Friday, June 28, 2013

ပိုက်ပါ



ဦးလေးသိန်းပုလွေသံ၌
ကြွက်များသာယာနာကျင်ကြ၏။
ဦးလေးသိန်းပုလွေသံခေါ်ဆောင်ရာ ကြွက်ကောင်ရေသန်းခြောက်ဆယ်။
အပြေးအလွှား။ မြစ်ကြီးများကို ဆက်လက်စီးဆင်းစေခဲ့သူ ဦးလေးသိန်း။
တောင်တွေအပိုင်းပိုင်းပြတ်စေသား။ နှစ်ပေါင်းများစွာ။ 
ဦးလေးသိန်း သဘာဝကို အယုံအကြည်ရှိပါသလား။ ဦးလေးသိန်း သဘာ ဝလာတယ်။
ဘကြီးအောင်သာရှိရင် ဦးလေးသိန်းကို ဘာများမြည်တွန်တောက်တီးလိမ့်မလဲ။
ဘကြီးအောင်သာရှိရင် ပဲကြော်နဲ့မုန့်ဟင်းခါးရောင်းရင် စားချင်တယ်လို့များ
ပြောလေမလား။ ဘကြီးအောင်ညာတာလား ဦးလေးသိန်း။
ဦးလေးမသိန်းရင် ကျီမီးနဲ့ရှို့။
ရခိုင်။ ကချင်။ ကရင်။ ဦးလေးသိန်း။
ရွှေတိဂုံ။ လစ်ဘာတီ။ ဂရိတ်ဝေါ။ ဦးလေးသိန်း။
ရင်လပ်။ ကြီးကြီးစု။ မီရှယ်အိုဘားမား။ ဦးလေးသိန်း။
ကမ်းလွန်။ ကမ်းမြောင်။ ကမ်းပေး။ ဦးလေးသိန်း။
မီယာဇာကီ။ မူရာကာမိ။ မာရီယာအိုဇာဝါ။ ဦးလေးသိန်း။
ရန်ကုန်။ ရန်ကုန်။ ရန်ကုန်။ ဟေ့ကောင် ဦးလေးသိန်း။
လယ်တောကပြန်။ ဦးလေးသိန်း။ ဂုဏ်တင့်တယ်လေး။
မုန်တိုင်းများနှင့်ဦးလေးသိန်း။ မိုဘိုင်းများနှင့်ဦးလေးသိန်း။
တစ်ရွာလုံးကလည်း ဦးလေးသိန်းပဲ။ စာဥကလည်း ဦးလေးသိန်းပဲ။
ဦးလေးသိန်းမျက်နှာဖုံးစွပ်ချွတ်လိုက်တော့ ဦးလေးသိန်းမျက်နှာဖုံးပဲပေါ်လာ။
ဦးလေးသိန်းကိုယ်တိုင်လည်း ဦးလေးသိန်းပဲ။
လျှောက်ပြန်သံပေး ဦးလေးသိန်း စွမ်းအားရင်းမြစ်။
ဦးလေးသိန်းပြတိုက် နှောင်းလူတို့ဝင်ထွက်ခိုအောင်း။
ဦးလေးသိန်းမိန့်ခွန်း နှောင်းလူတို့မှတ်သားနာယူရေးသားဖြေဆို။
သွားလေသူဦးလေးသိန်း။ သက်တော်ရာကျော်ရှည်ပါစေ။
ဂီတသံများ ဦးလေးသိန်းပုလွေမှထွက်ပေါ်လာ။ ဂီတသံများ ဓာတ်ပြားအပ်ခြစ်ရာမှထွက်ပေါ်လာ။
(ကြောက်စရာတီးလုံးများတီးနေပါသဖြင့် ကြောက်ကြပါခင်ဗျား)
မိဘပြည်သူများနှင့် ဦးလေးသိန်းများ ခင်ဗျာ။
ပုလွေသံကြားရင် နဖူးကချွေးဘယ်နေရာလွင့်ထွက်ရမလဲ။
ပုလွေသံကြားရင် ဦးလေးသိန်းကောင်ရေသန်းခြောက်ဆယ်။
သာယာနာကျင်။

၂၀၁၃၊ ဇွန်။

No comments:

Post a Comment