Tuesday, April 3, 2012

ဝဋ်ကြွေးများ

ငါးတစ်ကာယိုသမျှမစင် ပုစွန်ခေါင်းထဲလာစုနေတာ ၀ဋ်ကြွေးလား
‘ငတေ’ မာဖို့အတွက်နဲ့ ကျန်တဲ့သူတွေသေပေးနေရတာ ၀ဋ်ကြွေးလား
နေရာတိုင်းမှာ ခြင်္သေ့တွေ၊ဆင်ဖြူတော်တွေ မင်းမူနေတာ ၀ဋ်ကြွေးလား
ပညာတတ်အလုပ်လက်မဲ့တွေ တောင်လိုပုံနေတာ ၀ဋ်ကြွေးလား
ဝင်သက်၊ ထွက်သက်၊ ပင့်သက်တွေ လမ်းမပေါ်မှာနွမ်းလျနေကြတာ ၀ဋ်ကြွေးလား
ဖိနပ်ပါးတွေပြတ်၊သနပ်ခါးတွေပျက်၊ချွေးထွက်များသလောက် သွေးထွက်များနေရတာ ၀ဋ်ကြွေးလား
တစ်နေကုန်တစ်နေခမ်း ရေကုန်ရေခမ်းကြိုးစားပေမယ့် ငွေကုန်လူပမ်းဖြစ်နေကြရတာ ၀ဋ်ကြွေးလား
ဦးနှောက်တွေရေတံခွန်လို အရှိန်ပြင်းပြင်းနဲ့ စီးဆင်းသွားခဲ့ကြတာ ၀ဋ်ကြွေးလား
ခေတ်မီမိုးမျှော်တိုက်ကြီးပေါ်မှာ ဖယောင်းတိုင်မီးတွေလင်းနေတာ ၀ဋ်ကြွေးလား
မေတ္တာတရားက နွမ်းပါးတဲ့နေရာမှာ မရှင်သန်နိုင်တာ ၀ဋ်ကြွေးလား
ပွင့်သောပန်းတိုင်း မမွှေးမြနိုင်တော့တာ ၀ဋ်ကြွေးလား
အပျံသင်စငှက်ကလေးတွေ မှိုင်းမိတွေဝေနေကြတာ ၀ဋ်ကြွေးလား
‘၀’ လုံးရေးမယ့်လက်တွေ အုတ်ခဲသယ်နေရတာ ၀ဋ်ကြွေးလား
လူ့အခွင့်အရေးမှတ်တိုင်တွေ ယိုင်နဲ့လာနေတာ ၀ဋ်ကြွေးလား
ချိုးဖြူငှက်ကို နျူးကလီးယားလက်နက်နဲ့ အချိန်ခံနေရတာ ၀ဋ်ကြွေးလား
ယုံကြည်ချက်အတွက် ‘မင်ဒဲလား’ အကျဉ်းချခံခဲ့ရတာ ၀ဋ်ကြွေးလား
ကမ္ဘာပြားတာကို ရွာသားတွေမသိနိုင်သေးတာ ၀ဋ်ကြွေးလား
မျဉ်းပြိုင်နှစ်ကြောင်း ဘယ်တော့မှမဆုံနိုင်တာ ၀ဋ်ကြွေးလား
‘နာဂစ်’ က မလိုင်ထောပတ်ကိုမစားဘဲ ဆန်ပြုတ်ကိုမှစားသွားခဲ့တာ ၀ဋ်ကြွေးလား
နှုတ်တစ်ချက်အဟမှားလို့ တုတ်တစ်ပြက်၊ဓါးတစ်ပြက်နဲ့ ချသွားခံရတာ ၀ဋ်ကြွေးလား
အူမ မတောင့်လို့ သီလမစောင့်နိုင်ကြတော့တာ ၀ဋ်ကြွေးလား
နှလုံးသားတွေ မာယာနှောင်ကြိုးနဲ့ အလှည့်စားခံနေရတာ ၀ဋ်ကြွေးလား
‘အာဖရိက’ နာမည်ဆိုးနဲ့ ကျော်ကြားနေရတာ ၀ဋ်ကြွေးလား
အနုပညာဝိညာဉ်တွေ အမှောင်ချခံထားရတာ ၀ဋ်ကြွေးလား
ရေများရာမိုးရွာပြီး နူရာဝဲစွဲ၊လဲရာသူခိုးထောင်းခံနေကြရတာ ၀ဋ်ကြွေးလား ။             

ရနံ့သစ်- နိုဝင်ဘာ၊၂၀၁၁။

1 comment: