“မြေးလေး…ဒီတစ်ခါ စာရှည်ရှည်ရေးလို့ ကျေးဇူးတင်တယ်။ အဖေကြီးဖတ်ရတာပေါ့။ ဒါပေမယ့် စာကတော့ မပြည့်စုံသေးဘူး။ သင်ကြားရတဲ့ ဘာသာရပ်တွေအကြောင်း၊ ဆရာတွေအကြောင်းရေးမယ်ဆိုရင် အများကြီးပါ။ အဖေကြီး တို့ အင်္ဂလိပ်စာသင်တဲ့ ဆရာဦးခင်မောင်လတ်(စာရေးဆရာမ ဒေါ်ခင်မျိုးချစ်ယောက်ျား) သင်တာ မှတ်လဲမှတ်မိတယ်။ နားလည်တယ်။ ရယ်ရတယ်။ အဖေကြီး မြေးလေးကို တစ်ခါပြောဖူးပါတယ်။ အင်္ဂလိပ်စကားလုံးတွေမှာ ဒီဂရီအနိမ့်အမြင့် ရှိတယ်။ ဥပမာ- ‘အံ့သြတယ်’ ဆိုတဲ့စကားကို အောက်ပါအတိုင်း ဒီဂရီအနိမ့်အမြင့်နဲ့ ရေးတယ်။
(၁) Wonder (၂) Surprise (၃) Amaze တဲ့။
နောက်ဆုံး Amaze သင်တော့ ဆရာဦးခင်မောင်လတ်က ပက်လက်ကြီးလန်သွားမလို လုပ်ပြတယ်။
အဲဒီလိုမျိုးလေးတွေပေါ့ကွာ။ ရေးချင်ရင် ရေးစရာမကုန်ပါဘူး…”
ညီလေးထံမှစာ- ရက်စွဲ ၆၊၁၊၂၀၀၃။
“ကိုကြီး…နေကောင်းရဲ့လား။ မကွေးမှာ တော်တော်ချမ်းမှာပဲနော်။ ဒီမှာတော့ အအေးပေါ့သွားပြီ။ ဒီနေ့ ကျောင်း စုံညီပွဲတော်လေ။ အဲဒီပွဲမှာ ညီလေး ဆုရတယ်။ ဆုငွေက ၇၄၀၀ လေ။ ၇၀၀၀ကို အမေ့ကိုပေးလိုက်ပြီး ၄၀၀ကို ညီလေးသုံး ဖို့ ယူထားလိုက်တယ်။ အခုတော့ Writing Pad တစ်အုပ် ၀ယ်လိုက်တယ်။ ၂၀၀ တဲ့။ ကိုကြီးသွားတော့ ပျင်းလိုက်တာ။ စာအုပ်ဖတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်ပဲ လုပ်နေရတယ်။ ကိုကြီးသွားတဲ့နေ့တုန်းက အဖေနဲ့အမေက ကိုကြီးကိုသတိရလို့ ကက်ဆက်တောင် မဖွင့်တော့ဘူး…”
သူငယ်ချင်းထံမှစာ- ရက်စွဲ ၂၂၊၇၊၂၀၀၄။
“သူငယ်ချင်း…ငါ စာရေးလိုက်တယ်။ နင်တို့ အရင်လ(၂၂)ရက်နေ့ကပို့တဲ့စာတွေ ဒီနေ့မှဖတ်ရတယ်။ ငါ့မှာလဲ ကျောင်းတက်ရ၊ ကျူရှင်ကိုပြေးရ၊ ဂိုက်ဆီသွားရနဲ့ ဖတ်ဖတ်ကိုမောနေတာပဲ။ အဲဒါကြောင့် စာတိုက်ကို အခုမှရောက်ပြီး အခုမှ ဖတ်ရတာ။ နင်တို့ပို့တဲ့စာတွေ တစ်ပြုံကြီးဖတ်ရတာ အရမ်းပျော်တာပဲ။ ငါ့ကိုသတိရလို့ ၀မ်းလည်းသာတယ်ဟာ။ ငါ့အိမ်က ပိုက်ဆံရောက်ရင် နင်တို့ဖို့ မုန့်တွေဝယ်ပေးလိုက်မယ်နော်။ ပြီးတော့ ငါကိုယ်တိုင်မလုပ်ဖြစ်တဲ့အလုပ်ကို နင်တို့ကို ခိုင်းရဦးမယ်။ စာကြိုးစားကြနော်…”
*
တစ်လောက ခရီးထွက်ရာမှ အိမ်ပြန်ရောက်တော့ မရှင်းတာကြာ၍ ရှုပ်ပွနေသည့် အခန်းကို စိမ်ပြေနပြေ ပြန်ရှင်းဖြစ်သည်။ အဓိကကတော့ ဟိုတစ်စု သည်တစ်စု ပြန့်ကျဲလျက်ရှိသော စာအုပ်များပင်။ ဖတ်ပြီးသားစာအုပ်တွေရော၊ စာမှတ်ကတ်ပြား တန်းလန်းနှင့် ဖတ်လက်စ စာအုပ်တွေရော အားလုံး အရောရော အထွေးထွေး။ သို့နှင့် စာအုပ်တွေကို သပ်သပ်ရပ်ရပ် အစီ အစဉ်တကျပြန်ထားရင်းမှ စာအုပ်စင်တစ်ခုတော့လိုအပ်နေပြီဟု စဉ်းစားမိ၏။ သည်အတိုင်းဆို ကြာလျှင် စာအုပ်တွေ ခြ ကိုက်ပြီး ပျက်စီးကုန်တော့မည်။
စာအုပ်ပုံကြီးကိုရှင်းလင်းနေရင်း စာအုပ်တွေကြားမှ အထုပ်တစ်ထုပ်ထွက်လာသည်။
ဖွင့်ကြည့်လိုက်တော့ စာအိတ်တွေ၊ စာတွေ အထပ်လိုက်…။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က မကွေးတွင် တက္ကသိုလ်တက်နေစဉ် သူငယ်ချင်းများက ရေးလိုက်သောစာ များနှင့် မိဘဆွေမျိုးများက ရေးလိုက်သောစာများ ဖြစ်၏။ သည်လိုနှင့် စာတွေကို တစ်စောင်ချင်း အေးအေးဆေးဆေး ထိုင်ဖတ်ကြည့်နေမိ၏။ ၀ါလုလုစာရွက်များပေါ်မှ ခပ်မှိန်မှိန်လက်ရေးများကို ပြန်မြင်ရတော့ ကျောင်းပြီးကတည်းက ကွဲကွာ သွားခဲ့ရသော သူငယ်ချင်းတို့၏ရုပ်ပုံလွှာများ အတွေးထဲတွင် ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပေါ်လာသည်။ အခုဆိုလျှင် တချို့ လက်ရေးရှင်တွေက ရေခြားမြေခြားသို့ ရောက်နေကြပြီ။ တချို့လက်ရေးရှင်တွေက တိုင်းပြည်အစွန်အဖျားဒေသများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြ၏။ တချို့ကတော့ လက်တွဲဖော်အသီးသီးနှင့် ဘ၀သစ်တစ်ခုကို အတူတကွ ထုဆစ်ပုံဖော် နေကြသည်။
သည်လက်ရေးတွေနှင့် သည်စာတွေ ဆယ်စုနှစ်တစ်ခုနီးပါး ကြာခဲ့ပြီဖြစ်သော်လည်း ပြန်ဖတ်မိလိုက်တိုင်း ပင်ပန်း နွမ်းနယ်နေသော စိတ်တို့ ပျိုမျစ်နုနယ်သွားရ၏။
အထက်တွင်ဖော်ပြခဲ့သော စာသုံးစောင်မှာ တက္ကသိုလ်တက်စက လက်ခံရရှိခဲ့ စာများထဲမှဖြစ်၏။ ပထမစာမှာ အဘိုးထံသို့ တက္ကသိုလ်နေ့ရက်ဦးများအကြောင်းကို စာရေးခဲ့ရာ စာမှာတိုတောင်းလွန်းသဖြင့် အဘိုးကစာရှည်ရှည်ရေးရန် တိုက်တွန်းထားသောစာဖြစ်သည်။ ဒုတိယစာမှာ ထိုစဉ်က နယ်မှာကျန်ရစ်သော အလယ်တန်းကျောင်းသား ညီငယ်ထံမှ ရေးပို့လိုက်သော စာဖြစ်၏။ တတိယစာမှာ တက္ကသိုလ်ဒုတိယနှစ်တွင် ကျောင်းပြောင်းသွားခဲ့သော သူငယ်ချင်း တစ်ယောက်ထံမှ ရေးလိုက်သော စာဖြစ်သည်။
ထိုစဉ်တုန်းက တစ်ယောက်နှင့်တစ်ယောက် စာတွေ အပြန်အလှန် ရေးဖြစ်ပို့ဖြစ်ကြ၏။ ရေးပြီးသွားသောစာများ ကို စာအိတ်အတွင်းသို့ သပ်သပ်ရပ်ရပ်ခေါက်ထည့်၊ ထို့နောက် တံဆိပ်ခေါင်းလေးများကို တံတွေးနိုင်နိုင်ဆွတ်ပြီး စာအိတ် ပေါ်မှာဖိကပ်ကာ စာတိုက်သို့ စက်ဘီးကလေးနှင့်သွားပြီး ထည့်ခဲ့ရသည်။ ပြန်စာတွေရောက်လာတိုင်းလည်း အဆောင်မှာ သူငယ်ချင်းတွေဝိုင်းစုပြီး တစ်ယောက်က စာကိုအော်ဖတ်ပြကာ ကျန်လူများက အရသာခံပြီး နားထောင်ကြ၊ ရယ်မောကြ၊ နောက်ပြောင်ကျီစယ်ကြ၊ ပြီးတော့ စာတစ်စောင်တည်းတွင် သူငယ်ချင်းတွေအားလုံးဝိုင်းစုပြီး ပြန်ရေးကြနှင့် ပျော်စရာ ကောင်းလှ၏ လက်ခံရသမျှ ပြန်စာများကိုလည်း နံပါတ်စဉ်တပ်ပြီး တယုတယ သိမ်းဆည်းထားခဲ့သည်မှာ ယနေ့ထက်ထိ ပင်…။
သည်ရက်ပိုင်းအတွင်း ‘Reader’s Digest’ ထဲမှ ကလောင်ရှင် Cyndi Freiman ၏ ‘Sincerely Yours…’ ဆိုသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖြစ်၏။ ဆောင်းပါးရှင်က…
“နည်းပညာကမ္ဘာကြီးအတွင်းမှ လက်ရေးပေးစာများ ကွယ်ပျောက်သွားတော့မည်ကို ကျွန်မအလွန်ဝမ်းနည်း နေမိပါသည်။ စာရွက်နှင့်ဘောပင်အစား ‘ကီးဘုတ်’ တွေကိုသာ အသုံးပြုနေရသဖြင့် လက်ရေးလက်သားများ ယိုယွင်းလာ ကြောင်းကို လူတိုင်းက ပွင့်ပွင့်လင်းလင်းဝန်ခံလျက်ရှိကြသည်။ ကျောင်းသူကျောင်းသားများပင်လျှင် အိမ်စာကို လေ့ကျင့် ခန်းစာအုပ်များတွင် မရေးတော့ဘဲ ကွန်ပျူတာများဖြင့်သာ လေ့ကျင့်ခန်းလုပ်ကြတော့၏…”
“ယခုအခါ လက်ရေးဖြင့်ရေးသော ပေးစာများသည် ‘ပင်ဒါနီ (Red Panda)’ တစ်ကောင်ထက်ပင် တွေ့ရခဲနေပြီ…”
“ကျွန်မတို့သည် ကျွန်မတို့၏အရင်းနှီးဆုံး မိတ်ဆွေများထံသို့ပင် ပေးစာများကို မရေးပို့ကြတော့ပါ။ ယင်းအစား ပို၍မြန်ဆန်သော ‘အီးမေးလ်’ သို့မဟုတ် ‘စာတို’ များဖြင့်သာလျှင် ဆက်သွယ်ကြတော့၏။ လက်ရေးပေးစာများရေးရန် အတွက် မည်သူကမှ အလေးအနက်ထားပြီး မစဉ်းစားကြတော့ပေ။ တိုးတက်လာသော နည်းပညာများကြောင့် ကျွန်မတို့၏ လူမှုဆက်ဆံရေးသည် ပို၍မြန်ဆန်လာ၏၊ ပို၍ကျယ်ပြန့်လာ၏။ သို့သော်လည်း လက်ရေးပေးစာများနှင့်ယှဉ်လျှင် အနှစ် သာရချင်း၊ တန်ဖိုးချင်းမှာမူ ကွာခြားလျက်ရှိသည်…”
“အီးမေးလ်များ၊ စာတိုများ အလွန်တွင်ကျယ်နေသော ဒစ်ဂျစ်တယ်ခေတ်တွင် လက်ရေးပေးစာတစ်စောင်ရေး သားရန် မည်သူမှစဉ်းစားမိကြလိမ့်မည် မဟုတ်ပေ။ လက်ပ်တော့ပ်များ၊ မိုဘိုင်းဖုန်းများအသုံးပြု၍ လိုတရနေချိန်တွင် ကျွန်မတို့သည် စာရွက်နှင့်ဘောပင်ကို ဆောင်ထားရန် မေ့နေကြပြီ။ တချို့ဆိုလျှင် ကလေးများကို စာရွက်နှင့်ဘောပင်ဖြင့် စာရေးသင်ရန် လိုဦးမည်လားဟုပင် စဉ်းစားနေကြပြီ…”
စသည်ဖြင့် ဆောင်းပါးရှင်က ပေးစာများ ရေးသားပေးပို့ခြင်းနှင့်ပတ်သက်၍ မိမိ၏ခံစားချက်များကို ထိထိမိမိ တင်ပြထားပါသည်။ ဆောင်းပါးရှင်သည် လက်ရေးပေးစာများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်လျက်ရှိ၏။
ဟုတ်ပါသည်။ နည်းပညာများ တိုးတက်ထွန်းကားလွန်းသော ယနေ့ခေတ်တွင် မည်သူမှ အချိန်ကုန်ခံပြီး စာတစ် စောင် ပေတစ်ဖွဲ့ မရေးကြတော့ပါ။ မည်သူမှ အချိန်ကုန်ခံပြီး တံဆိပ်ခေါင်းတွေကပ်ကာ စာတိုက်သို့ တကူးတက သွားမပို့ ကြတော့ပါ။ အရေးတကြီးဆက်သွယ်လိုလျှင် အီးမေးလ် သို့မဟုတ် မက်ဆေ့ခ်ျများ လှမ်းပို့လိုက်ရုံပင်။ ဒါမှမဟုတ် အချိန် မရွေး၊ နေရာမရွေး ‘ဖေ့စ်ဘုတ်ခ်’ ကနေတစ်ဆင့် ဆက်သွယ်နိုင်သေးသည်။ ယခုအခါ လူတိုင်းနီးပါး ဖေ့စ်ဘုတ်ခ်ကို နှစ်ခြိုက်စွာ သုံးစွဲနေကြပြီ။ ဖေ့စ်ဘုတ်ခ်မှတစ်ဆင့် မိမိ၏ဓါတ်ပုံများ၊ ခံစားချက်များ၊ မိမိနှစ်သက်သော သီချင်းများ၊ ရုပ်ရှင် များကို သူငယ်ချင်းများနှင့်အတူ ဝေမျှခံစားနိုင်သည်။ ဖေ့စ်ဘုတ်ခ်မှတစ်ဆင့် သူငယ်ချင်းများထံသို့ လက်ဆောင်ပစ္စည်းများ ပေးပို့နိုင်သည်။ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော သူငယ်ချင်းများကို ဖေ့စ်ဘုတ်ခ်ထဲမှာ ပြန်ရှာတွေ့နိုင်သည်။ မိသားစုများ တစ်ယောက်တစ်နေရာစီ ကွဲကွာနေရသော်လည်း ဖေ့စ်ဘုတ်ခ်ထဲမှာ ညစဉ်တွေ့နိုင်သည်။ ဖေ့စ်ဘုတ်ခ်သည် ယနေ့ခေတ် ၏ စွယ်စုံရနတ်ဘုရားတစ်ပါးပင် ဖြစ်တော့သည်။
ယနေ့ကမ္ဘာတွင် အရာရာပေါက်ကွဲတတ်သော သဘောရှိ၏။ အသိပညာတွေ ပေါက်ကွဲထွက်လာသည်။ နည်း ပညာတွေ ပေါက်ကွဲထွက်လာသည်။ ယဉ်ကျေးမှုတွေ ပေါက်ကွဲထွက်လာသည်။ (မီးတောင်တွေ၊ မြေငလျင်တွေ၊ နျူကလီးယားဓါတ်ပေါင်းဖိုတွေလည်း ပေါက်ကွဲကုန်ကြသည်။) ယခင်က ကမ္ဘာကြီးသည် ‘ဘူတာရုံလေး’ တစ်ခုသာသာမျှ ဖြစ်ခဲ့၏။ ရထားတစ်စီး ခုတ်မောင်းထွက်ခွာသွားပြီးမှသာ ဘူတာရုံထဲသို့ နောက်ရထားတစ်စီး ဆိုက်ရောက်လာနိုင်၏။ သို့သော် ယခုအခါ ကမ္ဘာသည် ‘အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး’ ကဲ့သို့ ဖြစ်လာနေပြီ။ နိုင်ငံပေါင်းစုံမှ လေယာဉ်ပေါင်း များစွာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဆင်းသက်လျက်ရှိ၏။ ထို့နောက် တစ်ခဏအတွင်းမှာပင် ထိုလေယာဉ်များ ပြန်လည်ထွက်ခွာသွားကြပြီး မကြာမီမှာပင် နောက်ထပ်လေယာဉ်အများအပြား ထပ်မံဆိုက်ရောက်လာပြန်၏။
ကမ္ဘာရွာကြီးဖြစ်လာသောအခါ လူတို့သည် အချင်းချင်း ဖေ့စ်ဘုတ်ခ်ထဲမှာ လက်ဆွဲနှုတ်ဆက်ကြသည်။ ‘ဂျီတော့ခ်’ ကနေ ချစ်ခွင့်ပန်ကြသည်။ မိုဘိုင်းဖုန်းဖြင့် မက်ဆေ့ခ်ျပို့ပြီး အဖြေပေးသည်။ အရင်ခေတ်တုန်းကလို ငှက်ခါး လေးတွေ အခါခါနားပြီး၊ သက်ထားလေးဆီ စာလွှာများမပါးကြတော့။ အီးမေးလ်ပို့လျှင်တောင်မှ စာရှည်ရှည်ရေးလေ့ မရှိတော့ဘဲ ‘ထပ်ဆင့်မေးလ် (Forward mail)’ များကိုသာ ပို့နေကြတော့၏။
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် နည်းပညာထိပ်တန်းအဆင့်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ သို့သော် ဂျပန် လူမျိုးများသည် ရင်းနှီးခင်မင်သော မိတ်ဆွေများထံသို့စာရေးရာတွင် လက်နှိပ်စက်များ၊ အီးမေးလ်များကိုမသုံးဘဲ လက်ရေး ပေးစာများဖြင့်သာ ကိုယ်တိုင်ရေးသားပေးပို့တတ်ကြသည်။ စာရေးစက္ကူကိုပင် စက်ရုံမှထွက်သော ဖြူဖွေးချောမွတ်သည့် စာရွက်အချောများကိုမသုံးဘဲ လက်ဖြစ်စက္ကူ အညိုရောင်အကြမ်းများကိုသာ အသုံးပြုကြပါသည်။ ဤသည်မှာ မိတ်ဆွေ များအပေါ် အလေးအနက်ထားတတ်သော ဂျပန်လူမျိုးတို့၏ အတုယူဖွယ်ဓလေ့တစ်ခုပင်ဖြစ်၏။
ကျောင်းပြီးသွားကတည်းက အဘိုးထံသို့ စာတွေနောက်ထပ်မရေးဖြစ်တော့ပါ။ ညီလေးနှင့် သူငယ်ချင်းများထံမှ လည်း စာတွေထပ်မရောက်လာတော့ပါ။ တံဆိပ်ခေါင်းလေးများကို တံတွေးဆွတ်ပြီး စာအိတ်ပေါ်တွင်မကပ်ရသည်မှာ နှစ်ကာလအတော်ကြာခဲ့ပြီ။ စာတိုက်ပုံးနီနီလေးထဲသို့ မည်သည့်အချိန်က စာနောက်ဆုံးထည့်ခဲ့သည်ကိုလည်း မမှတ်မိ တော့ပါ။ Cyndi Freiman ၏ဆောင်းပါးကို ဖတ်မိပြီးသောအခါမှသာ ပေးစာတစ်စောင်၏အရေးပါမှုကို နားလည်ခဲ့ပြီး သူငယ်ချင်းများထံသို့ စာရေးချင်စိတ်များ တဖွားဖွား ပြန်ပေါ်လာခဲ့ရပါသည်။ စာတွေမရေးဖြစ်ခဲ့သော အချိန်ကာလများ အတွက်လည်း နှမြောနေမိ၏။ ယနေ့မှစ၍ ချစ်ခင်သူများထံသို့ စာတစ်စောင်ရေးသားရန်အတွက် စာရွက်နှင့်ဘောပင် အမြဲအဆင်သင့်ရှိနေတော့မည် ဖြစ်ပါ၏။ တစ်စုံတစ်ယောက်က သတိတရနှင့် စီကုံးရေးဖွဲ့လိုက်သော ပေးစာတစ်စောင်ကို မြတ်နိုးနှစ်သက်စွာဖတ်ရှုရန် တစ်စုံတစ်ယောက်က အစဉ်အမြဲစောင့်ဆိုင်းလျက် ရှိပါသည်။
တယ်လီဖုန်းများမပေါ်ခင်က ကြေးနန်းဆက်သွယ်ရေးသည် အလွန်တွင်ကျယ်ခဲ့သည်။ သို့သော် တယ်လီဖုန်းများ နေရာအနှံ့ အသုံးတွင်ကျယ်လာသည့်တိုင် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းသည် ကွယ်ပျောက်၍မသွားဘဲ ယနေ့အထိ ဆက်လက်သုံးစွဲနေဆဲပင်။ ထို့အတူ အီးမေးလ်များ၊ အက်စ်အမ်အက်စ်များ ထွန်းကားလာသော်လည်း ပေးစာများမှာ မည်သည့်နည်းနှင့်မှ မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ဟု စွဲမြဲစွာ ယုံကြည်နေမိပါ၏။
ပေးစာတစ်စောင်နှင့်ပတ်သက်၍ ကဗျာဆရာတင်မိုး၏ မရိုးနိုင်သောကဗျာလေးတစ်ပုဒ်ဖြင့် ဤစာကို အဆုံးသတ် လိုက်ရပါတော့သည်…။
အလွမ်းပြေအမေရေးတဲ့
ကောက်ကွေးကွေးအက္ခရာ။
ခဲတံကိုတံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံမမှန်ကန်လဲ
အမေ့ဥာဏ်ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွတ်သည့်စာ။
ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင်မတတ်သော်လည်း
အမေ့မှာစေတနာဓါတ်တွေက
ဖျတ်ခနဲယိုလို့လာ
လွမ်းစာတဲ့ဆောင်ပါး။
အမေမရှိသော်လည်း
ဖြေမိ ဖြေစရာပေါ့
သည်လွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ်သွယ်သွယ်ကွေးလိုပ
စီရေးပုံမပြေပါလည်း
စေတနာအလွန်သန့်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား။
ကဗျာအမည်က ‘အလွမ်းပြေစာတစ်စောင်’ ….။ ။
လင်းဇင်ယော်
Ref: Sincerely Yours…by Cyndi Freiman (Reader’s Digest-January, 2011)
အတွေးအမြင်-သြဂုတ်၊ ၂၀၁၁။
No comments:
Post a Comment