အမေ ညီလေး ပြန်ရောက်နေတာလား
ဟဲ့… နင့်ညီက နှစ်ကုန်စာမေးပွဲပြီးမှပြန်လာနေကျလေ
ဒါဆို ကျွန်တော့်အခန်းထဲမှာ ဘယ်သူရှိနေလဲ
အခန်းတံခါးဖွင့်လို့မရဘူး အခန်းထဲကမီးရောင်
မှောင်ချည်လင်းချည်နဲ့
အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ် ဘယ်သူလဲ
အဖေက အိမ်အပေါ်ထပ်မှာ လေလှိုင်းထဲကအသံတွေစောင့်နားထောင်နေတယ်
အမေက အိမ်အောက်ထပ်မှာ ဖန်သားပြင်ထက်ကကိုရီးယားဇာတ်လမ်းတွဲစောင့်ကြည့်နေတယ်
ဒါဆို
ကျွန်တော့်အခန်းထဲမှာ ဘယ်သူတုန်း
မင်းအခန်းထဲ ဘယ်သူမှ မဝင်ဘူး
မဟုတ်ဘူး တစ်ယောက်ယောက်ရှိနေတာ သေချာတယ်
မီးခလုတ်ဖွင့်သံကြားရတယ် ပန်ကာလည်သံကြားရတယ်
စာအုပ်ဖုတ်ဖက်ခါသံကြားရတယ် နာရီနှိုးစက်မြည်သံ
ကြားရတယ် ရေနွေးအိုးဆူသံကြားရတယ် ခွက်ကိုဇွန်းနဲ့ခလောက်သံကြားရတယ်
အိမ်သာရေဆွဲချသံကြားရတယ်
မျက်နှာကြက်ကိုတစ်ခုခုဝင်တိုက်မိသံကြားရတယ်
ကြမ်းပြင်ပေါ်တစ်ခုခုကျကွဲသွားသံကြားရတယ်
မိုးရေတွေ တစ်စက်စက်ယိုနေသံကြားရတယ်
ဂစ်တာတီးသံလည်း တစ်ချက်တစ်ချက် ကြားနေရတယ်
သီချင်းညည်းသံလည်း တစ်ချက်တစ်ချက်ကြားနေရတယ်
မင်းညီဂစ်တာ မင်းအဖေမတီးတော့တာကြာပြီလေ ကြိုးတွေတောင်လျော့တိလျော့ရဲ
ကျွန်တော့်အခန်းကို တစ်ယောက်ယောက်များ
Lock ချသွားသလား
ဘယ်လိုမှ တွန်းဖွင့်/ဆွဲဖွင့်လို့ မရဘူး
မင်းအခန်းသော့ မင်းတစ်ယောက်ပဲကိုင်တာလေ
ဘယ်သူမှ ဖွင့်လို့မရဘူး
အထဲမှာတစ်ယောက်ယောက် သေချာပေါက်ရှိနေတယ်
ဘယ်သူလဲ???
Knock!
Knock! Knock! Knock!
Knock!
Knock! Knock! Knock!
Knock!
Knock! Knock! Knock!
Knock!
Knock! Knock! Knock!
(OUT!!!!!)
လင်းဇင်ယော်
IDEA Magazine, February - 2013
No comments:
Post a Comment