တရှဲရှဲ မီးတောက်တွေရဲ့နောက်
ခါးထောက်လို့ရပ်
ဒယ်အိုးကို ခပ်စောင်းစောင်းတင်
ထင်းမီးရဲရဲ ဆီရွှဲရွှဲနဲ့
ရေတစ်ဝက် ကုန်းတစ်ဝက်မြေပုံကိုဖွဲ့တည်။
ဘေးပတ်ပတ်လည်
ကာရန်တွေ အစီအရီချထား
မီးဖိုနောက်က
ဆိုင်းဆရာရဲ့ မှော်ဝင်လက်ကွက်
အစဉ်အလာရှိတဲ့ အနုပညာ။
အချို၊ အချဉ်၊ အငန်၊ အစပ် အရသာ
ဒီပွဲမှာ…ဒေသထွက် ပအုန်းရည်က အခရာ
လက်တစ်ဖက် အမြှောက်
ခွပ်ခနဲ ထွက်ကျလာတဲ့ ကြက်ဥတစ်လုံး
ပြီးတော့ ပုစွန်၊ ကင်းမွန်၊ ရှပ်
ပြီးတော့ အသားမှာဝက်
ပြီးတော့ ကြက်သွေးတုံးကလေးတွေ
ကြိုက်တတ်သူတွေ ပဲပြုပ်လေးရွေးထည့်
ငရုတ်ရည် နည်းနည်းစွက်
ခပ်သွက်သွက် လက်သိုင်းအက
ဖိတ်ကျလာတဲ့ ရနံ့တစ်စမှာ
မြင်မြင်သမျှမျက်ဝန်းတွေ သွားရည်ဖိတ်ဖိတ်ယို
နံနံပင်၊ ကြက်သွန်မြိတ်ကို မွှေးမွှေးအုပ်
လတ်ဆတ်သန့်ရှင်းတဲ့ “ကတ်ကြေးကိုက်” တစ်ပွဲ…။
တချို့အတွက် သရေစာ…
တချို့အတွက် ဟင်းလျာ…
မရှိမဖြစ်
အဲ့ဒါ…မြို့လေးရဲ့ နံပါတ် “တစ်” ဇိမ်ခံပစ္စည်း။
တူနဲ့ညှပ်လို့
ပူပူနွေးနွေး တစ်လုတ်အလွေး
ကမ်းနံဘေးကို တိုးဝင်လာတဲ့ လေညင်းတွေနဲ့အတူ
မြို့လေးက……
ပင်လယ်ကြီးလောက် သတိလစ်သွားခဲ့……။ ။
(၄၊၉၊၂၀၁၀)
မြိတ်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း-၂၀၁၁
No comments:
Post a Comment