Tuesday, June 4, 2013

မောင်ကောက်ရ။ ကမ်းနားဘဒင်။ မဗိုက်။





(၁)
အရူးဟုတော့ မသုံးချင်။ စိတ်မနှံ့သူ (သို့မဟုတ်) စိတ်ဝေဒနာရှင်။
            သက်ဆွေဦးသည် ကျွန်တော်ပထမဆုံး အနီးကပ်ကြုံဖူးသည့် စိတ်ဝေဒနာသည်။ ကျွန်တော်က အလုပ်သင် ဆရာဝန်အဖြစ်နှင့် ဖျားနာဆောင်တွင်တာဝန်ကျနေစဉ်။ သက်ဆွေဦးဆေးရုံရောက်လာတော့ အဖော်မပါဘဲရောက်လာ သည်။ တုံးလုံးပက်လက် ရောက်လာသည်။ အရက်နံ့ထောင်းပြီး ရောက်လာသည်။ သတိလစ်ပြီး ရောက်လာသည်။ နာမည် မသိဘဲ ရောက်လာသည်။ သို့နှင့် သူသည် ကျွန်တော်တို့အတွက် ရက်ပေါင်းများစွာကြာသည်အထိ ‘မောင်ကောက်ရ’ ဖြစ် နေခဲ့သည်။
            ထုံးစံအတိုင်း မောင်ကောက်ရကို ဆေးရုံကကျွေးရ၏။ ဆရာဝန်၊ သူနာပြုတို့က မွေးရ၏။ လူနာစောင့်တို့က ထမင်းတစ်ဆုပ်၊ ဟင်းတစ်လုတ် ပေးကြ၏။ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ညကြီးအချိန်မတော် ရောက်ချလာသော မောင်ကောက်ရ ရောက်စက ခုတင်ပေါ်မှာခွေလျက်သား။ မျက်လုံးလည်းမဖွင့်နိုင်။ အသံလည်းမပြုနိုင်။ သို့သော် အပေါ့ အလေးတော့ ကောင်းကောင်းစွန့်နိုင်သည်။ သို့သော် အိမ်သာမှာစနစ်တကျသွားသည်မဟုတ်။ သံခုတင်ပေါ်မှာပဲ။ သည်လို နှင့် သေးအိုင်ထဲမှာလူးနေသော မောင်ကောက်ရကို တာဝန်ကျဆရာဝန်နှင့်ဆရာမက ညကြီးမင်းကြီး သန့်ရှင်းရေးထလုပ် ပေးရ၏။ အရေးပေါ်ဆီးပိုက်တပ်ပေးရ၏။ အရေးပေါ်ဆေးများထိုးပေးရ၏။ ပြီးတော့ သည်အတိုင်း ကိုယ်တုံးလုံးထားထား၍ မသင့်တော်သဖြင့် ခွဲစိတ်ခန်းထဲမှ တစ်ခါသုံးဝတ်ရုံများယူပြီး လွှမ်းခြုံပေးထားရပြန်၏။ ဆောင်းတွင်းအေးစက်နေသော သံခုတင်ပေါ်မှာလည်း ခင်းပေးထားရ၏။ မောင်ကောက်ရကတော့ ဘာမှမသိ၊ ပကတိငြိမ်းချမ်းနေ၏။
            မောင်ကောက်ရကို တပ်ပေးထားသောဆီးပိုက်က ဆီးထွက်ပေါက်ကိုသာ မဖိတ်မစင်ဘဲလုံခြုံအောင် ထိန်းထား ပေးနိုင်သည်။ ဟာလာဟင်းလင်းပွင့်နေသော နောက်ဖေးပေါက်ကိုတော့ လုံခြုံအောင်ထိန်းထားနိုင်စွမ်းမရှိ။ လူကသာ သတိကောင်းကောင်းမရချင်ဘဲရှိမည်။ ပါးစပ်ထဲအစာခွံ့လျှင်တော့ ကောင်းကောင်းမြိုချနိုင်စွမ်းရှိနေသဖြင့် နောက်ဖေးက လည်း သွားပြီးရင်းသွားရင်း။ ကြာလာတော့ နောက်ဖေးကျုံး၊ ရေချိုး၊ ဆပ်ပြာတိုက်၊ ကတုံးတုံး၊ ထမင်းခွံ့ပေးသော ထမီခရမ်းတွေလည်း မောင်ကောက်ရကို လက်မြှောက်ချင်လာကြ၏။ နောက်ဖေးပုံတွေကြားထဲ လူကလည်း လူးချင်သလို လူး၊ လိမ့်ချင်သလိုလိမ့်နေသဖြင့် ခုတင်ပေါ်ကပြုတ်မကျအောင် ခုတင်နှစ်လုံးပူးပေးထားရသည်။ ကြာလာတော့ မောင် ကောက်ရ၏ အနံ့အသက်များကြောင့် အနီးအနားမှခုတင်များမှာလည်း တဖြည်းဖြည်းလွတ်ကုန်၏။ သည်လိုနှင့် တစ်ခန်း လုံးကို မောင်ကောက်ရနှင့် သူ၏အနံ့အသက်များက သိမ်းပိုက်သွားသည်။
            ရက်သတ္တပတ်တို့ကုန်လွန်လာသည်နှင့်အမျှ မောင်ကောက်ရ၏ကျန်းမာရေးအခြေအနေမှာလည်း  အပေါင်း လက္ခဏာဘက်သို့ တဖြည်းဖြည်းတိုးတိုးလာသည်။ သို့သော် အသိစိတ်ကတော့ ဒုံရင်းဒုံရင်း။ နာမည်မသိ၊ အသက်မသိ၊ ဆွေမသိ၊ မျိုးမသိ၊ နေရပ်လိပ်စာမသိ။ မောင်ကောက်ရသည် မောင်ကောက်ရအဖြစ် ဆက်လက်ရပ်တည်နေဆဲ။
            ထိုအချိန်၌ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲကကဲ့သို့ပင် ကရုဏာရှင်နိုက်တင်ဂေးပေါ်လာသည်။
ထမီအနီဝတ်သူနာပြုဆရာမ မယ်သင်း…။
မောင်ကောက်ရကို ကရုဏာရှေ့ထားပြီး အချိန်မှန်မှန်အစာကျွေးသည်။ အချိန်မှန်မှန်ဆေးထိုးဆေးတိုက်သည်။ အချိန်မှန်မှန်သုတ်သင်သန့်ရှင်းပေးသည်။ ဆေးရုံဝင်းထဲကအဆောင်မှာနေသော မယ်သင်းက မောင်ကောက်ရအတွက် အမြဲလိုလိုအဆင်သင့်ဖြစ်နေခဲ့၏။ ဆန်ပြုတ်ချိန်ဆန်ပြုတ်၊ ထမင်းချိန်ထမင်း၊ ကော်ဖီချိန်ကော်ဖီ။ ဖျော်ရည်ချိန်ဖျော်ရည်။ ကြာလာတော့ တုံးလုံးပက်လက်မောင်ကောက်ရလည်း ကရုဏာရှင်မယ်သင်းရှေ့မှောက်မှာ ငုတ်တုတ်ထထိုင် မောင် ကောက်ရ ဖြစ်ရတော့သည်။ သို့သော် မျက်လုံးတွေကတော့ မူမမှန်သေး။ နာမည်မေးလိုက်တိုင်း ကြောင်စီစီလုပ်ပြီး ပြန် ငေးကြည့်နေသေး၏။ မသိချင်ယောင်ဆောင်နေတာလား။ တကယ်မသိတာလား။ မယ်သင်းကတော့ ဇွဲမလျှော့ဘဲ ဆက် လက်ပြုစုပေးမြဲ။
တစ်နေ့…။ မယ်သင်းတစ်ယောက် ခါတိုင်းထက်ပိုပြီး ပြုံးရွှင်လျက်ရှိနေသဖြင့် အကြောင်းရင်းကိုတီးခေါက်ကြည့် တော့ မောင်ကောက်ရသည် မောင်ကောက်ရမဟုတ်တော့ကြောင်း၊ မောင်ကောက်ရသည် ‘သက်ဆွေဦး’ ဖြစ်သွားပြီ ဖြစ်ကြောင်း အားရဝမ်းသာပြောရှာ၏။ သို့နှင့် မောင်ကောက်ရ(ခ)သက်ဆွေဦး စိတ်ကြည်နေသည့်အခါ သို့မဟုတ် အသိ စိတ်ခဏတာ ပြန်လည်လာသည့်အခါများ၌ မယ်သင်း၏စိတ်ရှည်လက်ရှည်မေးမြန်းမှုကြောင့် အသက်အပိုင်းအခြားကို သိ လာရသည်။ နေရပ်လိပ်စာကို မှန်းဆနိုင်လာသည်။ အလုပ်အကိုင်ကတော့ တပ်သားလိုလို၊ ရဲဘက်လိုလို။ မည်သို့ဆိုစေ သက်ဆွေဦး၏အခြေအနေမှာ ကောင်းသထက်ကောင်းလာ၏။ တစ်ခုပဲပြောစရာရှိသည်။ ယင်းမှာ စကားတစ်လုံးစ၊ နှစ်လုံး စသာ မေးထူးခေါ်ပြောလုပ်နိုင်သော သက်ဆွေဦးသည် မယ်သင်းမှလွဲ၍ တခြားမည်သူနှင့်မှစကားမပြောခြင်း။
ဆေးရုံအနေနှင့်ကတော့ သက်ဆွေဦးကို သက်ဆွေဦးမှန်းသိလာရသည့်အပြင် လူကျန်းမာရေးကလည်း ထူထူ ထောင်ထောင်ရှိလာပြီဖြစ်သဖြင့် သက်ဆွေဦး၏သက်ဆိုင်ရာသို့ အကြောင်းကြားရတော့၏။ ဆေးရုံဆိုသည်မှာ လူ ကျန်းမာရေး၊ စိတ်ကျန်းမာရေး ချွတ်ယွင်းသူများအတွက်သာ ခုတင်နေရာရှိသည်။ လူကောင်းများအတွက် နေရာမရှိ။ သို့နှင့် သက်ဆွေဦးကို သက်ဆိုင်ရာကလာခေါ်သွားပြီးသည့်နောက်ပိုင်း ဆရာမမယ်သင်းတစ်ယောက် သက်ဆွေဦးနေခဲ့ သော ခုတင်ကိုငေးပြီး တစ်ခါတစ်ခါ ငိုင်နေတတ်သည်မှလွဲ၍ ဆေးရုံ၏ကျန်ရှိသည့်လုပ်ငန်းအစိတ်အပိုင်းများမှာ ပုံမှန် အတိုင်း ဆက်လက်လည်ပတ်နေခဲ့ပါသည်။

(၂)
အရူးဟုတော့ မသုံးချင်။ စိတ်မနှံ့သူ (သို့မဟုတ်) စိတ်ဝေဒနာရှင်။
            ‘ကမ်းနားဘဒင်’ ဆိုလျှင် ကလေးကအစခွေးအဆုံး တစ်မြို့လုံးသိကြသည်။ စားကြွင်းစားကျန်များကို ကြွပ်ကြွပ် အိတ်တစ်လုံးထဲစုထည့်ကာဆွဲပြီး လူစည်ကားရာ ဈေး၊ လှေဆိပ်၊ ကားဂိတ် စသည့်နေရာများ၌ ခြေဦးတည့်ရာ လျှောက် သွားနေတတ်သူ။ တစ်ခါတလေ ပလက်ဖောင်းခေါင်းအုံးအိပ်နေတတ်၏။ တစ်ခါတလေ ကတ္တရာလမ်းမပေါ် ကန့်လန့်ဖြတ် အိပ်နေတတ်၏။ တစ်ခါတလေ ကမ်းနားရေစပ်ဗွက်တောထဲ လျှောက်သွားလျှောက်စားနေတတ်၏။
            သူက ကမ်းနားဘဒင်။ ကျွန်တော်က တာဝန်ကျဆရာဝန်။ သူနှင့်ကျွန်တော်တွေ့ကြသည့်နေရာက ပြည်သူ့ဆေးရုံ။ အရေးပေါ်ဌာန။ လမ်းပေါ်တွင်လဲနေပြီး ခေါ်၍လည်းမထူး၊ နှိုး၍လည်းမရသဖြင့် အမြင်မတော်သူစေတနာရှင်များက ဝိုင်း ဝန်းခေါ်ဆောင်လာကြပြီး ဆေးရုံရှေ့မှာလာပစ်ထားခဲ့ကြခြင်းဖြစ်၏။ ဆေးရုံကတော့ ပစ်ထား၍မရ။ သို့နှင့် ထုံးစံအတိုင်း ကောက်ရလူနာ။
            ဆေးရုံသို့ ကောက်ရလူနာတစ်ဦးရောက်လာတိုင်း ဆေးရုံအုပ်ကြီးမှအစ တာဝန်ကျဆရာဝန်အလယ် သန့်ရှင်းရေး ဝန်ထမ်းအဆုံး အားလုံးအလုပ်ရှုပ်ကြရသည်။ အစားအသောက်၊ အဝတ်အစား၊ ဆေးဖိုးဝါးခ၊ တစ်ကိုယ်ရေသန့်ရှင်းရေး စသည့်ခြေနှစ်ချောင်းကိစ္စအဝဝကို ကိုယ်ထူကိုယ်ထစီစဉ်ကြရ၏။ ထို့အပြင် လူနာစောင့်မရှိလျှင် ဆေးရုံအငှားယာဉ်ဂိတ်မှ ဆိုင်ကယ်တက္ကစီမောင်းသမားများကို တစ်ညထောင့်ငါးရာပေးပြီး အလှည့်ကျစောင့်ခိုင်းရသဖြင့် သူတို့လည်း တစ်တပ် တစ်အား အဆစ်ပါရသည်။
            ကမ်းနားဘဒင်ကိုစစ်ဆေးကြည့်တော့ သွေးထဲမှာအချိုဓာတ်နည်းပြီး ငှက်ဖျားပိုးကြောင့်လည်း ကိုယ်တွေကပူနေ သေးသည်။ ကိုယ်ပေါ်မှာလည်း အနာဗရပွ။ ပါးစပ်ကတော့ ‘ကြောက်တယ်’ ဆိုသောစကားတစ်ခွန်းကိုသာ အထပ်ထပ် အခါခါရွတ်နေ၏။ မျက်လုံး လုံးဝဖွင့်မကြည့်။ သို့နှင့် ဆီးပိုက်တပ်၊ ဆေးပိုက်တပ်၊ ဆေးဗူးကြီးချိတ်ပြီး ခုတင်ပေါ်တင်လိုက် တော့ “ကြောက်တယ်၊ ကြောက်တယ်” ဟုအော်ကာ ချက်ချင်းပင်ခုတင်အောက်ကို လှိမ့်ချပစ်၏။ ခက်ခက်ခဲခဲ တပ်ထား ရသော ဆီးပိုက်နှင့်ဆေးပိုက်တို့ကိုလည်း ပြန်ဆွဲဖြုတ်ပစ်သည်။ ခုတင်ပေါ်ပြန်တင်လိုက်၊ ခုတင်အောက်ပြန်လှိမ့်ချလိုက်၊ တွန်းထိုးရုန်းကန်လိုက်နှင့် နောက်ဆုံး ခုတင်အောက်ကြမ်းပြင်ပေါ်မှာပဲ ပလတ်စခင်းပြီး တစ်ညသိပ်လိုက်ရသည်။ သူက တော့ တစ်ညလုံးကြောက်လို့ကောင်းတုန်း။
            ဘာကိုကြောက်နေတာလဲ? ဘယ်သူ့ကိုကြောက်နေတာလဲ? သူကိုယ်တိုင်တောင် သိချင်မှသိပေမည်။
            သို့သော် သူ့ ‘ကြောက်တယ်’ ကိုတော့ ကျွန်တော်တို့လည်းကြောက်နေရပြီ။ သူက ကြောက်တယ်ပြောပြီး ခုတင် အောက်ဝင်ပုန်းလိုက်၊ ပြတင်းပေါက်ဘောင်ပေါ်ခွတက်လိုက်၊ ဆေးပိုက်တွေဆွဲဖြုတ်လိုက်၊ အနားကပ်လာသူတွေကို အော် ဟစ်ရိုက်ထုတ်လိုက်၊ ရှိသမျှအားနှင့်ကုန်းရုန်းထပြီး ကမူးရှူးထိုးထွက်ပြေးလိုက်နှင့်။ သူကြောက်တယ်ပြောလျှင် လူ ခြောက် ယောက်လောက်ဝိုင်းချုပ်တာတောင် အနိုင်နိုင်။ ဒါတောင် အာဟာရပြတ်နေသေး၍သာ။ နောက်ဆုံး ရှိသမျှလူအကုန်လုံး အတင်းဝိုင်းချုပ်ပြီး စိတ်ငြိမ်ဆေးအပြင်းစားများ ထိုးချလိုက်မှပဲ နည်းနည်းငြိမ်ကျသွားသည်။ ပါးစပ်ကတော့ တစ်ချက် တစ်ချက် ‘ကြောက်’ နေတုန်း။ သို့နှင့် သူကြောက်မှာကို ကျွန်တော်တို့လည်းကြောက်နေရသည်။ အကြောက်တရားထဲမှာ တစ်ယောက်တည်းချောင်ပိတ်မိနေသော သူ့ကိုကြည့်ရင်း ကျွန်တော်တို့မှာ သနားလည်းသနား၊ ကြောက်လည်းကြောက်၊ သံဝေဂလည်းရ။ သို့နှင့် သူ မကြောက်အောင်၊ သူသတ္တိရှိလာအောင်သာ ကျွန်တော်တို့မှာ ဆုတောင်းပေးနေရ၏။ မကြောက်နဲ့၊ ကမ်းနားဘဒင်ကြီး၊ မကြောက်နဲ့။
            အနာနှင့်ဆေးတည့်သွား၍လား၊ ကျွန်တော်တို့ဆုတောင်းကြောင့် သတ္တိတွေပဲမွေးဖွားလာ၍လား မသိ။ လေးငါး ရက်လောက်ကြာတော့ ကမ်းနာဘဒင်ကြီး ငြိမ်ကျလာသည်။ ဆန်ပြုတ်ဆိုလည်း ကိုယ့်ဖာသာကိုယ်ဇွန်းနှင့်ခပ်သောက်၏။ ဆေးဆိုလည်း ပါးစပ်ထဲပစ်ထည့်ပြီး တဂျွတ်ဂျွတ်ဝါးစားပစ်၏။ ဆီးပိုက်၊ ဆေးပိုက်တွေကိုလည်း ရန်မရှာတော့။ ခုတင် အောက်ကိုလည်း ဝင်မပုန်းတော့။ သည်လိုနှင့် တစ်နေ့ စိတ်ရောဂါအထူးကုဆရာဝန်ကြီးက သူ့ကိုလာကြည့်ရင်း စာရွက် နှင့်ခဲတံပေးပြီး နာမည်ရေးခိုင်းရာ ခဲတံကိုကျကျနနကိုင်ပြီး စာလုံးသုံးလုံးရေးလိုက်သည်။ ‘မောင်တင်နု’ တဲ့။ “ဘယ်မှာ နေလဲ” ဟု မေးပြီးရေးခိုင်းတော့လည်း မောင်တင်နုတဲ့။ “ဘာအလုပ်လုပ်သလဲ” ဆိုတော့လည်း မောင်တင်နုတဲ့။ ဘာပဲ မေးမေး မောင်တင်နုတစ်လုံးတည်းသာရေးနေရာ နောက်ဆုံးစာရွက်တစ်ရွက်လုံး မောင်တင်နုများနှင့် ပြည့်သွားတော့ သည်။
            ကမ်းနားဘဒင်ဟူသည်မှာ အများကဝိုင်းသမုတ်ကြသော နာမည်။ သည်လိုဆို မောင်တင်နုကရော။ သူ့အမည် အရင်းလား၊ သို့မဟုတ် သူနှင့်ပတ်သက်သော တစ်စုံတစ်ဦး(ရန်သူ/မိတ်ဆွေ)၏ အမည်လား။ မည်သူမှ တပ်အပ်သေချာ မပြောနိုင်။ သူ့ကို ကမ်းနားဘဒင်ဟုခေါ်လျှင် သိပ်အရေးမလုပ်တတ်။ မောင်တင်နုဟုခေါ်လျှင်တော့ တစ်ချက်တစ်ချက် လှည့်ကြည့်၏။ မောင်တင်နုကို အသိအမှတ်ပြုသည့်သဘောလား။
            သူသည် မြို့အင်္ဂါရပ်နှင့်ညီအောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြည့်ဆည်းပေးနေသူတစ်ဦးဖြစ်ပေရာ သူနှင့်ပတ် သက်သော ဆွေမျိုးသားချင်းများကို မည်သို့မှစုံစမ်း၍မရဘဲဖြစ်နေသည်။ သူ့ကျန်းမာရေးကလည်း ကောင်းနေပြီဖြစ်သော ကြောင့် ဆေးရုံနှင့်မသက်ဆိုင်တော့။ သို့သော် တခြားလူနာများကဲ့သို့ “ဆေးရုံဆင်းလို့ရပြီ၊ အိမ်ပြန်လို့ရပြီ” ဟု သွားပြော လျှင်လည်း ဝမ်းသာတတ်မည့်လူစားမျိုးမဟုတ်သဖြင့် အချည်းနှီးပင်။ သူကတော့ ဆေးရုံမှာ ရာသက်ပန်ထားလျှင် ရာသက် ပန်အသင်းဝင်မည့်ပုံပေါက်နေရာ ဆေးရုံအုပ်ကြီးမှာလည်း မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေပြီ။ သူ မကြောက်တတ်ပြန်တော့ လည်း ကျွန်တော်တို့မှာ တစ်နည်းတစ်ဖုံကြောက်နေရပြန်သေးသည်။
            ထိုအချိန်တွင် ဆေးရုံပေါ်မှဂီလာနသံဃာများကို လာရောက်ပြုစုဆွမ်းခံကျွေးနေသော ကိုယ်တော်တစ်ပါးက ကမ်းနားဘဒင်ကို တာဝန်ယူပါမည်ဟုဆိုလာသဖြင့် ဘုန်းကြီးကျောင်းမှာထားရကောင်းမလား စဉ်းစားနေခိုက်။
            မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးများတဒိုင်းဒိုင်းပစ်သောတစ်ညမှာ ကမ်းနားဘဒင် (ခေါ်) မောင်တင်နု တစ်ယောက် မည်သူမှမသိလိုက်ဘဲ ဆေးရုံပေါ်မှပျောက်ချင်းမလှပျောက်သွား၏။ သို့ရာတွင် မည်သူကမှလည်း အရေး တယူလုပ်ပြီး လိုက်ရှာမနေကြတာ့သဖြင့် ကမ်းနားဘဒင်ဇာတ်လမ်းမှာ ပြဇာတ်ဆန်ဆန် တစ်ခန်းရပ်သွားရသည်။

(၃)
အရူးဟုတော့ မသုံးချင်။ စိတ်မနှံ့သူ (သို့မဟုတ်) စိတ်ဝေဒနာရှင်။
            “အဲဒီ အရူးမပေါ့၊ အိုဂျီတစ်ယောက်ပြောင်းပြီးတိုင်း ဗိုက်တစ်လုံးနဲ့ ဆေးရုံပေါ်တက်တက်လာတာ” ဟု သူနာပြု ဆရာမကြီးကပြောပြသဖြင့် လှမ်းကြည့်လိုက်မိသည်။
            အသက်က ၃၀ ဝန်းကျင်။ အသားအရေ ညိုညက်ညက်။ အဝတ်အစား သပ်သပ်ရပ်ရပ်။  သည်အတိုင်းကြည့်လျှင် တော့ သာမန်လူတစ်ယောက်ကဲ့သို့ပင် ဘာမှမထူးခြား။ သူကလည်း ထူးထူးခြားခြား ဘာမှမလုပ်ပြသေး၍လည်းဖြစ်မည်။ လူနာစောင့်သည့်ထိုင်ခုံမှာ တစ်ယောက်တည်းအေးအေးလူလူ ထိုင်စောင့်နေသည်။ အကြောင်းသိချင်သော ကျွန်တော်က “မဗိုက်…ဗိုက်လာအပ်တာလား” ဟုနှုတ်ဆက်တော့ သူကဘာမှပြန်မပြောသေးဘဲ ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး နှစ်ခေါက်လောက် အရင်ကြည့်လိုက်၏။ ပြီးတော့မှ အသံခပ်ပြတ်ပြတ်ဖြင့် တစ်ခွန်းပြန်မေးလိုက်သည်။
            “အိုဂျီလား” တဲ့။
            “မဟုတ်ပါဘူး၊ ကျွန်တော် အလုပ်သင်ဆရာဝန်ပါ”
            “အိုဂျီမဟုတ်ရင် လာမစမ်းနဲ့၊ ဝေးဝေးမှာသွားနေ” တဲ့။
            မှတ်ကရော…။
            သို့နှင့် ကျွန်တော်လည်း လူနာ၏ခွင့်ပြုချက်မရသောကြောင့် ဘာမှလုပ်ပေး၍မရဘဲ သည်အတိုင်းထိုင်ကြည့်နေ လိုက်ရသည်။ နောက်ထပ်လည်း မမေးရဲတော့သဖြင့် အိုဂျီမမ အလာကိုသာစောင့်နေလိုက်သည်။ မကြာခင် အိုဂျီမမ ရောက်လာတော့ မဗိုက်က သူ့ဗိုက်ကြီးကိုပုတ်ပုတ်ပြပြီး “ဆရာမ…ကျွန်မကိုအခုမွေးပေး၊ အခုမွေးပေး” ဟု ပူဆာတော့၏။ အိုဂျီမမက သူ့ ငါးလခြောက်လလောက် ဗိုက်ကလေးကို တစ်ချက်စမ်းကြည့်ပြီး
“အခုမွေးပေးလို့မရသေးဘူးသမီး၊ လမစေ့သေးဘူး” ဟု ပြန်ပြောရာ
“မရဘူးဆရာမ…အခုမွေးပေး၊ ဒီကလေးကို ကျွန်မ မလိုချင်တော့ဘူး” ဟု အတင်းတောင်းဆိုနေရာ အိုဂျီမမ လည်း အကြပ်ရိုက်လျှက်ရှိ၏။
ယောက်ျားလည်းမပါ၊ ဆွေမျိုးသားချင်းလည်း တစ်ယောက်မှမပါလာသော မဗိုက်က ကလေးမွေးပေးရန်သာ တွင်တွင်ပြောနေလေရာ မတတ်သာသည့်အဆုံး ညာတာပါတေးနှင့် အကြောဆေးတစ်လုံးထိုးပေးကာ “လူနာစောင့် ခေါ်လာမှမွေးပေးမယ်” ဟု ချော့မော့ဖျောင်းဖျပြီးပြန်လွှတ်လိုက်ရသည်။ သည်လိုနှင့် မဗိုက်ကတော့ သူ့ဗိုက်မမွေးမချင်း တစ်ပတ်တစ်ခါ သားဖွားဆောင်ပေါ်တက်လာပြီး ကလေးလာမွေးခိုင်းတော့၏။ လမစေ့သေး၊ မမွေးနိုင်သေးဟုပြောလျှင် လစေ့အောင်၊ မြန်မြန်မွေးအောင် အကြောဆေးထိုးခိုင်း၏။ ယောက်ျားရှိလားဟုမေးလျှင် ရှိသည်ဟုဖြေသည်။ ခေါ်လာခဲ့ဟု ပြောလျှင်တော့ မကြားချင်ယောင်ဆောင်နေလိုက်သည်။
သူ့အကြောင်းကိုလည်း အားလုံးကသိနေကြပြီဖြစ်သောကြောင့် ဆူလည်းမဆူရက်၊ မောင်းလည်းမထုတ်ရက်၊ ရှည်ရှည်ဝေးဝေးလည်းပြောမနေတော့ဘဲ အကြောဆေးတစ်လုံးသာ မြန်မြန်ထိုးပေးလိုက်ကြသည်။ သူ့ဇစ်မြစ်ကို သိချင် ကြ၊ စပ်စုချင်ကြသော်လည်း ကိုယ့်အလုပ်နှင့်ကိုယ်ပင် မအားလပ်နိုင်အောင်ဖြစ်နေကြရာ သူပြောသမျှနှင့်သာ မချင့်မရဲ တင်းတိမ်နေကြရ၏။ အားလုံး၏စိတ်ထဲမှာတော့ တစ်ခုခုများထူးခြားလာမလားဟူသော မျှော်လင့်ချက်ဖြင့် သူ့ဗိုက်ကြီး မွေးထွက်မည့်ရက်ကိုသာ စောင့်စားနေကြသည်။ 
သို့သော် တကယ့်တကယ်မွေးလာတော့ မည်သူမှပင်မသိလိုက်ကြ။ ကလေးတစ်ယောက်ချီပြီး ဆေးရုံပေါ်ပြန် တက်လာမှပင် မွေးပြီးမှန်းသိရသည်။ မည်သည့်အချိန်က မည်သူနှင့် မည်ကဲ့သို့မွေးသွားမှန်း မည်သူမှမသိလိုက်ကြ။
“မဗိုက်ကို ဘယ်သူမွေးပေးတာလဲ” ဟု ဝိုင်းမေးကြတော့
“ရပ်ကွက်ထဲကအိုဂျီ…” ဟု ဖြေလိုက်ရာ အိုဂျီမမ ခမျာ ပြုံးရအခက်၊ ငိုရအခက်ဖြစ်သွားရ၏။
မဗိုက်ကတော့ ပြီတည်တည်၊ ရယ်ကျဲကျဲနှင့်။ ပြီးမှ…
“ကျွန်မကလေးကို လာပေးတာ၊ ကျွန်မ မလိုချင်တော့ဘူး” ဟုဆိုကာ သူ့ကလေးကို အတင်းထိုးပေးနေသဖြင့် လှမ်းယူရကောင်းနိုး၊ ပြန်တွန်းထုတ်ရကောင်းနိုးနှင့် အားလုံးပျာပျာသလဲဖြစ်ကုန်ကြရ၏။
ထိုစဉ် မဗိုက်က ထိုသို့မျက်ကလူးဆန်ပြာဖြစ်ကုန်ကြသော ဆေးရုံဝန်ထမ်းများကိုကြည့်လိုက်၊ သူ့ရင်ခွင်ထဲမှ ကလေးကိုကြည့်လိုက်လုပ်ရင်း အားရပါးရတစ်ချက်ပြုံးလိုက်သည်။ ထို့နောက် ပုဆိုးစုတ်ဖြင့်ထုပ်ထားသော သူ့ကလေး နီတာရဲလေးကို ခပ်တင်းတင်းပွေ့ဖက်ရင်း စကားတစ်ခွန်းမှမပြောတော့ဘဲ ဆေးရုံပေါ်မှ ခပ်သုတ်သုတ်ပြန်ဆင်းပြေးသွား သည်။ ဆေးရုံပေါ်မှ ကျန်ရစ်သူတစ်စုကတော့ မေးခွန်းပေါင်းများစွာနှင့် ချာချာလည်လျက်။
*

ဇာတ်ပေါင်းရသော်…

(၁) ပိုင်ရှင်ပေါ်သွားသော မောင်ကောက်ရတစ်ဖြစ်လဲ သက်ဆွေဦးက ဆေးရုံမှဆင်းသွားပြီးတစ်နှစ်လောက်အကြာတွင် ဆေးရုံသို့ တစ်ဖန်ပြန်ရောက်လာခဲ့ပါသည်။ သို့သော် မတ်တပ်အနေအထားနှင့်ရောက်လာသည်မဟုတ်ဘဲ ပက်လက် အနေအထားနှင့် မလှုပ်မယှက်ငြိမ်သက်လျက်သာ ရောက်လာပါတော့သည်။ ထိုအချိန်၌ ကရုဏာရှင်မယ်သင်းကတော့ အနီးအနားက ခြင်္သေ့တစ်ပိုင်း၊ ငါးတစ်ပိုင်းအရုပ်ကြီးရှိသည့်မြို့မှာ အိမ်ထောင်ရက်သားကျလျက်ရှိနေပေပြီ။

(၂) ကမ်းနားဘဒင်ကတော့ လမ်းမပေါ်မှာ၊ ပလက်ဖောင်းဘေးမှာ၊ နာရီစင်အောက်မှာ၊ ဓာတ်တိုင်အောက်မှာ၊ ကမ်းနား ရေစပ်မှာ အထုပ်တစ်ထုပ်ဆွဲရင်းလျှောက်သွားလိုက်၊ အားပြတ်ကာလဲကျလိုက်၊ ကြောက်တယ်ဟုတစ်ခါတစ်ခါအော်ပြော လိုက်လုပ်ရင်း ကမ်းနားဘဒင်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိနေသည်။ သို့မဟုတ် မောင်တင်နုကို လိုက်လံရှာဖွေ ကောင်း ရှာဖွေနေပေလိမ့်မည်။

(၃) မဗိုက်ကိုတော့ ဟိုနားသည်နားမှာ သွားရင်းလာရင်း မကြာခဏတွေ့နေရတတ်၏။ သို့သော် အဝတ်အစားညစ်ပတ် ပေပွ၊ ဆံပင်ဖွာလံကြဲနှင့် ပါးစပ်ကတတွတ်တွတ်ရွတ်ကာ တစ်ယောက်တည်းလျှောက်သွားနေတတ်သည်။ သို့သော် အိုဂျီ တစ်ယောက်ပြောင်းပြီးတိုင်း သမင်မကြီးမဗိုက်မှာ သမင်ကလေးများထပ်မွေးရန် ဗိုက်တစ်လုံးပိုက်ကာ ဆေးရုံပေါ်သို့ အချိန် မှန်မှန်ရောက်လာတတ်မြဲ။

အရူးဟုတော့ မသုံးချင်။ စိတ်မနှံ့သူ (သို့မဟုတ်) စိတ်ဝေဒနာရှင်များ…။  

လင်းဇင်ယော်
IDEA – 2013,JUNE


No comments:

Post a Comment