အဲဒီတိုင်းပြည်ကိုကြည့်လိုက်တော့ နှုတ်ခမ်းကွဲနေတယ်။
အဲဒီတိုင်းပြည်ကိုကြည့်လိုက်တော့ နှုတ်ခမ်းနှစ်ဘက်လုံးကွဲနေတယ်။
အဲဒီတိုင်းပြည်ပါးစပ်ဟလိုက်တော့ အာခေါင်တောက်လျှောက်
အာသီးပါမကျန်ကွဲနေတယ်။
အဲဒီတိုင်းပြည်ပါးစပ်ဟလိုက်တော့ လျှာလည်းကွဲနေတယ်။
အဲဒီတိုင်းပြည် မျက်နှာပျက်နေတယ်။
အဲဒီတိုင်းပြည်က တောင်းဆိုတယ်။ သူ့ကိုမျက်နှာပန်းလှအောင်
ပြုပြင်ပေးဖို့။
အဲဒီတိုင်းပြည်က ဇာတ်စုံခင်းပြတယ်။ သူစတင်မွေးဖွားလာကတည်းက
အကွဲအပြဲတွေ တွဲလျက်ပါလာကြောင်း။
မွေးကတည်းက နှုတ်ခမ်းကွဲနေတဲ့တိုင်းပြည်ဟာ
နို့အုံတင်းတင်းက ဒလဟောသွန်ကျလာတဲ့မိခင်နို့ရည်ကို
နှုတ်ခမ်းမကွဲတဲ့(အခြား)တိုင်းပြည်တွေလို စုပ်အားကောင်းကောင်းနဲ့မစို့နိုင်ခဲ့ဘူး။
မွေးကတည်းက အာခေါင်ကွဲနေတဲ့တိုင်းပြည်ဟာ အာခေါင်မကွဲတဲ့(အခြား)တိုင်းပြည်တွေလို
အကြားအာရုံ
ကောင်းကောင်းမဖွံ့ဖြိုးခဲ့ဘူး။
မွေးကတည်းက လျှာကွဲနေတဲ့တိုင်းပြည်ဟာ လျှာမကွဲတဲ့(အခြား)တိုင်းပြည်တွေလို
အသံပီပီသသ
ကျယ်ကျယ်လောင်လောင်မပြောနိုင်ခဲ့ဘူး။
အဲဒီတိုင်းပြည်ဟာ မွေးရာပါအကွဲအပြဲတွေကို လှပအောင်တွဲစပ်ပေးဖို့တောင်းဆိုတယ်။
အဲဒီတိုင်းပြည်ရောက်လာတော့ အချိန်လွန်နေပြီ။
အဲဒီတိုင်းပြည်မှာ ရှေ့သွား၊ စွယ်သွား၊ အံသွားတွေ
ဗြုတ်စဗျင်းတောင်းနဲ့ အပေါ်ရောအောက်ရော မညီမညာ
ထိုးထွက်နေပြီ။ အဲဒီတိုင်းပြည်ရဲ့အကြားအာရုံ
စိတ်ပျက်ဖွယ်ရာချို့တဲ့နေပြီ။ အဲဒီတိုင်းပြည်ရဲ့အသံက နားမလည်
နိုင်လောက်အောင် ဗလုံးဗထွေး။ မပီမသ။
အဲဒီတိုင်းပြည်ကို နုနယ်စဉ်တုန်းကလိုပုံသွင်းဖို့
ခဲယဉ်းနေပြီ။ အဲဒီတိုင်းပြည်က ရင့်မာနေပြီ။
အဲဒီတိုင်းပြည်ရောက်လာတော့ အချိန်လွန်နေပြီ။
ဒါပေမယ့်
အဲဒီတိုင်းပြည် အချိန်နောက်မကျသေး။
အဲဒီတိုင်းပြည် မျက်နှာပန်းလှအောင် ပြန်တွဲစပ်ပေးမယ့်
ဖန်တီးရှင်ဟာ
အဲဒီတိုင်းပြည်ရဲ့ ဖန်တီးရှင်လား?
အဲဒီတိုင်းပြည်အတွက် ဖန်တီးရှင်လား?
အဲဒီတိုင်းပြည်ကရွေးချယ်ထားတဲ့ ဖန်တီးရှင်လား?
အခြားတိုင်းပြည်ကရွေးချယ်ထားတဲ့ ဖန်တီးရှင်လား?
အဲဒီတိုင်းပြည် မျက်နှာပန်းလှအောင် ပြန်တွဲစပ်ပေးမယ့်
ဖန်တီးရှင်ဟာ
တစ်ယောက်? နှစ်ယောက်? သုံးယောက်? တစ်စု? နှစ်စု?
သုံးစု?
အော်ပရေးရှင်းကာလအတွင်း
အဲဒီတိုင်းပြည်တွန်းထိုးရုန်းကြွမှုမရှိအောင်
မေ့ဆေးပေးဖို့လိုအပ်။
တွဲစပ်လို့မရတဲ့အပိုင်းအစတွေ ဖယ်ထုတ်ပစ်ဖို့လိုအပ်။
ပြန်လည်ကွဲထွက်ခြင်းမရှိအောင် ချုပ်ရိုးကောင်းမွန်သောဖြစ်ဖို့လိုအပ်။
ဒဏ်ရာပိုးဝင်လှိုက်စားခြင်းမရှိအောင် သန့်ရှင်းသောဖြစ်ဖို့လိုအပ်။
ဒဏ်ရာမကျက်သေးခင် ငြိမ်သက်စွာနေဖို့လိုအပ်။
အဲဒီတိုင်းပြည်မေ့ဆေးပြယ်လာတဲ့အခါ
အဲဒီတိုင်းပြည်ရဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ
လျှာကွဲမျက်နှာပြင်မှာ
ချုပ်ရိုးချုပ်သားများလှပစွာတွဲစပ်။
လင်းဇင်ယော်
၂၀၁၃၊ မေဒေး။
No comments:
Post a Comment