Monday, December 31, 2012

ငါးထမင်း၊ ညမီးကြီး၊ ရှိုးပွဲနဲ့ မယ်ဇလီဖူးသုပ်



ဟေ့ကောင် ဗန္ဓုလ…
            မန္တလေးမှာ မင်းလမ်းခွဲသွားပြီးတဲ့နောက် ငါနဲ့ငမောင် တောင်ကြီးဆက်တက်ကြတယ်ကွ။ တောင်ကြီးမှာ ပွဲတော် ကြီးရှိတယ်လေ။ ဟိုရောက်တော့ ငမောင့်သူငယ်ချင်း အေဒေး လာကြိုတယ်။
            ပွဲတော်ရက်ဆိုတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေအားလုံး လူပြည့်နေလို့ ငါတို့နှစ်ကောင်လည်း နေစရာနေရာ မရ ဖြစ်နေကြတယ်။ ငါတို့ကလည်း နီးမှကပ်လာကြတာဆိုတော့ ဘွတ်ကင်တွေဘာတွေလည်း ကြိုမလုပ်မိကြဘူးလေ။ နောက်ဆုံးတော့ အေဒေးက သူ့သူငယ်ချင်းအောင်နိုင်လင်းရဲ့အဆောင်မှာ ပြောပေးလို့အဆင်ချောသွားတယ်။ နို့မို့ဆို ငါတို့ နှစ်ကောင် ဘုန်းကြီးကျောင်းမှာတည်းရတော့မှာ။ အဆောင်ကပွဲခင်းနဲ့လည်းနီးတော့ ပိုကောင်းသွားတာပေါ့ကွာ။ ငါတို့ ရောက်တဲ့အချိန်က မနက်လေးနာရီလောက်ပဲရှိသေးတာဆိုတော့ တောင်ကြီးမှာချမ်းလို့ကောင်းတုန်းကွ။ ငါတို့လည်း ရောက်ရောက်ချင်းဘာမှမပြောနိုင်ဘဲ ခုတင်ပေါ်တက်ပြီး စောင်ခြုံကွေးနေလိုက်ရတယ်။
            ငါတို့ရောက်တာက လပြည့်နေ့ကြီးကွ။ 
            နေ့လည်ပိုင်းမှာတော့ ငါတို့ ပွဲခင်းထဲခဏလျှောက်ကြည့်ရင်း လျှပ်တစ်ပြက်ဓါတ်ပုံတွေ လိုက်ရိုက်ကြတယ်။ အပေါ်အနက် အောက်အနက်ရိုးရာဝတ်စုံဝတ်ပြီး ခေါင်းမှာတဘက်ကြီးတွေပေါင်းထားတဲ့ ပအိုဝ့်မကြီးတွေကတော့ မြင်နေ ကျမဟုတ်တဲ့ငါတို့အတွက် တစ်မျိုးဆန်းနေတာပေါ့ကွာ။ ငမောင်ကတောင် “သူတို့တွေ ရိုးရာဝတ်စုံကို တော်တော်မြတ်နိုး ကြတာပဲကွ” ဆိုပြီး ကွန်မန့်ပေးနေသေးတယ်။ ခေတ်ပေါ်အဝတ်အစားတွေက သူတို့အတွက် ယားကျိယားကျိဖြစ်နေလို့ နေမှာပေါ့ကွာ။ နေ့လည်ခင်းပေမယ့်လည်း ပွဲခင်းထဲမှာ ရဟတ်စီးတဲ့သူကစီး၊ လေးကောင်ဂျင်ထိုးတဲ့သူကထိုး၊ မုန့်စားတဲ့ သူကစားနဲ့ စည်ကားနေတုန်းပဲကွ။ ဒီပုံအတိုင်းဆို ငါတို့လိုအားကောင်းမောင်းသန်တွေ ညကျရင်တိုးလို့မှပေါက်ပါ့မလား လို့တောင် စိုးရိမ်မိသေးတယ်။
ပွဲဈေးတန်းမှာတော့ ထုံးစံအတိုင်းတွေ့နေကျဖြစ်တဲ့ ထိုးမုန့်၊ ရေမုန့်၊ ကရေကရာ၊ အဝတ်အထည်ဆိုင်တွေအပြင် အခုနောက်ပိုင်း မြန်မာပြည်မှာ နေရာယူခေတ်စားလာတဲ့ ကိုရီးယားတုတ်ထိုး၊ စီပီကြက်ကင်ဆိုင်တွေကလည်း နေရာအနှံ့ပဲ ကွ။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ‘Free for all ladies’ လို့ရေးထားပြီး ဆောင်းဘောက်စ်ကြီးတွေ အစီအရီချ ထားတဲ့ ကလပ်အသေးစားလေးတွေပဲကွ ဟဲ ဟဲ။ ဒါပေမယ့် ယောက်ျားဆို ဝင်ကြေးနှစ်ထောင်တဲ့။ ဒီနေရာမှာလည်း ကျားမခွဲခြားဆက်ဆံရေးတွေ ရှိနေတုန်းပါပဲလားဟ။
အဲ ပွဲခင်းတစ်နေရာမှာ လူတွေဝိုင်းနေတဲ့ဆိုင်တစ်ဆိုင်တွေ့လို့ စပ်စုကြည့်ကြတော့ တို့ဟူးသုပ်၊ တို့ဟူးကြော်၊ တို့ဟူးနွေးတဲ့။ ရောင်းနေတာက ပအိုဝ့်မကြီးတွေကွ။ ငါတို့လည်း ပွဲခင်းထဲလျှောက်လာလို့ ဗိုက်ဆာနေတာကတစ်ကြောင်း၊ သူတို့ တို့ဟူးရဲ့အရသာကိုမြည်းကြည့်ချင်တာကတစ်ကြောင်းကြောင့် တို့ဟူးတစ်ပွဲမှာလိုက်ကြတယ်။ ငါတို့ရှေ့မှာတင် ဖြူဖြူအိအိတို့ဟူးတုံးကြီးထဲက တို့ဟူးတစ်ပိုင်းလှီးထုတ်ပြီး ပန်းကန်ထဲပါးပါးလေးလှီးထည့်၊ ပြီးတော့ ချို ချဉ် ငန် စပ် စုံစီ နဖာတွေ ထည့်နေတာကိုကြည့်နေရင်း သရေ(သွားရည်)တွေတောင်ကျဲလာတယ်ကွ။ အစားအစာဟာ မျက်စိနဲ့အရင်စား တယ်ဆိုတာ တကယ်မှန်တာပဲကွ။ ဘေးနားမှာကလည်း ပအိုဝ့်ပေါက်စနလေးတွေ ပလုပ်ပလောင်းနဲ့ထိုင်စားနေလိုက်ကြ တာ ပါးစပ်မှာဆီတွေကိုကွင်းနေတာပဲ။ ငါတို့လည်း မှာထားတဲ့တို့ဟူးသုပ်ပန်းကန်ရတာနဲ့ တစ်ယောက်တစ်လုတ်စားလိုက် ကြတာ ခဏနဲ့ပြောင်ရော။ ငါတို့စားနေကျ နနွင်းတွေဝါထိန်နေတဲ့တို့ဟူးနဲ့ မတူဘူးကွ။ နုနုအိအိ ဖြူဖြူဖျော့ဖျော့လေးနဲ့၊ တကယ်အရသာရှိတယ်။ ငါတို့ရောက်တဲ့အချိန်က စောနေသေးလို့လားမသိဘူး၊ ကွင်းထဲမှာ ဘာမီးပုံးပျံမှ မလွှတ်သေးဘူး ကွ။ ဒါနဲ့ပဲ ငါတို့လည်း ကောက်ညှင်းကျည်တောက်နည်းနည်းစီဝယ်ပြီး အဆောင်ပြန်လာခဲ့ကြတယ်။
အဆောင်ရောက်တော့ ညကပင်ပန်းထားလို့အိပ်မောကျနေတဲ့အေဒေးကို အလိုက်ကန်းဆိုးမသိနှိုးပြီး နေ့လည် စာလိုက်ကျွေးခိုင်းကြတယ်။ အေဒေးက အိပ်ချင်မူးတူးနဲ့ထလာပြီး ဘာစားချင်လဲမေးတော့ ရှမ်းပြည်ရောက်တုန်း ရှမ်းစာစား ချင်တယ်ဆိုတာနဲ့ ‘ပန်းအလင်္ကာ’ ဆိုတဲ့ဆိုင်ကိုခေါ်သွားကြတယ်။ အဲဒီမှာ မြေအိုးမြီးရှည်အငွေ့တထောင်းထောင်းနဲ့ ခေါပုပ် ကြော်ပူပူနွေးနွေးကတော့ ရှယ်ပဲကွ။ ရှမ်းအစားအစာကို ရှမ်းပြည်ထဲမှာစားလိုက်ရလို့လားမသိဘူး၊ တစ်ခါတည်း ဆွေမျိုးမေ့ သွားတာပဲ။ ငါတို့စားနေတုန်း တီဗီချယ်နယ်တစ်ခုက ပြင်ဦးလွင်ကမီးပုံးပျံလွှတ်ပွဲအကြောင်းလွှင့်နေတာနဲ့ လှမ်းငေးမိကြ တယ်။ “အခုဆိုရင် ယမ်းပိဿာချိန် ၁၅ ပိဿာတင်ဆောင်ထားတဲ့ မီးပုံးပျံကြီးတက်သွားပါပြီရှင်” လို့လည်းကြေငြာလိုက် ရော တောင်ကြီးသားတွေ ဝိုင်းရယ်ကြတော့တာပဲ။ ရယ်ဆို သူတို့မီးပုံးပျံက ယမ်းပိဿာချိန် ၄၀ တောင်ရှိတာကိုးကွ။ ဒါ တောင် တချို့မီးပုံးပျံတွေက သတ်မှတ်ထားတာထက်ပိုထည့်ကြလို့ မီးပုံးမပျံနိုင်ဘဲ ကွင်းထဲမှာတင်ဖောက်ပစ်လိုက်ကြရ တယ်ဆိုပဲ။
ညနေစောင်းပြီဆိုတာနဲ့ ပွဲခင်းထဲမှာ လူတွေတိုးကြိတ်နေကြပြီ။ အအေးဓါတ်ကလည်း တဖြည်းဖြည်းစိပ်လာပြီ။ ညစာကိုတော့ ပွဲခင်းထဲက ‘ကိုပြူး’ ဆိုင်မှာ စတည်းချကြတယ်။ ဝက်သားချဉ်ရယ်၊ ဟင်းထုပ်ရယ်၊ ငါးထမင်းရယ်လေ။ အားလုံး တစ်မျိုးစီစားလို့ကောင်းတယ်ကွ။ ချမ်းချမ်းစီးစီးမှာ ငါးထမင်းတစ်ဇွန်းစားလိုက်၊ အဖန်ရည်ပူပူ မှုတ်သောက်လိုက်၊ ဂျူးမြစ်လေးဖဲ့ဝါးလိုက်၊ ငရုတ်သီးကြော်လေးကိုက်လိုက်နဲ့ ဟုတ်နေတာပဲ။ ငမောင်ဆို ဂျူးမြစ်ကအစ လိုက်ပွဲတောင်းရ တယ်လေ။ ငါလည်း ထိုနည်းလည်းကောင်းပဲကွ ဟဲ ဟဲ။ အိမ်ရှင်တွေကတော့ ငါတို့ဧည့်သည်တွေ တစ်ဖြဲနှစ်ဖြဲစားနေကြ တာကြည့်ပြီး အချင်းချင်း မျက်စပစ်နေကြလေရဲ့။
အစာအိမ်တောင့်တင်းအောင်စီမံပြီးတဲ့နောက် ငါတို့ပွဲခင်းထဲစ,တိုးကြတယ်။ အရင်ဆုံးရောက်သွားတာကတော့ ယမကာကုမ္ပဏီတစ်ခုကလုပ်တဲ့ ‘ဖရီးရှိုး’ ဆီကိုပဲ။ အဲဒီညက လပြည့်ညဆိုတော့ ဖျော်ဖြေမယ့်အဆိုတော်တွေကလည်း ဒိတ်ဒိတ်ကြဲတွေလေ။ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ Rဇာနည်။ ရှိုးပွဲကမစသေးဘူး၊ ပရိတ်သတ်က ကွင်းပြည့်ကွင်းလျှံ။ ငါတို့ လည်း တစ်ယောက်လက်တစ်ယောက်ဆွဲပြီး နောက်ဆုံးကနေ စ,တိုးကြရတာပေါ့။ တိုးရင်းတွန်းရင်းတိုက်ရင်းနဲ့ပဲ ကွင်း လယ်ရောက်မှန်းမသိရောက်လာကြပြီး ရှေ့လည်းဆက်တိုးလို့မရသလို နောက်လည်းပြန်ဆုတ်လို့မရတော့ဘူး။ အခုမှ တကယ်ဘေးကြပ်နံကြပ်။ ပွဲစပြီဆိုတာနဲ့ ပရိသတ်က ခုန်ပေါက်နေတော့တာပဲ။ ‘ဘိ’ တွေကလည်းမြူး၊ သီချင်းတွေက လည်းမြူးဆိုတော့ ပရိသတ်က ထိန်းလို့မရတော့ဘူး။ ခုန်ပေါက်တွန်းတိုက်ကြလွန်းလို့ လဲကျမသွားအောင် မနည်းထိန်းနေ ရတယ်။ နောက်ဆုံး ငါတို့လည်း သူတို့လိုပဲ လိုက်ခုန်ကြတော့မှ ဟန်ချက်ညီသွားတော့တယ်။ သီချင်းတစ်ပုဒ်ပြီးသွားတိုင်း ဖုန်လုံးကြီးတွေလှိမ့်တက်ပြီးကျန်ခဲ့သလို ငါတို့လည်း ချွေးတွေရွှဲနစ်ပြီးကျန်ခဲ့တယ်။ နာမည်ကျော်တောင်ကြီးဆောင်း ကတော့ ရှိုးပွဲထဲဝင်မတိုးနိုင်လို့ အပြင်ကနေပဲ ရစ်သီရစ်သီလုပ်နေရရှာတယ်။
အဲ…ရှိုးပွဲကကောင်းပေမယ့် ကြော်ငြာခဏခဏဝင်နေတာကြောင့် ပရိသတ်တွေလည်း အားမလိုအားမရနဲ့။ တစ် ဖက်မီးပုံးပျံကွင်းထဲကလည်း ‘စိန်နားပန်’ တွေ တစ်လုံးပြီးတစ်လုံးလွှတ်နေတယ်။ ငါတို့လည်း ရှိုးပွဲထဲခုန်လိုက်၊ မောလာရင် စိန်နားပန်တွေကို ငေးရင်းနားလိုက်နဲ့ပေါ့ကွာ။ လွှတ်သမျှစိန်နားပန်ထဲမှာတော့ တောင်ကြီးတက္ကသိုလ်က အလှဆုံးပဲကွ။ ဒီဘက်မှာလည်း ရှိုးပွဲက တဖြည်းဖြည်းအရှိန်တက်လာတာနဲ့အမျှ ဟိုဘက်ကလည်း ‘ညမီးကြီး’ တွေ စလွှတ်နေကြပြီ။ ယမ်းထုပ်တွေ တစ်ပွေ့တစ်ပိုက်ကြီးသယ်ဆောင်သွားပြီး အမြင့်ရောက်မှာ တစ်ဆင့်ပြီးတစ်ဆင့်ဖောက်ခွဲ တစ်ရစ်ပြီးတစ်ရစ် အလှပြနေကြတာ တော်တော်ကြည့်လို့ကောင်းတာပဲကွ။
အဲသလိုကြည့်နေရင်းနဲ့ တစ်ခေါက်မှာ စောစောပိုင်းတုန်းကလွှတ်တဲ့ ညမီးကြီးတွေနဲ့မတူပဲ ထူးထူးခြားခြား ကြွား ကြွားရွားရွားနဲ့ ညမီးကြီးတစ်လုံး ကောင်းကင်ထဲထိုးတက်လာတယ်။ ပြီးတော့ ခပ်လှမ်းလှမ်းရောက် မီးရှူးတွေပွင့်ကျလာ လိုက်တာများ မိုးပေါ်ကကြယ်ရောင်စုံတွေ အဆုပ်လိုက်ကြွေဆင်းလာသလိုလို၊ ခြင်းထဲကငါးရှဥ့်တွေ အထွေးလိုက်တိုး ထွက်လာသလိုလို၊ ရေတံခွန်တွေ တစ်စင်းပြီးတစ်စင်းစီးကျလာသလိုလိုနဲ့ တစ်မျိုးပြီးတစ်မျိုးပြုစားနေလိုက်တာ ရှိုးပွဲထဲက လူတွေအားလုံးရဲ့မျက်လုံးဟာ စင်ပေါ်မှာမရှိကြတော့ဘဲ အဲဒီညမီးကြီးဆီကိုပဲ အာရုံရောက်ကုန်ကြပါလေရော။ အဲဒါ ‘နဂါး’ တဲ့။ ပြီးတော့ အားလုံးတစ်ယောက်တစ်ပေါက်ဝိုင်းပြောနေကြတာက “ဒီနှစ်တော့ နဂါး ပထမပဲဟေ့” တဲ့။ ဘယ်သူတွေ ဘာပြောပြော နဂါးကြီးကတော့ ကောင်းကင်ထဲမှာ ကလို့ကောင်းတုန်း၊ မြူးလို့ကောင်းတုန်း။
ဒီလိုနဲ့ ညက တဖြည်းဖြည်းနက်လာသလို ရှိုးပွဲအရှိန်ကလည်း တဖြည်းဖြည်းအားလျော့စပြုလာတော့ ငါတို့လည်း ရှိုးပွဲထဲကနေ တိုးထွက်လာကြတယ်။ လူတွေအားလုံး သိသိမသိသိ တစ်ယောက်ပုခုံးတစ်ယောက်ကိုင်ပြီး လူပင်လယ်ကြီး မှာ ရေစီးကြောင်းလေးတစ်ခုဖြတ်စီးလာသလိုမျိုး တရွေ့ရွေ့ထွက်လာကြရတယ်ကွ။ ရှိုးပွဲမှာ တစ်ခုထူးခြားတာကတော့ ပရိသတ်တွေ ဘယ်လောက်ပဲ ဆူညံဟစ်အော်ခုန်ပေါက်နေပေမယ့် ရန်တော့လုံးဝမဖြစ်ကြဘူးကွ။ ကိုယ်လူကိုယ် အချင်း ချင်း ထိန်းကြတယ်နဲ့တူပါရဲ့။
လူအုပ်ထဲကလည်း တိုးထွက်လွတ်မြောက်လာရော စောစောကတည်းက ကွင်းဘေးမှာ အလစ်ချောင်းနေတဲ့ ဆောင်းက ငါတို့ကို ခြုံခိုတိုက်ပါလေရောကွ။ ငါတို့လည်း သုတ်သုတ် သုတ်သုတ်နဲ့ ဆိုင်ကယ်တွေ ကားတွေ ရှုပ်ယှက်ခတ် နေတဲ့ကြားထဲကပဲ အေဒေးရဲ့ဒီဇိုင်နာအစ်မတွေရှိတဲ့ မီးပုံးပျံကွင်းထဲ အမြန်တိုးဝင်ရတော့တာပေါ့။ အစ်မတွေက သဘော ကောင်းကြတယ်ကွ။ ငါတို့ရောက်ရောက်ချင်းပဲ အချမ်းပြေသောက်ဖို့ ဓါတ်ဘူးထဲက အဖန်ရည် တစ်ယောက်တစ်ခွက်စီ ငှဲ့ ပေးတယ်။ ပြီးတော့ ငါးကြော်တွေလည်းကျွေးသေးတယ်ကွ။ ရှိုးပွဲထဲမှာခုန်ပေါက်လာလို့ ဗိုက်ဆာနေတာနဲ့အတော်ပဲ။ မယ်ဇလီဖူးသုပ်လည်းပါလာသေးတယ်တဲ့၊ ဒါပေမယ့် ညဆယ့်နှစ်နာရီတိတိကျမှ စားရမှာတဲ့။
ဒီလိုနဲ့ စားရင်းသောက်ရင်း မီးပုံးပျံတွေထိုင်ကြည့်ရင်း မီးပုံးပျံအကြောင်းတွေပြောပြကြတယ်။ ပွဲတော်မှာ ညပိုင်း လွှတ်တဲ့မီးပုံးပျံက နှစ်မျိုးရှိတယ်တဲ့ကွ။ တစ်မျိုးက ‘စိန်နားပန်’ တဲ့။ မီးပုံးပျံကြီးရဲ့အောက်မှာ ဆီမီးခွက်လေးတွေအစီအရီ ချိတ်ဆွဲပြီး ဘုရားပုံ၊ နတ်သိကြားပုံ၊ စာတန်းပုံတွေဖော်ပြီး အလှပြရတဲ့မီးပုံးပျံပေါ့ကွာ။ ဆီမီးခွက်လေးတွေ မငြိမ်းသွား အောင် အချိန်အဆညီညီထွန်းရလို့ လက်ဝင်တယ်တဲ့။ နောက်တစ်မျိုးကတော့ ညမီးကြီးပဲကွ။ သူက စိန်နားပန်ထက် ပိုပြီး လက်ဝင်၊ ပိုပြီးအန္တရာယ်များ၊ ပိုပြီးပညာသားပါတယ်။ ပွဲတော်မှာ လူတွေအဓိကအားပေးကြတာလည်း ညမီးကြီးပဲကွ။ ညမီးကြီးမှာကတော့ ယမ်းစပ်တဲ့ပညာက အဓိကပဲ။ ယမ်းစပ်ကောင်းမှ မီးလွှတ်တဲ့အခါ လှလှပပထွက်မှာလေ။ မီးပုံးပျံ ဝါသနာကြီးတဲ့သူတွေကတော့ ပွဲတော်မှာ ၅မိနစ်၊ ၁၀မိနစ်လောက် ပွဲခံဖို့အရေး တစ်နှစ်ပတ်လုံး အချိန်ရော၊ လူရော၊ ငွေ ရော၊ ဘဝပါရင်းနှီးပြီး စမ်းသပ်ကြတယ်ဆိုပဲ။ စမ်းသပ်ရင်းနဲ့ မတော်တဆဖြစ်ခဲ့တာတွေလည်း မရေတွက်နိုင်တော့ဘူးတဲ့။ လှသလောက် အန္တရာယ်လည်းများတဲ့ ညမီးကြီးပေါ့ကွာ။
စိန်နားပန်ရော၊ ညမီးကြီးရော တစ်လုံးကို သိန်းနှစ်ဆယ်ကနေ သိန်းသုံးဆယ်လောက်အထိ ကုန်ကျတယ်တဲ့ကွ။ ဒီနှစ်ဆို မီးပုံးပျံအလုံးတစ်ရာကျော်လွှတ်မှာဆိုတော့ တွက်သာကြည့်ပေတော့ သူငယ်ချင်းရေ။ ဒါပေမယ့် တောင်ကြီးသား တွေအတွက်ကတော့ တန်ဆောင်တိုင်ဟာအသက်ပဲ၊ မီးပုံးပျံဟာဘဝပဲလို့ဆိုရင်တောင် လွန်မယ်မထင်ဘူး။ တောင်ကြီး သားတွေရဲ့သွေးကိုဖောက်ကြည့်ရင် ဆပ်ပြာပူပေါင်းမှုတ်ထုတ်လိုက်သလို မီးပုံးပျံတွေတစ်လုံးပြီးတစ်လုံးထွက်လာရင် ထွက်လာ ဒါမှမဟုတ် ယမ်းမှုန့်တွေပဲ တဝေါဝေါနဲ့ထွက်ကျလာမလားပဲကွ။ မီးပုံးပျံလုပ်ရင်းနဲ့ မတော်တဆဖြစ်ပြီး အိမ်တွေ မီးလောင်၊ လူတွေသေတာတောင်မှ ဒဏ်ရာတွေ ပြန်ကောင်းလာရင် မီးပုံးပျံဆက်လုပ်တုန်းပဲတဲ့…ကဲ။
တောင်ကြီးတန်ဆောင်တိုင်မှာ လပြည့်ညဟာ အစဉ်အလာနဲ့တဲ့ကွ။ ဘယ်လိုပဲမဲနှိုက်နှိုက် မီးကောင်းတဲ့ မီးပုံးပျံ တွေက လပြည့်ညမှာပဲ လာကျနေတတ်တယ်တဲ့။ အဲဒီညက ငါတို့ကြည့်ခဲ့ရတဲ့ မီးပုံးပျံ(ညမီးကြီး)တွေက နဂါးတဲ့။ ပွဲစားတဲ့။ ဝင်ရိုးတဲ့။ အိုင်တီလူငယ်တဲ့။ ချာကဒူးတဲ့။ ပြောရဦးမယ် သူငယ်ချင်းရေ…ချာကဒူးဆိုတာ နာမည်ဆန်းသလောက် မီးပုံးပျံ လောကမှာလည်း နာမည်တစ်လုံးနဲ့နေတာတဲ့။ ဒါပေမယ့် ဒီနှစ်တော့ ချာကဒူးကံဆိုးခဲ့ရှာတယ်ကွ။ တက်စတုန်းကတော့ ဟုတ်တုတ်တုတ်ပဲ။ မီးလွှတ်တာလည်း တော်တော်ကောင်းတယ်။ ဒါပေမယ့် ခပ်လှမ်းလှမ်းလည်းရောက်ရော အပေါ်ထိုး တက်လာတဲ့မီးတစ်စက မီးပုံးပျံကိုယ်ထည်ကိုထိလောင်ပြီး ချာကဒူးလည်း မဟန်နိုင်ဘဲပျက်ကျပါလေရောလား။ ကိုယ့်မီးနဲ့ ကိုယ် ပြန်လောင်သွားတာပေါ့။ မီးပွားစတွေကလည်း အောက်မှာထိုင်နေတဲ့ပရိသတ်တွေကြား တဖြောက်ဖြောက်ကျလာ လို့ အားလုံးလန့်ဖျပ်ပြီးထပြေးကြတယ်။ ကျင့်သားရပြီးသားပရိသတ်တွေကတော့ မီးစမထိအောင် ဖျာတွေနဲ့ဝိုင်းကာထား ကြတယ်။ ခဏနေတော့ အသင့်စောင့်နေတဲ့ မီးသတ်ကားတွေလာငြှိမ်းသွားလို့ ချာကဒူးလည်း ပွဲမပြီးခင်မီးသေသွားတော့ တယ်။
ပွဲတော်မှာ မီးပုံးပျံပျက်ကျတာမဆန်းပေမယ့် ငါတို့လည်း ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ကွာ။ စိတ်လှုပ် ရှားစရာကောင်းသလို အန္တရာယ်လည်းများတယ်။ ဒါပေမယ့် လူတွေက အန္တရာယ်ကြားမှာ ပျော်မွေ့ရှင်သန်နေရတာကိုပဲ ခုံမင်နေကြတာမဟုတ်လားကွ။ တစ်နှစ်ကို မီးပုံးပျံလေးငါးလုံးလောက်ကတော့ ပျက်ကျမြဲပဲတဲ့။ တက်စမှာ ဘယ်လောက်ပဲ မီးလွှတ်ကောင်းပါစေ၊ ပျက်ကျတဲ့မီးပုံးပျံကတော့ တစ်မှတ်မှမရဘူးတဲ့။ မီးသိပ်မကောင်းပေမယ့် လွတ်လွတ်ကျွတ်ကျွတ် တက်သွားတဲ့ မီးပုံးပျံဆိုရင် ဆုပေးတယ်တဲ့။ မီးပုံးပျံဆိုမှတော့ ပျံနိုင်ရမှာပေါ့ကွာ။ အကယ်၍ ချာကဒူးသာ ပျက်မကျခဲ့ဘူး ဆိုရင်တော့…။
တစ်ခါကလည်း မီးပုံးပျံတစ်လုံး ပြည့်ဝန်းဝိုင်းစက်နေတဲ့ လ,ထဲဝင်သွားပြီး အချိန်တော်တော်ကြာအောင် မီးတွေ လွှတ်နေခဲ့လို့ ဆုရသွားခဲ့ဖူးတယ်တဲ့ကွ။ အဲဒါကျတော့ သူ့ဟာနဲ့သူဖြစ်သွားတာပဲသူငယ်ချင်းရေ၊ ဘယ်သူမှလည်း လုပ်ယူ လို့ရမှာမဟုတ်ဘူး။ ငါတို့ကြည့်နေတုန်းကလည်း မီးပုံးပျံတစ်လုံး လ,ထဲဝင်သွားလို့ ပရိသတ်တွေက ‘ဟေး’ ခနဲ ထအော်ကြ တယ်၊ ဒါပေမယ့် စက္ကန့်ပိုင်းပဲကြာတယ်၊ ပြန်ထွက်လာရော။ အဲဒီလို လ,ကိုကြည့်နေကြတုန်း တစ်ယောက်က သတိရလို့ နာရီကြည့်လိုက်တော့ ဆယ့်နှစ်နာရီဆယ်မိနစ်ရှိနေပြီကွ။ အဲဒီတော့မှ ငါတို့လည်း မယ်ဇလီဖူးသုပ်ကို သတိရကြတယ်၊ ဒါပေမယ့် ဆယ်မိနစ်တောင် နောက်ကျသွားပြီလေ။ အချိန်လွန်သွားတဲ့ မယ်ဇလီဖူးသုပ်က ဆေးပေါင်းခ,မခတော့မသိဘူး၊ သူ့ရဲ့ခါးသက်သက်အရသာကတော့ အဖန်ရည်ပူပူနွေးနွေးနဲ့ အရမ်းလိုက်တာပဲကွ။ တစ်ယောက်တစ်ဇွန်းဝိုင်းခပ်စားလိုက် ကြတာ နှစ်ပတ်ပဲလှည့်ရသေးတယ်၊ ပြောင်ရော။
ညနက်လာလေလေ၊ အအေးဓါတ်ကဲလာလေလေ၊ လွှတ်ရမယ့်မီးပုံးပျံတွေလည်း နည်းလာလေလေပဲ သူငယ်ချင်း ရေ။ နောက်ဆုံးညမီးကြီးတစ်လုံး ကြယ်တွေနဲ့အပြိုင် အစွမ်းကုန်လွှတ်ပြီးသွားတဲ့အချိန်မှာတော့ ငါတို့လည်း မပြန်ချင်ပြန် ချင်နဲ့ ထပြန်ခဲ့ကြရတယ်ကွာ။ အချိန်ကလည်း မနက်နှစ်နာရီကျော်နေပြီဖြစ်သလို ဆောင်းကလည်း တစ်ကွင်းလုံးကို သိမ်းပိုက်ထားလိုက်ပြီလေ။ မင်းပါလာရင် မင်းလည်းပြန်ချင်မှာ မဟုတ်ဘူးကွ။ နောက်တစ်နှစ်ကျရင် မင်းလိုက်ဖြစ်အောင် လိုက်ခဲ့ကွာ။ တကယ့်ပွဲတော်ကြီးပဲ။

                                                                                                                                မင်းသူငယ်ချင်း
                                                                                                                                 လင်းဇင်ယော်
စာကြွင်း - ငါတို့မပြန်ခင်သိလိုက်ရတာက နဂါးမီး ပထမရတယ်တဲ့။

နွယ်နီ- ၂၀၁၂၊ ဒီဇင်ဘာ။

No comments:

Post a Comment