Wednesday, August 1, 2012

သောင်ပြင်ပေါ်ကရှူးဖိနပ်ကလေး


ညက ရွှင်ရွှင်ကြွကြွ ကပွဲသဘင်ခံခဲ့ကြသော ပင်လယ်လှိုင်းတို့ အိမ်ပြန်သွားချိန်တွင် သောင်ပြင်သည် အခုမှ ဆေးအသစ် သုတ်ထားသော ကျောက်သင်ပုန်းတစ်ချပ်ကဲ့သို့ ညီညာပြန့်ပြူးလျက် ကျန်ရစ်ခဲ့သည်။ မနေ့က တစ်နေကုန် ရှုပ်ပွထားခဲ့ သည့် ခြေရာတွေအားလုံး လှိုင်းနှင့်အတူ ရောပါသွားလေပြီ။ မနက်ခင်း နေခြည်ဖျော့ဖျော့အောက်တွင် ကမ်းခြေသည် ပကတိအတိုင်းပင် နေပူစာလှုံနေတော့၏။
            ကမ်းစပ်တစ်နေရာမှာတော့ ပန်းတွေပါးပြီး တံဆိပ်ဖတ်၍ မရလောက်အောင် ဆေးသားများ ကွာကျနေသော နွမ်းစုတ်စုတ် ရှူးဖိနပ်ကလေးတစ်ဘက်က သဲသောင်မို့မို့ထဲသို့ ရသမျှတိုးဝင်ကာ လောကကိုရှောင်ပုန်းဖို့ ကြိုးစားနေ၏။ ရှူးဖိနပ်လေးကို ထိုးသီထားသော ဖိနပ်ကြိုးများမှာလည်း ရိဆွေးလျက်ရှိနေသည်။ ဖိနပ်ချုပ်ရိုးများကလည်း ဟိုတစ်စ သည်တစ်စနှင့် ဖွာရရာကြဲလျက်။ တစ်ချိန်က ဆွတ်ဆွတ်ဖြူခဲ့ဟန်တူသော ဤရှူးဖိနပ်လေးသည် အခုတော့လည်း အညစ်အကြေးပေါင်းစုံတို့ဖြင့် ပေကျံနေတော့၏။
သည်သောင်သည်ကမ်းပေါ်သို့ သည်ရှူးဖိနပ်လေးတစ်ဘက်တည်း ဘာကြောင့်ရောက်လာခဲ့သည်မသိ။ သူ့ခမျာ ပင်လယ်လှိုင်းတွေရဲ့ကြား စွန့်စွန့်စားစား ကူးခတ်လာခဲ့ပုံရသည်။ သည်လိုဆို ပင်လယ်ထဲသို့ သူ မည်သို့ ရောက်ခဲ့ရ သနည်း။ စွန့်ပစ်ခြင်း ခံခဲ့ရ၍လား၊ သို့မဟုတ် မတော်တဆများ ပြုတ်ကျလာခဲ့ခြင်းလား။ သူ့ရဲ့အဖော် ရှူးဖိနပ်လေးကရော သူနှင့်အတူ ပါလာခဲ့သေးလား။ ဘယ်နေရာမှာများ ကျန်ရစ်ခဲ့သလဲ။
ရှူးဖိနပ်လေးနှင့် ပတ်သက်ပြီး အတွေးမျှင်တို့က ဖမ်းဆုပ်၍မရအောင် လွင့်နေ၏။
            တစ်ခါတုန်းကတော့ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ‘မဟတ္တမဂန္ဒီ’ သည် ရထားစီးရင်းမှ ဖိနပ်တစ်ဘက် ပြုတ်ကျကျန်ခဲ့ရာ ကျန်ဖိနပ်တစ်ဘက်ကိုပါ ချွတ်ပြီး ပစ်ချထားပေးခဲ့ဖူးသည်။ ကောက်ရသည့်လူ တစ်ရန်လုံးရအောင် ဟူ၏။ အခု သည်ရှူးဖိနပ်လေးရဲ့ ပိုင်ရှင်ကရော ဂန္ဒီကြီးလိုစိတ်ထားမျိုးနှင့် ကျန်သည့်ရှူးဖိနပ်တစ်ဘက်ကို ပင်လယ်ထဲများ ပစ်ချပေးခဲ့သေးသလား။ အကယ်၍ ပစ်ချခဲ့သည်ဆိုလျှင် ပင်လယ်ထဲမျောနေသည့် ဖိနပ်ကို ဘယ်သူကများ လိုက်ဆယ်ယူ မည်နည်း။ (‘ဖောရက်စ်ဂမ့်’ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ‘တွမ်ဟန့်စ်’ တို့၏ ပုစွန်ဖမ်းပိုက်ကွန်တွေထဲ ပုစွန်တစ်ကောင်မှ မရဘဲ ဘွတ်ဖိနပ်စုတ်တွေသာ ပါလာခဲ့ဖူးသည်။) ကံကောင်းထောက်မ၍ လှိုင်းတို့က ကျန်တဲ့ရှူးဖိနပ်လေးတစ်ဘက်ကို သယ်ဆောင်လာပြီး ကမ်းစပ်တစ်နေရာမှာ  တင်ပေးရစ်ခဲ့ရင် ကောင်းမည်။ သို့မှသာ  ကောက်ရသည့်လူက တစ်ရန်လုံးစီး လို့ ရနိုင်ပေမည်။ သို့သော် သည်ကိစ္စက  ဖြစ်နိုင်ချေနည်းလွန်းလှ၏။ မာယာကြွယ်သည့် ပင်လယ်က ရှူးဖိနပ်လေးနှစ်ဖက် ကို ကမ်းစပ်တစ်နေရာတည်း၌ မည်သည့်နည်းနှင့်မှ ဆုံစည်းခွင့်ပေးလိမ့်မည် မထင်။
ရှူးဖိနပ်လေးကို ကြည့်ရသည်မှာ ဟောင်းနွမ်းသွား၍ စွန့်ပစ်ခံလိုက်ရခြင်း ဖြစ်ပုံရသည်။
အခုချိန်လောက်ဆို ဖိနပ်ပိုင်ရှင်ကတော့ ရှူးဖိနပ်အသစ်ကျပ်ချွတ်တစ်ရန်ကို စီးထားကောင်းစီးထားပေလိမ့်မည်။ ဒါမှမဟုတ် ခြေဗလာနှင့်လည်း ဖြစ်ချင်ဖြစ်နေနိုင်သည်။ သည်လိုဆိုလျှင် သူ့ရဲ့ခြေဖ၀ါးတွေက ခပ်သေးသေးလား၊ အကြီးကြီးလား။ သူ့ရဲ့ခြေဖမိုးမှာရော မွေးညင်းနုလေးတွေနဲ့လား၊ ဒါမှမဟုတ် အသားမာတွေတက်ပြီးပဲ ကြမ်းရှနေလေ မလား။ သူ့ရဲ့ ခြေချောင်းလေးတွေကရော ရှည်ရှည်သွယ်သွယ်လား၊ တိုတိုတုတ်တုတ်လား။ ခြေချောင်းအပွားလေးတွေ များ ပါနေသေးလား။ ခြေထောက်အသားရောင် ဘာအရောင်ပဲဖြစ်ဖြစ် ခြေသည်းတွေကိုတော့ အနက်ရောင်ဆိုးဆေးတွေ သုတ်လိမ်းမထားပါစေနှင့်။
*
တစ်ချိန်က အလွန်ချစ်စရာကောင်းသော အနီရောင်ရှူးဖိနပ်လေးတစ်ရန်ကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့ဖူးသည်။ ထိုဖိနပ်လေးကို နှစ်ခြိုက်လွန်းသဖြင့် မချွတ်တမ်းစီးထားခဲ့ဖူး၏။ စစချင်းစီးသည့်နေ့ကဆိုလျှင် အိပ်ရာဝင်သည်အထိ မချွတ် ရက်သောကြောင့် ဖိနပ်စီးလျက်သားပင် အိပ်ပျော်သွားခဲ့သည်။ အိပ်မက်ထဲမှာတောင် ရှူးဖိနပ်လေးစီးပြီး ကမ္ဘာပတ်နေ လိုက်သေးသည်။ ကျောင်းသွားလျှင်လည်း အနီရောင်ရှူးဖိနပ်လေးနှင့်၊ လမ်းသွားလျှင်လည်း အနီရောင်ရှူးဖိနပ်လေးနှင့်၊ အိမ်မှာနေလည်း အနီရောင်ရှူးဖိနပ်လေးနှင့်။ ဘယ်သွားသွား ဘာလုပ်လုပ် အမြဲတမ်းစီးထားခဲ့ပါသည်။
သည်လိုနှင့် နောက်တစ်နှစ်ရောက်တော့ အနီရောင်ရှူးဖိနပ်လေးထက် ပို၍ဆန်းသစ်သော၊ ပို၍ဆွဲဆောင်မှု ရှိသော အ၀ါရောင်ရှူးဖိနပ် အသစ်ကျပ်ချွတ်တစ်ရန် လက်ဆောင်ရခဲ့ပြန်ပါသည်။ သို့ရာတွင် ထိုရှူးဖိနပ်အသစ်လေးမှာ အနည်းငယ် သေးနေသဖြင့် ခြေထောက်နှင့်မတော်ဘဲ ဖြစ်နေ၏။ သို့သော်လည်း မတော်သည့်ကြားကပဲ အတင်း သွတ်သွင်း၍ စီးလိုက်သောအခါ မကြာခင်မှာပင် ခြေထောက်မှာ ဖိနပ်ပေါက်သည့်ဒဏ်ရာတွေ ရလာခဲ့တော့သည်။
ထို့ကြောင့် သက်တောင့်သက်သာရှိသော စီးနေကျဖိနပ်ဟောင်းလေးကိုပဲ ပြန်စီးတော့မည်ဟု ဆုံးဖြတ်လိုက် သောအခါတွင်တော့ အနီရောင် ရှူးဖိနပ်ဟောင်းလေးမှာ ရှာမတွေ့နိုင်တော့ဘဲ ထူးဆန်းစွာပျောက်ဆုံးနေလေသည်။ နေရာ အနှံ့ လိုက်ရှာခဲ့ပါသော်လည်း ထိုအနီရောင်ရှူးဖိနပ်လေး၏ ခြေရာများကို ယနေ့အထိတိုင် အစအနပင် မတွေ့ရတော့ပါ။
*
ငယ်ငယ်က ဟာသတိုလေးတစ်ပုဒ် ဖတ်ခဲ့ရဖူးသည်။ ပုံပြင်ထဲမှာ ‘ကင်းခြေများသားသားလေး’ က ‘ကင်းခြေများဖေဖေကြီး’ ကို ပစ္စည်းတစ်ခုဝယ်ပေးဖို့ ပူဆာသည်။ ထိုပစ္စည်းရဲ့အမည်ကို ကြားလျှင်ကြားချင်း ကင်းခြေများဖေဖေကြီးဟာ နေရာ မှာတင်ပဲ ငုတ်တုတ်မေ့သွားလေသည်။ ကင်းခြေများသားသားလေးပူဆာသည့် ပစ္စည်းက ‘ဝေါ့ကင်းရှူး’ တဲ့လေ။
ငယ်စဉ်ကတော့ သည်ဟာသလေးဖတ်ပြီး တော်တော်သဘောကျခဲ့သည်။ အခုခေတ်မှာတော့ ခြေထောက် နှစ်ချောင်းတည်းရှိတဲ့ လူသားတစ်ယောက်က ကင်းခြေများတစ်ကောင်ရဲ့ ခြေထောက်အရေအတွက်ထက်များတဲ့ ဖိနပ် တွေကို ပိုင်ဆိုင်ထားတာမျိုးလည်း ရှိနေပြီ။ တချို့ကျတော့လည်း ဖိနပ်ဆိုတာ ဘာမှန်းမသိလောက်အောင်ပင် တစ်သက် လုံး ခြေဗလာနှင့်လျှောက်၊ ခြေဗလာနှင့်ပြေးပြီး ခြေဗလာနှင့်ပင် လောကကို စွန့်ခွာသွားခဲ့ကြရ၏။
လူ့သမိုင်းတွင် ဖိနပ်နှင့်ဦးထုပ် မည်သည့်ပစ္စည်းကို ဦးစွာတီထွင်ခဲ့ကြပါသနည်း။ ဖိနပ်ကအရင် စတင်ပေါ်ပေါက် လာပုံရသည်ဟု တွေးမိသည်။
အဘယ်ကြောင့်ပါနည်း။
လူတို့သည် ခြေထောက် နှစ်ချောင်းနှင့် လမ်းလျှောက်တတ်သော သတ္တ၀ါဖြစ်သောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေ ယင်းတို့ကိုစပြီး တီထွင်ခဲ့စဉ်က ကိုယ်ခန္ဓာကို ဆူးညှောင့်ခလုတ်တို့ရန်မှ ကာကွယ်ရန်အတွက်သာ ဖြစ်ပေလိမ့်မည်။ သို့သော် ခေတ်သစ်မှာတော့ ဖိနပ်စီးလျှင်လည်း ဖက်ရှင်ကျမှ၊ ဦးထုပ်ဆောင်းလျှင်လည်း ဖက်ရှင်ကျမှ ဆိုပြီး တဖြည်းဖြည်း နှင့် အလှအပဘက်သို့ ဦးစားပေးလာကြကုန်ပြီ။
ဖိနပ်သည် မြေကြီးနှင့်အနီးကပ်ဆုံး နေရသောကြောင့် တချို့က ယုတ်ညံ့သည်ဟုယူဆပြီး ရွံ့ရှာစွာဖြင့် အဖက် မလုပ်ဘဲ နေကြသည်။ ဦးခေါင်းမှာဆောင်းသော ဦးထုပ်ကိုကျတော့ အရေးတယူရှိကြသည်။ အစည်းအဝေးများ၌ ‘ဦးထုပ် ခြောက်လုံးတွေးတောနည်း’ ဟူ၍ပင် ကျင့်သုံးနေကြပေသည်။ ‘ဖိနပ်ခြောက်ရန်တွေးတောနည်း’ ဟူ၍ မည်သူမှ မလုပ် ကြပါ။ အမှန်တော့ သူများထက် ခေါင်းတစ်လုံးပိုမြင့်လာအောင် ဖိနပ်များကသာလျှင် စွမ်းဆောင်ပေးနိုင်ပါသည်။ ဦးထုပ်မြင့်မြင့် ဆောင်းလျှင်လည်း သူများထက်ပိုမြင့်နိုင်တာပဲဟု တချို့က ဆင်ခြေတက်ချင်ကြပါလိမ့်မည်။ တကယ်တော့ ဦးထုပ်မြင့်မြင့် ဆောင်းလျှင် သူများထက် ‘ဦးထုပ်တစ်လုံးစာ’ သာ ပိုမြင့်လာခြင်းဖြစ်၏။ ‘ဦးခေါင်းတစ်လုံးစာ’ ပိုမြင့်လာခြင်း မဟုတ်။
*
လူတို့တွင် ဖိနပ်နှင့်ပတ်သက်ပြီး ထူးခြားသော အမူအကျင့်များလည်း ရှိတတ်ကြ၏။
သူငယ်ချင်းတစ်ယောက်၏ ညီအငယ်ဆုံးလေးတစ်ယောက်ဆိုလျှင် ဖိနပ်စီးလျှင် အမြဲတမ်း ဘယ်နှင့်ညာ ပြောင်း ပြန်စီးတတ်သည်။ မည်သို့ပင် ချော့ပြီးပြောပြော၊ ခြောက်ပြီးဆိုဆို တစ်ရက်နှစ်ရက်သာလျှင် မှန်အောင်စီးသည်။ နောက် တော့လည်း ထုံးစံအတိုင်း ပြောင်းပြန်စီးမြဲပင်။ သူ့ ဘယ်ဘက်ခြေထောက်က ညာဘက်ဖိနပ်ကိုသာ လက်ခံပြီး၊ ညာဘက် ခြေထောက်ကလည်း ဘယ်ဘက်ဖိနပ်နှင့်သာ အဆင်ပြေပုံရ၏။ သူများတွေအတွက် ပြောင်းပြန်ဖြစ်နေပေမယ့် သူ့အတွက် တော့ အံဝင်ခွင်ကျ ဖြစ်နေလိမ့်မည် ထင်သည်။ မည်သို့ဆိုစေ လျှောက်ရမည့် ခရီးလမ်းတွင် ခြေထောက်နှင့်ဖိနပ် တစ်သား တည်းရှိနေဖို့ကသာ အရေးကြီးဆုံးဖြစ်ပါသည်။
မူလတန်းကျောင်းသားဘ၀က ကျောင်းဆင်းတိုင်း လွယ်အိတ်ကို ကျောပိုးအိတ်ကဲ့သို့ ကိုယ်မှာပတ်လွယ်ပြီးလျှင် ဖိနပ်နှစ်ဘက်ကို လက်နှစ်ဘက်မှာစွပ်ပြီး အိမ်သို့ သူ့ထက်ငါ အရင်ရောက်အောင် အပြေးပြိုင်ခဲ့ကြဖူးသည်။ အိမ်ရောက် တော့ အမေက ဖိနပ်စီးမလာရကောင်းလားဆိုပြီး ထိပ်ခေါက်တာကို မကြာခဏ ခံခဲ့ရသည်။ သို့သော်လည်း ကျောင်းဆင်း တိုင်း ဖိနပ်ချွတ်၍ ပြေးမြဲပြေးနေခဲ့သည်။ ဖိနပ်စီးထားလျှင် ပြေးရတာ သိပ်အားမရ။ တစ်ခါတလေကျတော့လည်း အိမ်ပြန် ရာ လမ်းတစ်လျှောက် ဖိနပ်နှစ်ဘက်ကို ထွေလုပ်ကာ တစ်လှည့်စီ စိမ်ပြေနပြေ ပစ်တမ်းကစားရင်း ပြန်လာလေ့ရှိသည်။ ထို့ကြောင့်ပင် ငယ်ငယ်တုန်းက စီးခဲ့ရသောဖိနပ်များဆိုလျှင် အကောင်းဟူ၍ သိပ်မရှိတတ်။ အကုန်လုံးနီးပါး အနားတွေ ဖွာပြီး သဲကြိုးတွေစုတ်နေတတ်သည်။ တစ်ခါကလည်း ဖိနပ်အသစ်တစ်ရန် ၀ယ်ပြီးခါစက မစီးခင်အရင် ‘ကိုက်’ ရသည်ဟု ဆိုကြသဖြင့် အားပါးတရ ကိုက်ဆွဲပစ်လိုက်ရာ ရှေ့သွားတစ်ချောင်း အမြစ်ကနေ ကျွတ်ထွက်သွားခဲ့ဖူးသဖြင့် ‘သွားပြတင်းပေါက်လေး’ နှင့် နေခဲ့ရသေးသည်။
အတိတ်မှ အဖြူအစိမ်းနေ့ရက်များ၏ ရနံ့ကို ပြန်လည်ရှူရှိုက်လိုက်မိတိုင်း အတွေးတို့က အစဉ်လန်းဆတ်နေ တတ်ပါသည်။
*
ယခုခေတ်တွင် ဖိနပ်ကို ‘ဆုပေးဒဏ်ပေး’ အနေနှင့်လည်း အသုံးပြုနေကြပြီ။ ဘောလုံးပွဲများတွင် ဂိုးအများဆုံး သွင်းနိုင် သော ကစားသမားကို ‘ရွှေဖိနပ်ဆု’ ပေးကြသည်။ သို့သော် အမေရိကန်သမ္မတဟောင်း ‘ဂျော့ခ်ျ ဒဘလျူ ဘုရှ်’ ဖိနပ်နှင့် ပစ်ပေါက်ခံရသည်ကတော့ ရွှေဖိနပ်ဆုပေးခြင်းမဟုတ်တာ သေချာသည်။
ဖိနပ်များသည် တစ်ခါတစ်ရံ အဆိပ်တွေ အစွယ်တွေနှင့် ရင်ဆိုင်ကြရ၏။ တစ်ခါတစ်ရံ လွင်ပြင်ခရီးကြမ်းတွေကို ဖြတ်သန်းကြရ၏။ တစ်ခါတစ်ရံ တောင်စွယ်တောင်ချွန်းတွေကို ကျော်လွှားကြရ၏။
လျှောက်ခဲ့တဲ့လမ်းခရီးမှာ ဖိနပ်ပေါင်းများစွာ ပါးပြတ်ခဲ့ဖူးပြီ။ ဖိနပ်ပေါင်းများစွာလည်း လဲလှယ်ခဲ့ရသည်။ ဖာထေး ပြုပြင်ပြီး စီးခဲ့ရသော ဖိနပ်တွေလည်း ရှိခဲ့သည်။ စွန့်ပစ်ခဲ့ရသည့် ဖိနပ်ဟောင်းတွေလည်း မရေတွက်နိုင်တော့။ ရှေ့ဆက်ရ မည့်ခရီးအတွက် အံဝင်ခွင်ကျဖြစ်မည့် ဖိနပ်သစ်များကိုလည်း ရွေးချယ်စီးနင်းကြရပေဦးမည်။
သောင်ပြင်ပေါ်မှ ရှူးဖိနပ်ဟောင်းလေးကတော့ ဒီရေလှိုင်းတွေပြေးတက်လာသည့်အခါ သူတို့နှင့်အတူ ပြန်လိုက် သွားပြီး ပင်လယ်ထဲမှာ မျောချင်ရာဆက်မျောနေဦးမည်။ သည်လိုနှင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အဆင်သင့်ရာ ကမ်းစပ် တစ်ခုခုမှာ ၀င်နားနေပေဦးမည်။ သို့မဟုတ် ကမ္ဘာမြေကြီးအတွင်းဘက်သို့ ငုပ်လျှိုးတိုးဝင်ကာ ရာစုနှစ်ပေါင်းများစွာ တိုင် အောင် လူမသိသူမသိ ပုန်းအောင်းနေချင်နေလိမ့်မည်။ နောင်နှစ်ပေါင်းများစွာကြာပြီး တစ်စုံတစ်ဦးက ပြန်လည်တူးဖော် တွေ့ရှိသွားသော အခါတွင်တော့လည်း သူလျှောက်ခဲ့သည့် မိုင်ထောင်ချီခရီးတွေအကြောင်းကို မမောနိုင် မပန်းနိုင် ပြောပြ နေပေလိမ့်ဦးမည်။   ။


လင်းဇင်ယော်
ပိတောက်ပွင့်သစ်- ဇူလိုင်၊ ၂၀၁၁။ ချင်းတွင်းအမှတ်တရ

1 comment:

  1. မိုက်တယ်ဗျို့.... ဦးထုတ် ၆ လုံး တွေးတောမှု ဆိုတာ ဘယ်လိုဟာမျိုးလဲ တကယ်မသိလို့ပါ

    ReplyDelete