Wednesday, January 9, 2013

ဒလက်မပါတဲ့ပန်ကာ



ဒလက်မပါတဲ့ပန်ကာ ရောင်းရန်ရှိသည်
ဒလက်မပါတဲ့ပန်ကာက ဒလက်ပါတဲ့ပန်ကာတွေလိုပဲ လေထွက်ပါတယ် အေးမြပါတယ် ချွေးသိပ်ပါတယ်
ခေတ်မီပါတယ် ဆန်းသစ်ပါတယ် သပ်ရပ်ပါတယ်
ဒလက်မပါတဲ့ပန်ကာကို တရုတ်နိုင်ငံတွင်ပြုလုပ်သည်ဟု စာတန်းထိုးထားပါတယ် ဒလက်မပါတဲ့ပန်ကာဟာ
ပန်ကာအစစ်ရောဟုတ်ရဲ့လား
ဒလက်မပါတဲ့ပန်ကာကို ပန်ကာဟုခေါ်ဆိုရန် သင့်/မသင့် ဒလက်မပါတဲ့ပန်ကာဟာ ပုံသဏ္ဍာန်မျိုးစုံရှိတယ်
အရွယ်အစားမျိုးစုံထုတ်လုပ်တယ် အရောင်အသွေးစုံလင်တယ် တံဆိပ်မျိုးစုံကပ်ထားတယ်
ဒလက်မပါတဲ့ပန်ကာအသုံးပြုနည်းလက်စွဲ ရှိပါသလား
ပန်ကာမှာဒလက်ပါတော့ လည်တာကိုမြင်ရတယ်
ပန်ကာမှာဒလက်မပါတော့ လည်တာကိုမမြင်ရ
ဒလက်မပါတဲ့ပန်ကာဟာ နွေရာသီကို အဝေးလွင့်အောင် တိုက်ခတ်/ခိုက်နိုင်ပါသလား နဖူးကချွေးစက်တွေ
ခြေမပေါ်မကျခင် ခြောက်သွေ့စေနိုင်ပါသလား ဒလက်မပါတဲ့ပန်ကာဟာ ပြည်တွင်းစစ်/နယ်ခြားစစ်/ကျူးကျော်စစ်/
တရားသောထိုးစစ်/မတရားသောထိုးစစ်/ကမ္ဘာစစ်ကို အဝေးကိုလွင့်ပျောက်သွားအောင် တိုက်ခတ်နိုင်ပါသလား
ဒလက်မပါတဲ့ပန်ကာဟာ ဒလက်ပါတဲ့ပန်ကာလိုပဲ နေသာထိုင်သာရှိစေနိုင်ပါ့မလား
ဒလက်မပါတဲ့ပန်ကာဟာ ဆေးဖိုးပေးစရာမရှိလို့ ရှိသမျှပုဆိုးအကုန်ပေါင်ပြီး ဘောင်းဘီတိုပဲဝတ်နေရတဲ့
အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်ကို နေသာထိုင်သာရှိစေနိုင်ပါ့မလား ဒလက်မပါတဲ့ပန်ကာဟာ
မတော်တဆကိုယ်လေးလက်ဝန်ကို ဖျက်ချဖို့အတွက် ကေသီပန်နဲ့အရက်ကြမ်းရောသောက်/အရပ်လက်သည်နဲ့
လက်သည်မပေါ်အောင် လက်စွမ်းပြ/ကိုယ်ခန္ဓာထဲ ဖဲထီးရိုးနဲ့ထိုး/သင်္ဘောရိုးနဲ့ထိုး/အုတ်ပူနဲ့ထိုး/ရေငုပ်/
မီးလှုံ/တုံးခုန်/ဇယ်ခတ်/အလုပ်ကြမ်းလုပ်ပြီး ကြံရာမရဖြစ်နေတဲ့ တရားမဝင်အလုပ်သမတစ်ယောက်ကို နေသာ
ထိုင်သာရှိစေနိုင်ပါ့မလား ဒလက်မပါတဲ့ပန်ကာဟာ အမေနို့ထွက်ရက်သားနဲ့ကောင်းကောင်းမစို့ရဘဲ နို့ဆီနို့ပဲ
စို့နေရတဲ့ အာဟာရချို့တဲ့ပိန်ချုံးချိနဲ့ရောဂါပေါင်းစုံဝင်သေကောင်ပေါင်းလဲကလေးငယ်ကို နေသာထိုင်သာ
ရှိစေနိုင်ပါ့မလား ဒလက်မပါတဲ့ပန်ကာဟာ မနိုင်ဝန်ထမ်းနေရတဲ့နိုင်ငံ့ဝန်ထမ်းတွေကို နေသာထိုင်သာ
ရှိစေနိုင်ပါ့မလား ဒလက်မပါတဲ့ပန်ကာဟာ ဆယ်တန်းမှာဂုဏ်ထူးနည်းလို့ ကိုယ့်ကိုယ်ကိုယ် ပိုးသတ်ဆေး
သောက်/လက်ကောက်ဝတ်ဓားနဲ့လှီး/လည်ပင်းကြိုးကွင်းစွပ်/တိုက်ပေါ်ကခုန်ချတဲ့ ကျောင်းသားတစ်ယောက်ကို
နေသာထိုင်သာရှိစေနိုင်ပါ့မလား ဒလက်မပါတဲ့ပန်ကာဟာ ဧရာဝတီဆေးရဖို့အတွက် ဧရာဝတီမြစ်ကြီးလို
တန်းစီစောင့်စားရင် ဧရာဝတီမြစ်ကြီးလိုပဲ တဖြည်းဖြည်း တဖြုတ်ဖြုတ် သောင်ထွန်းရေခန်းလာတဲ့ ခုခံအားကျဆင်း
သူတွေကို နေသာထိုင်သာရှိစေနိုင်ပါ့မလား ဒလက်မပါတဲ့ပန်ကာဟာ ကျည်ဆံ/လက်ပစ်ဗုံး/အာရ်ပီဂျီကိုအန်တုနိုင် ပြီး ကိုယ်ခန္ဓာထဲက ပလာ့စ်မိုးဒီးယမ်း ဖယ်စီပရမ်ကို လက်မြှောက်အရှုံးပေးရတဲ့ တောတွင်းလက်နက်ကိုင်
ရဟန်းဝတ်တစ်ပါးကို နေသာထိုင်သာရှိစေနိုင်ပါ့မလား ဒလက်မပါတဲ့ပန်ကာဟာ ဘိုင်စကုတ်ကြည့်တော့
လူကြမ်းကိုအံ့ကျော်ကို အင်မတန်နှစ်သက်တတ်ခဲ့သူကို နေသာထိုင်သာရှိစေနိုင်ပါ့မလား
ဒလက်မပါတဲ့ပန်ကာဟာ ဝက်သားပေါက်ဆီလည်းစားလို့ရတယ် ချာပါတီလည်းစားလို့ရတယ် ရခိုင်မုန့်တီလည်း
စားလို့ရတယ် ပဲပုပ်လည်းစားလို့ရတယ် တာလပေါဟင်းလည်းစားလို့ရတယ် ဖာလူဒါလည်းသောက်လို့ရတယ်
ခေါင်ရည်လည်းသောက်လို့ရတယ် အာမီရမ်လည်းသောက်လို့ရတယ်
လို့ သူ့ကိုယ်သူ ကြေညာ/ကြော်ငြာနေတယ်
ဒလက်မပါတဲ့ပန်ကာမှာ ဒလက်တွေပါတယ်
ဒလက်မပါတဲ့ပန်ကာမှာ ဒလက်တွေဟာ လျှို့ဝှက်စွာလည်ပတ်

၂၀၁၃၊ ဇန်နဝါရီ။

No comments:

Post a Comment