Thursday, September 5, 2013

သည်းခံပါကမ္ဘာ



ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများသယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ။ သည်းခံပါရှင်။ အီဂျစ်သို့ စစ်ရေးအကူအညီပေးမှု ရပ်ဆိုင်းရန်မရှိဟု
အမေရိကန်ပြောကြား။ သည်းခံပါခင်ဗျာ။

သတင်းမီဒီယာ ဥပဒေများနှင့်ပတ်သက်ပြီး အစိုးရနှင့်အငြင်းပွားမှုဖြစ်နေချိန်၌ စာနယ်ဇင်းကောင်စီ
(ယာယီ)က သမ္မတဦးသိန်းစိန်ထံမှ အလှူငွေကျပ်သိန်း ၅၀၀ လက်ခံ။ သည်းခံပါရှင်။ အိန္ဒိယဘုရားဖူးလူအုပ် ထဲသို့ ရထားဝင်တိုက်မှုကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံး။ သည်းခံပါခင်ဗျာ။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် စကားများရာမှ ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့်ပစ်သတ်။ သည်းခံပါရှင်။ အင်ဒိုနီးရှားတွင် ထောင်ဖောက်မှု ထပ်မံဖြစ်ပွား၊ ၁၅ ဦးထွက်ပြေးလွတ်မြောက်။ သည်းခံပါခင်ဗျာ။

ထိုင်းနိုင်ငံရောက် ဗီဇာသက်တမ်းလေးနှစ်ကုန်ဆုံးသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံသို့ တစ်လပြန်လာပြီးမှ ပြန်လည်အလုပ်လုပ်ကိုင်ခွင့်ရရှိမည်။ သည်းခံပါရှင်။ ဖိလစ်ပိုင်ခရီးသည်တင်သင်္ဘော နစ်မြုပ်မှု၌ သေဆုံးသူ ၅၂ ဦးအထိမြင့်တက်။ သည်းခံပါခင်ဗျာ။

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မအလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ခံနေရ။ သည်းခံပါရှင်။ ဂျာမနီမြို့တော်ခန်းမတစ်ခု၌ သေနတ်သမား တစ်ဦးက ဓားစာခံများကိုဖမ်းဆီးထား။ သည်းခံပါခင်ဗျာ။

သီလဝါဆိပ်ကမ်း တိုးချဲ့တည်ဆောက်မည့်လယ်မြေများအား လျော်ကြေးပေးရန် မြေတိုင်းတာရာတွင် လယ်မြေဧက ကွာခြားမှုများရှိနေ။ သည်းခံပါရှင်။ နယူးဇီလန်တွင် နို့ထွက်ပစ္စည်းများ၌ အဆိပ်သင့်ပစ္စည်း
ပါဝင်မှု ထပ်မံတွေ့ရှိ။ သည်းခံပါခင်ဗျာ။

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး လမ်းလျှောက်ဆန္ဒပြသူများအား ရဲစခန်းခုနှစ်ခုမှ
ပုဒ်မ ၁၈ ဖြင့်ပင် အမှုဖွင့်။ သည်းခံပါရှင်။ ဆီးရီးယားအစိုးရက ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှုကြောင့်
လူ ၂၈၁ ဦး သေဆုံး။ သည်းခံပါခင်ဗျာ။

ဘားအံမြို့မ အားကစားကွင်းအတွင်း ဟိုတယ်ဆောက်လုပ်ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တိုင်ကြားထား။ သည်းခံပါရှင်။ အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအနေဖြင့် မြေထဲပင်လယ်တွင် ဒုံးကျည်စမ်းသပ်ခဲ့ကြောင်း အစ္စရေးပြောကြား။ သည်းခံပါခင်ဗျာ။

ရွှေ ၃၂၁ ပိဿာကျော်၊ ကျပ် ၃၅၃ သန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် နိုင်ငံတော်သို့
ပေးသွင်းရန် ဝန်ကြီးဌာနများ ကြွေးကျန်ရှိနေ။ သည်းခံပါရှင်။ အိမ်ထောင်ရှိသူနှင့် ဖောက်ပြန်မိသောအမျိုးသမီး ထိုင်ဝမ်ဥပဒေအရဆိုလျှင် ထောင် ၂၉၈ နှစ် ကျခံရမည်။ သည်းခံပါခင်ဗျာ။

စစ်အာဏာရှင်စနစ်အောက်တွင် ရာစုနှစ်ဝက်ကြာနေခဲ့ရသောကြောင့် အမျိုးသား၊ အမျိုးသမီးအခွင့်အရေး တန်းတူညီမျှမှုမရှိသေးကြောင်း ပညာရှင်များပြောကြား။ သည်းခံပါရှင်။ အသက် ၆ နှစ်အရွယ် တရုတ်ကလေးငယ်၏ မျက်လုံးနှစ်ဖက်ဖောက်ထုတ်လုယူခံရ။ သည်းခံပါခင်ဗျာ။

လင်းဇင်ယော်
၂၀၁၃၊ စက်တင်ဘာ။

(Ref: The Daily Eleven Newspaper)

No comments:

Post a Comment