(ကိုကိုသီ)
ကဗျာတွေဖတ်တယ်
ကူးတယ်
နှလုံးသားကခန္ဓာကိုယ်နဲ့
ပြောင်းပြန်အချိုးကျတယ်
နူးနူးညံ့အောင်ချစ်တတ်တဲ့
သဘောရှိတယ်။
(ကျော်ထက်အောင်)
အရပ်တော်တော်ရှည်တယ်
သောက်တဲ့အရက်
ဆိုတဲ့သီချင်း
တီးတဲ့လက်သံ
အားလုံး
ပြင်းတယ်။
(ကျော်သူဆွေ)
ကွမ်းကို
ဂုဏ်ယူဝံ့ကြွားစွာနဲ့ ၀ါးတယ်
လေလုံးကြီးကြီးနဲ့
မစားရ ၀ခမန်းပြောလေ့ရှိတယ်
ဒုတိယကမ္ဘာစစ်ထဲမှာ
နေထိုင်တယ်
အရက်မူးရင်
ဘာသာရေးတရားဟောတယ်
ကမ္ဘာပျက်ရင်တောင်
အိပ်ရာကထမှာမဟုတ်ဘူး
အချစ်ကို
ကောက်ရိုးမီးလို မွှေးတယ်
ကောင်မလေးတွေကို
“မင်း” နဲ့ “ငါ” နဲ့ ပြောတတ်တယ်။
(ကျော်သက်ဇင်)
စွန့်စားတယ်
နည်းနည်းသောက်လိုက်ရင်
မျက်နှာကနေလုံးကြီးလိုဖြစ်လာတယ်
လမ်းလျှောက်ရင်
လှိုင်းစီးနေသလိုပဲ
Counter
ပစ်ရင် ခေါင်းတွေကိုပဲမှန်အောင်ပစ်တယ်
သူ့အပြုံးက
လွတ်လပ်တယ်။
(ခိုင်စုလွင်)
စိတ်ကတော့
ငှက်မွှေးလေးလို ပေါ့ပါးလွင့်လွင့်ဖြစ်နေတယ်
သူများတကာကို
မြားတွေနဲ့လိုက်ပစ်ပေးပြီး
သူ့ကိုယ်သူကျတော့
မေ့နေတတ်တဲ့ မြားနတ်မယ်
သူငယ်ချင်းတွေကို
မှတ်မှတ်ရရရှိတယ်။
(စည်သူအောင်)
စကားပြောညင်သာပြီး
သည်းခံတတ်တယ်
ဆော့ဖ်ဝဲလ်တွေအကြောင်း
စိတ်ဝင်စားတယ်
ဟာသကားကို
ကြိုက်တယ်
ရယ်ရင်တစ်ဝက်ပဲရယ်ပြီး
နောက်တစ်ဝက်ကိုသိမ်းထားတယ်
အပ်ကိုင်ရင်လက်ငြိမ်ပြီး
ဓါးကိုင်ရင်လက်တုန်တာ ဘာကြောင့်မှန်းမသိဘူး
အရက်သောက်ရင်
မမူးမှာကိုသေလောက်အောင်ကြောက်တယ်။
(ဥာဏ်မြင့်အောင်)
ဂိမ်းမျိုးစုံဆော့တယ်
လူမျိုးစုံပေါင်းတယ်
အရှုံးနဲ့တွေ့ရင်
သံစုံမြည်တတ်တယ်
အရာရာကို
ချွေတာစိစစ်ပြီးဖြုန်းတယ်
စကားကို
ဝေေ၀ဆာဆာပြောတယ်
အစားကို
သေသေချာချာစားတယ်
ထူးဆန်းတာတစ်ခုက
မျက်မှောင်မကြုတ်တတ်ဘူး
မျက်လုံးကျဉ်းကျဉ်းကလေးနဲ့
အားလုံးမြင်အောင်ကြည့်နိုင်တယ်။
(ထက်ထက်ကျော်)
ဒိုင်ယာနာဖြစ်ခဲ့ဖူးတယ်
ဘောလုံးပွဲလောင်းတယ်
ဘီယာကြိုက်တယ်
ယောက်ျားလေးဖြစ်ခဲ့ရင်
အမေအသက်တိုလိမ့်မယ်။
(နီမောကူးမားရ်)
တွေ့ဖူးသမျှဂေါ်ရခါးတွေထဲမှာ
ခင်ဖို့အကောင်းဆုံး
နားထဲကို“နာဂစ်”တွေ
တစ်လုံးပြီးတစ်လုံး ပစ်လွှတ်တတ်တယ်
ဂိမ်းနဲ့ဘ၀ကို
လဲခဲ့ဖူးတယ်
(တာဘားလား)ဗုံတီးတယ်
ဘာကိုမှဂရုမစိုက်ဘူး
သူ့ရယ်သံကို
တစ်ခါကြားရင်တစ်သက်လုံးမှတ်မိတယ်
ကျေးလက်ကို
ချစ်တယ်။
(နေမျိုးသူ)
ညီအစ်ကိုငတ်တယ်
ဒေါသက
လူထက်ကြီးတယ်
လက်ကိုင်ဖုန်းကို
ပေါက်ခွဲတတ်တဲ့အကျင့်ရှိတယ်
မူးတဲ့အခါ
ကွေးနေအောင်ကတယ်
စိတ်ထဲမှာရှိတဲ့အတိုင်း
ပြောတယ် လုပ်တယ်။
(နှင်းပွင့်ဖြူ)
ပိုးတုံးလုံးကနေ
လိပ်ပြာဖြစ်လာတယ်
နှုတ်ခမ်းမွှေးစစနဲ့
မျက်ဝန်းတွေမှာ
ညှို့ဓါတ်ရှိတယ်
အသားဟင်းမပါရင်
ထမင်းမစားတတ်ဘူး။
(နန်းစံကျောက်မဏီး)
စိန်
နဲ့တူတယ်
တစ်
- သေးငယ်ပေမယ့် မာကျောတယ်
နှစ်
- စားသုံးမိရင် အဆိပ်ပြင်းပြင်းသင့်တယ်။
(ဖြိုးကြွယ်)
ကိုယ်ခန္ဓာထွားကြိုင်းပြီး
ဦးအောင်ဇေယျနဲ့
အမျိုးတော်တယ်
မြင်းရိုင်းတစ်ကောင်လို
ကိုင်တွယ်ရခက်တယ်။
(မင်းထက်မောင်မောင်)
အသားညိုတယ်
သီချင်းဆိုတယ်
သတင်းစကားတွေကို
လေထက်မြန်အောင်
သယ်ဆောင်သွားနိုင်တယ်
ရုပ်ရှင်ကြည့်ရင်
ရှေ့ကိုရစ်ရစ်ပြီးကျော်ကြည့်တယ်
ကြက်သွန်ဖြူကို
ဓါးပြားရိုက်ချလိုက်တာ
ပြားချပ်သွားရော
ဆိုတာကို ဟာသလုပ်ပြီးပြောပြဖူးတယ်
ရင်ဘတ်အငှားလိုက်တယ်။
(မိုးမင်းဝင်း)
ဘောလုံးနဲ့မန်ယူကို
ဖာဂူဆန်ထက်ချစ်တယ်
စာကျက်တဲ့အခါ
စာမျက်နှာကို အရင်ကျက်လေ့ရှိတယ်
ကွမ်း၊
အရက်၊ ဆေးလိပ် ကင်းတယ်
အသက်ကြီးလာတာနဲ့အမျှ
အမေးအမြန်းထူလာတယ်
အရာရာကို
မှတ်မှတ်သားသားရှိတတ်တယ်
ယုန်နဲ့တူတယ်။
(မွန်မွန်သော်ခိုင်)
“ဆရာမကြီး”ဆိုတဲ့ဘွဲ့ကို
ပိုင်ဆိုင်ထားတယ်
ချစ်သူကို
အဆုံးမရှိအောင်ခွင့်လွှတ်တယ်။
(မာလာမောင်သိန်း)
အေးတိအေးစက်နဲ့
မီးဖိုချောင်နိုင်နင်းမဲ့ပုံပေါ်တယ်။
(ရဲမင်းထက်)
လိုချင်တာကို
မရရအောင်ယူတတ်တယ်
ယုံကြည်မှုတွေ
ရေချိန်လွန်နေတတ်တယ်
သီချင်းဆိုရင်
နရီမှန်အောင်မဆိုတတ်ဘူး
စာပေကို
လေးစားတယ်
ရည်မှန်းချက်က
ကမ္ဘာနဲ့မဆံ့ဘူး။
(သန့်စင်ခိုင်)
ခန္ဓာကိုယ်သေးသေးနဲ့
နေရာအနှံ့မှာပျော်တယ်
ရယ်ရင်
ခေါင်းလှုပ်လှုပ်ပြီးရယ်တယ်
အချစ်နောက်ကို
တကောက်ကောက်လိုက်တယ်
ကွမ်းဝါးလွန်းလို့
မေးရိုးတွေကားထွက်နေတယ်။
(သက်ပိုင်စိုး)
ခဏခဏ
စိတ်ကောက်တတ်တယ်
လျှောက်လမ်းပေါ်မှာ
ပျော်မွေ့နေတယ်
စိတ်ကို
အလိုလိုက်တယ်။
(သူရအောင်)
ကြံရည်ဖန်ရည်
ကောင်းတယ်
အချက်အပြုတ်
တော်တယ်
အပျော်အပါးဆိုရင်
နှစ်ခါပြောဖို့မလိုဘူး။
(သင်းသင်းဆွေ)
လူယောင်ဆောင်ထားတဲ့
ဥသြ
ပါးစပ်ကို
သီချင်းဆိုဖို့နဲ့စကားပြောဖို့အတွက်ပဲ အသုံးချတယ်
ဆိုင်းသံဗုံသံကြားရင်
ကချင်ခုန်ချင်တယ်။
(အောင်ကိုကိုဝင်း)
ရှရွတ်ခန်းနဲ့
တူတယ်
အိမ်သာထဲရောက်တဲ့အထိ
စာတွေရွတ်နေတတ်တယ်
ရေချိုးဖို့ကို
သတိမရဘူး။
(အောင်ခန့်)
အရက်သောက်ဖို့ချိန်းရင်
အချိန်မရွေးရောက်အောင်လာတယ်
ကျန်တဲ့အချိန်ဆို
ဖမ်းလို့မမိဘူး။
(အောင်ဇော်မိုး)
လေးစားဖို့ကောင်းတယ်
အနိုင်ကျင့်လို့ကောင်းတယ်
တပည့်တွေအများကြီးရှိပြီး
တစ်ယောက်ကိုမှမနိုင်ဘူး။
(အောင်သူ)
အရပ်ရှည်တယ်
စိတ်မရှည်ဘူး
အနှောင်အဖွဲ့တွေနဲ့
လွတ်အောင်နေတယ်
တစ်ယောက်တည်းရှိလည်း
လက်ဖက်ရည်ဆိုင်ထိုင်တတ်တယ်
မူးလာရင်
ဟီးရိုးဆန်တယ်။
(အောင်အောင်ကြွယ်မိုး)
စာအမေးသန်တယ်
ကိုယ်ရေးကိုယ်တာ
လျှို့ဝှက်တယ်
အကျွေးအမွေး
ချွေတာတယ်။
(အေးငြိမ်းဟန်)
အရပ်ရှည်တယ်
စာကြီးပေကြီးဖတ်တတ်တယ်
Double
Strong ကြိုက်တယ်
အချစ်ကိုခံစားတယ်
အချစ်ကိုစိတ်ကုန်တယ်။
(အေးပြည့်ဖြိုးခိုင်)
နာမည်နဲ့
လူနဲ့လိုက်တယ်
ဓါးသွားလိုထက်တယ်။
၂၄၊၁၀၊၂၀၁၀
(၀န်ခံချက်။ ။ ကဗျာဆရာ“ပိုင်”၏ “ကဗျာနဲ့ရေးတဲ့ Portrait” ကဗျာကို
အတုယူ၍ ရေးဖွဲ့ပါသည်။)
No comments:
Post a Comment