Wednesday, September 18, 2013

အသံတိတ်



ဒီကုတင်ပေါ်ရောက်ကတည်းက အိပ်မပျော်ဘူး။ ငါညက သစ်သားခုံပေါ်မှာအိပ်ပျော်တာ။ ဒီကုတင်ပေါ်မှာ ဘယ်လိုမှ အိပ်မပျော်ဘူး။ ဒီကုတင် မကောင်းဘူး။ ဒီကုတင်လဲရင်ကောင်းမယ်။ မရှု လည်း လိပ်ခေါင်းထွက်နေတယ်၊ နေမကောင်း။ ကျွန်တော်က ဦးလေးတို့ကို ခြေရင်းမှာရောက်နေလို့ စေတနာနဲ့ပြောတာပါ။ ဒီအဒေါ်နေကောင်းသွားမှာပါ၊ မပူပါနဲ့၊ အား တင်းထားအဒေါ်၊ ကျွန်တော်လည်း ဘုရားမှာဆုတောင်းပေးနေတယ်။ ပိတ်အပါးစားဝယ်လို့ ဆရာကြီးကမှာတယ်။ ယင် ကောင်ဝင်မှာစိုးလို့။ သေးအိုး။ ပိတ်ပါးတစ်ခုဝယ်လိုက်၊ ကတ်ကြေးနဲ့ညှပ်လို့ရတယ်။ ခေါင်းနည်းနည်းမူးတယ်။ ခေါင်းအုံ တယ်။ ခေါင်းကိုတအားမကိုင်နဲ့။ အိပ်မပျော်။ ထိုင်မယ်။ ရေမငတ်ဘူး။ ဆရာမ ညာဘက်စောင်းလို့ ပြုတ်သွားတာ။ တံတွေး ထွေးဖို့ စက္ကူပေးပါ။ ခဏခဏ မလုပ်နဲ့၊ ပိုးဝင်မယ်၊ တစ်ခါတည်းသာ လုပ်ထား။ ငါရေဆာနေသလိုဖြစ်တယ်။ တစ်ကိုယ်လုံး ကိုက်။ ဘယ်ဘက်ကိုက်တယ်။ ဆရာကြီးဆေးက ချွဲပျော်တယ်။ တော်တော်နဲ့ မအိပ်သေးဘူးဖြစ်မယ်။ မိ(အမေ) နေ ကောင်းအောင်နေ၊ ကျွန်တော့်ကို မပူနဲ့။ ကျယ်နေတဲ့ပါးစပ်ကို တူနဲ့ရိုက်ကျဉ်းလို့ရတယ်၊ လှလှထွေးကိုပြော။ တကယ်လို့ ဆရာငါ့ကို တွန်းလှည်းနဲ့ခေါ်တဲ့အချိန် ဒီကုတင်လဲလိုက်။ မရှု၊ စက္ကူလိပ်အနားမှာထား။ ဆရာမ ဟိုတစ်နေ့က မုန့်ကျွေးတာ မစားဘူးနော်။ ဆရာမ အပင်ပန်းခံရဆုံးပဲ။ ဆုတောင်းပေးပါတယ် ဆရာမ။ အခု ပညာအဆင့်အတန်းနဲ့ ရာထူးအဆင့်ဆင့် တိုးပြီး သူများနဲ့မတူတဲ့ ဘုန်းတန်ခိုးကြီးပြီး အသက်ရှည်အနာမဲ့ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဦးအောင်ဌေး၊ သားသမီးလိုချစ်ခင်လေးစားစွာဖြင့်။ ဘေးအပေါင်း၊ ရန်အပေါင်း၊ ဒဏ်အပေါင်း၊ အန္တရာယ်အပေါင်း ကင်းလွတ်ပြီး အခက် အခဲမှန်သမျှကို ကျော်လွှားအနိုင်ရပြီး အောင်မြင်မှုသရဖူ ဆောင်းနိုင်ပါစေသား။ ချို၊ ငါ့ကို နည်းနည်းနှိပ်ပေး၊ ကိုက်တယ်။ ဆရာမကိုခေါ်၊ ချွဲများနေပြီ။ ဒီည ဆရာမ အေးအေးဆေးဆေးအိပ်တော့။ ဆရာမ ချွဲထုတ်လျှင် အကုန်ပြောင်ထွက်သွား တယ်။ သိပ်နေလို့ကောင်းတယ်။ စားပြီးလျှင် အိပ်ဆေးပါထည့်လိုက်၊ အားလုံးအိပ်ပျော်ကြတာပေါ့။

ချွဲတော့နည်းသွားပြီ။ ခွဲတာတွေမပြောနဲ့တော့၊ စိတ်စွဲတတ်တယ်။ ကနဦးက မျက်မှန်တပ်ရင် မူးတယ်။ ဆီးမသွားသေးဘူး။ ငါယပ်ခတ်လိုက်တော့ မကောင်းဘူး။ ခြင်လေးဘာလေး ယပ်ခပ်ပေးပါလား။ ကိုက်ခဲလာ။ မူးဝေချင်တယ်။ ဖျားချင်လာ တယ်။ အဖျားနည်းနည်း တိုင်းခိုင်းပါလား။ ဘယ်လက်နဲ့ယပ်ခတ်လိုက်တာ မူးသွားတယ်။ ထူတယ်။ အသက်ရှူလို့ မကောင်း။ ပျို့ချင်သလိုလို။ တရားအာရုံပြုရအောင်။ ခေါင်းအုံးနည်းနည်းမြင့်တယ်။ ပြတင်းပေါက်တွေ ပိတ်ပေးပါ။ အစာ မသွင်းသေးဘူးလား။ (၂) နာရီခြား တစ်ခါဆို။ နို့မှုန့်က နေကောင်းတယ်။ ဝမ်းအေးတယ်။ အာခေါင်ချွဲစုပ်ခိုင်းရင် ကောင်း မယ်ထင်တယ်။ ရေဆာသလိုဖြစ်နေတယ်။ လေက အောက်ကိုမလည်ဘူး။ အပေါ်တက်နေတယ်။ တစ်နေကုန်ဖြစ်နေတာ။ ဗိုက်ဆာနေတယ်။ ဘယ်နှစ်နာရီထိုးပြီလဲ။ အပေါ့သွားမယ်။ အနာနည်းနည်းကိုက်သေးတယ်။ ဆရာကြီးလာတယ်။ ငါအိပ် ပျော်နေတုန်းလာတယ်။ ငါကြားတယ်။ လည်ချောင်းအပေါက် ဆေးပေးပါလား။ တစ်နေ့တစ်ကြိမ် ဆေးသင့်တယ်။ ဘာလုပ်နေလဲ။ အရည်ထည့်လို့ရှိရင် ချွဲပျော်တယ်။ နည်းနည်းစုပ်ခိုင်း။ အစာသွင်းလို့ရပြီလား။ ပိုက်က ပိန်တဲ့နေရာ နည်းနည်းနှိပ်ပေးလိုက်။ အစာထည့်ရင် နှာခေါင်းပိုက် တအားမတင်းနဲ့၊ နာတယ်။ ဆေးပြယ်တာနဲ့ ကိုက်ခဲလာတယ်၊ တစ်ကိုယ်လုံးပဲ။ အစာသွင်းတာ ၂ နာရီပြည့်ပြီလား။ တစ်ကိုယ်လုံးကိုက်ခဲနေတယ်၊ ဆရာမ မရှိဘူးလား။ စောင်ထူထူခြုံ။ ပြန်ထွက်သွားပြီထင်တယ်။ ကြည့်ပါဦး။ ဂြိုလ်တုထည့်တော့ ချွေးထွက်လာတယ်။ အဖျားတိုင်းတယ်၊ ဖျားနေလို့ ဂြိုလ်တုထည့်တာ။ ဆရာမ မညွန့်လာတိုင်းတယ်။ ဂြိုလ်တုထည့်လို့ အခုမှ လန်းသွားတယ်၊ တစ်ချိန်လုံး နေကောင်းတာ မဟုတ်ဘူး။ ချွေးထွက်သွားလို့ နေကောင်းနေတာ။ ဆရာမလာရင် သွေးရည်ကြည် ဆေးခိုင်းပါ။ ဆရာမကိုလည်း စိတ်မဆိုးပါနဲ့ပြောဦး။ မနေ့က ဆရာမ မညွန့် ဆေးထည့်တဲ့ပုံစံကောင်းတယ်။

မရှု၊ မင်းက အစာပိုက်ထည့်တိုင်း ရှေ့တိုးလုပ်၊ ခဏခဏဖြစ်နေတယ်၊ သတိနည်းတယ်။ အစာသွင်းဖို့ ထထိုင်တာ။ ဟို အဖွားကြီး အမှိုက် ပုံသွားတယ်။ လှည်းလိုက်ဦး။ ဂွမ်းဝယ်လာဦး၊ ခံတွင်းသန့်ရှင်းလို့ရအောင်။ ခဏခဏသန့်ရှင်းမှ ကောင်း တယ်။ ဒုံးပျံထည့်လိုက်တာ အခိုးပွင့်ပြီး မမူးတော့ဘူး။ နေကောင်းတယ်။ ဝမ်းသွားချင်ရင် အိမ်သာသွားရမှာလား? မသွား သေးဘူး၊ ကြိုမေးထားတာ။ ကလေးကို မုန့်ကျွေးလိုက်။ ခွဲခန်းကထွက်တုန်းက ဆရာမချွဲစုပ်တာ တော်တယ်။ အားလုံး စင် အောင်စုပ်နိုင်တယ်။ ကျေးဇူးမဆပ်ဘူးလား။ ဘာမှ မသုံးသေးဘူး။ ဆရာကြီးအတွက် ဆုတောင်းရေးရဦးမယ်။ ဆရာမ ဘယ်အချိန် ဂျူတီချိန်းမှာလဲ။ တစ်ကိုယ်လုံးကိုက်တော့ကိုက်တယ်၊ ပေပြီးနေလိုက်တယ်။ ၃ နာရီ။ သွေးပေါင်ကောင်းရင် ဒုံးကျည်ထည့်လို့ရတယ်။ ဒုံးကျည် မင်းထည့်။ ဆရာမကို မထည့်ခိုင်းနဲ့၊ အားနာစရာ။ ထမင်းရည်က သလိပ်တော်တော် ပွားတယ်ထင်တယ်။ ဟုတ်လားဆရာမ။ သလိပ်တော့ပွားတယ်။ မနားတမ်းထွေးရတယ်။ ဟိုအဘိုးကြီး မေးကြည့်။ ထမင်း ရည်တိုက်လား။ ထမင်းရည်က သိပ်ကောင်းလွန်းတော့ နှာခေါင်းပေါက်က အရည်တွေကျလာတယ်။

အဖျား ၉၉။ ၁၂၀/၈၀။ အခုသွင်းတဲ့အစာ နည်းနည်းပဲတိုးချင်တယ်။ အခုအတိုင်း နေလို့ကောင်းနေလို့။ ဆရာကြီးကို ကန်တော့။ နဂိုကတည်းက အစားနည်းတယ်။ အခု ချွဲအရင်စုပ်ပေး။ ထွက်သေးတယ်။ တစ်စက်၊ နှစ်စက်ဆို ရပြီ။ ချွဲဆေး တဲ့အတံတွေ ရှိသေးတယ်။ လှလှထွေးပြန်သွားပြီလား။ နာရီတစ်လုံးရှာထား။ အချိန်မှန်မှန်ဖြစ်အောင်။ ပါးစပ်နဲ့ မမြည်းနဲ့။ ခဏနေရင် ဆရာမကိုပြောပါ၊ တစ်ကိုယ်လုံး ကိုက်နေတယ်။ ရေနွေးနဲ့ ရေပတ်တိုက်။ ဒုံးကျည်ထည့်ရင် အခိုးတွေပွင့်၊ အကြောတွေလျော့သွားပြီး ချက်ချင်းလူကောင်းပဲ။ လှလှထွေးပြောတာ မှန်ပေ့။ ထမင်းရည်က တစ်နေ့တစ်ကြိမ်တော့ မဆိုး ပါဘူး။ အခုတောင် နှာခေါင်းထဲက အရည်တွေကျနေလို့ နောက်ထပ်ထမင်းရည်မတိုက်နဲ့လို့ ပြောတာပါ။ ပြီးလျှင် ဆရာမ ကို အဖျားတိုင်းခိုင်းကြည့်။ ကိုယ်လက်အီတီတီဖြစ်နေလို့။ မနေ့က ဒီအချိန်ဖြစ်တဲ့ အဖျားလောက်။ အစာကို အချိန်မှတ် ထား။ ပြီးမှပြန်အိပ်။ လိုအပ်ရင်ခက်မယ်။ ရေးထားတာတွေပြန်ဖတ်။ လောင်းလုံးသူလား။ ဦးလေးအဖေက ပေါက်တိုင်း သား။ အမေက ကရပ်ပြင်သူ။ ဦးလေးက ကရပ်ပြင်မှာမွေးတာ။ ရှင်ပင်ခရုဘုရားနဲ့ ကပ်လျက်ပဲ။

မင်းကိုငါပြောပြမယ်။ ယခုဆေးတဲ့အပေါက်ကို ဆရာကြီးပြောတာ သိပ်ရီရတယ်။ ဒီအပေါက်ကိုကြည့်ပြီး ယင်ကောင်ဒိုင်ဗင် ထိုးပြီးဝင်သွားရင် မလွယ်ဘူးတဲ့။ ဆရာကြီး ဟာသပညာရှိတယ်ဆိုတာ ပြတာပဲ။ သိပ်ချစ်စရာကောင်းပြီး ကြည်နူးမိတယ် ကွာ။ ခွဲထားတော့ သွေးမည်းတွေပဲပါတယ်။ အစာက ခါတိုင်းလိုပဲလား။ အစာတိုးထားတယ်။ ပူလို့ကိုမရဘူး။ အစာပိုက် အထဲမှာလဲထားတယ် ပြောတယ်။ ဒုံးကျည်ထည့်များရင် အစာအိမ်နာတတ်တယ်။ အေးအောင်လုပ်။ ကိုက်တတ်တဲ့ ခွေးကို မုန့်လေးဘာလေး ပစ်ကျွေးလိုက်။ အခုလေးတင် ဒုံးကျည်ထည့်လိုက်မှ နေကောင်းသွားတယ်။ နေ့လည်မှာ ပက် မထိုး တော့ဘူး။ မက်ထရိုပဲထိုးတယ်။ ရောင်နေတာ ဒုံးကျည်(၂)ရက် ဆက်တိုက်။ တစ်နေကုန်မအိပ်ဘူး၊ အိပ်ရေးဝနေလို့။ မနက်က ဆရာကြီးမှာနေတာ ပက် ကို နည်းနည်းလျှော့လို့ ပြောသံကြားတယ်။ ညာဘက်စောင်းအိပ်တာများရင် ညာဘက် ဖောင်းတယ်။ ဘယ်ဘက်စောင်းရင် ဘယ်ဘက်ဖောင်းတယ်။ ဒီနေ့ ညာဘက်တစ်နေကုန်စောင်းထားတာ။ အိမ်သာသွားရ အောင် ခဏလိုက်ခဲ့။ လှလှထွေးရှိတုန်း ဓာတ်မီးယူလာ။ ရေပူနဲ့ အဝတ်ကိုညှစ်ပြီးတိုက်။ ဆရာ့ကိုပြော။ စာရေးတာတကယ် ပျင်းတယ်။ ဝါသနာမပါဘူး။ စာပဲဖတ်တာ။ မတတ်သာလို့ရေးနေရတာ ဆရာခင်ဗျား။ မျက်နှာရောင်တာ အရင်နဲ့စာရင် ကျ သွားလား။ ဆရာမကို နှုတ်ဆက်ခိုင်းတာ။ ခေါင်းရင်းဘယ်ဘက်မှာ ထိုင်ခုံထားပြီး ရေသန့်ဘူးကြီးတင်ထားလိုက်။ ထုံးစံ အတိုင်း ဒီအချိန်ကျရင် တစ်ကိုယ်လုံးကိုက်ခဲလာတယ်။ ဒုံးကျည်က ၂ ရက်ဆက်တိုက်ရှိပြီ။ ဆက်ထည့်လို့ရလား၊ ဆရာမ ကိုမေးကြည့်။ ဒုံးကျည်ထည့်ရင် မင်းထည့်၊ ဆရာမတွေကို မထည့်ခိုင်းနဲ့၊ အားနာစရာကြီး။ ကိုက်လာရင် အဖျားပါတက် တာပေါ့။

ဝက်သားပေါင်းရည်လုပ်။ ဂျာကင်အမည်းပေး။ အင်္ကျီအစိမ်းကွက် အထူရှိတယ်။ လက်ရှည်စွပ်ကျယ်ပါလား။ ကြွပ်ကြွပ် အိတ်နဲ့ထုပ်လိုက်။ ရေပူ။ တစ်ဝက်လောက်ပဲသွင်း။ ဆရာမ မလာတော့ဘူးလား။ ပိုက်မှာရှိတယ်ထင်တယ်။ အစာသွင်းတဲ့ ခွက်ကို ယင်ကောင်မနားအောင်ဖုံးထား။ ပြီးလျှင် ရေကိုလည်း တစ်ခါသုံးပြီးလျှင် တစ်ခါလဲပေးပါ။ ပိုးဝင်မှာကြောက်ရ တယ်။ ၁၁၀/၇၀။ ပူသေးတယ်။ ကျွန်တော်က ကားမောင်းတော့ အစားမမှန်ဘူး။ အဲဒါကြောင့် အဆာနည်းနည်းလည်း ခံနိုင် တယ်။ လေနည်းနည်းတက်ချင်။ ဒုံးကျည်(၂)ရက်ထည့်ရတယ်။ ဆရာမကို ချွဲထတယ်ပြောပြီး ချွဲစုပ်ခိုင်းပါလား။ နာရီမှတ် ထား။ ချီးမွမ်းလည်းမစောနဲ့။ ပြစ်တင်လည်းမစောနဲ့။ ချီးမွမ်းလွန်တော့ ပြစ်တင်ခက်တယ်။ ပြစ်တင်လွန်တော့ ချီးမွမ်းခက် တယ်။ လူတွေကိုပြောတာ။ ရေကြည့်လိုက်၊ ဘယ်နှစ်ချက်ရှိလဲ။ ဆရာကြီးခင်ဗျား၊ (၃)ရက်ဆက်တိုက် မနက်ပိုင်းဆေးသွင်း ပြီးလျှင် နေကောင်းပြီး နေ့လည်ပိုင်းမှညနေတိုင်အောင် တစ်ကိုယ်လုံးထိုင်းမှိုင်းလေးလံကိုက်ခဲသဖြင့် ဂြိုလ်တု (ဝါ) ဒုံး ကျည်ကိုထည့်လိုက်မှပဲ ချွေးထွက်လာပြီး နေသာထိုင်သာဖြစ်သွားပါတယ်။ ဒီနေ့တော့ ခါတိုင်းနေ့ထက်ပိုပြီး လန်းဆန်း သလို ခံစားရပါတယ် ဆရာကြီးခင်ဗျား။ အသံအိုးထုတ်တာ ဘယ်လိုနေလဲပြောပြ။ စက်နဲ့ကူးထားပါလား။ ပိုလာတာ ဘယ် ဆေးလဲ။ တကယ်တော့ လုံလောက်ပြီလို့ပြောတယ်။ ဆရာမငြိမ်းငြိမ်းစိုး။ ဗိုလ်မှူးဗထူး လေသွန်းခံရွာနှင့်နီးလား။ ဆရာမ လေးနာမည် ဘယ်လိုခေါ်လဲ။ ထားဝယ်သူ၊ ထားဝယ်သားချင်း တွေ့ဆုံရတာ မင်္ဂလာရှိတယ်။ ဆရာကြီးကုချက်က တစ်လုံး ထိုးရင် တစ်လုံးဆိုသလို ကောင်းတယ်။ ငါက ရှိခိုးတာ စေတနာ၊ မေတ္တာကို ရှိခိုးတယ်။ ဂုဏ်ကိုရှိခိုးတယ်။ လောကမှာ ပညာဂုဏ်ဆိုတာ လူတိုင်းမှာမရှိဘူး။ ဆရာကြီးလိုလူမှာရှိတယ်။ ဘုရားဟောရှိတယ်။ အသက်ကြီးသောသူ၊ ဂုဏ်ကြီးသော သူ။ သွေးညှီနံ့ရရင် ယင်ကောင်လာတယ်။ ချွဲစုပ်ခိုင်းပြီး ပိုက်ဆေးမယ်။ လည်ချောင်းလေ့ကျင့်ခန်းတွေ လုပ်ရမယ်ထင် တယ်။ စက်ကလေးနဲ့ပြောလို့ရရင် ကောင်းမယ်ကွာ။

သြော်၊ ဘာပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာ စိတ်မကွက်နဲ့၊ စိတ်ကောင်းကောင်းထားပြီး တရားနဲ့နေပါ။ ရန်ကုန်ရောက်ရင် ပေါက်ပေါက်စက် ကိုမျိုးကျော်ကို လုပ်ခိုင်းရင်ကောင်းမယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးပုံကို သေသေချာချာကြည့်။ ဒီ အချိန်က အရေးကြီးတယ်။ ကောင်းသွားရင်ချွေတာလို့ရတာပေါ့။ ဒုံးကျည်ရှိသေးလား။ မနေ့ကလိုပဲ အချိန်ရောက်လာပြီ။ ကိုယ်တွေ တောင့်တင်းနေတယ်။ ဒီအချိန်ကချုပ်ထားတော့ သွေးပေါင်ကောင်းရင် ထည့်လို့ရတယ်။ ချုပ်ရိုးပျော့တော့ မြန်မြန်ကောင်းတာပေါ့။ အပင်ပန်းခံရဆုံးဆရာမလေး ဘာမှမစားရဘူး။ ငါကိုယ်တိုင်ပေးမယ်။ ဖိုးဖြူဆိုတာ မင်း ဟိုတစ်နေ့ က မုန့်ကျွေးတဲ့ခွေး။ မျိုးကျော် စက်ချုပ်တဲ့အလုပ် ဘာလို့မလုပ်တာလဲ။ မနက်ဖြန် ထမင်းရည်ယူလာပါ။ စက်နဲ့စုပ်။ ဘာကြောင့်စုပ်ရသလဲဆိုတော့ ဟပ်ထုတ်လို့မရသေးဘူး။ နှာခေါင်းပိုက်ခံနေလို့။ ဝါဂွမ်းတံအသစ်။ ဘယ်ဘက်ပိုက်ကို စောင်းပြီးထည့်စုပ်ကြည့်ပါလား။ တကယ်တော့ ဘယ်ဘက်က အနာထုတ်ထားတာ။ နောက်တစ်ခါ ခေါင်းပေါ်က မပေးနဲ့။ အိမ်သာပစ္စည်း၊ ကံနိမ့်မယ်။ စေတနာနဲ့ပြောတာ။ ဘဝတူတွေလိုပဲ။ အတူတူပဲ။ ကျန်းမာပါစေ ဆုတောင်းပေးပါတယ်။ အကိုကြီးကင်ဆာ အသံအိုးမှာဖြစ်တာ။ အသံအိုးထုတ်လိုက်လို့ ကြာနေတာ။ (၈)နာရီကုထုံး။ ရွံလို့ပြောတာမဟုတ်ဘူး။ ပိုးဝင်မှာစိုးလို့ပြောတာ။ အထင်မလွဲနဲ့။ အတံဖြုတ်ဆေးတာ။ ကိုယ့်ဟာကိုယ်ဖြုတ်ဆေးတာ။ အရောင်ကျသွားတယ် ဆရာမ ကြီး။ အကောင်းစားကို ချွေတာ။ ရေနွေးသွားဝယ်တယ် ဆရာမ။ လှလှထွေး ဘာမှာသေးလဲ? ဆရာကြီးပေးတဲ့ဆေးတွေ သိပ်စွမ်းတယ်။ ငါနေလို့ တော်တော်ကောင်းတယ်။ ဘာမှ မပူနဲ့။ လူမသေ ငွေမရှားဘူး။ ချုပ်ရိုး ဘယ်တော့ဖြေမလဲ? ကြား လိုက်သေးလား။ ငါကြားတာကတော့ တစ်ပတ်ကြာရင်ဖြေမယ်လို့၊ အမှတ်တမဲ့ပဲကြားလိုက်တယ်။ လှလှထွေး မိတ်ကောင်း ဆွေကောင်းတွေကြောင့် ဒို့လင်မယားနှစ်ယောက် စိတ်ချမ်းသာရတယ်။ ဟုတ်တယ်မဟုတ်လား မိန်းမ။ မှန်တာပြောရင် သစ္စာ။ ကြွားဝါတာ ဝါသနာမပါဘူး။ မင်းနဲ့ငါပေါင်းလာတာ နှစ်ပေါင်း (၂၀) ကျော်လာပြီ။ မင်းသိပါတယ်။ ဟုတ်တယ် မဟုတ်လား။

ဆေးဘယ်လောက်ကျလဲ။ ဆရာမ၊ ကလေးအမေက ခဏလာဦးတဲ့၊ သွားလိုက်ဦး။ ဆရာကြီးနဲ့ ငါနဲ့ ခွဲစိတ်ထားတဲ့ အကြောင်းအရာတွေ မင်းသိအောင် အကြမ်းဖျဉ်းပြောပြတာ။ အထက်ကိုတင်ပြပြီး မှတ်တမ်းတင်မဲ့ဥစ္စာ။ မင်း အဲဒါ ဘယ် အချိန်ကူးမှာလဲ။ မိတ္တူက။ စိတ်ရောဂါ ရှိမရှိလည်း ပါတယ်။ လည်ပင်းကို ရန်ကုန်သားရေနဲ့ချုပ်လိုက်ရင် ဘာမှမမြင်တော့ ဘူး။ မိနစ် (၂၀)။ မိုးကုတ်ပဲ ဝါသနာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဆရာဝန်ရေးထားတာ။ ငါရေးတဲ့စာအုပ်ကို ဆေးရုံက ဆင်းရင်ထားခဲ့ပေးပါလို့ပြောထားတယ်။ ခုနက ဆရာဝန်က။ သွေးကြောတွေက နဂိုအတိုင်းပဲလား? ဒီနေရာ ဘောင်းဘီ မဝတ်ဘူး။ သူ့နေရာသူ နေတတ်ပါ။ ရောမပြည်ရောက်ရင် ရောမလိုကျင့်။ အခြောက်တိုက်။ မင်းဒီအချိုးမျိုးမလုပ်နဲ့။ ရိုင်း လွန်းတယ်။ အခြောက်တိုက်မရိုင်းနဲ့။ မင်း ဘယ်တုန်းက ဒီပုံစံလုပ်ဖူးလဲ။ ဒါပြီးရင် ရှေ့ဆက်ဘဝကို ဘယ်လိုလုပ်မယ် စဉ်းစားနေတုန်း ဒီပုံစံတွေ။ မင်းမလိုတဲ့ပုံစံတွေ။ ဒါတွေက။ မင်း ကိုယ်ချင်းစာတရားထား။ မင်း ငါသင်ပေးလာတာ ကျေးဇူး မကန်းနဲ့။ သွေးပေါင်။ ၁၆၀/၁၀၀။

တစ်ရက်လွတ်ထားတော့ အောက်မှာပုံနေတာ။ နောက်နေ့ဆို ဒီလောက်မထွက်တော့ဘူးထင်တယ်။ ဆေးကုချိန်မှာ ဆာ တိုင်းစားလို့ ဘယ်ဖြစ်မလဲ။ အချိန်မှန်ရှိရပါမယ်။ မင်းကိုအိပ်ခိုင်းထားတာ။ ငါဆာနေတာကြာလှပြီ။ ဆရာမတွေဆီ ခဏ လိုက်သွား။ သံကျု မဟုတ်တော့ဘူး။ မနက်က မင်းတို့မမြင်လို့၊ ဟိုအဒေါ်ကြီးကို ထမီအပြာဆရာမဝတုတ် တိုင်းတာပြီးလုပ် နေတာ ပလတ်စတစ်ကျုအဝါရောင်လေး၊ ငါတွေ့လိုက်တယ်။ ပေါ့ပေါ့ပါးပါး။ သံက သံချေးရှိတယ်။ ပလတ်စတစ်က သံချေး မတက်တော့ အသားနဲ့ပိုကောင်းတာပေါ့။ ခွဲခန်းဝင်တော့ တချို့ဆိုရင် မရဏမင်းဆီရောက်တာတို့ အိပ်မက်ကယောင် ကတန်းအမျိုးမျိုး။ ငါတော့ ဘာမှမသိဘူး။ ယောင်ရမ်းနေတာလည်း မမှတ်မိဘူး။ ညသောက်တဲ့ဆေး တိုက်ပြီးပြီလား။ ဆရာမကြီး စိတ်မဆိုးရင် နည်းနည်းမေးချင်တယ်။ ရမလား။ ဆရာမကြီး အသက်ဘယ်လောက်ရှိပြီလဲခင်ဗျား။ ကျွန်တော် က ၅၅။ ဘယ်ကျောင်းထွက်လဲ။ ကျွန်တော်လည်း အမှတ်(၄)ပဲ။ ၁၉၇၅ မှာ ကျွန်တော် ၉ တန်းဖြေပြီး ရန်ကုန်ရောက်သွား တာ။ ဆရာမက ဘယ်မှာနေတာလဲ။ ဘယ်နားမှာလဲ။ ဆရာမအစ်ကိုက တင်ဝင်းလား။ ဂျိုးဇက် (ဝါ) အီးပိုတို့ မောင်နှမ၊ စင်သီယာတို့နဲ့နီးလား။ ဆရာမဒေါ်ဒိုင်းနာနဲ့ နီးလား။ ကုလားဘုရားကျောင်းနောက်က ဦးညိုရင်သားသမီးတွေက သူငယ် ချင်းတွေ။ ကျေးဇူးတင်ပါတယ်။ အိပ်ဆေးတွေကုန်ပြီလား။ မနေ့က မော်ဖင်းထိုးမယ်ကြားတယ်။ အိပ်မပျော်သေးဘူး။ နှာခေါင်းပိုက် ပိုလှုပ်လာတယ်။ အထဲက အလုပ်လုပ်လာပြီထင်တယ်။

ဘိတ်နဲ့ရန်ကုန် ကုန်ကူးစားပါလေ။ အစစ်အဆေးဘာမှ မရှိဘူး။ မစံပယ်နဲ့ပေါင်းလုပ်ရင်ကောင်းမယ်။ မစံပယ်ကိုမေး။ မစံပယ်က လူလည်နေပြီ။ မစံပယ်လိုတာကို မင်းက ကယ်ရီသဘောမျိုး သယ်ပေးပေါ့။ ကိုယ်က နှစ်ဘက်လုံးစားရအောင် လုပ်ပါ။ နှစ်ဘက်ဆိုတာ အသွားရော အပြန်ရောကိုပြောတာ။ ငါတို့ရောဂါမျိုး ဒီမှာ ရှားတယ်။ မမြင်ဖူးတော့ ငေးကြည့်နေ ကြတဲ့လူတွေက ပုံစံအမျိုးမျိုးနဲ့၊ တချို့ဆိုရင် စည်းလွတ်ဝါးလွတ် ကြည့်ကြတယ်။ သြော်၊ ကျွန်တော်ကတော့ မပြာပါဘူး၊ ကြည့်ကြပါစေ။ ဆရာက ကျွန်တော့်ကိုခင်တယ်။ ကျွန်တော်ရေးထားတဲ့စာအုပ်ကို ထားခဲ့ပေးပါလို့ပြောတယ်။ ရေးထားတဲ့ စာကို ဇာတ်လမ်းတစ်ပုဒ်ရေးလို့ ရနိုင်တယ်။ ဟိုတုန်းက မင်းသိင်္ခဆိုလျှင် ဘဝအကြောင်းလာပြောသမျှ လက်ခံပြီး စာရေး တာ။ ကျွန်တော်ငယ်ငယ် ၂၂ နှစ်အရွယ်လောက်က ရန်ကုန်မှာ ကျွန်တော့်အပေါင်းအသင်းဖြစ်ခဲ့တဲ့ တင့်လွင်က မင်းသိင်္ခ ဆီကိုခေါ်တာ မသွားဖြစ်လိုက်ဘူး။ သူက ဒိုင်နမိုမော်တာပြင်တာ။ ကျွန်တော်က ကားအင်ဂျင်ပြုပြင်ပေါ့။ အင်ဂျင်တစ်လုံး ပြင်ရင် ငါးရာ။ အော်စတင်ကားတို့ ဖို့ဒ်ကားတို့ပေါ့။ စပါယ်ရှယ်လစ် ပြုပြင်တယ်။ နောက်တော့ ကျွန်တော့်သူငယ်ချင်း တင့်လွင်လည်း နိုင်ငံခြားထွက်သွားလိုက်တာ ဘာအဆက်အသွယ်မှ မရှိတော့ဘူး။ အင်မတန်အဆင့်အတန်းရှိတယ်။ စီးရီး တောင်ထုတ်သေးတယ်ပြောတယ်။ မအောင်မြင်ဘူးလို့ပြောသံပဲ ကြားလိုက်ရတယ်။ ဒါက ကျွန်တော့်ရန်ကုန်ဘဝ တစ်စိတ် တစ်ပိုင်း။

ခွဲခန်းမှာ ဒီဆရာဝန်ပါတယ်။ မနက်က ဆရာမ မညွန့် ဖြုတ်ဆေးသွားတယ်ဆရာ။ ဒါက လေးစားသင့်တယ်။ မနေတတ်ဘူး။ တာဝန်သိတယ်ခေါ်တယ်။ သွားမစော်ကား မပြစ်မှားနဲ့။ သဘောကောင်းလိမ့်မယ်။ စည်းကမ်းရှိတာပါ။ အဘိုးကြီးတို့ဘက် မှာ ဓာတ်မီးအနီအားသွင်းထားတယ်။ သွားယူလိုက်။ ဆရာမ နှာခေါင်းပိုက် ခဏခဏ ပြုတ်ကျတယ်။ ဆေးဗူးတစ်ဗူး၊ ဆေး ကတ်တစ်ခု = ၇၅၀၀။ မီးပြင်နေတယ်၊ မီးသွားမဖွင့်နဲ့။ ဒီအဘိုးကြီးက ကုလားတင်မြင့်နဲ့မတူဘူးလား? ရန်ကုန်ကုတင်က မွေ့ယာပါတယ်။ ဒီက သံကုတင်။ ငါက သစ်သားမှာအိပ်မှ ရမှာ။ ခေါင်းအုံးနိမ့်တယ်။ ခုံမှာဆင်းအိပ်မယ်။ ရလား။ တရား များများနာခိုင်းမှ ငြိမ်မှာ။ စကားပြောစက်က အဆင်ပြေမှာလား။ အသံအိုးအလုံးက ဘယ်အရွယ်လောက်လဲ။ ညပိုင်းက အိပ်ဆေးပါတာကိုး။ နေ့လည်ပိုင်း။ ဆရာကြီးက အခုလောက်ဆို လုံလောက်ပြီတဲ့။ ဒီနေ့ပိုဝယ်လာတဲ့ဆေးကို မခံနိုင်မှဘဲ ထိုးခိုင်းရင်ကောင်းမလား။ ဒီအဘွားကြီး သတိထား။ အောင်ပြီ၊ အောင်ပြီ နှစ်ခါလာအော်တယ်။ ဘာလဲမသိဘူး။

လင်းဇင်ယော်
၂၀၁၃၊ ဇူလိုင်။

(ဗလာစာအုပ်ထဲတွင် လူနာ စာရေးပြီးပြောထားသမျှကို ပြန်လည်ပေါင်းစပ်ထားပါသည်။)

ပိတောက်ပွင့်သစ် - ၂၀၁၃၊ စက်တင်ဘာ။

No comments:

Post a Comment