ပုလိပ်နှစ်ကောင်လို့
ငါတို့သုံးနှုန်းတယ်။ ငယ်ငယ်ကနေ ခုချိန်ထိ။
ပေါ်တူဂီစစ်သားလား။
ဂေါ်ရာစစ်သားလား။ ဘယ်သူမှမသိ။ ခုချိန်ထိ။
(သူတို့နာမည်တွေက
အဲလ်ဖရက်ဒိုနဲ့ အာနက်စ်တိုဖြစ်ကြောင်း
ပဌာန်းဆက်ရှိသူ
ပရဟံလင်းမှပြော)
ငယ်ငယ်က
ကျူရှင်ပြန်တဲ့ညတွေဆို ပုလိပ်နှစ်ကောင်ရဲ့မျက်လုံးတွေ
ခွေးအူသံတွေနဲ့အတူ
ငါတို့နောက်က အသံရှည်ဆွဲပြီးလိုက်ပါလာ။
(ဆေးရောင်ကွာကျလာတော့
နှုတ်ခမ်းမွှေးတွေတောင်
အဖြူရောင်ဖြစ်ကုန်ကြပြီ)
ညရောက်ရင်
ပုလိပ်နှစ်ကောင်ဟာ နေရာမှာမရှိတော့ဘဲ
တစ်မြို့လုံးအနှံ့
ကင်းလှည့်နေတတ်တယ်။ ငယ်ငယ်ကငါတို့ ပြောတတ်ကြ။
(ဆေးအသစ်သုတ်တိုင်း
ယူနီဖောင်းအရောင်တစ်မျိုးပြောင်းတယ်။
ကာကီရောင်။
စစ်ရောင်။ ကွန်မန်ဒိုရောင်)
ဦးခေါင်းတွေက
တစ်ခါကြည့်ရင် တစ်နေရာကိုလှည့်နေတယ်။ ဒါမှမဟုတ်
ကြည့်တဲ့သူနောက်ကို
လိုက်လှည့်နေတယ်။ ငယ်ငယ်က သိခဲ့ရတာတွေ။
(ခြေဗလာကို
ဆေးအနက်သုတ်ပေးထားတော့
ရုတ်တရက်ကြည့်ရင်
ဘွတ်ဖိနပ်စီးထားသလိုလို)
နဂါးရုပ်တွေ
ခြင်္သေ့ရုပ်တွေကြားက ပုလိပ်နှစ်ကောင်စောင့်ကြပ်နေတဲ့
ဘုန်းကြီးကျောင်းရှေ့
ငါတို့ငယ်ငယ်က အသက်အောင့်ပြီးဖြတ်ပြေးခဲ့ကြ။
(သံတံခါးသော့ခတ်ထားတယ်။
ကင်မရာကိုအသာလျှိုသွင်းပြီး
ခလုတ်နှိပ်။ ဖလက်ရှ်မထည့်နဲ့)
ပေါ်လာတဲ့ဓာတ်ပုံမှာ
အဖက်မထည့်ရဘဲ
မျက်လုံးတွေနီနေတယ်
ငယ်ငယ်ကနေ
ခုချိန်ထိ။
လင်းဇင်ယော်
IDEA - Sep, 2015.
No comments:
Post a Comment