Tuesday, April 3, 2012

ဒီရာသီကမ္ဘာ့ငြိမ်းချမ်းရေး ပြောင်းရွှေ့ကြေးကြီး


အမေရိကန်သမ္မတဟောင်းလက်ထက်
အီရတ်နဲ့စစ်ဖြစ် ဆက်ဒမ်ဟူစိန်ကိုကြိုးပေး ဘင်လာဒင်ကိုဆုငွေထုတ်
အမေရိကန်သမ္မတသစ်လက်ထက်
ဘင်လာဒင်ကိုအသေဖမ်းမိ လစ်ဗျားပြည်တွင်းစစ်ဖြစ် ကဒါဖီထွက်ပြေးတိမ်းရှောင်
ကိုယ်ဝန်အရင့်အမာနဲ့ သမီးအေရှာကဒါဖီ ရှောင်ရင်းတိမ်းရင်းမီးဖွား
နောက်လာမယ့် ဘယ်နှစ်ယောက်မြောက်သမ္မတလက်ထက်
ဘယ်နိုင်ငံနဲ့စစ်ဖြစ် ဘယ်သူတွေသေပျောက် ဘယ်သူတွေထွက်ပြေး
ဘယ်သူတွေ အိုးမဲ့အိမ်မဲ့
ဒီလိုနဲ့ပဲ ကမ္ဘာမြေကြီးသက်တမ်း နှစ်သန်းပေါင်း ၄၅၀၀ ကျော်လာ
ဒီလိုနဲ့ပဲ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ပြည့်လုနီး
(၁၉၁၄-၁၉၁၈) ပထမကမ္ဘာစစ်/နိုင်ငံပေါင်း ၁၀၀ ကျော်/လူ ၁၆ သန်းကျော်သေ
ပြီးတော့မှ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်
နိုင်ငံပေါင်းချုပ်အသင်းကြီးဖွဲ့/အသင်းဝင် ၅၈ နိုင်ငံပါဝင်
(၁၉၃၉-၁၉၄၅) ဒုတိယကမ္ဘာစစ်/နိုင်ငံပေါင်း ၁၀၄/ဂျူး ၆ သန်းအပါအဝင်
လူ သန်း ၅၀ ကျော်သေ/ကမ္ဘာ့အတ္ထုပ္ပတ္တိမှာ နံပါတ်တစ် လူသေအများဆုံးစစ်ပွဲကြီး
ပြီးတော့မှ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်
ကုလသမဂ္ဂထပ်ဖွဲ့/အသင်းဝင် ၁၉၃ နိုင်ငံရှိလာ  
စစ်ပြီးခေတ်နောက်ပိုင်း
ဖွံ့ဖြိုးဆဲ ၆၆ နိုင်ငံ/စစ်ပွဲ ၁၀၅/အသေအပျောက် ၁၆သန်း
ခေတ်ကျန်စစ်ကျန်ပေမယ့် ကျည်ဆန်တွေကဆက်ပြီးလိုက်လာတုန်း
မြစ်တစ်ခုမှာ နှစ်ခါချိုးဖို့အတွက် ရေအလုံအလောက်မရှိတော့ပေမယ့်
နိုင်ငံတစ်နိုင်ငံမှာ စစ်ပွဲနှစ်ပွဲဖြစ်ဖို့အတွက် ကျည်အလုံအလောက်ရှိ
စစ်ပွဲများမှ လက်နက်များမယ်
ဖွံ့ဖြိုးဆဲနိုင်ငံမှာ လက်နက်ဟောင်းတွေ Reduce/Reuse/Recycle
ဖွံ့ဖြိုးပြီးနိုင်ငံမှာ လက်နက်သစ်တွေ မိုးရာသီမျှစ်စို့မှိုပွားလို
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခုနှစ်ဦးသေဆုံး
ရုရှားရေငုပ်သင်္ဘော Yuri Dolgoruky ပေါ်မှ
Bulava တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့
နျူကလီးယားလက်နက် မှောင်ခိုကုန်သွယ်မှုတစ်ခု၌ ပါဝင်ကူညီခဲ့သူ
ဆွစ်ဇာလန်နိုင်ငံသားသုံးဦးအား တရားစွဲဆို
ကျည်စစ်ကျည်မှန်များဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား
ပူးတွဲစစ်ရေးလေ့ကျင့်…
နျူကလီးယားလက်နက်/ဇီဝလက်နက်/ဓာတုလက်နက်/
နည်းပညာလက်နက်/မီဒီယာလက်နက်/ယဉ်ကျေးမှုလက်နက်
လက်နက်ပေါင်းသောင်းခြောက်ထောင်
မဗေဒါကတစ်ပင်တည်း…
စစ်ပွဲကုမ္ပဏီကြီးတစ်ခု တည်ထောင်ရန်အလားအလာရှိ
လက်နက်အရောင်းမြှင့်တင်ရေးဝန်ထမ်း အကန့်အသတ်မရှိခန့်ရန်
အသက်/ရုပ်ရည်/ပညာအရည်အချင်း/အိမ်ထောင်အရည်အချင်း(ထောက်ခံစာမလို)
လက်ညှိုးပါသူ ဦးစားပေးမည်…
ဖွံ့ဖြိုးဆဲ ၂၃ နိုင်ငံ/ကလေးသူငယ် သန်း ၁၆၀ ပညာရေးကုန်ကျစရိတ်နှင့်ညီမျှသော
အဏုမြူရေငုပ်သင်္ဘောတစ်စီး (ဦးရာလူစနစ်ဖြင့်) ရောင်းရန်ရှိ
လက်လှမ်းမီရာတယ်လီဖုန်းဖြင့် အမြန်ဆက်သွယ်…
နီကိုးလပ်စ်ကေ့ခ်ျရဲ့ Lord of War ရုပ်ရှင်ဇာတ်ကား ဖျတ်ခနဲ ဖျတ်ခနဲ
ဆယ့်လေးနှစ်သားကျည်ဆန်နဲ့ အသက်လေးဆယ်ကျည်ဆန်
ဂုဏ်သတ္တိချင်းအတူတူ
အကျိုးသက်ရောက်မှုချင်းအတူတူ
သေနတ်တွေသာ ချောကလက်နဲ့
လုပ်လို့ရရင်/လုပ်ခဲ့မယ်ဆိုရင်
တောက်! ဂျွန်နီဒက်ပ် မွဲကြော…
ဂျာမနီ အရှေ့/အနောက်
ကိုရီးယား တောင်/မြောက်
ဗီယက်နမ် တောင်/မြောက်
အစ္စရေး/ပါလက်စတိုင်း
အိန္ဒိယ/ပါကစ္စတန်
ကွဲထွက်…ပစ်ခတ်…ရန်စောင်…နယ်လု
ကလေးတွေလို စိတ်ကောက်တမ်းကစားပြီး
မလေးနဲ့စလုံး ရေတစ်မှုတ်သဲတစ်ဆုပ် အရောင်းအဝယ်ပျက်
ဒါနဲ့ပဲ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးရော
အိုရှိုးပြောတဲ့ ငြိမ်းချမ်းရေးနဲ့စစ်
ငြိမ်းချမ်းရေးဆိုတာ ဘယ်တုန်းကမှမရှိခဲ့/ဘယ်တော့မှရှိလာမှာမဟုတ်
ခေတ်အဆက်ဆက်သမိုင်းမှာ နှစ်ပိုင်းပဲရှိခဲ့/ရှိဆဲ
၁-စစ်ပွဲကာလ
၂-စစ်ပွဲပြင်ဆင်ခြင်းကာလ
အံ့သြစရာတစ်ခုက စစ်ပွဲပြင်ဆင်ခြင်းကာလရဲ့အသေအပျောက်နှုန်း
စစ်ပွဲကာလထက် သုံးဆလောက်ပိုများ (ဟုတ်မှဟုတ်ရဲ့လား)(ဟုတ်မှဟုတ်ရဲ့လား)
ဖြစ်သမျှစစ်ပွဲတိုင်း မဆိုင်တဲ့အရပ်သားတွေ မသေကြေကြဖို့
ရှေးခတ်ကလို ဘုရင်အချင်းချင်း စီးချင်းထိုးသင့်
ဒါမှမဟုတ် ရာဇာဓိရာဇ်နဲ့ အင်းဝဘုရင်မင်းခေါင်တို့လို
လယ်ထွန်ရင်းစစ်တိုက်-စစ်တိုက်ရင်းလယ်ထွန်
စစ်ပွဲဟာ စစ်ကြေငြာသူ/ စစ်တိုက်သူ/ စစ်ပြုသူနဲ့သာသက်ဆိုင်
E=mc2
မှားယွင်းတဲ့အရွေ့တစ်ခုမှာ စွမ်းအင်ဟာ ‘ဗုံး’ ဖြစ် ဂျပန်မြို့နှစ်မြို့ပြာကျ
နှစ်ကာလအတန်ကြာ ဓါတ်ရောင်ခြည်သင့်
တတိယကမ္ဘာစစ်အကြောင်း အိုင်စတိုင်းကိုမေးတော့
တတိယကမ္ဘာစစ်ကိုမသိ စတုတ္ထကမ္ဘာစစ်သာသိ
ဒီကမ္ဘာမှာ စတုတ္ထကမ္ဘာစစ် ဘယ်တော့မှရှိလာမှာမဟုတ်
တတိယကမ္ဘာစစ်သည် ကမ္ဘာမြေရဲ့နောက်ဆုံးစစ်ပွဲ
မျက်ရည်တွေဝဲခဲ့
ဒီလိုနဲ့ပဲ
ကမ္ဘာတစ်ခြမ်းမှာ စစ်တိုက်
ကမ္ဘာတစ်ခြမ်းမှာ ကယ်ဆယ်ရေးလုပ်
ကမ္ဘာတစ်ခြမ်းမှာ ဥပဒေပြု
ကမ္ဘာတစ်ခြမ်းမှာ လာဘ်စား
ကမ္ဘာတစ်ခြမ်းမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု
ကမ္ဘာတစ်ခြမ်းမှာ အသေခံဗုံးခွဲ
ကမ္ဘာတစ်ခြမ်းမှာ အဝလွန်
ကမ္ဘာတစ်ခြမ်းမှာ အရိုးပေါ်အရေတင်
ကမ္ဘာတစ်ခြမ်းမှာ ဘေးမဲ့တော
ကမ္ဘာတစ်ခြမ်းမှာ ကန္တာရ
ကမ္ဘာတစ်ခြမ်းမှာ ရောဂါပိုးအသစ်တွေပေါ်ထွက်
ကမ္ဘာတစ်ခြမ်းမှာ တိရစ္ဆာန်တွေရှားပါးမျိုးသုဉ်း
စစ်နှင့် ငြိမ်းချမ်းရေး
လက်နက်နှင့် ငြိမ်းချမ်းရေး
မီဒီယာနှင့် ငြိမ်းချမ်းရေး
အွန်လိုင်းနှင့် ငြိမ်းချမ်းရေး
သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေး
ကော်လာဖြူ/ပြာနှင့် ငြိမ်းချမ်းရေး
လူကြီး/ငယ်နှင့် ငြိမ်းချမ်းရေး
ကျား/မနှင့် ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေး
ပြီးတော့ ငြိမ်းချမ်းရေး
အဲဒီဆေးထိုးထားရင် ဘယ်နှစ်လခံသလဲရှင့်…
သူတစ်ခွန်း ငါတစ်ခွန်း
မုန်တိုင်းတွေပဲ ပွင့်ပြီးရင်းပွင့်
လိပ်ပြာ ရှာမတွေ့သေး
မိုးခါးရေအထိများတော့ ဖောရိန်းဖိနပ်အကောင်းစားကြီး
ပုပ်…စော်…နံ…လာ
သေချာတာတစ်ခုက
ဒီတစ်ရာသီလုံး ကမ္ဘာ့ငြိမ်းချမ်းရေး ပြောင်းရွှေ့ကြေးကြီးမယ်…။

Ref:
၁- အိုရှိုးပြောတဲ့ ငြိမ်းချမ်းရေးနှင့်စစ် - ရဲထက်
၂- မြဝတီသတင်းစာ
၃- Wikipedia
၎- Lord of War Movie (2005)

ပိတောက်ပွင့်သစ်၊ နိုဝင်ဘာ၊ ၂၀၁၁။




No comments:

Post a Comment