Tuesday, April 3, 2012

ဖေ့စ်ဘုတ်ခ်ထဲက လော့ဂ်အောက်မလုပ်ရသေးခင်

          ဖေ့စ်ဘုတ်ခ်ထဲက လော့ဂ်အောက်မလုပ်ရသေးခင်


ရယ်ဒီမိတ် ကာပူချီနိုတစ်ခွက် သောက်နေစဉ်
ပရီးမီးယားလိဂ်က ချဲလ်ဆီးနဲ့မန်ယူပွဲ ကြည့်နေစဉ်
ဘီယာနဲ့ ဘာဘီကျူးတွဲရောင်းတဲ့ ဆိုင်ကောင်းကောင်းကို လိုက်ရှာနေစဉ်
ဂျီတော့ခ်အကောင့် အသစ်တစ်ခု ထပ်ဖွင့်နေစဉ်
ပန်းကုံးစွပ်ပေးရမလား သရဖူဆောင်းပေးရမလား စဉ်းစားနေစဉ်
အော်စကာဆုပေးပွဲကို ကမ္ဘာကျော်တွေနဲ့အတူတူ ရင်ခုန်နေစဉ်
အွန်လိုင်းပေါ်မှာ တွေ့သမျှအီးဘွတ်ခ်အကုန် ဒေါင်းလုဒ်ချနေစဉ်
ဖုန်းထဲကို ရင်းတုန်းအသစ် ပြောင်းထည့်နေစဉ်
ထရိုဂျန်တွေကို ရှင်းထုတ်ဖို့အတွက် အင်တီဗိုင်းရပ်စ်အသစ် လိုက်ရှာနေစဉ်
အိပ်မက်ထဲမှာ အိပ်မက်တွေအများကြီး ထပ်မက်ဖို့ကြိုးစားနေစဉ်
ဂျပ်စတင်ဘီဘာသီချင်းတစ်ပုဒ်ရဲ့ စာသားကို အလွတ်ကျက်နေစဉ်
မီလေဆိုင်းရပ်စ်ရဲ့ ဘိုင်အိုဂရပ်ဖီကို အင်တာနက်ထဲ လိုက်ရှာနေစဉ်
လက်ဘက်ရည်ဆိုင်မှာ ရေနွေးကြမ်းလိုက်ပွဲတွေ ထပ်မှာနေစဉ်
ကမ္ဘာပြားတဲ့အကြောင်း ရွာသားတွေသိအောင် လုပ်နေစဉ်
H1N1 ထက် Nokia N စီးရီးတွေကို စိတ်ဝင်စားနေစဉ်
ကင်မ်ကလိုက်စတားရဲ့ ရိုက်ချက်တွေကို အားပေးနေစဉ်
ဖေ့စ်ဘုတ်ခ်ကပတ်စ်ဝါ့ဒ်ကို တတိယအကြိမ်မြောက် ပြောင်းနေစဉ်
ဘတ်စ်ကားမှတ်တိုင်မှာ အထူးယာဉ်တစ်စီးကို စောင့်မျှော်နေစဉ်
အိုင်တီဂျာနယ်တစ်စောင်ထဲက နောက်ဆုံးပေါ်ပစ္စည်းတွေကို သွားရည်ယိုနေစဉ်
မနေ့ညကရေးထားတဲ့ ကဗျာတစ်ပုဒ်ကို ဘလော့ဂ်ပေါ်တင်နေစဉ်
အထူးပြုလုပ်ချက်မပါတဲ့
တံခါးခေါက်သံ…
အဲဒီမှာတင် မဟာပထ၀ီမြေကြီး ပြတ်ရွေ့တုန်ခါ
အဲဒီမှာတင် လှိုင်းလုံးကြီးတွေ မိုးပေါ်ခုန်တက်
အဲဒီမှာတင်
မျက်စိရှေ့က သရီးဒီအယ်လ်စီဒီကြီး
….မှောင်….။

(ရနံ့သစ်၊ ဇူလိုင်၊ ၂၀၁၁)

No comments:

Post a Comment