Thursday, September 5, 2013

လှော်သူများ



ဘိတ်မှာ လက်ရာအကောင်းဆုံး ကတ်ကြေးကိုက်ဆိုင်ဆိုတာ လက်ညှိုးထိုးပြလို့မရဘူး။
အားလုံးဟာ သူ့နည်းစနစ်နဲ့သူ ကောင်းကြတာချည်းပဲ။
လက်ရာအကောင်းဆုံးဆိုတာ စားသုံးသူရဲ့ လျှာဖျား၊ လျှာလယ်၊ လျှာရင်းပေါ်မှာပဲမူတည်တယ်။
ဘိတ်မှာ ကတ်ကြေးကိုက်ကို ကြော်တယ်လို့မသုံးဘူး။ လှော်တယ်လို့သုံးကြတယ်။
ယောက်ျားပဲလှော်လှော်၊ မိန်းမပဲလှော်လှော်၊ ယောက်ျားလျာပဲလှော်လှော်၊ မိန်းမလျာပဲလှော်လှော်၊
အဘိုးကြီးပဲလှော်လှော်၊ အဘွားကြီးပဲလှော်လှော် စားလို့ကောင်းကြတာချည်းပဲ။

ဒါပေမယ့် ဘိတ်ကတ်ကြေးကိုက်ဆိုင် ရှစ်ဆယ့်ငါးရာခိုင်နှုန်းကနေ ကိုးဆယ့်ငါးရာခိုင်နှုန်းအထိ
ယောက်ျားတွေပဲလှော်ကြတယ်။

တော်ဝင်တောင်ဆင်းလမ်းက လှသန်းဆိုင်ဟာ အရင်တုန်းက အမြဲလိုလိုစားဖြစ်တဲ့ဆိုင်ပဲ။
အစပ်အဟပ်တည့်တယ်။ ပြင်ဆင်တာမြန်တယ်။
ကြိုက်တတ်ရင် ဝက်ဆီဖတ်ဟင်းချိုပါ ဝယ်သောက်လို့ရတယ်။
ထူးခြားတာက လှော်သူလှသန်းဟာ ကတ်ကြေးကိုက်ကို လက်နှစ်ဖက်နဲ့လှော်တယ်။
ဒါနဲ့စကားမစပ် သူက အရင်တုန်းကမြို့နယ်လက်ရွေးစင်ဘောလုံးသမားဆိုပဲ။
အခုတော့ သူ့ဆိုင်က စားသုံးသူများလာတော့ အကြာကြီးစောင့်ရတယ်။
သူကတော့ အရင်ကအတိုင်းပဲ လက်နှစ်ဖက်နဲ့ကြုံးလှော်ပေမယ့်၊ အစပ်အဟပ်တည့်ပေမယ့်၊ ပြင်ဆင်တာမြန်ပေမယ့်
အကြာကြီးစောင့်ရတယ်။
အရင်လို သန်တုန်းမြန်တုန်းပေမယ့် ညရှစ်နာရီဆိုင်သိမ်းချိန်ဆို ခုံတစ်လုံးမှာထိုင်ရင်း ဟိုက်နေရှာတယ်။

ကြက်လျှာစွန်းဘိုင်ကြီးဆိုင်ကိုလည်း လက်ရာအကောင်းဆုံးစာရင်းထဲမှာထည့်ထားတယ်။
သူ့ဆိုင်မှာ အသားဆိုလို့ ကြက်ဥနဲ့ပုစွန်ခြောက်နှစ်မျိုးပဲရတယ်။ ဒါပေမယ့်
တစ်ရာဖိုး၊ နှစ်ရာဖိုး တန်ဖိုးနည်းကတ်ကြေးကိုက်လည်း ရနိုင်တဲ့အတွက် သူ့ဆိုင်မှာလည်း
စားသုံးသူများတယ်။ သူ့ဆိုင်သက်တမ်း ဆယ့်ငါးနှစ်ရှိသွားပြီလို့ ဒယ်အိုးထဲကို ပုစွန်ခြောက်
လေး၊ ငါး၊ ခြောက်ကောင်ပစ်ထည့်ပြီး ပြောနေတယ်။ သူ့နောက်က ကြပ်ခိုးတွေမည်းနက်နေတဲ့
နံရံကြီးကတော့ သူပြောတာကို အသံတိတ်ထောက်ခံနေသလိုလို။
တစ်ခုသတိထားရမှာက ငရုတ်ရည်သုံးတာလက်ဆများလို့ ကတ်ကြေးကိုက်ပုံမှန်မှာရင်
အစပ်လျှော့လို့ အမြဲပြောရတယ်။

လွတ်လပ်ရေးကျောက်တိုင်လမ်းကြားက တရုတ်ကြီးဆိုင်ကတော့
အရင်ကတည်းကရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှရှာဖွေတွေ့ရှိပြီး မကြာမကြာစားဖြစ်နေတဲ့ဆိုင်ပဲ။
စကားတပြောပြောနဲ့ ပျင်းပျင်းရိရိလှော်နေပေမယ့် အရသာထူးခြားတယ်။
သူနဲ့ခေတ်ပြိုင် ကတ်ကြေးကိုက်ဆိုင်တွေ တချို့ရန်ကုန်ရောက်ပြီး ကြီးပွားကုန်ပြီ။
တချို့ဆိုင်ဆက်မဖွင့်နိုင်တော့ဘူး။
ပန်းခြံနံရံကို အဖီလေးဆွယ်ပြီးဖွင့်ထားတဲ့ သူ့ဆိုင်လေးတော့ အခုချိန်အထိ ဒီအတိုင်းပဲ။
သူ ဒယ်အိုးအလုံးရေ ဘယ်လောက်များများပေါက်အောင် လှော်ခဲ့ပြီးပြီလဲတော့မသိဘူး။
မနက်ကိုးနာရီဆိုရင် ကုန်ပြီ။

ဘိတ်ကိုဧည့်သည်လာလို့ ကတ်ကြေးကိုက်စားမယ်ဆိုရင် မောင်ဝင်းဆိုင်မှာဧည့်ခံကြတာများတယ်။
မောင်ဝင်းကတ်ကြေးကိုက်ဆိုပေမယ့် မောင်ဝင်းစားသောက်ဆိုင်ဖြစ်နေပြီ။
ကတ်ကြေးကိုက်ဆိုင်အခင်းအကျင်းကနေ စားသောက်ဆိုင်အခင်းအကျင်းကို ခေတ်နဲ့အညီပြုပြင်ပြောင်းလဲလိုက်တာ
သိပ်မကြာသေးဘူး။ ဒါပေမယ့် မီနူးကတ်ပြားစာရင်းကတော့ အရင်အတိုင်းပဲ။ လက်ရာကလည်း အရင်အတိုင်းပဲ။
ကတ်ကြေးကိုက်ကို တခမ်းတနားစားသုံးချင်သူများအတွက် အဆင်ပြေတယ်။
တပည့်တပန်းအကူတွေနဲ့ တစ်နေကုန်လှော်နေပေမယ့် (ဦး)မောင်ဝင်းဟာ လက်မပျက်သွားအောင်
သူကိုယ်တိုင် နေ့စဉ်ဝင်လှော်နေတုန်းပဲ။

အ.ထ.က (၁) ကျောင်းရှေ့က ဖင်ကောက်ဆိုင်မှာ ကျောင်းသားဘဝတုန်းက အမြဲစားဖြစ်တယ်။
သူ့အမေက ပုစွန်တွေ၊ အသား၊ အသည်း၊ ဝက်အူချောင်းတွေကို တစ်ခါလှော်စာအဆင်သင့်လှီးပြီး ပုံပေးထားတတ်တယ်။
အဲဒါကို သူက ကောက်နေတဲ့တင်ပါးပေါ် ဘယ်လက်ကလေးတင်၊
မျက်လုံးကလေးမှေးပြီး၊ ညာလက်ကလေးလှုပ်ကာလှုပ်ကာနဲ့ မီးဖြည်းဖြည်းမှာဇိမ်ဆွဲပြီးလှော်လေ့ရှိတယ်။
ကျောင်းဖွင့်ချိန်ဆို ကျောင်းသားတွေအစားများပေမယ့်
ကျောင်းပိတ်ချိန်ဆို ကျောင်းသားဟောင်းတွေ လာဝယ်စားတယ်။

တစ်ချိန်တုန်းက (ဦး)မောင်တိတ်အောင်မြင်ခဲ့တဲ့ ကံဖျားလမ်းတစ်လျှောက်မှာလည်း
လက်ရာကောင်းတဲ့ ကတ်ကြေးကိုက်ဆိုင် နှစ်ဆိုင်၊ သုံးဆိုင်မက ရှိသေးတယ်။
ဘိတ်တစ်မြို့လုံးမှာလည်း လက်ရာကောင်းတဲ့ ကတ်ကြေးကိုက်ဆိုင်
နှစ်ဆယ်၊ သုံးဆယ်မက ရှိသေးတယ်။

အားလုံး ပအုံးရည်သုံးကြတယ်။
အားလုံး ငရုတ်ရည်စွက်ကြတယ်။
အားလုံး အချိုမှုန့်ခတ်ကြတယ်။
အားလုံး ဝါးတူသုံးကြတယ်။
အားလုံး ပဲပင်ပေါက်ချဉ်၊ သခွားချဉ်သုံးကြတယ်။
အားလုံး လိုအပ်ရင် နံနံပင်အုပ်ကြတယ်။
အားလုံး တစ်နေကုန်မရောင်းကြဘူး။
အားလုံး အထူးဟင်းခတ်မှုန့်ဆိုတာမရှိဘူး။
အားလုံး အချိန်တန်ရင် သူ့မိတ်နဲ့သူ။

ပြောခဲ့ပြီးတဲ့အတိုင်း
ဘိတ်မှာ လက်ရာအကောင်းဆုံး ကတ်ကြေးကိုက်ဆိုင်ဆိုတာ လက်ညှိုးထိုးပြလို့မရသလို
ဘိတ်မှာ ကတ်ကြေးကိုက်ဆိုင်အားလုံးစားဖူးတဲ့ဘိတ်သားဆိုတာလည်း
လက်ညှိုးထိုးပြရခက်တယ်။

ကွန်ဖူးပန်ဒါရဲ့ဖခင် ဘဲငန်းကြီးပြောသလိုပြောရရင်
The secret ingredient of The Secret Ingredient Soup is NOTHING.
If you want to make something special, you just have to believe it is SPECIAL.

၂၀၁၃၊ မေ။

No comments:

Post a Comment