ဓါး
တစ်ခါက ကျွန်တော့်ကို စေတန် ‘ဓါး’ တစ်လက်ပြ၏။
ကျွန်တော် ဓါးရိုးကို ကိုင်ရင်း ဆ ကြည့်မိသည်။ ထိုအခါ စေတန်က ကျွန်တော့်ကို ပြော၏။
“မင်းဟာ…နောက်ကျောကို ဓါးနဲ့ထိုးမယ့် ကောင်မျိုးပဲ” တဲ့။
ထို့ကြောင့် ကျွန်တော်လည်း ဓါးအသွားဘက်က ပြောင်းကိုင်လိုက်မိသည်။ အဲဒီတော့လည်း…
“မင်းကတော့ သူခိုးကို ဓါးရိုးကမ်းမယ့် လူစားမျိုးပဲ” တဲ့။ စေတန်က ကျွန်တော့်ကို ကြည့်ရင်း ပြောပြန်၏။
ဒါကြောင့် ကျွန်တော်လည်း အမြင်ကတ်ကတ်နဲ့ ဓါးရဲ့လက်ကိုင်ရိုးကို ဆွဲဖြုတ်ပစ်လိုက်ကာ စေတန်ကို ဓါးကမ်း ပေးလိုက်သည်။ ဒါပေမယ့် ကျွန်တော် ဓါးရိုးကမ်းခြင်းမဟုတ်ပါ။ ဓါးအသွားကမ်းတာပါ။
သို့သော် ကျွန်တော့်ဘက်မှာလည်း ဓါးအသွားပဲရှိပါသည်။
ဦးနှောက်နဲ့ နှလုံးသား
တစ်ခါကလည်း စေတန်က ကျွန်တော့်ကို ပစ္စည်းနှစ်ခုပြသည်။
တစ်ခုက ‘ဦးနှောက်’ ။ နောက်တစ်ခုက ‘နှလုံးသား’ ။ နှစ်ခုစလုံးမှာ စာပြားလေးတွေချိတ်ထားသည်။ ဦးနှောက်မှာ က အိုင်-ကျူ (Intelligent Quotient)တဲ့။ နှလုံးသားမှာကျတော့ အီး-ကျူ (Emotional Quotient)တဲ့။
စေတန်ကကျွန်တော့်ကို ပစ္စည်းနှစ်ခုထဲက တစ်ခုကိုရွေးခိုင်း၏။
ဦးနှောက်အကြောင်း ကျွန်တော် စဉ်းစားကြည့် သည်။ အိုင်-ကျူတော့ရှိပါရဲ့။ ဒါပေမယ့် ဘာခံစားချက်မှ မရှိ။ အမြဲတမ်းပုံသေနည်းအတိုင်းပဲ တွက်ချက်သွားနေသည်။ ဦးနှောက်ပျော်ရွှင်တာ၊ ဦးနှောက်မျက်ရည်ကျတာ ကျွန်တော် တစ်ခါမှမမြင်ဖူးခဲ့။ မဖြစ်။ သူနဲ့တော့မဖြစ်ဘူး။ မျက်ရည်ကိုမဖန်တီးနိုင်တဲ့ ဦးနှောက်မှာ အချစ်ဆိုတာလည်းရှိမှာ မဟုတ်ဘူး။
အဲဒါနဲ့ ကျွန်တော်လည်း နှလုံးသားဘက်ကို လှည့်ကြည့်မိသည်။ သူကကျွန်တော့်ကို ခံစားချက် အပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ညှို့ငင်နေ၏။ ဘယ်အရာကိုမဆို ခံစားတတ်တဲ့နှလုံးသားကိုတော့ ကျွန်တော်နှစ်သက်မိသည်။ ရယ်နိုင် သည်၊ ငိုနိုင်သည်၊ ချစ်နိုင်သည်၊ မုန်းနိုင်သည်၊ လွမ်းနိုင်သည်၊ ဆွေးနိုင်သည်။ သို့သော် စဉ်းစားတတ်တဲ့ ဦးနှောက်မရှိတော့ အမြဲတမ်း ရူးရူးမိုက်မိုက်ပဲ ဖြစ်နေတတ်၏။
ကျွန်တော် ရွေးချယ်ရခက်နေသည်။
“စေတန်ရယ်……ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော့်ကို နှလုံးသားတစ်ခြမ်းနဲ့ ဦးနှောက်တစ်ခြမ်းစီပဲ ပေးပါ လားဗျာ။ ကျန်တဲ့တစ်ခြမ်းစီကိုတော့ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ လိုက်ရှာလိုက်ပါတော့မယ်ဗျာ”
ဒိန်ခဲနဲ့ စစ်တုရင်(Cheese and Chess)
တစ်နေ့မှာ စေတန်ကျွန်တော့်အိမ်ကို အလည်လာပါသည်။ လက်ထဲမှာလည်း စစ်တုရင်ခုံတစ်ခုကို ကိုင်ထား လျက်။
“မင်းနဲ့ငါ စစ်တုရင်ထိုးရအောင်” ဟု စေတန်ကကျွန်တော့်ကို စိန်ခေါ်လိုက်၏။
ဒီလိုနဲ့…စေတန်နဲ့ ကျွန်တော် စစ်တုရင်ထိုးဖို့ပြင်ကြသည်။
စစ်တုရင်အရုပ်ကလေးတွေကိုမြင်တော့ ကျွန်တော်အံ့သြသွားရသည်။ စစ်တုရင်အရုပ်ကလေးတွေကို ဒိန်ခဲတွေ နဲ့လုပ်ထားတာပါလား။ တစ်နည်းအားဖြင့် ဒိန်ခဲအရုပ်ကလေးတွေပေါ့။
သို့နှင့် စေတန်နဲ့ ကျွန်တော် စစ်တုရင်အရုပ်တွေကိုစီကြ၏။ ပြီးလျှင် ကိုယ့်ဒိန်ခဲကိုယ် နေရာရွေ့ကြမည်။ ဒါမှမဟုတ်လည်း တစ်ယောက်ဒိန်ခဲကို တစ်ယောက်စားနိုင်ဖို့ ကြိုးစားကြမည်။
စေတန်ကတော့ ကျွန်တော့်ကိုနိုင်လိမ့်မည်ဟု ယုံကြည်နေပုံရ၏။ ဒိန်ခဲတွေကို ဘယ်လိုနေရာရွေ့ပြီး ကျွန်တော့် ကို ဘယ်လိုအနိုင်ပိုင်းမလဲဆိုတာကို တွေးရင်းပျော်နေပုံရသည်။
“စေတန်ရေ…ဘာကြေးဆော့မလဲ?”
“ငရဲပြည်……အလည်သွားကြေးကွာ”
“ကောင်းပြီ……စကြမယ်”
ပြောပြီးတော့ ကျွန်တော်စေတန်ကို လှမ်းကြည့်လိုက်တော့ အဖြူရောင်အရုပ်တွေကိုင်ထားတဲ့ စေတန်က ကျွန်တော့်ကို ပြန်ကြည့်ပြီး မိန့်မိန့်ကြီးပြန်ပြုံးပြသည်။
ပွဲမစခင်ကတည်းက နိုင်ပြီးသားဆိုတဲ့ အထာမျိုးနဲ့လေ။ ဒါပေမယ့် စေတန်ရဲ့အပြုံးတွေ လမ်းတစ်ဝက်မှာတင် ရပ်တန့်သွား ရသည်။
အကြောင်းမှာ စစ်တုရင်ခုံပေါ်ကို ကြွက်တွေတက်လာပြီး ကျွန်တော်တို့ရဲ့အရုပ်တွေ (ဒါမှမဟုတ်) ကျွန်တော်တို့ရဲ့ ဒိန်ခဲတွေအားလုံးကို ကိုက်စားသွားကြသောကြောင့်ဖြစ်သည်။ ပွဲမစခင်ကတည်းက ကျွန်တော်တို့ရဲ့ ဒိန်ခဲတွေအကုန် အစားခံလိုက်ရပြီ။
စေတန်မှိုင်သွားသည်။
ဆောရီးပါ စေတန်ရယ်။ ကျွန်တော့်အိမ်မှာ ကြွက်ပေါတယ်ဆိုတဲ့အကြောင်း သတိပေးဖို့ မေ့သွားမိတယ်ဗျာ။
တိရိစ္ဆာန်ရုံ
အားလပ်ရက်တစ်ခုမှာ စေတန်နှင့်ကျွန်တော့် တိရိစ္ဆာန်ရုံသို့သွားကြသည်။ ကျွန်တော် တိရိစ္ဆာရုံကိုတစ်ခါမှ မရောက်ဖူးသေးပါ။ စေတန်ကကျွန်တော့်ကို မေး၏။
“မင်း…ဘာအကောင် ကြည့်ချင်လဲ?” တဲ့။
“ဘာအကောင်တွေ ရှိလဲ?” ကျွန်တော် ပြန်မေးလိုက်သည်။
“အစုံရှိတာပေါ့ကွ။ မင်း…သိုးကလေးတွေ ကြည့်မလား?”
“သိုးတွေက အပြင်မှာတကယ်ရှိသေးလို့လား? သိုးတွေမျိုးသုဉ်းသွားတာ ကြာပြီမဟုတ်လားဗျ။ ခုဟာက သိုးအရေခြုံထားတဲ့ ၀ံပုလွေတွေပဲရှိတော့တာမဟုတ်လား။ မကြည့်ချင်ပါဘူး”
“ရှူး! တိုးတိုးပြောပါကွ။ သူများတွေ ကြားကုန်ပါအုံးမယ်။ အေး…မင်းပြောတာဟုတ်တယ်။ သိုးစစ်စစ် တွေကတော့ မရှိတော့ဘူး။ ပျောက်ကုန်ကြပြီ။ အင်း……ဒါဆို ယုန်တွေ၊ ဇီးကွက်တွေ ကြည့်မလား?”
“ဟင့်အင်း…သူတို့တွေနဲ့တွေ့ရင် ကျွန်တော်ပညာမဲ့ ဖြစ်သွားမှာပေါ့။ သူတို့က ပညာရှိတွေမဟုတ်လား။ တော်ပါပြီ။ ကိုယ့်ဟာကိုယ်ပဲ လူမိုက်လုပ်ပါရစေ။ ပညာရှိနဲ့တွေ့မှ ပညာတွေမဲ့သွားရတာကို မခံနိုင်လို့ပါ။”
“ဒါဆို…ဖျံတွေကို ကြည့်မလား?”
“ဘာလုပ်မှာတုန်း။ ဖျံတွေ အပြင်မှာပေါလွန်းလို့။ ဒီအထဲက ဖျံတွေထက်တောင်မှ ပိုပြီးတော့ဖျံကျသေးတယ်။ ဖျံတွေကိုပဲ ကြည့်ရမယ်ဆိုရင်တော့ တိရိစ္ဆာန်ရုံ ဘယ်တော့မှမလာတော့ဘူး။”
“မင်းကလည်း ဒေါသချည်းပဲ။ ………………ဒါဆိုရင် မျောက်ရွာဘက်လိုက်ပြမယ်လေ”
“ဟင့်အင်း…မသွားချင်ပါဘူး။ အပြင်မှာမျောက်မွေးထားတဲ့သူတွေ အများကြီးပဲ။ မမြင်ချင်လို့တောင် မျက်စိမှိတ် ထားရတယ်”
“ဟင်း! ………မင်းတော်တော်ဂျီးများတဲ့ အကောင်ပဲ။ မြွေတွေ၊ မိကျောင်းတွေ ကြည့်မလား?”
“မကြည့်ပါရစေနဲ့တော့။ အပြင်မှာတောင် မြွေတွေ၊ မိကျောင်းတွေလို မြေကြီးမှာပြားပြားဝပ်ပြီး တွားသွားနေရတဲ့ သူတွေတောင် မမြင်ရက်တာဗျာ။”
“အင်း……ကျားတွေ၊ ခြင်္သေ့တွေဆိုရင် မင်းကြည့်ချင်မလားပဲ။ အစွယ်တွေ၊ လက်သည်းတွေနဲ့လေ။ သိပ်ကြောက် စရာကောင်းတာ။ သူတို့ ဟိန်းဟောက်လိုက်ရင် တစ်တောလုံး ဖိန့်ဖိန့်တုန်ဆိုပဲ”
“ဟင့်အင်း။ အပြင်မှာလည်း အစွယ်တွေ၊ လက်သည်းတွေနဲ့ အားကြီးသူက နိုင်ရာစားနေတာတွေ အများကြီး မြင်ဖူးပြီးပါပြီ။ ဟိန်းတာဟောက်တာလောက်တော့ လာမပြောနဲ့။ သနားတယ်လို့တောင် ပြန်ပြောလိုက်အုံးမယ်”
“ဒါဆို ငါလည်း မစဉ်းစားတတ်တော့ဘူးကွာ။ ကဲ…ကဲ…မင်းပဲပြောတော့။ မင်းဘာအကောင်ကို ကြည့်ချင်လဲ”
“အင်း……ကျွန်တော် ဆင် ကိုကြည့်ချင်တယ်ဗျာ။ ကျွန်တော့်ကို ဆင်လိုက်ပြ”
“ဟင်…မင်းကဘာလို့ ဆင်ကိုကြည့်ချင်ရတာလဲ?”
“ပြောရရင်……တိရိစ္ဆာန်တွေထဲမှာ ဆင်ကအကောင်အကြီးဆုံးပဲ။ အကောင်ကြီးပေမယ့်လည်း သူက ဘယ်တော့ မှ အသားမစားဘူး။ အမြဲတမ်းသက်သတ်လွတ်ပဲစားတာ။ ပြီးတော့ ဆင်ကခွန်အားကြီးပေမယ့်လည်း သူများတွေကို အနိုင် မကျင့်တတ်ဘူး။ ကူညီဖို့ပဲ စဉ်းစားတာ။ ကျွန်တော် အပြင်မှာ ဒါမျိုးသိပ်မတွေ့ဖူးဘူး”
နောက်ဆုံးမှာတော့ စေတန်နဲ့ကျွန်တော် တိရိစ္ဆာန်ရုံထဲမှာ ဆင်တစ်မျိုးတည်းကိုကြည့်ပြီး ပြန်လာခဲ့ကြ၏။
စေတန်တိုက်သော ရေနှစ်ခွက်
နေခြည်တို့ ပူလင်းတောက်ရှလွန်းတဲ့ နေ့တစ်နေ့။
ကျွန်တော်တစ်ယောက်တည်း နေရတာ ပျင်းလာတာနဲ့ စေတန့်ဆီကို ထွက်လာခဲ့သည်။
“အားပါးပါး……ရာသီဥတုကလည်း ပူလိုက်တာနော်”
“အေးဟုတ်တယ်……အိုဇုန်းလွှာ အပေါက်ကြီးကလည်း တဖြည်းဖြည်းနဲ့ ပိုကျယ်လာတာကိုး”
“ဗျို့……စေတန်ကြီး၊ ကျွန်တော့်ကို ရေတစ်ခွက်လောက်တိုက်စမ်းဗျာ”
“ရမယ်……ရော့၊ အပ်ချလောင်း”
ကျွန်တော့်ရှေ့မှာ လင်ပန်းတစ်ချပ်နဲ့ ရေတစ်ဖန်ခွက်ပေါ်လာသည်။ ဒါပေမယ့် ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိ၏။
ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ရေတော်တော်ဆာနေသောကြောင့် “တစ်ဝက်တောင်ရှိတာပဲ” ဆိုပြီး ‘ဦးထုပ်ဝါအတွေး’ တွေးလိုက်သည်။ ပြီးတော့ ရေကို အားရပါးရ သောက်ပစ်လိုက်သည်။
ကြည်လင်သန့်ရှင်းသောရေတို့ လည်ချောင်းထဲသို့ အေးမြစွာစီးဆင်းသွားကြ၏။
“အား……ခုမှပဲ လန်းဆန်းသွားတော့တယ်၊ ကျေးဇူးပဲစေတန်ကြီးရေ၊ ဒါပေမယ့် ကျွန်တော်သောက်လို့ မ၀သေး ဘူးဗျ၊ နောက်တစ်ခွက်လောက် တိုက်ပါအုံး”
“အေး..အေး၊ ရမယ်”
“အပ်ချလောင်း”
ကျွန်တော့်ရှေ့မှာ လင်ပန်းတစ်ချပ်ပေါ်လာပြန်သည်။ ဒီတစ်ခါတွင်တော့ ရေနှစ်ခွက်ပါလာ၏။ စောစောကလို ရေတစ်ဝက် ပဲပါတဲ့ ဖန်ခွက်ကတစ်ခွက်၊ ပြီးတော့ သူ့ထက်တစ်ဝက်လောက်သေးတဲ့ ဖန်ခွက်ကတစ်ခွက်။
ဖန်ခွက်အသေးထဲတွင်တော့ ရေအပြည့်ပါသည်။ သို့သော်လည်း ဖန်ခွက်ကြီးထဲက ရေတစ်ဝက်နှင့် ပမာဏချင်း တော့ တူတူပင်ဖြစ်သည်။ ခွက်ကသေးနေသောကြောင့် ရေအပြည့်ဖြစ်နေသည်။
ဖန်ခွက်နှစ်ခွက်ကို ကျွန်တော့်ရှေ့မှာ ချပေးရင်း စေတန်က ကျွန်တော့်ကို အဓိပ္ပါယ်ပါပါကြည့်ပြီး ပြုံးသည်။
ကျွန်တော် ဘယ်ခွက်ကို ရွေးရမလဲ???
ပထမ ရေတစ်ခွက်တည်းတုန်းကတော့ “တစ်ဝက်တောင် ရှိတာပဲ” ဆိုပြီး အကောင်းမြင်ဝါဒနှင့် ရေကိုသောက် ခဲ့သည်။
ခုတော့ ရေနှစ်ခွက်မှာ ဘယ်ခွက်ကို ရွေးရမလဲ။
ခွက်အကြီးကို ရွေးလျှင် ကျွန်တော် “ရေတစ်ဝက်ပဲ” သောက်ရတော့မည်။ ခွက်အသေးကို ရွေးလျှင် “ရေတစ်ခွက် အပြည့်” သောက်ရမည်။ သို့သော် ခွက်အကြီးအပေါ်တွင် သစ္စာမဲ့ရာကျသွားမည်။
စေတန်ကလည်း ကျွန်တော့်ကို “အပြောင်းအလဲ မြန်တဲ့သူ” လို့ လှောင်ပြောင်ပေလိမ့်မည်။ စေတန်၏ လှောင် ပြောင်ခြင်းကိုလည်း ကျွန်တော်မခံနိုင်။ ရေတစ်ခွက် အပြည့်ကလည်းသောက်ချင်။
ကျွန်တော့်ဦးနှောက်ထဲတွင် မုန်တိုင်းထန်လာသည်။
………………………………
………………………………
စေတန်၏ မျက်နှာကိုကြည့်ပြီး ကျွန်တော် တစ်ချက်ပြုံးပြလိုက်၏။ ပြီးတော့ ခွက်အသေးထဲက ရေတွေကို ခွက်အကြီးထဲသို့ ရောလိုက်သည်။ ခွက်အကြီးထဲတွင် ရေတွေပြည့်သွားသည်။
ရေတွေအားလုံးကို ကျွန်တော် အားရပါးရသောက်ချပစ်လိုက်တော့၏။
“ပြန်အုံးမယ်စေတန်ရေ……ဘိုင့်ဘိုင်”
စေတန်ကတော့ မျက်လုံးကြီးပြူးပြီး ကျန်ရစ်ခဲ့လေတော့သည်။
စေတန်၊ ကျွန်တော်နှင့် သိုးတစ်အုပ်
တစ်ခါက အားလပ်ရက်ရှည်တစ်ခုမှာ ကျွန်တော် သိုးတစ်အုပ်မွေးခဲ့ဖူးသည်။ စီးပွားဖြစ်မွေးခြင်းတော့မဟုတ်၊ တစ်နိုင်တစ်ပိုင် မွေးခြင်းသာဖြစ်သည်။
သိုးတွေကို ကျွန်တော်ကတစ်လှည့်၊ စေတန်ကတစ်လှည့် ကျောင်းခဲ့ကြသည်။ ကျွန်တော်သိုးကျောင်းတဲ့အခါ သိုးတွေကိုစားကျက်မှာ လွှတ်ထားလိုက်ပြီး သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ထိုင်စောင့်ရင်းကြည့်နေလိုက်သည်။ စေတန်ကတော့ ခွေးယောင်ဆောင်ပြီး သိုးတွေဘေးကနေလိုက်ပါရင်း သိုးကျောင်းသည်။
သိုးတွေကရတဲ့ သိုးမွှေးတွေကို ရောင်းချပြီး ကျွန်တော်နဲ့စေတန် မုန့်တွေဝယ်စားကြသည်။
ဒီလိုနဲ့ပဲ သိုးတွေကျောင်းလိုက်၊ သိုးမွှေးတွေရောင်းလိုက်နဲ့ အချိန်တွေ တစ်ဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ လ အနည်းငယ်ကြာလာတော့ ကျွန်တော့်သိုးအုပ်ထဲမှာ သိုးတွေလျော့လျော့လာသည်ကို စေတန်ရော ကျွန်တော်ပါ သတိထား မိလာသည်။
“ကဲ…စေတန်ရေ၊ ပြဿနာကတော့ စလာပြီ…ဘယ်လိုထင်သလဲ?”
“အေး…ဟုတ်တယ်ကွ၊ တစ်ကောင်ကောင်ကတော့ ငါတို့သိုးတွေကို တစ်နည်းနည်းနဲ့ အစဖျောက်ပစ်နေတာ ကွ…လူလား၊ တိရစ္ဆာန်လားတော့ မသိဘူး…မင်းရော ဘယ်လိုတွေးမိသလဲ?”
“ကျွန်တော်ကတော့ ၀ံပုလွေတစ်ကောင် လို့ထင်တယ်၊ ဒါမှမဟုတ် မြေခွေးတစ်ကောင်လည်း ဖြစ်နိုင်တာပဲ… လူတော့ဟုတ်မယ်မထင်ဘူး…”
“အင်း…ဟုတ်မယ်ကွ၊ ငါတို့စားကျက်က တောစပ်နည်းနည်းကျတော့ ၀ံပုလွေတွေ၊ မြေခွေးတွေ လာလာဆွဲတာ ဖြစ်နိုင်တယ်…”
“ဘာကောင်ပဲ ဖြစ်ဖြစ်ဗျာ…ဒီညတော့ စောင့်ကြည့်ရမှာပဲ…”
*****
ညသည် လသာသောညတစ်ည မဟုတ်ခဲ့ပါ။ သို့သော်လည်း ကြယ်ရောင်တွေကတော့ ခပ်မှိန်မှိန် ပျိုးပြက်လျက် ရှိသည်။
ကျွန်တော်နဲ့စေတန်ကတော့ အမှောင်ထဲမှာ ကင်းပုန်းဝပ်ပြီး ကျွန်တော်တို့သိုးတွေကို အစဖျောက်တဲ့ သတ္တ၀ါကို စောင့်နေခဲ့သည်။ သိုးတွေကတော့ စားကျက်မြေမှာ အေးအေးလူလူပဲ ရှိနေကြသည်။
အမှောင်ထဲမှာနည်းနည်းကြာလာတော့ မျက်စိကကျင့်သားရလာသည်။ ကြယ်ရောင်တွေကြောင့်လည်း ပတ်ဝန်းကျင်ကို ကောင်းကောင်းမြင်နေရ၏။
ညကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲ…။
အန္တရာယ်အငွေ့အသက်ကို စတင်သတိထားလိုက်မိသူက စေတန်…။
“ဟေ့…ဟိုမှာကြည့်လိုက်စမ်း…တောစပ်မှာ အကောင်တစ်ကောင် တစ်ရွေ့ရွေ့နဲ့လာနေပြီ…”
စေတန်ကကျွန်တော့်ကို လေသံသဲ့သဲ့နှင့်သတိပေးလိုက်သည်။ မှန်ပါသည်၊ တောစပ်ကနေ သိုးအုပ်ဆီကို ဦးတည်ပြီး အကောင်တစ်ကောင် ခြေသံလုံလုံနှင့် တစ်လှမ်းချင်းလှမ်းလာနေသည်။
ကြယ်ရောင်မှိန်မှိန်အောက်မှာ ဘာကောင်မှန်းသေချာသဲကွဲစွာ မမြင်ရသေးပေ။
ဘာကောင်မှန်းမသိသေးသော ထိုသတ္တ၀ါကတော့ ကျွန်တော်တို့ရှိနေတာကို သိပုံမရ…သိုးအုပ်ဆီကို ခပ်မှန်မှန် ဆက်လျှောက်လာနေသည်။
တစ်ဖြည်းဖြည်းနှင့် သိုးအုပ်အနီးသို့ ထိုသတ္တ၀ါရောက်လာ၏။
ကျွန်တော့်ရောစေတန်ပါ လက်ထဲကလှံတံတွေနဲ့ ထိုသတ္တ၀ါဆီသို့ ချိန်ရွယ်လိုက်သည်။ အမှောင်ထဲက ထိုသတ္တ၀ါ ပစ်ကွင်းထဲသို့ရောက်လာသည်နှင့် ကျွန်တော့်တို့လှံတွေကို ပြိုင်တူပစ်လွှတ်လိုက်သည်။ လှံတွေက ချက်ကောင်းကိုထိမှန် သွားသည်။ ထိုသတ္တ၀ါလည်း ထူးဆန်းသောအော်သံနှင့်အတူ လဲကျသွားသည်။
“ကိစ္စတော့ပြီးသွားပြီထင်တယ် စေတန်ရေ…”
“အေးကွ…လာကွာ ဘာကောင်မှန်းသိရအောင် သွားကြည့်မယ်”
ကျွန်တော်နဲ့စေတန် လဲကျနေသော ထိုသတ္တ၀ါအနီးသို့ သွားကြည့်ကြသည်။ လှံချက်အောက်မှာ အသက်ပျောက် နေသော ၀ံပုလွေတစ်ကောင်ကိုတွေ့လိုက်ရသည်။
“ကဲ…ကျွန်တော်ထင်တဲ့အတိုင်းပဲ၊ ၀ံပုလွေပါပဲဗျာ…” ကျွန်တော်က ဂုဏ်ယူစွာနဲ့ စေတန်ကိုပြောလိုက်သည်။
“နေဦးကွ…ဒီအကောင်ကကြည့်ရတာ နည်းနည်းထူးဆန်းနေတယ်…၀ံပုလွေနဲ့တူပေမယ့် ၀ံပုလွေအနံ့မရဘူးကွ။ မှန်းစမ်း…”
စကားအဆုံးမှာ စေတန်က၀ံပုလွေကို ဂုတ်ကနေကိုင်ပြီးဆွဲမလိုက်၏။ စေတန်ရဲ့လက်ထဲကို ပါလာသည်ကတော့ ၀ံပုလွေအရေခွံတစ်ခု။
ကြယ်ရောင်မှိန်မှိန်အောက်မှာ ကျွန်တော်တို့မြင်လိုက်ရသည်က သိုးမည်းတစ်ကောင်…။
“၀ံပုလွေအရေခြုံထားသော သိုးမည်းတစ်ကောင်” ၏အသက်မဲ့ခန္ဓာသည် ပြိုးပြက်သောကြယ်ရောင်အောက်၌ ငြိမ်သက်စွာလဲလျောင်းနေလေသည်…။ ။
လင်းဇင်ယော်
IDEA Magazine (March, 2011)
No comments:
Post a Comment