Saturday, September 19, 2015

ပလောက်။ ပလောက်။




တွင်းထဲက ဖြူဖြူအလုံးလေးနှစ်လုံး ပင်ပေါင်လုံးတွေလို
ခုန်ထွက်လာ။ မျက်လုံးနှစ်လုံး။ ကြွက်သားခြောက်ခု တန်းလန်းတန်းလန်းနဲ့။
ပတ်ဝန်းကျင်ကို အခုမှ စမြင်ဖူးသလို လှည့်ပတ်ကြည့်နေ။ ပြီးတော့မှ။
တစ်လုံးကိုတစ်လုံး ပြန်မြင်သွားကြ။ မျက်လုံးတစ်လုံးထဲ နောက်
မျက်လုံးတစ်လုံးရဲ့အရိပ်။ ကိုယ့်အရိပ်ကိုယ်

(လန့်ဖျတ်သွားကြ)

ပြန်မြင်လိုက်ကြသလို။
တစ်လုံးနဲ့တစ်လုံး အသေအကြေ စိုက်ကြည့်ကြ။ ကိုယ့်အတ္တကိုယ် ပြန်မြင်လိုက်ကြသလို။
တစ်လုံးပြီးတစ်လုံး ပြူးသွားကြသည်အထိ။ ရှေးဘဝအဆက်ဆက် ရှိခဲ့ဖူးတဲ့ရေစက်တွေကြောင့်
တစ်လုံးနဲ့တစ်လုံး ကြည့်မရကြ။ မျက်ချေးတွေယိုရင်း
တစ်လုံးကိုတစ်လုံး ပစ်ပေါက်ကြ။ မျက်လုံးတွေနီလာတဲ့အထိ
ဒေါသကြီးစွာဖြင့် တိုက်ခိုက်ကြ။

(မျက်ရည်တွေထွက်ကြ)

ဘယ်လိုမှအမြင်မတူကြတဲ့ မျက်လုံးနှစ်လုံးဟာ နောက်ဆုံးမှာ ကိုယ့်ဝင်ရိုးပေါ်ကိုယ်
ဗဟိုပြုလည်မယ်ဆိုပြီး တောင်တစ်လုံး မြောက်တစ်လုံး လိမ့်ထွက်သွားကြပါတော့တယ်။

(မိုးကုပ်စက်ဝိုင်းအစွန်းတစ်ဘက်စီ ရောက်သွားကြတဲ့အခါ တစ်လုံးက နေမင်းကြီးဖြစ်သွားပြီး
တစ်လုံးက လမင်းကြီးဖြစ်သွားပါတော့တယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်နဲ့)

မပြီးနိုင် မဆုံးနိုင်

မျက်လုံးများခုန်ထွက်လာရာ
တွင်းများကတော့ ရင်ကွဲ
ဟောက်ပက်။

လင်းဇင်ယော်
၂၀၁၅၊ စက်တင်ဘာ။

No comments:

Post a Comment