Saturday, December 29, 2012

ကဗျာမရှိ ငါရေချိုး


ငါပြောတာ ဘယ်သူမှမကြား
လည်ချောင်းနာပြီး အသံဝင်နေ ကဗျာ
ပြောတာ ဘယ်သူမှမကြား အဖျား ရှောင်တခင်
ရှောင်လို့တောင်မခင် အဆစ် အမြစ် ကိုက်ခဲ နွမ်းနယ်
ခေါင်းခဲ ခေါင်းခဲ ခေါင်းခဲ ခေါင်းခဲ ခေါင်းခဲ
ဘာစားစား အရသာမမိ လျှာ
ရေညှိတက်
အသားထဲကဆူးနဲ့ထိုးသလိုလို အရိုးထဲကဆောက်နဲ့ထွင်းသလိုလို
အရွတ်တွေတဖျင်းဖျင်း ပြတ်ထွက်တော့မလိုလို
အဖျားတက်လိုက်တဲ့တစ်ခေါက်တိုင်းမှာ အသက်ပါသွားမလား တွေးမိ
ကြောက်မိသလိုလို
ငယ်ငယ်တုန်းက ရှည်လျားခဲ့တဲ့လမ်းတွေ အသက်ကြီးလာတော့
တိုဝင်သွားသလိုလို ဘာပဲပြောပြော သေချင်တဲ့ကျား လေယာဉ်တိုက်
သေတာပဲ ဆိုင်ကယ်ဦးထုပ်ဆောင်းထားလည်း သေတာပဲ
အင်္ဂလိပ်ဆေးပြား တရုတ်ဆေးမြစ် ဗမာဆေးမြီးတို ကွမ်းယာဆိုင်ဆေးညွှန်း
သေတာပဲ ကဲ
အသက် ဘယ်အပေါက်ကထွက်ချင်သလဲ ပြော
အသက် ဂယ်ပေါက်က ထွက်လာပါ
ကဗျာ
ဘယ်အပေါက်ကထွက်ချင်သလဲ
ကဗျာ
ဂယ်ပေါက်က ထွက်လာပါ
တငွေ့ငွေ့
အဖျားမရှိတော့တဲ့အခါ
တံတွေးမြိုချတာတောင် အရသာရှိတယ်
အဖျားမရှိတော့တဲ့အခါ
အပေါ့အပါးဟာ ပေါ့ပေါ့ပါးပါး
အဖျားမရှိတော့တဲ့အခါ
ရေပန်းနဲ့ချိုးချိုး ရေနွေးကန်ထဲစိမ်စိမ် အုန်းမှုတ်ခွက်နဲ့လောင်းလောင်း
ရေစိတ်ကြိုက်ချိုးလို့ရပြီ
သတိ
ငါ့လှံဖျားမှာ ဘယ်ကဗျာမှလာမနားရ
ကဗျာမရှိတော့တဲ့အခါ
ငါရေချိုးလို့ရပြီ

၂၀၁၂၊ ဒီဇင်ဘာ။

No comments:

Post a Comment