Wednesday, April 4, 2012

ကမ္ဘာကျော်စတန့်မင်းသား


ကုလားထိုင်တစ်လုံးနဲ့
စတန့်ဘယ်နှစ်မျိုးလောက် လုပ်ပြလို့ရမလဲ
ကမ္ဘာကျော်စတန့်မင်းသား စဉ်းစားတယ်
ကျားတစ်ကောင်လို ကုလားထိုင်ပေါ်က
လွှားခနဲ ခုန်ကျော်ရပြမလား
မြွေတစ်ကောင်လို ကုလားထိုင်အောက်က
လျှောခနဲ လျှိုဝင်ပြရမလား
ဒါမှမဟုတ် လုံးထွေးသတ်ပုတ်ရင်းနဲ့ မျောက်တစ်ကောင်လို
ကုလားထိုင်ပေါ်မှာ စတိုင်ကျကျ တက်ထိုင်ပြရမလား
ကြမ်းပြင်ပေါ်ကို ဒီအတိုင်း ပစ်လှဲချရတာ
ပျင်းစရာကောင်းပါတယ်
ဒါကြောင့်…ရှေ့ကျွမ်းပစ်ပြီး ပစ်လှဲချတယ်
နောက်ကျွမ်းထိုးပြီး ပစ်လှဲချတယ်
ကိုယ်ခန္ဓာကို ဂျင်တစ်လုံးလို
နှစ်ပတ်သုံးပတ်လှည့်ပြီး ပစ်လှဲချတယ်
ယမ်းဘီလူးတွေ ဒီအတိုင်းဖောက်ခွဲပြရတာ
ရင်ခုန်စရာမကောင်းဘူး
ဒါကြောင့် မီးတောက်တွေ မီးခိုးလုံးတွေ
မီးရှူးမီးပန်းတွေရဲ့ နှာမှုတ်သံကြားမှာ
ကမ္ဘာကျော်စတန့်မင်းသားက
သက်စွန့်ဆံဖျား လွတ်အောင်ပြေးပြတယ်
(တချို့နေရာတွေမှာတော့ အပြာရောင်နောက်ခံပိတ်ကားရဲ့
အကူအညီနည်းနည်း ယူရတာပေါ့)
အကုန်အကျများလွန်းတဲ့
ဟောလီးဝုဒ်ရဲ့ အထူးပြုလုပ်ချက်တွေက
ပန်းသီးထည့်တဲ့ စက္ကူသေတ္တာတွေရဲ့အသုံးဝင်မှုကို
အလဲမထိုးနိုင်သေး
ကမ္ဘာကျော်စတန့်မင်းသားက
ဦးထုပ်နဲ့လည်း စတန့်လုပ်ခဲ့
ယပ်တောင်နဲ့လည်း စတန့်လုပ်ခဲ့
လှေကားတွေနဲ့လည်း စတန့်လုပ်ခဲ့
စက်ဘီးစီးရင်းနဲ့လည်း စတန့်လုပ်ခဲ့
ယူအက်စ်ဒေါ်လာအနည်းငယ်ပေးရတဲ့
နန်းကြိုးမျှင်တွေနဲ့လည်း စတန့်လုပ်ခဲ့
တွေ့သမျှ မြင်သမျှပစ္စည်းတွေနဲ့လည်း
(ကလေးတွေ)ရယ်အောင် စတန့်လုပ်ပြခဲ့
ဘောလုံးနဲ့သာ စတန့်ရမယ်ဆိုရင်
ကမ္ဘာကျော်ဘောလုံးကြီးတွေ
ကွင်းအပြင်ကိုလွင့်ထွက်ကုန်လိမ့်မယ်
တက္ကဆပ်က နွားကျောင်းသားတွေလို
လက်ညှိုးပေါ်မှာ ပစ်စတိုသေနတ်ကို
ကျွမ်းဘားကစားခိုင်းတဲ့စတန့်က ရိုးအီနေပြီ
ဒါတွေကို ခေတ်သစ်မှာ မသုံးတော့ဘူး
ဒါကြောင့် သေနတ်စတန့်အသစ်တွေ ဆန်းသစ်ခဲ့တယ်
စတန့်တချို့ဟာ လှည့်စားချက် ဒါပေမယ့်
စတန့်တချို့ဟာ ပင်ကိုစွမ်းရည်
စတန့်သာလုပ်ရမယ်ဆိုရင် အရှိန်ပြင်းပြင်းပြေးလွှားနေတဲ့
ခရီးသည်တင်ယာဉ်ကြီးတစ်စီးရဲ့ ကျောပေါ်ကနေ
နောက်တစ်စီးပေါ်ကို ခုန်ကူးပြဖို့ ဝန်မလေးဘူး
သွေးကြွနေတဲ့မီးခဲတွေပေါ်ကနေ
ခြေဗလာနဲ့ဖြတ်လျှောက်ပြဖို့ ဝန်မလေးဘူး
အရိုးအဆစ်တွေ တစ်စစီကျိုးအက်သွားလဲ ဝန်မလေးဘူး
စိတ်ကြိုက်စတန့်ရိုက်ချက်ရဖို့အတွက်
ဖလင်တွေကိုလည်း အားမနာတတ်ဘူး
ကမ္ဘာကျော်စတန့်မင်းသားနဲ့ တွဲပြီးသရုပ်ဆောင်မယ်ဆိုရင်
မင်းသမီးလည်း နည်းနည်းပါးပါးတော့ စတန့်နိုင်မှရမယ်
တိုက်အမြင့်ကြီးပေါ်က စတန့်ရဲသလား
မှန်ကွဲစတွေကြားထဲ စတန့်ရဲသလား
လှေကားထစ်တွေပေါ်က ဒလိမ့်ကောက်ကွေး စတန့်ရဲသလား
ကမ္ဘာကျော်စတန့်မင်းသားရဲ့ စတန့်တွေကြောင့်
အာရှတိုက်မှာ ရုံလျှံသွားတဲ့အခါ
ဟောလီးဝုဒ်မှာ စတန့်လုပ်ပြဖို့ ထပ်ကြိုးစားတယ်
ကော်ဇောနီပေါ်ရောက်လာတဲ့ ကမ္ဘာကျော်စတန့်မင်းသားဟာ
မိခင်တိုင်းပြည်က
လုပ်ဖော်ကိုင်ဖက်တွေကို လက်တွဲခေါ်တယ်
မျိုးဆက်သစ်တွေကို လက်တွဲခေါ်တယ်
ဟောလီးဝုဒ်က နည်းပညာတွေကို
မိခင်တိုင်းပြည်ဆီ ဖြန့်ဝေပေးခဲ့သလို
မိခင်တိုင်းပြည်ရဲ့ လျှို့ဝှက်ပန်းချီကားတွေကိုလည်း
ကမ္ဘာသိအောင် တစ်ချပ်ပြီးတစ်ချပ် ထုတ်ပြခဲ့တယ်
စတီဗင်ဆီးဂဲလ်ရဲ့စတန့်ကို လူစားထိုးလို့ရတယ်
ဗန်ဒိန်းရဲ့စတန့်ကို လူစားထိုးလို့ရတယ်
အာနိုးကြီးရဲ့စတန့်ကို လူစားထိုးလို့ရတယ်
ကမ္ဘာကျော်စတန့်မင်းသားရဲ့စတန့်ကို လူစားထိုးရင်တော့
ပရိတ်သတ်က ခွင့်လွှတ်မှာမဟုတ်ဘူး
(ကမ္ဘာကျော်စတန့်မင်းသား ဖြစ်နေလို့တဲ့)
ကမ္ဘာကျော်စတန့်မင်းသားဟာ
အမြင်လှည့်စားတဲ့ရိုက်ချက်တွေ တိုးတက်လာပေမယ့်လည်း
စတန့်တွေ ကိုယ်တိုင်လုပ်ပြနေတုန်းပဲ
ဂင်းနစ်စာအုပ်မှာ မှတ်တမ်းတင်ခံရပေမယ့်လည်း
စတန့်တွေ ကိုယ်တိုင်လုပ်ပြနေတုန်းပဲ
မဒမ်တူးဆော့ကို ရောက်ရှိခဲ့ပေမယ့်လည်း
စတန့်တွေ ကိုယ်တိုင်လုပ်ပြနေတုန်းပဲ
စတန့်တွေကြောင့် သေလုမြောပါးခံစားခဲ့ရပေမယ့်လည်း
စတန့်တွေ ကိုယ်တိုင်လုပ်ပြနေတုန်းပဲ
ကမ္ဘာကျော်စတန့်မင်းသားဟာ
အထူးပြုလုပ်ချက်တွေကို မသုံးပါဘူး
အကြောင်းက…
ကမ္ဘာကျော်စတန့်မင်းသားကိုယ်တိုင်က
ပြီးပြည့်စုံတဲ့ အထူးပြုလုပ်ချက်တစ်ခု
ဖြစ် နေ လို့ ပါ ပဲ

(၇၊၇၊၂၀၁၁)
1. Jackie Chan - My Stunts (1999)
2. Jackie Chan - Fast Funny and Furious (2002)

ငှက်ခါးလေးများ မနားတော့ပြီလား


အဘိုးထံမှစာ- ရက်စွဲ ၁၅၊၈၊၂၀၀၃။
            “မြေးလေး…ဒီတစ်ခါ စာရှည်ရှည်ရေးလို့ ကျေးဇူးတင်တယ်။ အဖေကြီးဖတ်ရတာပေါ့။ ဒါပေမယ့် စာကတော့ မပြည့်စုံသေးဘူး။ သင်ကြားရတဲ့ ဘာသာရပ်တွေအကြောင်း၊ ဆရာတွေအကြောင်းရေးမယ်ဆိုရင် အများကြီးပါ။ အဖေကြီး တို့ အင်္ဂလိပ်စာသင်တဲ့ ဆရာဦးခင်မောင်လတ်(စာရေးဆရာမ ဒေါ်ခင်မျိုးချစ်ယောက်ျား) သင်တာ မှတ်လဲမှတ်မိတယ်။ နားလည်တယ်။ ရယ်ရတယ်။ အဖေကြီး မြေးလေးကို တစ်ခါပြောဖူးပါတယ်။ အင်္ဂလိပ်စကားလုံးတွေမှာ ဒီဂရီအနိမ့်အမြင့် ရှိတယ်။ ဥပမာ- ‘အံ့သြတယ်’ ဆိုတဲ့စကားကို အောက်ပါအတိုင်း ဒီဂရီအနိမ့်အမြင့်နဲ့ ရေးတယ်။
(၁) Wonder (၂) Surprise (၃) Amaze တဲ့။
နောက်ဆုံး Amaze သင်တော့ ဆရာဦးခင်မောင်လတ်က ပက်လက်ကြီးလန်သွားမလို လုပ်ပြတယ်။
အဲဒီလိုမျိုးလေးတွေပေါ့ကွာ။ ရေးချင်ရင် ရေးစရာမကုန်ပါဘူး…”

ညီလေးထံမှစာ- ရက်စွဲ ၆၊၁၊၂၀၀၃။
            “ကိုကြီး…နေကောင်းရဲ့လား။ မကွေးမှာ တော်တော်ချမ်းမှာပဲနော်။ ဒီမှာတော့ အအေးပေါ့သွားပြီ။ ဒီနေ့ ကျောင်း စုံညီပွဲတော်လေ။ အဲဒီပွဲမှာ ညီလေး ဆုရတယ်။ ဆုငွေက ၇၄၀၀ လေ။ ၇၀၀၀ကို အမေ့ကိုပေးလိုက်ပြီး ၄၀၀ကို ညီလေးသုံး ဖို့ ယူထားလိုက်တယ်။ အခုတော့ Writing Pad တစ်အုပ် ၀ယ်လိုက်တယ်။ ၂၀၀ တဲ့။ ကိုကြီးသွားတော့ ပျင်းလိုက်တာ။ စာအုပ်ဖတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်ပဲ လုပ်နေရတယ်။ ကိုကြီးသွားတဲ့နေ့တုန်းက အဖေနဲ့အမေက ကိုကြီးကိုသတိရလို့ ကက်ဆက်တောင် မဖွင့်တော့ဘူး…”

သူငယ်ချင်းထံမှစာ- ရက်စွဲ ၂၂၊၇၊၂၀၀၄။
            “သူငယ်ချင်း…ငါ စာရေးလိုက်တယ်။ နင်တို့ အရင်လ(၂၂)ရက်နေ့ကပို့တဲ့စာတွေ ဒီနေ့မှဖတ်ရတယ်။ ငါ့မှာလဲ ကျောင်းတက်ရ၊ ကျူရှင်ကိုပြေးရ၊ ဂိုက်ဆီသွားရနဲ့ ဖတ်ဖတ်ကိုမောနေတာပဲ။ အဲဒါကြောင့် စာတိုက်ကို အခုမှရောက်ပြီး အခုမှ ဖတ်ရတာ။ နင်တို့ပို့တဲ့စာတွေ တစ်ပြုံကြီးဖတ်ရတာ အရမ်းပျော်တာပဲ။ ငါ့ကိုသတိရလို့ ၀မ်းလည်းသာတယ်ဟာ။ ငါ့အိမ်က ပိုက်ဆံရောက်ရင် နင်တို့ဖို့ မုန့်တွေဝယ်ပေးလိုက်မယ်နော်။ ပြီးတော့ ငါကိုယ်တိုင်မလုပ်ဖြစ်တဲ့အလုပ်ကို နင်တို့ကို ခိုင်းရဦးမယ်။ စာကြိုးစားကြနော်…”
*

တစ်လောက ခရီးထွက်ရာမှ အိမ်ပြန်ရောက်တော့ မရှင်းတာကြာ၍ ရှုပ်ပွနေသည့် အခန်းကို စိမ်ပြေနပြေ ပြန်ရှင်းဖြစ်သည်။ အဓိကကတော့ ဟိုတစ်စု သည်တစ်စု ပြန့်ကျဲလျက်ရှိသော စာအုပ်များပင်။ ဖတ်ပြီးသားစာအုပ်တွေရော၊ စာမှတ်ကတ်ပြား တန်းလန်းနှင့် ဖတ်လက်စ စာအုပ်တွေရော အားလုံး အရောရော အထွေးထွေး။ သို့နှင့် စာအုပ်တွေကို သပ်သပ်ရပ်ရပ် အစီ အစဉ်တကျပြန်ထားရင်းမှ စာအုပ်စင်တစ်ခုတော့လိုအပ်နေပြီဟု စဉ်းစားမိ၏။ သည်အတိုင်းဆို ကြာလျှင် စာအုပ်တွေ ခြ ကိုက်ပြီး ပျက်စီးကုန်တော့မည်။
            စာအုပ်ပုံကြီးကိုရှင်းလင်းနေရင်း စာအုပ်တွေကြားမှ အထုပ်တစ်ထုပ်ထွက်လာသည်။
            ဖွင့်ကြည့်လိုက်တော့ စာအိတ်တွေ၊ စာတွေ အထပ်လိုက်…။
            လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က မကွေးတွင် တက္ကသိုလ်တက်နေစဉ် သူငယ်ချင်းများက ရေးလိုက်သောစာ များနှင့် မိဘဆွေမျိုးများက ရေးလိုက်သောစာများ ဖြစ်၏။ သည်လိုနှင့် စာတွေကို တစ်စောင်ချင်း အေးအေးဆေးဆေး ထိုင်ဖတ်ကြည့်နေမိ၏။ ၀ါလုလုစာရွက်များပေါ်မှ ခပ်မှိန်မှိန်လက်ရေးများကို ပြန်မြင်ရတော့ ကျောင်းပြီးကတည်းက ကွဲကွာ သွားခဲ့ရသော သူငယ်ချင်းတို့၏ရုပ်ပုံလွှာများ အတွေးထဲတွင် ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပေါ်လာသည်။ အခုဆိုလျှင် တချို့ လက်ရေးရှင်တွေက ရေခြားမြေခြားသို့ ရောက်နေကြပြီ။ တချို့လက်ရေးရှင်တွေက တိုင်းပြည်အစွန်အဖျားဒေသများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြ၏။ တချို့ကတော့ လက်တွဲဖော်အသီးသီးနှင့် ဘ၀သစ်တစ်ခုကို အတူတကွ ထုဆစ်ပုံဖော် နေကြသည်။
            သည်လက်ရေးတွေနှင့် သည်စာတွေ ဆယ်စုနှစ်တစ်ခုနီးပါး ကြာခဲ့ပြီဖြစ်သော်လည်း ပြန်ဖတ်မိလိုက်တိုင်း ပင်ပန်း နွမ်းနယ်နေသော စိတ်တို့  ပျိုမျစ်နုနယ်သွားရ၏။
            အထက်တွင်ဖော်ပြခဲ့သော စာသုံးစောင်မှာ တက္ကသိုလ်တက်စက လက်ခံရရှိခဲ့ စာများထဲမှဖြစ်၏။ ပထမစာမှာ အဘိုးထံသို့ တက္ကသိုလ်နေ့ရက်ဦးများအကြောင်းကို စာရေးခဲ့ရာ စာမှာတိုတောင်းလွန်းသဖြင့် အဘိုးကစာရှည်ရှည်ရေးရန် တိုက်တွန်းထားသောစာဖြစ်သည်။ ဒုတိယစာမှာ ထိုစဉ်က နယ်မှာကျန်ရစ်သော အလယ်တန်းကျောင်းသား ညီငယ်ထံမှ ရေးပို့လိုက်သော စာဖြစ်၏။ တတိယစာမှာ တက္ကသိုလ်ဒုတိယနှစ်တွင် ကျောင်းပြောင်းသွားခဲ့သော သူငယ်ချင်း တစ်ယောက်ထံမှ ရေးလိုက်သော စာဖြစ်သည်။
            ထိုစဉ်တုန်းက တစ်ယောက်နှင့်တစ်ယောက် စာတွေ အပြန်အလှန် ရေးဖြစ်ပို့ဖြစ်ကြ၏။ ရေးပြီးသွားသောစာများ ကို စာအိတ်အတွင်းသို့ သပ်သပ်ရပ်ရပ်ခေါက်ထည့်၊ ထို့နောက် တံဆိပ်ခေါင်းလေးများကို တံတွေးနိုင်နိုင်ဆွတ်ပြီး စာအိတ် ပေါ်မှာဖိကပ်ကာ စာတိုက်သို့ စက်ဘီးကလေးနှင့်သွားပြီး ထည့်ခဲ့ရသည်။ ပြန်စာတွေရောက်လာတိုင်းလည်း အဆောင်မှာ သူငယ်ချင်းတွေဝိုင်းစုပြီး တစ်ယောက်က စာကိုအော်ဖတ်ပြကာ ကျန်လူများက အရသာခံပြီး နားထောင်ကြ၊ ရယ်မောကြ၊ နောက်ပြောင်ကျီစယ်ကြ၊ ပြီးတော့ စာတစ်စောင်တည်းတွင် သူငယ်ချင်းတွေအားလုံးဝိုင်းစုပြီး ပြန်ရေးကြနှင့် ပျော်စရာ ကောင်းလှ၏ လက်ခံရသမျှ  ပြန်စာများကိုလည်း နံပါတ်စဉ်တပ်ပြီး တယုတယ သိမ်းဆည်းထားခဲ့သည်မှာ ယနေ့ထက်ထိ ပင်…။
            သည်ရက်ပိုင်းအတွင်း ‘Reader’s Digest’ ထဲမှ ကလောင်ရှင် Cyndi Freiman ၏ ‘Sincerely Yours…’ ဆိုသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖြစ်၏။ ဆောင်းပါးရှင်က…
            “နည်းပညာကမ္ဘာကြီးအတွင်းမှ လက်ရေးပေးစာများ ကွယ်ပျောက်သွားတော့မည်ကို ကျွန်မအလွန်ဝမ်းနည်း နေမိပါသည်။ စာရွက်နှင့်ဘောပင်အစား ‘ကီးဘုတ်’ တွေကိုသာ အသုံးပြုနေရသဖြင့် လက်ရေးလက်သားများ ယိုယွင်းလာ ကြောင်းကို လူတိုင်းက ပွင့်ပွင့်လင်းလင်းဝန်ခံလျက်ရှိကြသည်။ ကျောင်းသူကျောင်းသားများပင်လျှင် အိမ်စာကို လေ့ကျင့် ခန်းစာအုပ်များတွင် မရေးတော့ဘဲ ကွန်ပျူတာများဖြင့်သာ လေ့ကျင့်ခန်းလုပ်ကြတော့၏…”
            “ယခုအခါ လက်ရေးဖြင့်ရေးသော ပေးစာများသည် ‘ပင်ဒါနီ (Red Panda)’ တစ်ကောင်ထက်ပင် တွေ့ရခဲနေပြီ…”
            “ကျွန်မတို့သည် ကျွန်မတို့၏အရင်းနှီးဆုံး မိတ်ဆွေများထံသို့ပင် ပေးစာများကို မရေးပို့ကြတော့ပါ။ ယင်းအစား ပို၍မြန်ဆန်သော ‘အီးမေးလ်’ သို့မဟုတ် ‘စာတို’ များဖြင့်သာလျှင် ဆက်သွယ်ကြတော့၏။ လက်ရေးပေးစာများရေးရန် အတွက် မည်သူကမှ အလေးအနက်ထားပြီး မစဉ်းစားကြတော့ပေ။ တိုးတက်လာသော နည်းပညာများကြောင့် ကျွန်မတို့၏ လူမှုဆက်ဆံရေးသည် ပို၍မြန်ဆန်လာ၏၊ ပို၍ကျယ်ပြန့်လာ၏။ သို့သော်လည်း လက်ရေးပေးစာများနှင့်ယှဉ်လျှင် အနှစ် သာရချင်း၊ တန်ဖိုးချင်းမှာမူ ကွာခြားလျက်ရှိသည်…”
            “အီးမေးလ်များ၊ စာတိုများ အလွန်တွင်ကျယ်နေသော ဒစ်ဂျစ်တယ်ခေတ်တွင် လက်ရေးပေးစာတစ်စောင်ရေး သားရန် မည်သူမှစဉ်းစားမိကြလိမ့်မည် မဟုတ်ပေ။ လက်ပ်တော့ပ်များ၊ မိုဘိုင်းဖုန်းများအသုံးပြု၍ လိုတရနေချိန်တွင် ကျွန်မတို့သည် စာရွက်နှင့်ဘောပင်ကို ဆောင်ထားရန် မေ့နေကြပြီ။ တချို့ဆိုလျှင် ကလေးများကို စာရွက်နှင့်ဘောပင်ဖြင့် စာရေးသင်ရန် လိုဦးမည်လားဟုပင် စဉ်းစားနေကြပြီ…”
            စသည်ဖြင့် ဆောင်းပါးရှင်က ပေးစာများ ရေးသားပေးပို့ခြင်းနှင့်ပတ်သက်၍ မိမိ၏ခံစားချက်များကို ထိထိမိမိ တင်ပြထားပါသည်။ ဆောင်းပါးရှင်သည် လက်ရေးပေးစာများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်လျက်ရှိ၏။
            ဟုတ်ပါသည်။ နည်းပညာများ တိုးတက်ထွန်းကားလွန်းသော ယနေ့ခေတ်တွင် မည်သူမှ အချိန်ကုန်ခံပြီး စာတစ် စောင် ပေတစ်ဖွဲ့ မရေးကြတော့ပါ။ မည်သူမှ အချိန်ကုန်ခံပြီး တံဆိပ်ခေါင်းတွေကပ်ကာ စာတိုက်သို့ တကူးတက သွားမပို့ ကြတော့ပါ။ အရေးတကြီးဆက်သွယ်လိုလျှင် အီးမေးလ် သို့မဟုတ် မက်ဆေ့ခ်ျများ လှမ်းပို့လိုက်ရုံပင်။ ဒါမှမဟုတ် အချိန် မရွေး၊ နေရာမရွေး ‘ဖေ့စ်ဘုတ်ခ်’ ကနေတစ်ဆင့် ဆက်သွယ်နိုင်သေးသည်။ ယခုအခါ လူတိုင်းနီးပါး ဖေ့စ်ဘုတ်ခ်ကို နှစ်ခြိုက်စွာ သုံးစွဲနေကြပြီ။ ဖေ့စ်ဘုတ်ခ်မှတစ်ဆင့် မိမိ၏ဓါတ်ပုံများ၊ ခံစားချက်များ၊ မိမိနှစ်သက်သော သီချင်းများ၊ ရုပ်ရှင် များကို သူငယ်ချင်းများနှင့်အတူ ဝေမျှခံစားနိုင်သည်။ ဖေ့စ်ဘုတ်ခ်မှတစ်ဆင့် သူငယ်ချင်းများထံသို့ လက်ဆောင်ပစ္စည်းများ ပေးပို့နိုင်သည်။ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော သူငယ်ချင်းများကို ဖေ့စ်ဘုတ်ခ်ထဲမှာ ပြန်ရှာတွေ့နိုင်သည်။ မိသားစုများ တစ်ယောက်တစ်နေရာစီ ကွဲကွာနေရသော်လည်း ဖေ့စ်ဘုတ်ခ်ထဲမှာ ညစဉ်တွေ့နိုင်သည်။ ဖေ့စ်ဘုတ်ခ်သည် ယနေ့ခေတ် ၏ စွယ်စုံရနတ်ဘုရားတစ်ပါးပင် ဖြစ်တော့သည်။
ယနေ့ကမ္ဘာတွင် အရာရာပေါက်ကွဲတတ်သော သဘောရှိ၏။ အသိပညာတွေ ပေါက်ကွဲထွက်လာသည်။ နည်း ပညာတွေ ပေါက်ကွဲထွက်လာသည်။ ယဉ်ကျေးမှုတွေ ပေါက်ကွဲထွက်လာသည်။ (မီးတောင်တွေ၊ မြေငလျင်တွေ၊ နျူကလီးယားဓါတ်ပေါင်းဖိုတွေလည်း ပေါက်ကွဲကုန်ကြသည်။) ယခင်က ကမ္ဘာကြီးသည် ‘ဘူတာရုံလေး’ တစ်ခုသာသာမျှ ဖြစ်ခဲ့၏။ ရထားတစ်စီး ခုတ်မောင်းထွက်ခွာသွားပြီးမှသာ ဘူတာရုံထဲသို့ နောက်ရထားတစ်စီး ဆိုက်ရောက်လာနိုင်၏။ သို့သော် ယခုအခါ ကမ္ဘာသည် ‘အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး’ ကဲ့သို့ ဖြစ်လာနေပြီ။ နိုင်ငံပေါင်းစုံမှ လေယာဉ်ပေါင်း များစွာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဆင်းသက်လျက်ရှိ၏။ ထို့နောက် တစ်ခဏအတွင်းမှာပင် ထိုလေယာဉ်များ ပြန်လည်ထွက်ခွာသွားကြပြီး မကြာမီမှာပင် နောက်ထပ်လေယာဉ်အများအပြား ထပ်မံဆိုက်ရောက်လာပြန်၏။
            ကမ္ဘာရွာကြီးဖြစ်လာသောအခါ လူတို့သည် အချင်းချင်း ဖေ့စ်ဘုတ်ခ်ထဲမှာ လက်ဆွဲနှုတ်ဆက်ကြသည်။ ‘ဂျီတော့ခ်’ ကနေ ချစ်ခွင့်ပန်ကြသည်။ မိုဘိုင်းဖုန်းဖြင့် မက်ဆေ့ခ်ျပို့ပြီး အဖြေပေးသည်။ အရင်ခေတ်တုန်းကလို ငှက်ခါး လေးတွေ အခါခါနားပြီး၊ သက်ထားလေးဆီ စာလွှာများမပါးကြတော့။ အီးမေးလ်ပို့လျှင်တောင်မှ စာရှည်ရှည်ရေးလေ့ မရှိတော့ဘဲ ‘ထပ်ဆင့်မေးလ် (Forward mail)’ များကိုသာ ပို့နေကြတော့၏။
            ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် နည်းပညာထိပ်တန်းအဆင့်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ သို့သော် ဂျပန် လူမျိုးများသည် ရင်းနှီးခင်မင်သော မိတ်ဆွေများထံသို့စာရေးရာတွင် လက်နှိပ်စက်များ၊ အီးမေးလ်များကိုမသုံးဘဲ လက်ရေး ပေးစာများဖြင့်သာ ကိုယ်တိုင်ရေးသားပေးပို့တတ်ကြသည်။ စာရေးစက္ကူကိုပင် စက်ရုံမှထွက်သော ဖြူဖွေးချောမွတ်သည့် စာရွက်အချောများကိုမသုံးဘဲ လက်ဖြစ်စက္ကူ အညိုရောင်အကြမ်းများကိုသာ အသုံးပြုကြပါသည်။ ဤသည်မှာ မိတ်ဆွေ များအပေါ် အလေးအနက်ထားတတ်သော ဂျပန်လူမျိုးတို့၏ အတုယူဖွယ်ဓလေ့တစ်ခုပင်ဖြစ်၏။
            ကျောင်းပြီးသွားကတည်းက အဘိုးထံသို့ စာတွေနောက်ထပ်မရေးဖြစ်တော့ပါ။ ညီလေးနှင့် သူငယ်ချင်းများထံမှ လည်း စာတွေထပ်မရောက်လာတော့ပါ။ တံဆိပ်ခေါင်းလေးများကို တံတွေးဆွတ်ပြီး စာအိတ်ပေါ်တွင်မကပ်ရသည်မှာ နှစ်ကာလအတော်ကြာခဲ့ပြီ။ စာတိုက်ပုံးနီနီလေးထဲသို့ မည်သည့်အချိန်က စာနောက်ဆုံးထည့်ခဲ့သည်ကိုလည်း မမှတ်မိ တော့ပါ။ Cyndi Freiman ၏ဆောင်းပါးကို ဖတ်မိပြီးသောအခါမှသာ ပေးစာတစ်စောင်၏အရေးပါမှုကို နားလည်ခဲ့ပြီး သူငယ်ချင်းများထံသို့ စာရေးချင်စိတ်များ တဖွားဖွား ပြန်ပေါ်လာခဲ့ရပါသည်။ စာတွေမရေးဖြစ်ခဲ့သော အချိန်ကာလများ အတွက်လည်း နှမြောနေမိ၏။ ယနေ့မှစ၍ ချစ်ခင်သူများထံသို့ စာတစ်စောင်ရေးသားရန်အတွက် စာရွက်နှင့်ဘောပင် အမြဲအဆင်သင့်ရှိနေတော့မည် ဖြစ်ပါ၏။ တစ်စုံတစ်ယောက်က သတိတရနှင့် စီကုံးရေးဖွဲ့လိုက်သော ပေးစာတစ်စောင်ကို မြတ်နိုးနှစ်သက်စွာဖတ်ရှုရန် တစ်စုံတစ်ယောက်က အစဉ်အမြဲစောင့်ဆိုင်းလျက် ရှိပါသည်။
တယ်လီဖုန်းများမပေါ်ခင်က ကြေးနန်းဆက်သွယ်ရေးသည် အလွန်တွင်ကျယ်ခဲ့သည်။ သို့သော် တယ်လီဖုန်းများ နေရာအနှံ့ အသုံးတွင်ကျယ်လာသည့်တိုင် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းသည် ကွယ်ပျောက်၍မသွားဘဲ ယနေ့အထိ ဆက်လက်သုံးစွဲနေဆဲပင်။ ထို့အတူ အီးမေးလ်များ၊ အက်စ်အမ်အက်စ်များ ထွန်းကားလာသော်လည်း ပေးစာများမှာ မည်သည့်နည်းနှင့်မှ မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ဟု စွဲမြဲစွာ ယုံကြည်နေမိပါ၏။
            ပေးစာတစ်စောင်နှင့်ပတ်သက်၍ ကဗျာဆရာတင်မိုး၏ မရိုးနိုင်သောကဗျာလေးတစ်ပုဒ်ဖြင့် ဤစာကို အဆုံးသတ် လိုက်ရပါတော့သည်…။

အလွမ်းပြေအမေရေးတဲ့
ကောက်ကွေးကွေးအက္ခရာ။

ခဲတံကိုတံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံမမှန်ကန်လဲ
အမေ့ဥာဏ်ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွတ်သည့်စာ။

ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင်မတတ်သော်လည်း
အမေ့မှာစေတနာဓါတ်တွေက
ဖျတ်ခနဲယိုလို့လာ
လွမ်းစာတဲ့ဆောင်ပါး။

အမေမရှိသော်လည်း
ဖြေမိ ဖြေစရာပေါ့
သည်လွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ်သွယ်သွယ်ကွေးလိုပ
စီရေးပုံမပြေပါလည်း
စေတနာအလွန်သန့်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား။

            ကဗျာအမည်က ‘အလွမ်းပြေစာတစ်စောင်’ ….။    ။
လင်းဇင်ယော်

Ref: Sincerely Yours…by Cyndi Freiman (Reader’s Digest-January, 2011)
အတွေးအမြင်-သြဂုတ်၊ ၂၀၁၁။

ပင်လယ်တေလေ

        


ပင်လယ်=အိမ်
ပင်လယ်=ဝမ်းစာ
ပင်လယ်=သင်္ချိုင်း
ဘ၀အတွက် ပြီးပြည့်စုံတဲ့ အီကွေးရှင်း…
ရေပေါ်မြို့ကို ရေအောက်မြို့လောက်
စိတ်မ၀င်စားဘူး
မြေအောက်သတ္တုကို ခရုခွံတွေလောက်
စိတ်မ၀င်စားဘူး
National Geographic ကိုမသိပေမယ့်
National Geographic က သိတယ်
လေဒီဂါဂါကို မသိဘူး
အင်ဂျလီနာဂျိုလီကို မသိဘူး
ဒါပေမယ့်
သဘာဝတရားရဲ့ ပို့ချချက်ကြောင့်
နာဂစ်ကို သိတယ်
ဆူနာမီကို သိတယ်
ရေငုပ်၊ ငါးဖမ်း၊ လှေထွင်း
ကျွမ်းတယ်
ယဉ်ကျေးမှုနဲ့ ကိုးကွယ်မှု
ကျောက်ခေတ်ထက် နည်းနည်းသာတယ်
ဂီတရှိတယ်
အချစ်ရှိတယ်
ကဗန်းလှေတစ်စင်း
ဗုံတစ်လုံး
ဓါးတစ်ချောင်းနဲ့
ပင်လယ်ကို ဇက်ခွံ့နေသူများ…

(၃၁၊၅၊၂၀၁၁)

အယ်ဇိုင်းမား



ဗီးနပ်စ်ရဲ့လက်နှစ်ဘက်ကို ရှာရတာကမှလွယ်လိမ့်ဦးမယ်
အခုတော့ မြေပုံရှိရက်သားနဲ့
မြို့ကပျောက်နေပြီ ။     ။

(၁၅၊၁၊၂၀၁၁)          

မိသားစု

အစက
တစ်ယောက်အိပ် ခြင်ထောင်လေး တစ်လုံးတည်းရယ်
နောက်တော့ နှစ်ယောက်အိပ်ခြင်ထောင်နဲ့ ဖြစ်လာပေါ့
ဒီလိုနဲ့ နှစ်ယောက်အိပ်ခြင်ထောင်ဘေးမှာ ခြုပ်ခြင်ထောင် ပိစိကွေးလေးတစ်လုံး ရောက်လာခဲ့
ပြီးတော့ နောက်တစ်လုံး…
ကြာလာတော့ ဧရာမခြင်ထောင်ကြီးတစ်လုံး ၀ယ်ရပြန်ပေါ့
တဖြည်းဖြည်းနဲ့ ခြင်ထောင်ကြီးရဲ့ ကြိုးတစ်ဖက် စပြတ်ခဲ့
သိပ်မကြာခင်မှာပဲ နောက်ထပ်ကြိုးတစ်ဖက် ထပ်ပြတ်သွားခဲ့
အခုတော့
အဖာအထေးတွေ ဗရပွနဲ့ ချောင်ထိုးထားခဲ့တဲ့
နှစ်ယောက်အိပ် ခြင်ထောင်ဟောင်းလေးကိုပဲ ပြန်ထောင်ရတော့မယ်။  

လင်းဇင်ယော်
(၁၊၁၊၂၀၁၁)

Tuesday, April 3, 2012

မေမေဈေးကိုရောက်ရင်လေ





မေမေ ဈေးသွားတော့မလို့လား…။
            အတော်ပဲ မေမေရယ်။ ကျွန်တော် ပစ္စည်းလေးနည်းနည်းမှာလိုက်ချင်လို့။ ၀ယ်လာခဲ့ပေးနော်။
            မေမေ ဈေးကိုရောက်ရင်လေ ကျွန်တော့်အတွက် ‘စိတ်လျှော်ဆပ်ပြာမှုန့်’ တစ်ထုပ်လောက်ဝယ်လာခဲ့ပေးပါ။ ကျွန်တော့်မှာ မလျှော်မဖွပ်ဘဲ ခြင်းထဲမှာပဲစုပုံထားရလို့ ညစ်ထေးနေတဲ့စိတ်တွေ တောင်လိုပုံနေပြီ။ အနံ့အသက်ကလည်း ညှင်းသိုးသိုးနဲ့။ အဲဒါကြောင့် ကျွန်တော့်အတွက် စိတ်လျှော်ဆပ်ပြာမှုန့် ကောင်းကောင်းမွှေးမွှေး တစ်ထုပ်လောက် ၀ယ်လာ ခဲ့ပါနော်။ ဈေးပေါတာတွေလည်း မ၀ယ်လာခဲ့နဲ့နော်။ အဲဒါတွေနဲ့လျှော်လိုက်ရင် ကျွန်တော့်စိတ်တွေရိဆွေးပြီး ခဏလေးနဲ့ စုတ်ပြဲထွက်ကုန်လိမ့်မယ်။
            ပြီးတော့ ကျွန်တော့်မှာ စိတ်သစ်ဆပ်ပြာကုန်နေလို့ ‘စိတ်သစ်ဆပ်ပြာဗူး’ တစ်ဗူးလည်း ၀ယ်ခဲ့ပါအုံးမေမေရယ်။ မနက်အိပ်ရာထ စိတ်သစ်ဆပ်ပြာလေးနဲ့ သစ်လိုက်ရမှ တစ်ညလုံးအိပ်ပုပ်ကြီးထားတဲ့စိတ်တွေ လန်းဆန်းကြည်လင် လာတာမေမေရဲ့။ ညအိပ်ရာဝင်ခါနီးရင်လည်း စိတ်သစ်ဆပ်ပြာလေးနဲ့ သစ်လိုက်မှဘဲ တစ်နေကုန်စွန်းပေနေတဲ့ အညစ် အကြေးတွေ ကျွတ်ထွက်ကုန်ပြီး သန့်ရှင်းတောက်ပြောင်သွားတော့တယ်။ အဲဒီစိတ်သစ်ဆပ်ပြာနဲ့ မသစ်ဘဲထားရင် ကျွန်တော့်ရဲ့စိတ်တွေမှာ အဖုအပိမ့်တွေ ထွက်လာလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော့်အတွက် စိတ်သစ်ဆပ်ပြာဗူးလေး တစ်ဗူးလောက် ၀ယ်ခဲ့ပေးနော်။
            ပြီးတော့ရှိသေးတယ် မေမေရဲ့။ ဈေးရောက်လို့ရှိရင် ကျွန်တော့်အတွက် ‘စိတ်တိုက်တံ’ အသစ်စက်စက် တစ်ချောင်းလောက် ရှာပြီးဝယ်ခဲ့ပေးပါအုံး။ ကျွန်တော့်ရဲ့ စိတ်တိုက်တံအဟောင်းလေးက မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညတစ်ခါနဲ့ တစ်နေ့သုံးခေါက်လောက်တိုက်နေရတော့ အနားစတွေဖွာလန်ကြဲပြီး ကျွတ်ထွက်ကုန်ပြီ။ အဲဒီလို ခဏခဏ မတိုက်ပေးပြန်ရင် စိတ်အကြွင်းအကျန်တွေ စုပုံလာပြီး စိတ်ပုပ်စော်နံလာလိမ့်မယ် မေမေရဲ့။ ဒါကြောင့် စိတ်တိုက်တံ ကောင်းကောင်းလေး တစ်ချောင်းလောက် ရှာပြီးဝယ်ခဲ့ပါနော်။ အရောင်ကတော့ အဖြူရောင်လေးပဲ ၀ယ်ခဲ့ပါမေမေ။ ပြီးတော့ ‘စိတ်တိုက်ဆေးဗူး’ တစ်ဗူးပါ တစ်လက်စတည်း ၀ယ်ထားလိုက်ရင်ကောင်းမယ်။ ကျွန်တော့် စိတ်တိုက်ဆေးဗူး လည်း ကုန်ခါနီးနေပြီ။ မေမေ… ဒီတစ်ခါဝယ်ရင် စိတ်တိုက်ဆေးဗူး ‘အကြီး’ ၀ယ်ခဲ့နော်။ ဗူးသေးက အသုံးမခံဘူး မေမေရဲ့။ စိတ်တွေက တိုက်ရချွတ်ရလွန်းတော့ ခဏလေးနဲ့ကုန်ကုန်သွားတယ်။ ပြီးတော့ ၀ယ်တဲ့အခါမှာလည်း သေသေချာချာ ရွေးပြီးဝယ်ခဲ့နော်။ စိတ်တိုက် ဆေးဗူးတွေက နှစ်ရောင်ခြယ်စိတ်လှဆေးတို့၊ သုံးရောင်ခြယ်စိတ်လှဆေးတို့ ဆိုပြီး အမျိုးစုံအောင်ရှိတယ် မေမေရဲ့။ ကြိုက်တာသာဝယ်လာခဲ့ပါ မေမေရယ်။ အရေးကြီးတာက စိတ်တွေခိုင်မာပြီး ဖြူစင် တောက်ပြောင်လာဖို့ပါပဲ။
            မှာစရာတွေက ကျန်သေးတယ် မေမေရဲ့။ ကျွန်တော့်စိတ်တွေကို မရိတ်မသင်ဘဲ ဒီအတိုင်း ထားထားတော့ ကျိုးတို့ကျဲတဲ ထိုးထိုးထောင်ထောင်နဲ့ ကြည့်လို့မကောင်းဘူး ဖြစ်နေတယ်။ အဲဒါ ကျွန်တော်အတွက် ‘စိတ်ရိတ်ဓါး’ လေးတစ်ချောင်းလောက်လည်း လမ်းကြုံရင်ဝယ်လာခဲ့ပေးပါအုံး။ အဲဒါမှ ဟိုတစ်စ သည်တစ်စဖြစ်နေတဲ့ စိတ်တွေကို ရှင်းလို့ရမှာ။
            အခုတလော ညညဆိုရင် လျှပ်စစ်မီးတွေက မကြာခဏပျက်ပျက်နေတတ်တယ် မေမေ။ အဲဒါကြောင့် မီး ရုတ်တရက်ပျက်သွားရင် အရေးပေါ်ထွန်းရအောင် ‘စိတ်လင်းဓါတ်မီး’ လေးတစ်လုံးလောက်လည်း ၀ယ်ပြီးဆောင်ထားရင် ကောင်းမယ်နော်။ တော်တော်ကြာ မီးပျက်သွားတဲ့အခါ ဘာမှမမြင်ရဘဲ စိတ်မှောင်မှောင်ကြီးထဲမှာ ငုတ်တုတ်ထိုင် နေရလိမ့်မယ်။ စိတ်လင်းဓါတ်မီးလေးထွန်းထားတော့ အဆင်ပြေတာပေါ့ မေမေရယ်။ ဓါတ်ခဲနဲ့ဟာ မ၀ယ်ခဲ့နဲ့နော်။ လျှပ်စစ်နဲ့အားပြန်သွင်းလို့ရတဲ့ စိတ်လင်းဓါတ်မီးပဲ ၀ယ်ခဲ့ပါမေမေ။
            ပြီးတော့ ကျွန်တော်က ထမင်းစားပြီးရင် တခါတလေစိတ်ကြားညှပ်တတ်တော့ ‘စိတ်ကြားထိုးတံ’ လေးတွေလည်း ၀ယ်လာပေးပါအုံး။ အများကြီးမဟုတ်ပါဘူး မေမေ။ လေးငါးချောင်းလောက်ဆို ရပါတယ်။ ထမင်းစားပြီးတိုင်း ခိုးလိုးခုလုနဲ့ စိတ်ကြားညှပ်နေရင် ကျွန်တော်မနေတတ်ဘူးမေမေရဲ့။ ဒါကြောင့် စိတ်ကြားညှပ်နေတဲ့အခါ စိတ်ကြားထိုးတံလေးနဲ့ ကလော်ထုတ်၊ ထိုးထုတ်လိုက်မှ နေသာထိုင်သာရှိသွားမှာ။ ပြီးတော့ ကျွန်တော့်အခန်းထဲမှာ စိတ်အမှိုက်တွေက ဗြုတ်စဗျင်းတောင်းနဲ့ ပြန့်ကျဲရှုပ်ပွနေတာပဲ မေမေရာ။ ဖွတဲ့သူကတော့ တစ်ခြားလူမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ပါပဲ မေမေရာ။ အဲဒါ ကျွန်တော့်အခန်းထဲက စိတ်အမှိုက်အစအနတွေ ထည့်ထားဖို့အတွက် ‘စိတ်အမှိုက်ပုံး’ လေးတစ်ပုံး လောက် လုပ်ထားရင်ကောင်းမယ်ထင်တယ်နော်။
            ဒါနဲ့မေမေ။ ဈေးရောက်ရင် ဆေးဆိုင်တွေဘက်ရော ရောက်အုံးမလား။ ရောက်ဖြစ်ရင် ကျွန်တော့်အတွက် စိတ်ကိုက်ပျောက်ဆေးတစ်ကဒ်ရယ်၊ စိတ်အစာကြေဆေးတစ်ကဒ်ရယ် ၀ယ်လာခဲ့ပေးပါ။ စိတ်ကိုက်ပြီး စိတ်မကြည်မလင် ဖြစ်နေရင် စာကြည့်ပျက်မှာစိုးလို့ပါ မေမေ။ စာမေးပွဲကလည်း ဖြေရဖို့နီးလာပြီဆိုတော့လေ။ မေမေ… ပိုက်ဆံလောက် သေးရင် ဆေးဆိုင်ရောက်လက်စနဲ့ စိတ်အားဆေးဗူးတစ်ဗူးလောက်လည်း ၀ယ်ခဲ့ပါလား။ တစ်မိသားစုလုံး သောက်လို့ ရမယ့် စိတ်အားဆေးဗူးမျိုးပေါ့။ ဈေးသိပ်ကြီးရင်တော့လည်း မ၀ယ်ပါနဲ့တော့မေမေရယ်။ ဒါမသောက်လို့လည်း ဘာမှဖြစ် မသွားပါဘူး။
            ဒါပေမယ့် မေမေရေ။ ဈေးရောက်ရင် မ၀ယ်မဖြစ်ဝယ်ရမယ့် ပစ္စည်းတစ်ခုရှိတယ်။ ဘာလဲ ဆိုတော့ ‘စိတ်ထောင်ချောက်’ လေ။ ညညကျ လူခြေတိတ်ချိန်ဆိုရင် ဟိုနားကတကျွိကျွိ၊ ဒီနားကတကျွိကျွိနဲ့ စိတ်တွေက အရမ်း သောင်းကျန်းနေတာ အိပ်လို့တောင်မရဘူး။ တခါတလေ စိတ်တွေက တစ်ကောင်နဲ့တစ်ကောင် နပန်းလုံးနေလိုက်တာ ဆူညံပွက်လောကိုရိုက်နေတာပဲ။ သူတို့ကိုယ်သူတို့ ‘ဂျွန်စီနာ’ တို့၊ ‘အန်ဒါတေကာ’ တို့များ မှတ်နေသလားမသိဘူး။ အဲဒါ ဒင်းတို့ကိုဖမ်းဖို့အတွက် စိတ်ထောင်ချောက်လေး တစ်ခုလောက်။ အင်း…နှစ်ခုလောက်မှ အဆင်ပြေမယ်ထင်တယ် မေမေ။ ဒါမှ သူတို့ တစ်ဆွေလုံး တစ်မျိုးလုံးဖမ်းမိမှာ။ ‘စိတ်သတ်ဆေး’ တို့၊ ‘စိတ်ဖမ်းကော်’ တို့ကျတော့ အဆင်မပြေဘူးမေမေ။ စိတ်သတ်ဆေးစားပြီးရင် သူတို့ကသေချင်တဲ့နေရာမှာသေနေတော့ အနံ့ထွက်လာမှလိုက်ရှာရတာ စိတ်ညစ်စရာ ကောင်းတယ်။ စိတ်ဖမ်းကော်ကျတော့လည်း သူတို့ကို ကလော်ထုတ်ရတာ အသည်းယားဖို့ကောင်းတယ် မေမေရဲ့။ စိတ်ထောင်ချောက်ကောင်းကောင်းသာ ၀ယ်လာခဲ့ပါမေမေရယ်။
            နေဦး…နေဦး ကျန်သေးတယ် မေမေရဲ့။ ညဆိုရင် စိတ်တွေက တ၀ီဝီနဲ့ အရမ်းကိုက်တာပဲ။ ကျွန်တော့် တစ်ကိုယ်လုံးလည်း စိတ်ကိုက်ထားလို့ အဖုတွေအပိမ့်တွေနဲ့ ယားယံနေတာပဲ။ အဲဒါကြောင့် ‘စိတ်နိုင်ဆေးခွေ’ ကောင်းကောင်းလေး တစ်ဗူးလောက်ဝယ်ခဲ့ပါအုံး။ ဗျာ…စိတ်နိုင် ဆေးခွေထွန်းရင် မီးခိုးတွေမွှန်ပြီး စိတ်တွေ အသက်ရှူကျပ် လိမ့်မယ်။ ပြီးတော့ မတော်တဆ စိတ်တွေထ ‘လောင်’ မှာလည်း ကြောက်ရသေးတယ်။ ဟုတ်တာပေါ့မေမေ။ အဲဒါကို ကျွန်တော် မစဉ်းစားလိုက်မိဘူး။ ဒါဆို စိတ်မကိုက်တဲ့ လိမ်းဆေးလေး ၀ယ်ခဲ့ပါလား မေမေ။ အင်း…ဒါပေမယ့် အဲဒါက လိမ်းထားတုန်း ခဏပဲနေလို့ရတာ။ ဆေးအရှိန်ပြယ်သွားရင် ပြန်ကိုက်တာပဲ။ ခဏခဏလိမ်းဖို့ကလည်း အဆင်မပြေပါဘူး မေမေရယ်။ ကဲ…အဲဒါဆိုလည်း အားလုံးအဆင်ပြေသွားအောင် ‘မိသားစုစိတ်ခြင်ထောင်ကြီးကြီး’ တစ်လုံးသာ ၀ယ်လာ ခဲ့ပါတော့ မေမေရာ။ ကိစ္စပြတ်ကရော။
            သြော်…မေ့တော့မလို့။ ‘မမကြီး’ က မှာခိုင်းထားတာ ရှိသေးတယ်။ ‘စိတ်ပေါင်းအိုး’ တဲ့။ ဘာစိတ်ကူးပေါက်တာ လည်း မသိပါဘူး။ တစ်သက်လုံး စိတ်ကိုအရည်ငှဲ့ပြီး ချက်လာတဲ့ဥစ္စာ။ ခုကျမှ စိတ်ပေါင်းအိုးနဲ့ချက်ချင်လို့တဲ့။ သူပြောတာ ကတော့ စိတ်ကိုအရည်ငှဲ့ပြီးချက်ရင် ငှဲ့လိုက်တဲ့အရည်ထဲမှာ အာဟာရဓါတ်တွေပါကုန်ပြီး လိုအပ်တဲ့ စိတ်အာဟာရဓါတ် တွေမရတော့ဘူးတဲ့။ ဒါကြောင့် အာဟာရဓါတ်တွေ မဆုံးရှုံးအောင် စိတ်ပေါင်းအိုးနဲ့ချက်ချင်လို့တဲ့။ ပြီးတော့ စိတ်ပေါင်းအိုးနဲ့ ချက်ရင် အချိန်ကုန်လည်းသက်သာ၊ အလုပ်ရှုပ်လည်းသက်သာတယ်တဲ့။ သူက မနက်စောစော ရုံးသွားရတော့ ကမန်းကတန်းနဲ့ချက်ရင် စိတ်တွေက မနူးမနပ်နဲ့ ပျော့တဲ့အခါပျော့၊ မာတဲ့အခါမာ ဖြစ်ကုန်မှာစိုးတဲ့။ သူပြောတာလည်း ဟုတ်တော့ဟုတ်သားပဲ မေမေရယ်။ စိတ်ပေါင်းအိုးလေးတစ်လုံးလောက်တော့ ၀ယ်ခဲ့ပေးလိုက်ပါနော်။
            မေမေ…မမကြီးအတွက် ‘စိတ်ပူအိုး’ ကောင်းကောင်း တစ်လုံးလောက်လည်း ၀ယ်လာခဲ့ပေးပါအုံးနော်။ အိမ်မှာ ရှိတဲ့စိတ်ပူအိုးက သိပ်မကောင်းတော့ဘူးထင်တယ်။ ဘယ်လောက်တိုက်တိုက် စိတ်တွေက စန့်စန့်ပြန့်ပြန့် မဖြစ်တော့ဘူး။ အတွန့်အကြေတွေ များနေတယ်။ စိတ်အတွန့်အကြေကြီးတွေ ၀တ်ပြီးတော့ လူကြားထဲသွားရမှာ ရှက်စရာကြီး မေမေရယ်။ ဒါကြောင့် စိတ်တွေကို စန့်ပြန့်နေအောင်တိုက်ဖို့အတွက် စိတ်ပူအိုးတစ်လုံးလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့နော်။
            ပြီးတော့ ‘မမလတ်’ ကလည်း မှာထားတာရှိတယ်။ သူ့စိတ်တွေက ဖရိုဖရဲနဲ့ ရှုပ်ပွနေတတ်လို့ သူ့အတွက် ‘စိတ်စည်းကြိုး’ လေးတွေ ၀ယ်လာခဲ့ပေးပါတဲ့။ ဟုတ်တယ် မေမေရဲ့။ သူကစိတ်တွေကို အရှည်ထားတော့ စိတ်စည်းကြိုး လေးနဲ့မှ မစည်းထားရင် စိတ်တွေရှုပ်ပွနေတတ်တာ။ စိတ်တွေကို ဖြီးသင်ဖို့ပြောတော့လည်း စိတ်တွေကျွတ်ထွက် လွန်းလို့တဲ့။ မဖြီးဘဲထားထားတယ်။ စိတ်တွေကို အတိုညှပ်ဖို့ကျပြန်တော့လည်း သူအချိန်အကြာကြီး အရှည်ထားထားတဲ့ စိတ်တွေကို နှမြောလို့တဲ့။ အင်း…သူ့အတွက် စိတ်စည်းကြိုး လှလှလေးတွေသာ ၀ယ်လာခဲ့လိုက်ပါ မေမေရာ။
            မေမေရေ…မေမေ့ ချစ်သမီးအငယ်ဆုံးလေးက ပြောခိုင်းထားတာလည်း ရှိသေးတယ်။ သူကတော့ ပစ္စည်းမှာတာ မဟုတ်ပါဘူး။ သူက ‘စိတ်အလှပြင်ဖိုး’ တောင်းခိုင်းထားတာ။ ဘာလုပ်ဖို့လဲဆိုတော့ စိတ်အလှပြင်ဆိုင်မှာ စိတ်အဖြောင့် ဆွဲချင်လို့တဲ့။ ဟိုတလောတုန်းကပဲ စိတ်ကိုသွားပြီး ‘ကောက်’ လာသေးတယ်။ အခု ပြန်ဖြောင့်ချင်ပြန်ပြီတဲ့လေ။ မေမေ့ သားသမီးတွေထဲမှာ သူကစိတ်ကိုကစားဆုံးပဲ။ တော်တော်ကြာ စိတ်ပေါင်းတင်လိုက်၊ တော်တော်ကြာ စိတ်အရောင် ဆိုးလိုက်၊ တော်တော်ကြာ စိတ်ကိုညှပ်လိုက်၊ တော်တော်ကြာ ပြန်ဆက်လိုက်နဲ့။ အလုပ်ကို ရှုပ်နေတာပဲ။ သူကတော့ သူ့ကိုယ်သူ ‘စိတ်အလှဆင်တဲ့သူ’ တဲ့လေ။ သူ့ဟာနဲ့ သူကတော့ ဟုတ်နေတာပဲ။
            ဒါပေမယ့် မေမေ။ ညီမလေးက သူ့ကိုယ်သူ စိတ်အလှဆင်တဲ့သူလို့သာ ကြွေးကြော်နေတာ။ သူ့ရဲ့စိတ် လှလား မလှဘူးလားဆိုတာကို ကြည့်လို့မရဘူး ဖြစ်နေတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့ တစ်ခုတည်းသော ‘စိတ်ကြည့်မှန်’ လေး ကျွန်တော့်ကြောင့် ကျကွဲသွားလို့ပါပဲ မေမေရယ်။ ဒါကြောင့် ညီမလေး စိတ်လှမလှ ကြည့်နိုင် သိနိုင်ဖို့အတွက် စိတ်ကြည့်မှန်လေး တစ်ချပ်လောက်လည်း ၀ယ်လာခဲ့ပါ မေမေ။
            အင်း…ဖေဖေကလည်း မှာထားတာတွေ ရှိသေးတယ် မေမေရဲ့။ ‘စိတ်ညှပ်ပေါင်မုန့်’ စားချင်တယ်တဲ့။ ညနေခင်း လက်ဖက်ရည်ချိန်ကျရင် လက်ဖက်ရည်သောက်ရင်းနဲ့ စားဖို့အတွက်တဲ့။ အိမ်မှာရှိတဲ့ စိတ်အူချောင်းကြော်တွေကလည်း စားရတာရိုးသွားပြီတဲ့။ ဒါကြောင့် အပြောင်းအလဲလေးဖြစ်အောင် စိတ်ညှပ်ပေါင်မုန့်လေး စားချင်လို့တဲ့။ ပြီးတော့ အဲဒီ စိတ်ညှပ်ပေါင်မုန့်နဲ့ တို့စားဖို့အတွက် ‘စိတ်အချဉ်ရည်ဗူး’ ပါ တစ်ခါတည်း ၀ယ်လာခဲ့ပါအုံးတဲ့။ အရမ်းကြီးစပ်တဲ့ စိတ် အချဉ်ရည်ဗူးမျိုး မဟုတ်ဘူးတဲ့။ ချဉ်ငန်စပ် အရသာလေးဆိုရင် ရပြီတဲ့။ ဖေဖေကလည်း အစားအသောက် တော်တော် ဂျီး(ကြေး) များတာပဲနော်။
အဲ…ကျန်သေးတယ် မေမေရဲ့။ ဟို…ဈေးထဲမှာ ‘စိတ်ရိုး’ ကလေးတွေ တွေ့ရင်လည်း ၀ယ်လာခဲ့ပါအုံးတဲ့။ စိတ်ရိုးစွပ်ပြုတ် မသောက်ရတာ ကြာပြီတဲ့။ အဲဒါသောက်ချင်လို့ စိတ်ရိုးကလေးတွေတွေ့ရင် ဘယ်လောက်ပေးရပေးရ ၀ယ်လာခဲ့ပါတဲ့။ ဟုတ်တယ် မေမေ။ ကျွန်တော်လည်း သောက်ချင်တယ်။ တွေ့ရင်တော့ ၀ယ်ခဲ့ပေးပါ မေမေရယ်။ အိမ်မှာ ‘စိတ်ရယ်ဒီမိတ်ဗူး’ တွေချည်း ချက်စားနေရတာ ကြာတော့လည်း ငြီးငွေ့လာပြီ။ မစားချင်တော့ဘူး။
စားစရာ သောက်စရာ အကြောင်းပြောမှ သတိရတယ် မေမေ။ မီးဖိုချောင်ထဲမှာရှိတဲ့ ‘စိတ်ဓါး’ တွေလည်း တုံး ကုန်ပြီမေမေ။ ချက်ဖို့ ပြုတ်ဖို့အတွက် စိတ်တွေကို ခုတ်ထစ်တဲ့အခါ တော်ရုံနဲ့ မပြတ်ဘဲ တို့လို့တွဲလောင်းတွေဖြစ်ဖြစ်နေလို့ နှစ်ခါ၊ သုံးခါလောက် ပြန်ပြန်ခုတ်နေရတယ်။ အဲဒီ စိတ်ဓါး တွေကိုသွေးဖို့ ‘စိတ်သွေးကျောက်’ တစ်တုံးတော့ လိုလာပြီ မေမေ။ ဒါမှမဟုတ် စိတ်ဓါးအသစ်တွေ ၀ယ်လာလည်းရတာပါပဲ။ အဆင်ပြေသလိုသာ ကြည့်ဝယ်ခဲ့လိုက်ပါနော်။
အင်း…မှာရင်း မှာရင်းနဲ့ ၀ယ်စရာပစ္စည်းတွေလည်း တော်တော်များသွားပြီ မေမေရယ်။ ဒါတွေက မ၀ယ်ထား လို့ကလည်း မဖြစ်ပြန်ဘူးလေ။ ‘စိတ်’ ဆိုတာကလည်း ပြောတော့သာ ဘာမှမဟုတ်ဘူးလို့ထင်ရတာ။ စိတ်ကို ပိုင်ဆိုင် လာပြီးတဲ့နောက်တော့ အဲဒီစိတ်ကိုဖြူစင်အောင် လျှော်ရဖွပ်ရ၊ ပြောင်လက်အောင် တိုက်ရချွတ်ရ၊ သပ်သပ်ရပ်ရပ် ဖြစ်အောင် အပူပေးရ၊ အလှပြင်ရ၊ မလိုတာတွေဖယ်ထုတ်ရ၊ လိုတာတွေသိမ်းထားရနဲ့ တော်တော်လေးကို အလုပ်ရှုပ် တာပဲနော်။ မပြုမပြင် အလှမဆင်ဘဲ ထားလိုက်ပြန်ရင်လည်း အဲဒီစိတ်တွေက ပုပ်သိုးသွားတတ်ပြန်ရော။ ဒါကြောင့် စိတ်ကလေးတွေ သူ့နေရာနဲ့သူ အထားအသို မှန်နေဖို့အတွက် စီစဉ်နေရတာ။ စိတ်အတိုင်း ‘ကျ’ ဖို့က တော်တော်တော့ မလွယ်ဘူးနော်…မေမေ။
အဲဒါတွေကြောင့်ပေါ့ မေမေရယ်…။
မေမေဈေးကိုရောက်ရင်လေ ကျွန်တော်တို့မှာလိုက်တဲ့ ပစ္စည်းတွေကိုဖြစ်နိုင်ရင် အကုန်လုံးပါအောင် ၀ယ်လာခဲ့ ပေးပါလို့။
နော်…မေမေ။       ။

လင်းဇင်ယော်
IDEA Magazine (June, 2011)