တုံးလုံးကလေးနှင့် ခုတင်ပေါ်မှာ မှောက်လျက်သား…။
            ဆေးတွေကြွက်ကိုက်သွားလို့ နောက်နေ့မှပဲလာထည့်တော့နော်ဟု ပြောလိုက်၍လည်းမကောင်း။ ထည့်စရာ မလို တော့ဘူး၊ အဖျားကျသွားပြီ၊ သောက်ဆေးပဲသောက်တော့ဟု ဆိုပြန်လျှင်လည်း အပြောနှင့်အလုပ် မညီဘဲဖြစ်တော့မည်။ ဒေါက်တာလင်း ဇောချွေးတွေစို့ထွက်လာ၏။ ကလေးအမေကတော့ ဒေါက်တာလင်းဘာဖြစ်နေမှန်း ရိပ်မိပုံမရ။
ဟန်ကိုယ့်ဖို့အတွက် တစ်ခုခုတော့ လုပ်ပေးမှရမည်။ စဉ်းစားစမ်း ဒေါက်တာလင်းရေ…စဉ်းစားစမ်း…။
ဟုတ်ပြီ…!
ဒေါက်တာလင်း၏ ခရီးဆောင်ဆေးအိတ်ထဲမှာ လူကြီးတွေအတွက် ဂြိုလ်တုတစ်တောင့် အပိုဆောင်ထားသည်ကို သတိရသွားသည်။ နောက်ဆုံးတွင်တော့ ထိုဂြိုလ်တုကိုပဲ တစ်ဝက်ချိုးပြီး ထည့်ပေးလိုက်ရတော့သည်။
တော်ပါသေးရဲ့။
(၄)
            တစ်နေ့ လူနာတစ်ယောက် အမောဖောက်နေသောကြောင့် လိုက်ကြည့်ပေးပါရန် ဒေါက်တာလင်းကို လာပင့်၏။ လူနာအိမ်က ဆေးခန်းအနီးမှာပင်ဖြစ်သောကြောင့် ဒေါက်တာလင်းလည်း ချက်ချင်းထလိုက်သွားသည်။ လူနာက ဒေါက်တာလင်း၏ဖောက်သည် နာတာရှည်ပန်းနာရောဂါသည်ဖြစ်၏။ တစ်ခုခုနှင့်ဓါတ်မတည့်သည့်အခါတိုင်း ထိုကဲ့သို့ပင် မကြာခဏ အမောထဖောက်လေ့ရှိသည်။ ရောဂါရာဇဝင် သိပြီးသားဖြစ်သောကြောင့် ဒေါက်တာလင်းလည်း သိပ်မစိုးရိမ် တော့ဘဲ အေးအေးဆေးဆေးပင် နားကြပ်ကိုထုတ်ကာ နားထောင်လိုက်သည်။
            ထိုစဉ် နားတစ်ဖက် စူးခနဲခံစားလိုက်ရသောကြောင့် နားကြပ်ကိုအမြန်ချွတ်ပြီးကြည့်လိုက်တော့ ဒေါက်တာလင်း အမောဆို့သွားသည်။ ကြည့်ဦး…။ ဒေါက်တာလင်း၏နားကြပ်မှာ နားမနာအောင်ခံထားသည့် ရာဘာတုံးလေးတစ်ဖက် မရှိတော့ဘဲ စတီးချောင်းကြီးသာ ငေါထွက်ပြီး ကျန်နေရစ်ခဲ့၏။
ဒီတစ်ချီတော့ ဒေါက်တာလင်း အရှိုက်တည့်တည့်ထိသွားပြီ။
            “ဒါ ရိုးရိုးနားကြပ်မဟုတ်ဘူးကွ ကြွက်စုတ်ရ၊ လစ်တမင်ကွ လစ်တမင်…”
            ဒေါက်တာလင်း ကြွက်စုတ်ကို စိတ်ထဲမှကျိန်ဆဲရင်း လူနာရှင်တွေ မရိပ်မိအောင် (နားအနာခံပြီး) နားကြပ်ကို ဟန်ပါပါပြန်တပ်ကာ ဟိုထောက် သည်ထောက်လုပ်နေလိုက်ရ၏။ ပြီးမှ ခါတိုင်းလိုပင် အမောကျဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးများပေးကာ ဆေးခန်းသို့ ပြန်လာခဲ့ရသည်။
            ဒီကြွက်ကို ဒီအတိုင်းဆက်ထားလို့တော့ မဖြစ်…။ ဒီလောက် သောင်းကျန်းနေသည့်ကြွက်ကို အပြတ်ရှင်းပစ်မှရ တော့မည်။ ဘယ်လိုလုပ်ရပါ့မလဲ။ ကြွက်ထောင်ချောက်တွေ၊ ကြွက်ဖမ်းကော်တွေကတော့ သိပ်စိတ်မချရ။ အခန့်မသင့် လျှင် လွတ်ပြေးသွားနိုင်သည်။ ထို့ကြောင့် ဒေါက်တာလင်း၏ ကမ္ဘာဦးသတ္တဝါစစ်ဆင်ရေးကြီး ရာနှုန်းပြည့်အောင်မြင်ရန် ဆေးခန်းအနှံ့ ကြွက်သတ်ဆေး ‘ပရိုမိုးရှင်း’ လုပ်ထားလိုက်ရတော့၏။
            “စိတ်မကောင်းပါဘူး ငကြွက်ရာ၊ သဗ္ဗေသတ္တာ ကမ္မသကာပေါ့…”
(၅)
ထိုနေ့မှစပြီး ဒေါက်တာလင်း၏ဆေးခန်းလည်း ကြွက်အန္တရာယ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတော့၏။ အခုမှပဲ ဆေးတွေကိုလည်း ဘီရိုထဲသော့ခတ်စရာမလိုတော့ဘဲ စိတ်ချလက်ချထားနိုင်တော့သည်။ ကြွက်ကတော့ ဘယ်ဘုံဘယ် ဘဝမှာ ဘာများဖြစ်နေပြီလဲ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးခန်းထဲထပ်မရောက်လာရင် ပြီးရော။
ထိုစဉ် ဆေးခန်းထဲ လူနာတစ်ယောက်ဝင်လာသဖြင့် ဒေါက်တာလင်း၏ အတွေးစများ ပြတ်သွားသည်။
“ဆရာ…ကျွန်တော် ဝမ်းလျှောနေလို့”
“ဟုတ်လား…ဘယ်နှစ်ကြိမ် ရှိပြီလဲ”
“လေး ငါး ကြိမ်လောက်တော့ရှိပြီ ဆရာ”
ဒေါက်တာလင်း လူနာကိုစမ်းသပ်ပြီး သောက်ဆေးများနှင့် ဓါတ်ဆားတစ်ထုပ်ပေးလိုက်သည်။ သို့သော် မကြာခင် မှာပင် ထိုလူနာပြန်ရောက်လာပြီး…
“ဆရာ…ဆရာပေးလိုက်တဲ့ ဓါတ်ဆားထုပ်က ကြွက်ကိုက်ထားသလားမသိဘူး၊ အပေါက်ကြီးနဲ့”
“ဘာ!”
“ဟုတ်တယ်ဆရာရဲ့…ဒီမှာကြည့်လေ”
ဟုတ်ပ…။ ဓါတ်ဆားထုပ်အောက်နားမှာ ကြွက်ကိုက်ထားတဲ့ အပေါက်ကြီးပါလား။ ထိုစဉ် ဒေါက်တာလင်း၏ ခေါင်းပေါ်က “ကျွိ…ကျွိ” ဟု အသံကြားသဖြင့် မော့ကြည့်လိုက်ရာ…
“အမလေး…နည်းတဲ့ကောင်ကြီး မဟုတ်ပါလား!”
ဆေးပေါင်းစုံစားထားပြီး အဆမတန်သန်မာထွားကြိုင်းလျက်ရှိသော ကြွက်မည်းမည်းကြီးတစ်ကောင် ထုပ်တန်း ပေါ်မှနေ၍ ဒေါက်တာလင်းကို ပြောင်ပြနေသယောင်ယောင်…။


လင်းဇင်ယော်
ပြုံးစရာမဂ္ဂဇင်း- နိုဝင်ဘာ၊ ၂၀၁၁။

စာမူဟောင်း



‘သော်’ မဂ္ဂဇင်း ဆယ်နှစ်ပြည့်အထူးထုတ်အတွက် စာမူတောင်းရန် စာရေးဆရာကြီး ‘ကိုဒေါက်’ ၏ အိမ်သို့ အယ်ဒီတာ ပေါက်စ ‘မျိုးသူ’ ရောက်လာခဲ့သည်။
            ဆရာကြီးသည် စာကောင်းပေမွန်များကို နှစ်ပေါင်းများစွာ အဆက်မပြတ်ရေးသားပြီး ကလောင်တစ်ချောင်း ထူထောင်လာခဲ့သူဖြစ်၏။ ထို့ကြောင့် ဆရာကြီးထံမှ စာမူတစ်ပုဒ်ကို မဖြစ်မနေ တောင်းယူလာခဲ့ရန် အယ်ဒီတာချုပ် ‘ဒေါ်သော်သော်ခိုင်’ က မျိုးသူအား တာဝန်ပေးလိုက်ခြင်းဖြစ်သည်။
            ဧည့်ခန်းထဲ၌ စာရေးဆရာကြီးကို ကွမ်းတမြုံ့မြုံ့နှင့် စာဖတ်နေလျက်သား အဆင်သင့်တွေ့လိုက်ရသဖြင့် မျိုးသူ အလွန်ပျော်သွား၏။
            “ဆရာကြီး”
            မျိုးသူ၏ခေါ်သံကြောင့် စာဖတ်နေသော ဆရာကြီးက စာကြည့်မျက်မှန်ပေါ်မှ တစ်ချက်ကျော်ကြည့်လိုက်ပြီး…
            “ဟ…မောင်မျိုးသူပါလားကွ၊ လာ လာ ထိုင်လေကွာ”
            “ဟုတ်ကဲ့ခင်ဗျ…ဆရာကြီး နေကောင်းတယ်နော်”
            ပဋိသန္ဓာရစကားများပြောပြီးနောက် မျိုးသူက လာရင်းကိစ္စကိုပြောတော့ ဆရာကြီးက…
            “ဟေ…ဟုတ်လား! ဆယ်နှစ်တောင် ပြည့်သွားပြီလားဟ၊ အင်း…လောလောဆယ်တော့ ရေးထားပြီးသား စာမူက အဆင်သင့် မရှိသေးဘူးကွ၊ ဒီလိုလုပ်၊ နောက်တစ်ပတ်မှ လာယူပါလားကွ၊ ငါရေးထားပေးမယ်လေ”
            ဆရာကြီး၏စကားကြောင့် မျိုးသူ၏ အာရုံထဲတွင် “လက်ဗလာနဲ့ပြန်လာရင် ငါနဲ့အတွေ့ပဲ” ဟု ရာဇသံပေးထား သော အယ်ဒီတာချုပ်၏မျက်နှာ ပေါ်လာသဖြင့်…
            “ဟာ…နောက်တစ်ပတ်တော့ မလုပ်ပါနဲ့ ဆရာကြီးရယ်၊ စာမူအသစ်မရှိရင်လည်း အရင်ရေးထားခဲ့ပြီးသား အဟောင်းတွေထဲက တစ်ပုဒ်လောက်ချီးမြှင့်ပေးပါခင်ဗျာ၊ ဆရာကြီးရဲ့ စာမူမပါလာရင် အယ်ဒီတာချုပ်က ကျွန်တော့်ကို ‘ထောင်း’ လိမ့်မယ်ဗျ”
            “ဟုတ်ပါပြီကွာ…ဒါဆိုလည်း ခဏစောင့်အုံးဟေ့” ဟုဆိုကာ ဆရာကြီးက ထွေးခံထဲသို့ ကွမ်းတံတွေးတစ်ချက် ထွေးလိုက်ပြီး စာမူဟောင်းဖိုင်တွဲများ ထည့်ထားသော စာအုပ်ဗီရိုကြီးဆီသို့သွားကာ လှန်လှောရှာဖွေနေလေတော့သည်။
            အတန်ကြာမှ ဖိုင်တွဲထဲက ၀ါကြန့်ကြန့်စာမူဟောင်းတစ်ပုဒ်ကို ခဲရာခဲဆစ် ဆွဲထုတ်ယူလိုက်ပြီး မျိုးသူအား လှမ်း ပေးလိုက်၏။
            “ရော့ဟေ့…ဒီစာမူလေးပဲ ယူသွားလိုက်တော့ကွာ”
            ဆရာကြီး၏စာမူကို မျိုးသူက အဆင်သင့်ပါလာသော စာမူဖိုင်တွဲထဲသို့ သေသေချာချာ ညှပ်ထည့်လိုက်ပြီးနောက် လွယ်အိတ်ထဲမှ စာအိတ်တစ်လုံး ထုတ်ယူလိုက်ကာ   
“ဆရာကြီး…ကျွန်တော်တို့ရဲ့ စာမူခကို လက်ခံပေးပါခင်ဗျာ” ဟုပြောပြီး ဆရာကြီး၏လက်ထဲသို့ ရိုသေစွာထည့် ပေးလိုက်သည်။ ထို့နောက် ဆရာကြီးအား ကျေးဇူးတင်စကား အထပ်ထပ်ပြောကာ ပြန်သွားသည်။
            ဆရာကြီးသည် ဧည့်ခန်းထဲတွင် ထိုင်ကျန်ရစ်ခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားသော မျိုးသူကိုတစ်လှည့်၊ လက်ထဲမှ စာမူခထည့်ထားသော စာအိတ်ကိုတစ်လှည့်ကြည့်ကာ စဉ်းစားရင်း တစ်ယောက်တည်း ပြုံးနေမိ၏။
            အမှန်တော့ ထိုစာမူဟောင်းလေးမှာ လွန်ခဲ့သောဆယ်နှစ်ခန့်က သော်မဂ္ဂဇင်းမှ အယ်ဒီတာချုပ်ကိုယ်တိုင် ‘ပယ်’ ထားခဲ့သော စာမူတစ်ပုဒ်ဖြစ်ကြောင်း မျိုးသူတစ်ယောက် မသိရှာခဲ့ပေ…။ 

လင်းဇင်ယော်
ကလျာ- ဒီဇင်ဘာ၊ ၂၀၁၁။