Tuesday, April 3, 2012

အူတွေပြေးလွှားနိုင်မှ လူတွေပြေးလွှားနိုင်မယ် လူတွေပြေးလွှားနိုင်မှ အူတွေပြေးလွှားနိုင်မယ်


(၁)
ခန္ဓာကိုယ် ရှည်မျောမျောကြီးကို
တစ်ထွာသာသာ မျက်လှည့်သေတ္တာနဲ့ဆံ့အောင်
အတင်းခွေခေါက်ထည့်ထားရ……အူ
စကားလုံးတစ်လုံးတည်းပေမယ့် သူ့ကိုပြည့်အောင်ဖြည့်ဖို့ခက်……အူ
ရှိပေမယ့်မမြင် မမြင်ပေမယ့်ကြားနေရ……အူ
ဝင်လာသမျှ အဆိုးအကောင်း အကုန်လုံးကို တစ်သားတည်းဖြစ်အောင် ပြောင်းလဲရသူ……အူ
ခန္ဓာကိုယ်လဲရင်သူက ထူနိုင်ပြီး သူလဲရင်ခန္ဓာကိုယ်က မထူနိုင်……အူ
ကပ်ပါးပိုးမွှားတွေကို သဘောထားကြီးစွာ လက်ခံနိုင်သူ……အူ
စားစရာမရှိတဲ့အခါ ကိုယ့်နံရံကိုယ် ပြန်ဖဲ့စားတတ်သူ……အူ
သဘာဝဓါတ်ခွဲခန်းမှူး……အူ

အူမတောင့်ဖို့အတွက်
ဦးနှောက်ကို စတေးခဲ့ရ
နှလုံးသားကို စတေးခဲ့ရ
လက်နှစ်ဘက်ကို စတေးခဲ့ရ
အူတွေရဲ့အံကြိတ်သံကို ဘယ်သူမှ နားမထောင်ရဲကြဘူး
ဒါပေမယ့် အူတွေ နှုတ်ဆိတ်နေပြန်ရင်လည်း ရင်ထိတ်ကြရပြန်တယ်
အူတွေပြေးလွှားနိုင်မှ လူတွေပြေးလွှားနိုင်မယ်
လူတွေပြေးလွှားနိုင်မှ အူတွေပြေးလွှားနိုင်မယ်

(၂)
ဗုဒ္ဓဘုရားရှင်ဟာ
နန္ဒောပနန္ဒ နဂါးမင်းရဲ့အူထဲမှာ စင်္ကြံလျှောက်တော်မူခဲ့တယ်
ငါတို့ကတော့ ငါတို့ရဲ့အူထဲမှာပဲ လေးလံထိုင်းမှိုင်းစွာ တွားသွားနေကြဆဲ
ငါတို့ရဲ့ အူနံရံတွေပါးလွှာလွန်းလို့ အချပ်လိုက်ကြွေကျကုန်ပြီ
ငါတို့ရဲ့ အူနံရံတွေကအမာရွတ်တွေဟာ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ လက်သည်းရာတွေလိုပဲ
ငါတို့ရဲ့ အူနံရံမှာ ဘာအရုပ်ရေးရင်ကောင်းမလဲ
ဟေတီရဲ့ အူနံရံတွေကို မြေငလျင်က တိုက်စားသွားခဲ့ပြီ
ချီလီမိုင်းရဲ့ အူနံရံတွေကတော့ အမှောင်ထဲက ပြန်လည်လွတ်မြောက်ခဲ့ပြီ
ဂီရိရဲ့ အူနံရံတွေမှာ မုန်တိုင်းထန်နေဆဲ
ကမ္ဘာရဲ့ အူနံရံကိုတော့ သံလွင်ခက်တွေနဲ့ အလှဆင်ပါရစေ

ရှေးတုန်းက အချစ်ဇာတ်လမ်းတွေမှာ အူနံရံတွေဟာတရားခံဖြစ်ခဲ့ရတယ်
ဂျူးလိယက် အဆိပ်သောက်သေတဲ့ကိစ္စမှာ
တရားခံအစစ်က စုပ်ယူမှုအားကောင်းခဲ့တဲ့ အူနံရံတွေပဲ
မင်းနန္ဒာသေတဲ့ကိစ္စမှာလည်း
ငမိုးရိပ်ရဲ့အူနံရံဟာ တရားခံဖြစ်ခဲ့ရပေါ့

ခြင်္သေ့အရေခြုံထားတဲ့ မြေခွေးတစ်ကောင်ရဲ့အူနံရံဟာ ဘာအရောင်ရှိမလဲ
သိုးအရေခြုံထားတဲ့ ၀ံပုလွေတစ်ကောင်မှာရော အူနံရံတွေကဖြူစင်နေမှာလား
ဝံပုလွေအရေခြုံထားတဲ့
သိုးမည်းတစ်ကောင်ရဲ့အူနံရံတွေကတော့ မည်းညစ်ညှီစို့နေမှာပဲ

(၃)
အူကို ဒုက္ခအပေးနိုင်ဆုံးရန်သူဟာ သူ့အနီးနားမှာတွယ်ကပ်ပုန်းခိုနေတဲ့
ဘယ်လိုမှအသုံးမကျတဲ့ အူအတက်ပဲ
အူကို တစ်လက်မချင်း ဖြတ်တောက်ပစ်လို့ရတယ်
အူကို လိုအပ်သလို ပြန်ဆက်လို့ရတယ်
အူရဲ့ထွက်ပေါက်ကို နေရာပြောင်းပြီး လမ်းလွှဲပေးလို့ရတယ်

အာဒမ်မှာ နံရိုးတစ်ချောင်းမရှိဘူး ဧ၀မှာ အူတစ်ပိုင်းမရှိဘူး
အူတွေကိုဆွဲဆန့်လိုက်ရင် နိုင်းမြစ်ကြီးလောက်ရှည်ထွက်လာပေမယ့်
(ဆာမူရိုင်းတွေလိုပဲ) အူတွေဟာ
ပေါင်ရိုးတစ်ချောင်းစာလောက်ပဲ ကျန်တော့တဲ့အထိ တိုက်ပွဲဆက်ဝင်နိုင်တယ်တဲ့

ခွဲစိတ်ဆရာဝန်တစ်ယောက် မြှုပ်နှံထားခဲ့တဲ့ ကတ်ကြေးတစ်လက်ကို
အူတွေက နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်းပေးထားနိုင်တယ်
အူတွေကညှစ်ပတ်ထားလို့ ကတ်ကြေးခမျာ စကားဟဟတောင် မပြောရဲရှာဘူး
အူတွေဟာ အသည်း၊ ကျောက်ကပ်တို့လို အမတေ(အမြုတေ)တော့ မထုတ်ပေးနိုင်ဘူး
ဒါပေမယ့် အူထဲမှာတော့ လူတချို့ ရှားရှားပါးပါး နေရာမှားပြီးသန္ဓေတည်ခဲ့ဖူးလေရဲ့
အူတွေဟာ တစ်ခါတလေ ဘယ်နဲ့ညာ ကျွမ်းထိုးနေတတ်သေးတယ်
တစ်ခါတလေ ‘မိုက်ကယ်ဖဲလ်စ်’ လိုလည်း နေတတ်သေးတယ်
တစ်ခါတလေ လုံးထွေးသတ်ပုတ်နေတတ်လို့
‘ဇီဝက’ တောင် ရေကူးညာတင်ပြီး ဖျန်ဖြေပေးခဲ့ရဖူးတယ်
တစ်ခါတလေ ထွက်မရအောင်ပိတ်ဆို့နေတတ်လို့
‘မိုက်ကယ်စကိုးဖီးလ်’ ကို အကူအညီတောင်းရမလားပဲ

အရိုးတွေကို X-ray ရိုက်ကြည့်ရင် မြင်ရပေမယ့်
အူတွေကတော့ ကိုယ်ယောင်ဖျောက်ထားတတ်ကြလေရဲ့
အထူးဖော်စပ်ထားတဲ့ ဆေးရည်တစ်မျိုးနဲ့ နံရံတွေကိုဖျန်းပက်ပေးမှ
အူတွေက ကိုယ်ထင်ပြကြတယ်
ဗိုက်ထဲမှာအူရှိတယ် အူထဲမှာ ‘လေ’ ရှိတယ်
အူထဲက ‘လေ’ ဗိုက်ထဲကို ကျူးကျော်လာတဲ့အခါ
ဗိုက်ထဲက ‘လေ’ ကို ဓါးနဲ့ခြိမ်းခြောက်ပြီး အပြင်ကိုမောင်းထုတ်ရတယ်
ပြီးတော့ အူကို အူနဲ့ပြန်ချုပ်ကြရတယ်

လူတွေဟာ မှန်ပြောင်းကြီးတကိုင်ကိုင်နဲ့
အူတွေ ဘယ်နှစ်ခွေရှိသလဲဆိုတာ အလုအယက်ချောင်းကြည့်ကြ
ပြီးတော့ တချို့ဟားတိုက်ကြ တချို့သွေးပျက်ကြ တချို့အံ့သြကြ
ဒါပေမယ့်
အူတွေကလည်း အဲဒီမှန်ပြောင်းကြီးကနေပဲ သူတို့ကို ပြန်ကြည့်ပြီး
ဟားတိုက်ကြ သွေးပျက်ကြ အံ့သြကြတာကို
လူတွေ မသိရှာဘူး

(၄)
တစ်ခါတလေ
အူတွေကြားကို ဓါးမြှောင်တွေ
မျက်စိလည်လမ်းမှားပြီး ၀င်လာတတ်သေးရဲ့
တစ်ခါတလေ
ကျည်ဆန်တွေလည်း အလည်လာတတ်သေးရဲ့

မရှိတာကိုအရှိလုပ်ဖို့အတွက် အူတွေကို ‘ဆီလီကွန်’ ထည့်စရာမလိုဘူး
သဘာဝကိုအံတုဖို့အတွက် ‘ဘိုတော့ဇ်’ ထိုးစရာမလိုဘူး
သံမဏိတွေထိန်းကွပ်ပြီးတော့လည်း သန်မာလာအောင် လုပ်စရာမလိုဘူး
အရာရာကို ‘အစားထိုးခြင်း’ နဲ့ အစားထိုးနိုင်ပေမယ့်လည်း
အူတွေဟာ အစားထိုးစရာမလိုသေးလောက်အောင် ရှည်လျားနေဆဲ
ဒါပေမယ့်
တချို့လူတွေရဲ့ ဗိုက်ထဲမှာတော့
‘အန်နာကွန်ဒါ’ တစ်ကောင်ကို အစားထိုးတပ်ဆင်ထားလေရဲ့

ဦးခေါင်းထဲမှာ ဦးနှောက်မရှိရင် ‘လူ’ လုပ်လို့မရသလို
ဝမ်းဗိုက်ထဲမှာ အူ မရှိရင်လည်း ‘လူ’ ဆက်လုပ်လို့မရဘူး

(၅)
အူတွေဟာ တွန့်ခေါက်တောင်တန်းကြီးတွေလို
တစ်နေ့တခြား ရှည်လျားဆန့်ထွက်လာပြီး
ကမ္ဘာကြီးကို တစ်ပတ်ပြီးတစ်ပတ် ဆွဲယူရစ်ပတ်နေလိုက်တာများ
ကမ္ဘာဟာ
လုံးသလား ပြားသလားတောင် မသိရတော့ဘူး ။


(ပိတောက်ပွင့်သစ်၊ ဇွန်၊ ၂၀၁၁-မှတ်မှတ်ရရ ဧရာဝတီ)               

No comments:

Post a Comment