Friday, October 2, 2015

ဘုရားသခင်ရဲ့ဖန်ဆင်းမှုကို လက်မခံချင်ရင်တော့၊ ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်ကို လက်ခံရပါလိမ့်မယ်။




ဘုရားသခင်ရဲ့ဖန်ဆင်းမှုကို လက်မခံချင်ရင်တော့၊ ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်ကို လက်ခံရပါလိမ့်မယ်။
(၂၁ ရာစု မြန်မာကဗျာလမ်းကြောင်းသစ်များ)


နိဒါန်း

ခေတ်စမ်းစာပေလှုပ်ရှားမှု(၁၉၃၀)၊ ခေတ်ပေါ်စာပေလှုပ်ရှားမှု(၁၉၇၀) တို့ပြီးနောက် ၂၁ ရာစု မြန်မာကဗျာသစ် လှုပ်ရှားမှုဟာ ဘာသာစကားကဗျာ(အယ်လ်ပီ) L=A=N=G=U=A=G=E Poetry မိတ်ဆက်ခြင်းနဲ့ ၂၀၀၄ မှာ အစပြုခဲ့ပြီး ၂၀၀၅၊ ၂၀၀၆ မှာ လှုပ်ရှားမှုများ ပြန့်နှံ့လာခဲ့ပါတယ်။ သို့သော် ၂၀၀၇ နီယိုမော်ဒန်ကြေငြာစာတမ်း ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကာလကြာရှည်စွာငြိမ်သက်နေခဲ့တဲ့ မြန်မာကဗျာလောကဟာ အားပြိုင်မှု၊ တိုးတိုက်မှုများနဲ့ တစ်ကျော့ ပြန် လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ပင်မရေစီးဖြစ်နေဆဲ ခေတ်ပေါ်နဲ့ အသစ်ဖြစ်ပေါ်လာတဲ့ အယ်လ်ပီ၊ ထိုမှတဖန် အယ်လ်ပီနဲ့ နီယိုမော်ဒန် စသဖြင့် အားစမ်းငြင်းခုန်မှုများ၊ ကဗျာတိုက်ပွဲများဟာ စာမျက်နှာပေါ်မှာနဲ့ စာမျက်နှာပြင်ပများမှာ ပါ အရှိန်အမြင့်ဆုံးကာလလည်း ဖြစ်ခဲ့ပါတယ်။ (ဆရာငြိဏ်းဝေရဲ့ ကွန်ဆက်ပ်ချူရယ်လှုပ်ရှားမှုများကတော့ အဆိုပါ နှစ်ကာလများမှာပဲ စတင်ခဲ့ခြင်းဖြစ်ပေမယ့် ကဗျာငြင်းခုန်မှုများ၊ အားပြိုင်မှုများနဲ့ အနည်းငယ်ကင်းကွာနေခဲ့ပြီး တစ်ဦး တည်းမာရသွန်ပြေးသလို ဖြစ်နေခဲ့ပါတယ်။)

            သို့သော်လည်း နောက်သုံးနှစ်အကြာ အွန်လိုင်းအသုံးပြုမှု ပိုမိုတွင်ကျယ်လာတဲ့ ၂၀၁၀ ဝန်းကျင်ကာလများမှာ တော့ ခေတ်ပေါ်၊ အယ်လ်ပီ၊ နီယိုမော်ဒန်ဆိုတဲ့ ပြိုင်မြင်းသုံးကောင်တည်းပြေးနေတဲ့ မြန်မာကဗျာလောကဟာ တစ်မျိုး တစ်ဖုံပြောင်းလဲလာခဲ့ပြန်ပါတယ်။ ဘလော့ဂ်ယဉ်ကျေးမှုထွန်းကားလာပြီးနောက်ပိုင်း ဘလော့ဂါများ၊ အွန်လိုင်းကဗျာရေး သူများသည်လည်း နေရာအနှံ့၊ ကမ္ဘာအနှံ့ကနေ အလျှိုအလျှိုထွက်ပေါ်လာခဲ့ကြသလို အွန်လိုင်းနဲ့အွန်ပရင့် ငြင်းခုံခွဲခြားမှု များလည်း ပေါ်ပေါက်လာခဲ့ကြပါတယ်။ ထို့အတူ လမ်းအိုလေး၊ တောကျောင်းဆရာ၊ ကောင်းကင်၊ KONT3MPO3TRY၊ Burmese Poetry Foundation၊ +equals- (PEM sKoOl)၊ Neomodern Myanmar Poetry စတဲ့ ကဗျာဆိုင်ရာ ဘလော့ဂ်များ၊ ဝက်ဘ်ဆိုက်များမှာလည်း အသစ်အသစ်သော ကဗျာပို့စ်များ၊ ကဗျာဆောင်းပါပို့စ်များ နေ့စဉ်နဲ့အမျှ တက်လာနေခဲ့ပါတယ်။ တစ်ချိန်တည်းလိုလိုမှာပဲ Facebook လူမှုကွန်ယက်ပေါ်မှာလည်း ကဗျာရေးသူများ အကြောင်း အမျိုးမျိုးကြောင့် တစ်စတစ်စနဲ့ မရေတွက်နိုင်လောက်အောင် တိုးပွားများပြားလာခဲ့ပါတယ်။ ယင်းကာလကို အွန်လိုင်း-အွန်ပရင့်ခွဲခြားမှု အပြင်းထန်ဆုံးကာလဟု သတ်မှတ်လို့ရနိုင်ပေမယ့်လည်း အွန်လိုင်းကဗျာရေးသူတချို့ကို စာမျက်နှာပေါ် မှာ တွေ့စပြုနေရသလို စာမျက်နှာပေါ်မှာနေရာရပြီးသား ကဗျာရေးသူများသည်လည်း အွန်လိုင်းကို စမ်းသပ်အသုံးပြု နေခဲ့ပြီဖြစ်ပါတယ်။ ၂၁ ရာစု မြန်မာကဗျာသစ် လမ်းကြောင်းအတွက် လမ်းစပေါင်းများစွာဟာ ၂၀၁၀ မှာ အတော်အတန် ရုပ်လုံးပေါ်စ ပြုနေပါပြီ။ ကဗျာအမျိုးအစား များအနေနဲ့လည်း ယခင် သုံး၊ လေး မျိုးတည်း ရှိနေရာကနေ Post LANGUAGE Poetry၊ Conceptual Poetry၊ Flarf Poetry၊ Experimental Poetry၊ Cyber Poetry၊ Visual Poetry၊ Hybrid Poetry၊ Identity Poetry၊ Anti-Poetry၊ Digital Poetry စသဖြင့် ကဗျာအမျိုးအစားပေါင်းများစွာဟာ နှစ်သစ်ကူးမီးရှူးမီးပန်းများ ကဲ့သို့ ဖောင်းခနဲ လက်ခနဲ ခွဲဖြာ ထွက်ပေါ်လာခဲ့ကြပါတယ်။ အထက်ပါ ကဗျာအမျိုးအစားများအားလုံးကို စုပေါင်းပြီး ခေတ်ပြိုင်ကဗျာ(Contemporary Poetry)ဟု အကြမ်းအားဖြင့် သတ်မှတ်လက်ခံခဲ့ကြပါတယ်။

အမျိုးအစားခွဲခြားလေ့လာခြင်း

၂၀၁၂ ခုနှစ် မတ်လ ကမ္ဘာ့ကဗျာနေ့အတွက်ရေးသားခဲ့တဲ့ ကဗျာဆရာ လွန်းဆက်နိုးမြတ်ရဲ့ “ကဗျာနွေဦးတော်လှန်ရေး-ခေတ်ပြိုင်ကဗျာနိဒါန်း” ဆောင်းပါးမှာတော့ ခေတ်ပြိုင်ကဗျာ ရေးသားသူများကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားခဲ့ဖူး ပါတယ်။

“ခေတ်ပြိုင်ကဗျာပထမမျိုးဆက်အနေနဲ့ ဇေယျာလင်း၊ ငြိဏ်းဝေ၊ မိုးဝေး၊ ၀င်းမြင့်၊ ခင်အောင်အေး၊ လူဆန်း၊ မောင်ယုပိုင်၊ ငုအိမ်ထက်မြက်၊ သည်မော်နိုင်၊ မောင်ဒေး၊ အောင်ပြည့်စုံနဲ့ အခြားကဗျာဆရာအနည်းငယ်တွေ့ရပြီး ကာလအပိုင်းအခြားအနေနဲ့ ၂၀၀၅ခုနှစ်လောက်ကနေ လက်ရှိအချိန်ထိဖြစ်ပါတယ်။

ခေတ်ပြိုင်ကဗျာဒုတိယမျိုးဆက် (A Group)မှာ PEMSKOOL .ORG၊ ကမ်းယံ၊ KZကေ၊ လွန်းဆက်နိုးမြတ်၊ မောင်ဖုန်းမြင့်၊ မြေမှုန်လွင်၊ Zephyr၊ တောကျောင်းဆရာ၊ ဆူးခက်မင်း၊ သုဏော်စိုင်း၊ ဏီအဲဝိုင်၊ XY နဲ့ အခြားကဗျာဆရာအနည်းငယ်ပါဝင်ကြပြီး ကာလအပိုင်းအခြားအားဖြင့် ၂၀၀၈ခုနှစ် အစောပိုင်းကနေ လက်ရှိအချိန် ထိ ဖြစ်ပါတယ်။

ခေတ်ပြိုင်ကဗျာဒုတိယမျိုးဆက်ရဲ့ (B Group) မှာတော့ ဟံလင်း၊ ဇာတိ(အန္တိမ)၊ မောင်နေမြဲ၊ မောနွေ၊ ပန်းချီ၊ သကောင့်သား၊ ဖိုးခွား၊ NeLynn၊ ပန်ဒိုရာ၊ မယ်ယွေး၊ ချိုပိန်းနောင်၊ သောတ၊ လောက၊ ညီဇံလှ၊ ရင်ခွင်ရှိန်း၊ အေးချမ်း၊ စိမ်းခက်စိုး၊ ဇာတိ(ဖျာပုံ)၊ သူရဿဝါ၊ ဇောင်းလူ ၊ မောင်ရင်ညိုနဲ့ အခြားကဗျာဆရာတချို့ကို မြင်ပါတယ်။ ကာလအားဖြင့် ၂၀၁၀ အစောပိုင်းဝန်းကျင်ကနေ လက်ရှိအချိန်ထိဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာဒုတိယမျိုးဆက်(B Group)ရဲ့ နောက်ပိုင်းမှာ ခေတ်ပြိုင်ကဗျာရေးသားသူတွေဟာ အပြတ်အလပ်မရှိတော့ဘဲ တစ်စပ်ဆက် တည်း စီးဆင်းလာတဲ့ သဘောကိုတွေ့ရပါတယ်။ Xanthos၊ လင်းဇင်ယော်၊ တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ နေအေဒီ၊ မွန်းသူအိမ်၊ နေပိုင် စတဲ့ စတဲ့ မရေမတွက်နိုင်တဲ့ ခေတ်ပြိုင်ကဗျာ(ဟန်)ရေးသားသူတွေကို အားရ စရာကောင်းလောက်အောင် တွေ့လာရပါတယ်။ အချိန် ကာလအနေနဲ့ ၂၀၁၁-၂၀၁၂ ကနေ လက်ရှိအချိန်ထိ ဖြစ်မယ်ထင်ပါတယ်”

            ၂၀၁၂ ဝန်းကျင်ကာလ ခေတ်ပြိုင်ကဗျာရေးသားသူများကို အနီးစပ်ဆုံး အုပ်စုခွဲပြနိုင်ခဲ့တယ်လို့ သတ်မှတ်လို့ရပါ တယ်။ သို့သော်လည်း ၂၀၁၂ ကနေ လက်ရှိ ၂၀၁၅ အထိ သုံးနှစ်တာကာလအတွင်းမှာ အထက်ပါအုပ်စုခွဲခြားမှုဇယားဟာ ကဗျာဆက်မရေးတော့သူများ၊ ဆက်လက်ရေးသားနေသူများ၊ နောက်ထပ်အသစ်ရေးသားလာသူများ (ဥပမာ - လူလန်း၊ နရနီ၊ ဖြူနှင်းဖွေး၊ ရှိန်ဝါ၊ နီနီ၊ ပိုင်ဥာဏ်၊ မားစ်၊ မှူးနေဝန်း၊ နရီမင်းထက်၊ သူဝေး၊ အေဖန့်ဖန့်၊ သားလူ၊ ဏေသစ်၊ စမ်၊ အေသီနာ၊ မသောက်၊ ယွန်းခက်မိုးနှင့် အခြားကဗျာရေးသူများစွာ)နဲ့ ထပ်မံဖြည့်စွက်ဖို့ လိုအပ်လာတယ်လို့ ထင်မြင်မိပါ တယ်။

            ထို့ကြောင့် ကဗျာလေ့လာသူတစ်ယောက်အနေနဲ့ လက်ရှိ ၂၀၁၅ အထိ ရေးသားလာကြတဲ့ ကဗျာသစ်ရေးသား သူများကို တူရာစုပြီး အောက်ပါအတိုင်း လက်လှမ်းမီသလောက် အုပ်စုခွဲပြီးလေ့လာကြည့်မိပါတယ်။

အုပ်စု(၁) - ခေတ်ပေါ်ကဗျာဖြတ်သန်းမှုသမိုင်းရှိခဲ့သော ကဗျာသစ်ရေးသူများ (အသက် ၃၅ - ၅၀ နှစ်)
                  
(က) ခေတ်ပေါ်ကာလကို စာမျက်နှာပေါ်၌ဖြတ်သန်းခဲ့ကြသော ကဗျာသစ်ရေးသူများ
ဇေယျာလင်း၊ ငြိဏ်းဝေ၊ ခင်အောင်အေး၊ မိုးဝေး၊ လူဆန်း၊ မောင်ယုပိုင်၊ စိုင်းဝင်းမြင့်၊ အောင်ရင်ငြိမ်း၊ လွန်းဆက်နိုးမြတ်၊  နရနီ၊ လူလန်း၊ မင်းနဒီခ။
                  
(ခ) ခေတ်ပေါ်ကာလကို စာမျက်နှာပေါ်မဖြတ်သန်းခဲ့သော ကဗျာသစ်ရေးသူများ
                   မောင်ဒေး၊ အောင်ပြည့်စုံ၊ သည်မော်နိုင်၊ အောင်ခင်မြင့်။

အုပ်စု(၂) - ခေတ်ပေါ်ကဗျာဖြတ်သန်းမှုမရှိခဲ့သော ကဗျာအသစ်ရေးသားသူများ (အသက် ၃၅ နှစ်အောက်)
                  
(က) ဖလာ့ဖ်အခြေပြုမျိုးဆက် (Flarf based Generations)
                    PEM Skool
                  
(ခ) နီယိုမော်ဒန်အခြေပြုမျိုးဆက် (Neomodern based Generations)
ကိုသျှား၊ ခင်ဂျူး၊ ဆူးရဲ၊ ဇက်ကကြိုး၊ ဘုန်းနေသွန်း၊ မင်းစိုးရာ၊ မိုဃ်းဇက်သော်၊ မှူးသစ်၊ ရင်ခွင်ရှိန်း၊ ရဲရင့်လမင်း၊ လင်းလက်တာရာ၊ သက်ငြိမ်သစ်၊ သစ္စာခ၊ သူရနီ၊ ကျော်ဦး(လှိုင်)၊ နေအေဒီ၊ မောင်မိုးမြင့်၊ မောနွေ၊ ရွှေကိုယ်နတ်(UCSM)၊ ရွှေဆက်၊ ရွှေကြယ်မိုး၊ အောင်သက်နှင်း၊ အေးချမ်း၊ ဝီရထက်နောင်။ (Neomodern Myanmar Poetry Blog မှ)

       (ဂ) ဟိုက်ဘရစ်ဒ်မျိုးဆက် (Hybrid Generations)
                   တော်လှန်ကြောင်(၃-အုပ်)၊ ညေ၊ ငါး

           (ဃ) ကွန်ဆက်ပ်ချူရယ်နွှယ်မျိုးဆက် (Conceptual related Generations)
                   မောနွေ၊ PEM Skool

            (အထက်ပါအုပ်စုခွဲခြားမှုကို ကဗျာဆိုင်ရာကျွမ်းကျင်ပညာရှင်များ မည်သူမဆို အချိန်မရွေး ထောက်ပြဖြည့်စွက်ပြင်ဆင်ပေး ရန် မေတ္တာရပ်ခံပါသည်။)

            အုပ်စု(၁)၌ပါဝင်သော ကဗျာရေးသူအများစုနှင့် ၄င်းတို့၏ကဗျာများအကြောင်းကို ကဗျာလေ့လာသူ ကျွမ်းကျင် ပညာရှင်များမှ ကြိမ်ဖန်များစွာရေးသားခဲ့ကြပြီးဖြစ်၍လည်းကောင်း၊ ကျွန်တော့်ရဲ့ အသက်အရွယ်နှင့် တိုတောင်းသော ဖြတ်သန်းမှုအရလည်းကောင်း ကျွန်တော့်အနေနဲ့ ကျွန်တော်တို့မျိုးဆက်(၂၀၁၀ နောက်ပိုင်းမျိုးဆက်)ပါဝင်တဲ့ အုပ်စု(၂)ကို ပို၍အလေးပေးတင်ပြခွင့် ပြုစေချင်ပါတယ်။

၂၀၁၀ ခုနှစ် နောက်ပိုင်း မြန်မာကဗျာသစ်များ ဖြစ်ပေါ်တိုးတက်လာမှု

ဘာသာပြန်ကဗျာများကို အလွတ်သဘောအရလေ့လာနိုင်ရန်အတွက် ဆရာမောင်သာနိုး၏ “ထင်းရှူးပင်ရိပ်” နှင့် “တောမှော်ရုံလမ်း” တို့ကိုသာ အားကိုးခဲ့ရသောခေတ်မှ Googling တစ်ချက်လုပ်လိုက်ရုံနဲ့ ရှိတ်စပီးယားတွေ ရောဘတ် ဖရော့စ်တွေ အထပ်လိုက်၊ ချားဘန်းစတိုင်းတွေ ဂျွန်အက်ရှ်ဘရီတွေ အထပ်လိုက်၊ ကက်နက်ဂိုးစမစ်တွေ ခရစ်ရှန် ဘော့ဘ်တွေ အထပ်လိုက်ကျလာတဲ့ခေတ်ကို ရောက်ခဲ့ရာမှာတော့ မြန်မာကဗျာလောကရဲ့ စာမျက်နှာပေါ်မှာ နေရာရပြီး သား ပင်မရေစီးကဗျာများ၊ စာမျက်နှာပေါ် စမ်းသပ်ထိုးဖောက်ဖို့ကြိုးစားနေတဲ့ ချဲ့ထွင်ကဗျာများနဲ့၊ အွန်လိုင်းပေါ်က အမျိုး အစား မသတ်မှတ်နိုင်သေးတဲ့ ကဗျာများဟာ တစ်ခုနဲ့တစ်ခု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သွေးတိုးစမ်းရာကနေ တစ်မျိုးနဲ့တစ်မျိုး ပေါင်းစပ်ကြည့်ဖို့ စတင်အားထုတ်လာကြပါတယ်။ ရလဒ်အနေနဲ့ ၂၀၁၀ ဝန်းကျင်မှာ “ကွန်နက်ရှင်” အစ၊ “လှလှကြီး” အလယ်၊ “တော်လှန်ကြောင်” အဆုံး ပုံမှန်မြင်တွေ့နေကျ ပင်မရေစီးကဗျာများနှင့် မတူကွဲပြားသော မြန်မာကဗျာသစ်တချို့ ထွက် ပေါ်လာခဲ့ကြပါတယ်။

            ကျွန်တော်တို့မျိုးဆက် ကဗျာရေးသားသူများအား ကဗျာစတင်ရေးသားဖြစ်စေခဲ့သော အကြောင်းရင်းများကို လေ့လာကြည့်တဲ့အခါ အဓိကနဲ့ အင်အားအများဆုံး အကြောင်းရင်းကြီးတစ်ခုကတော့ ‘တာရာမင်းဝေ’ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၆၀ - ၇၅% အထိ ရှိနိုင်ပါတယ်။ ‘ခေတ်ပေါ်ကဗျာ’ ကို ဖတ်မိဖူးပြီး ကဗျာရေးသားသူ အတန်အသင့်ရှိ ပေမယ့် ခေတ်ပေါ်ကဗျာကို ထဲထဲဝင်ဝင်ဖတ်ပြီးမှ ကဗျာရေးသားသူကတော့ အလွန်ရှားပါတယ်။ (ကဗျာရေးသားရင်းမှ ခေတ်ပေါ်ကဗျာများကို ပြန်လည်တူးဆွလေ့လာခြင်းကို မဆိုလိုပါ။) ရာနှုန်းအားဖြင့် ၂၀% ခန့်ရှိနိုင်ပါတယ်။ တာရာမင်းဝေ လည်း မဖတ်ဖူး၊ ခေတ်ပေါ်ကိုလည်း မသိခဲ့သော ကဗျာရေးသားသူများကတော့ ကျန်ရာခိုင်နှုန်းများအနေနဲ့ ပါဝင်နေနိုင်ပါ တယ်။ သူတို့ကတော့ အထက်ပါကဗျာရေးသူများရဲ့ ကဗျာများကိုဖတ်မိပြီး ကဗျာပြန်လည်ရေးသားခဲ့ကြသူများ ဖြစ်နေနိုင် ပါတယ်။ မှန်းဆချက်များသာဖြစ်သဖြင့် ရာခိုင်နှုန်းအတိအကျရရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူ လေ့လာကြည့်သင့်ပါ တယ်။

            ရှေ့မျိုးဆက်တွေအတွက် ထင်းရှူးပင်ရိပ်နဲ့ မောင်ချောနွယ်၊ အောင်ချိမ့်တို့ဟာ ခေတ်ပေါ်ဖြစ်ခဲ့ပေမယ့် ကျွန်တော် တို့မျိုးဆက်တွေအတွက် တာရာမင်းဝေဟာ ခေတ်ပေါ်ဖြစ်ခဲ့ရပါတယ်။ တစ်နည်းဆိုရရင် ကဗျာဖြစ်ခဲ့ပါတယ်။ ခေတ်ပေါ် ကဗျာဆရာစာရင်းမှာ တာရာမင်းဝေဟာ ချန်လှပ်ခံရပေမယ့် ကျွန်တော်တို့မျိုးဆက်တော်တော်များများဟာ တာရာမင်းဝေနဲ့ စတင်ခဲ့ကြပါတယ်။ အဲဒီအချိန်က ထုနဲ့ ထည်နဲ့ အခိုင်အမာဖြစ်တည်နေပြီးဖြစ်တဲ့ ခေတ်ပေါ်ကဗျာဟာ ကြီးမားလွန်းတော့ မမြင်နိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ တာရာမင်းဝေရဲ့ ထိပ်ထားရေအစချီတဲ့ကဗျာတွေ၊ လူငယ်ဆန်တဲ့အရေးအသားတွေ၊ ဆန်းသစ်တဲ့စကားလုံးတွေဟာ ကျွန်တော်တို့နဲ့တစ်သားတည်း ပူးဝင်စီးဆင်းခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မျိုးဆက်အပေါ်မှာ တာရာမင်းဝေရဲ့လွှမ်းမိုးမှုဟာ စကားပြေရယ်၊ ကဗျာရယ်လို့ သီးသန့်ကွဲပြား မနေခဲ့ပါ။ ‘မိုးခေါင်လို့တီးတဲ့ ဗုံသံ’ ကလွဲလို့ ကျန်ကဗျာများဟာ သူ့ဝတ္ထုတွေထဲပါခဲ့တာတွေကို ကျွန်တော်တို့ ကူးယူရွတ်ဆိုစွဲလမ်းခဲ့ကြရတာပါ။ အဲဒီ အချိန်က တာရာမင်းဝေရဲ့အရေးအသားမှန်သမျှဟာ ကျွန်တော်တို့အတွက် ကဗျာဖြစ်နေခဲ့ရပါတယ်။ သူရေးခဲ့သလောက် ဟာ ကျွန်တော်တို့ကို ဘာကြောင့်အကြီးအကျယ်လွှမ်းမိုးခဲ့ရသလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပမာဏအားဖြင့်သိပ်မများခဲ့ သော တာရာမင်းဝေရဲ့ရေးဟန်တွေအတိုင်း အခုချိန်အထိ မငြီးငွေ့နိုင်၊ မစွန့်ပယ်နိုင်သေးဘဲ ဆက်လက်ရေးသားနေသူတွေ လည်း (အထူးသဖြင့် လူငယ်တွေ) အများအပြား ရှိနေဆဲဖြစ်ပါတယ်။ ထို့ကြောင့် ‘တာရာမင်းဝေ ချောက်’ ဟုပင် တချို့က ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။

ရုန်းထွက်ကြခြင်း

            အဲဒီအချိန်မှာ တာရာမင်းဝေနဲ့ပဲ မတင်းတိမ်နိုင်တော့တဲ့ ကျွန်တော်တို့မျိုးဆက် ကဗျာရေးသူများဟာ ချောက်ထဲ က ခုန်ထွက်ဖို့ ကြိုးစားလာကြပါတော့တယ်။ တာရာမင်းဝေမဟုတ်သော အခြားကဗျာများ၊ ကဗျာဗေဒများကို စူးစမ်းကြည့် ကြတဲ့အခါ အဲဒီအချိန်က မြန်မာကဗျာလောကရဲ့ အရှိန်အဟုန်ကောင်းနေဆဲ ခေတ်ပေါ်ကဗျာနဲ့ ပင်မရေစီးကနေ ခွဲထွက် လာခဲ့ကြတဲ့ အယ်လ်ပီနဲ့ နီယိုမော်ဒန်တို့ကို တွေ့မြင်ခဲ့ရပြီး မိမိနှစ်သက်ရာကဗျာများကို ကူးပြောင်းစမ်းသပ်ရေးသားကြ ပြန်ပါတယ်။ အများစုက ဇေယျာလင်းရဲ့အယ်လ်ပီနဲ့ အောင်ရင်ငြိမ်းရဲ့နီယိုမော်ဒန်ရေးဟန်များအတိုင်း ဆက်လက်ရေးသား ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ငြိဏ်းဝေရဲ့ ‘ကွန်ဆက်ပ်ချူရယ်’ ကို တွေ့ရှိခဲ့ကြပေမယ့် ‘လူငယ်များအား ဖမ်းစားနိုင်မှု အားနည်းခဲ့ခြင်း’ ကြောင့် လိုက်ပါရေးသားကြသူများ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ၂၀၁၀ ဝန်းကျင်ကာလများမှာ ကဗျာ တစ်ပုဒ်ချင်းအနေနဲ့ အယ်လ်ပီနွှယ်ကဗျာများ၊ နီယိုမော်ဒန်နွှယ်ကဗျာများကို ကျွန်တော်တို့မျိုးဆက် ကဗျာရေးသူများ စမ်းသပ်ရေးသားခဲ့ကြပေမယ့် သီးသန့်စုစည်းမှုအနေနဲ့ ပမ်စကူး (PEM sKoOl) မှ တေလေ၊ လင်းရမ္မာ၊ လင်းနီညိုတို့ရဲ့ “(ဆိုးရွားစွာ) ‘ထိ’ ‘ခိုက်’ (စေ) ‘နိုင်’ ပါသည်” တစ်အုပ်သာ ၂၀၁၀၊ ဇွန်လမှာ ထွက်လာနိုင်ခဲ့ပြီး အယ်လ်ပီနွှယ်ကဗျာများ အများဆုံးပါဝင်ခဲ့ပါတယ်။ အဲဒီ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာတော့ ပမ်စကူး+အခြားအွန်လိုင်းကဗျာရေးသူများနဲ့ ရှေ့မျိုးဆက်မှ အယ်လ်ပီနှင့် အယ်လ်ပီနွှယ်ကဗျာရေးသူများ စုပေါင်းပြီး “ကိုးဆယ့်တစ်” စုစည်းမှုတစ်အုပ် E-book အနေနဲ့ ထပ်မံထွက်လာခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ အကူးအပြောင်းကာလမှာတော့ အွန်လိုင်းကဗျာရေးသူများ အင်တိုက်အားတိုက် ပါဝင်ရေးသားခဲ့ထားကြတဲ့ “ကွန်နက်ရှင်” ယူဂျီစုစည်းမှု တစ်အုပ်ဟာ ကျွန်တော်တို့မျိုးဆက် ကဗျာရေးသူများအကြား လက်ဆင့်ကမ်း ပျံ့နှံ့ခဲ့ပြန်ပါတယ်။

            အဲဒီနောက်ပိုင်း ၂၀၁၁-၁၃ သုံးနှစ်တာကာလအတွင်းမှာတော့ ကျွန်တော်တို့မျိုးဆက်ကဗျာရေးသူများရဲ့ ကဗျာ စုစည်းမှုများဟာ တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက်ထွက်ပေါ်လာကြပါတော့တယ်။ ထင်ရှားတဲ့စုစည်းမှုများအနေနဲ့ PEM sKoOl ရဲ့ “လှလှကြီး” (အယ်လ်ပီ၊ ပီအယ်လ်ပီနှင့် ဖလာ့ဖ်နွှယ်ကဗျာများ)၊ “တော်လှန်ကြောင်” စုစည်းမှုများ (ဟိုက်ဘရစ် ကဗျာများ)၊ “ခေတ်ပြိုင်#7” (နီယိုမော်ဒန်နွှယ်ကဗျာများ)၊ “ဂြိုလ်ပျက်အမှတ် ၂၀၁၃” (နီယိုမော်ဒန်နွှယ်ကဗျာများ)၊ “ငါး” (ဟိုက်ဘရစ်နှင့်အခြားကဗျာများ) စသဖြင့် ရှိခဲ့ကြပါတယ်။ E-book၊ ယူဂျီစုစည်းမှုများအနေနဲ့လည်း မရေမတွက်နိုင် လောက်အောင် ထွက်ခဲ့ကြပါသေးတယ်။ (ကွင်းစကွင်းပိတ်အတွင်းမှ ကဗျာအမျိုးအစားသတ်မှတ်ခြင်းမှာ ကျွန်တော့်ပုဂ္ဂလ အမြင်သက်သက်မျှသာ ဖြစ်ပါသည်။) ဒစ်ဂျစ်တယ်ကဗျာ၊ အမြင်ကဗျာများအနေနဲ့လည်း ဟံလင်းရဲ့ ဒစ်ဂျစ်တယ်ကဗျာ မိတ်ဆက် ဘာသာပြန်ဆောင်းပါးများနဲ့ Nelay၊ ညံလင်းတို့ရဲ့ ဒစ်ဂျစ်တယ်ကဗျာလက်ရာတချို့ အွန်လိုင်းရပ်ဝန်းမှာ ထွက် ပေါ်လာခဲ့ကြပါတယ်။

            ၂၀၁၃-၁၅ ကာလများမှာတော့ ရဲမြင့်သူစီစဉ်တဲ့ အွန်လိုင်းကဗျာရေးသူများရဲ့ “တော်လှန်ကြောင်” ကဗျာစုစည်းမှု စာစဉ်များ ဆက်တိုက်ထွက်လာခဲ့ပြီး ကဗျာလှုပ်ရှားမှုများ ပိုမိုအားကောင်းလာခဲ့ပါတယ်။ PEM sKoOl မှ “ဆိတ်စည်း လှလှကြီး” နဲ့ သိုးထိန်း ရဲ့ “ကိုးစာ” တို့လည်း ယင်းကာလများမှာပဲ E-book အနေနဲ့ ထွက်လာခဲ့ပါတယ်။ နီယိုမော်ဒန် မျိုးဆက်များအနေနဲ့လည်း တစ်ဦးချင်း၊ တစ်ယောက်ချင်း ရေးသားမှုများ ရှိနေခဲ့ပေမယ့် စုစည်းမှု၊ လှုပ်ရှားမှုများအနေနဲ့ ကတော့ ကျဲပါးသွားခဲ့တာ တွေ့ရပါတယ်။ သို့သော်လည်း နီယိုမော်ဒန်မျိုးဆက်များဟု သတ်မှတ်ခံထားသော ကဗျာရေးသူ များကတော့ ယခင်ရေးသားနေကျ ပုံစံများနှင့်မတူသော၊ ဆင့်ကဲပြောင်းလဲလာခဲ့သော ကဗျာပုံစံများကို စမ်းသပ်ရေးသား လာခဲ့ကြပြန်ပါတယ်။

            ၂၀၁၅ နှစ်စမှာတော့ “ညေ” ဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့၊ “ညေ ဟာ အစွန်းတွေကိုချဲ့ဖို့အားထုတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်” ဆိုတဲ့ မောင်ဒေးရဲ့အမှာစာနဲ့ ထူးခြားစွာထွက်လာခဲ့ပါတယ်။ ၂၀၁၅ မှာပဲ နောက်ထပ်တစ်အုပ် ထူးခြား စွာထွက်လာခဲ့တာကတော့ မောင်ယုပိုင်နဲ့ ဖလာ့ဖ်အခြေပြုမျိုးဆက်၊ နီယိုမော်ဒန်အခြေပြုမျိုးဆက်၊ ဟိုက်ဘရစ်မျိုးဆက် ကဗျာရေးသူများနဲ့ ကဗျာတစ်ပုဒ်ကို နှစ်ယောက်တွဲရေးသားပြီး ဝါရင့်ကဗျာဆရာကြီးများမှ ကဗျာခေါင်းစဉ်အမည်ပေး ထားကြသော “Double Poetry Project” ပဲဖြစ်ပါတယ်။ (ဒီနေရာမှာ စာတမ်းနဲ့မသက်ဆိုင်ပေမယ့် အွန်လိုင်း၊ အွန်ပရင့်၊ ဝါရင့်၊ မျိုးဆက်သစ် ကဗျာဆရာပေါင်း ၄၂၉ ယောက် ပါဝင်ရေးသားခဲ့ကြတဲ့ “မြန်မာကဗျာ ၂၀၁၅” ကို မြန်မာကဗျာသမိုင်း မှာ ကဗျာရေးသူဦးရေအများဆုံးပါဝင်ခဲ့တဲ့ ကဗျာစာအုပ်အဖြစ် မှတ်တမ်းတင်အပ်ပါတယ်။)

            ကွန်ဆက်ပ်ချူရယ်အယူအဆများကို ဆရာဇေယျာလင်း ဆောင်းပါးတချို့ရေးသားပြီး ဘာသာပြန်မိတ်ဆက်ပေးခဲ့ ပေမယ့် မြန်မာကွန်ဆက်ပ်ချူရယ်ကဗျာ ပထမမျိုးဆက်အနေနဲ့ ကွန်ဆက်ပ်ချူရယ်ကဗျာများ၊ ဆောင်းပါးများ၊ စာအုပ် စာတမ်းများကို တစ်စိုက်မတ်မတ်ရေးသားလာခဲ့သူ ဆရာငြိဏ်းဝေကိုသာ သတ်မှတ်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ မြန်မာ ကွန်ဆက်ပ်ချူရယ်ကဗျာ ဒုတိယမျိုးဆက်ဟာ ‘မောနွေ’ လို့ဆိုရင်လည်း မှားနိုင်မယ်မထင်ပါ။ (PEM sKoOl အနေနဲ့ ကွန်ဆက်ပ်ချူရယ် လှုပ်ရှားမှုများရှိခဲ့ပေမယ့် တစ်ဖက်မှာလည်း ဖလာ့ဖ်လှုပ်ရှားမှုများ လုပ်ဆောင်နေရတာကြောင့် ကွန်ဆက်ပ်ချူရယ်ဘက်မှာ အားလျော့နေခဲ့ရပါတယ်။) သို့သော်လည်း မောနွေရဲ့ ကွန်ဆက်ပ်ချူရယ်ကဗျာများဟာ ငြိဏ်းဝေရဲ့ ကွန်ဆက်ပ်ချူရယ်ကနေ တိုက်ရက်ဆင်းသက်လာခြင်းမဟုတ်ခဲ့သလို ဇေယျာလင်းရဲ့ ကွန်ဆက်ပ်ချူရယ် အယူအဆများ တိုက်ရိုက်လွှမ်းမိုးခြင်းလည်း ရှိမနေခဲ့ကြောင်း ၂၀၁၅ မှာထွက်လာခဲ့တဲ့ “မောနွေရှင်းတမ်း” မှာ တွေ့ရနိုင် ပါတယ်။ သည်လိုဆို မောနွေရဲ့ ကွန်ဆက်ပ်ချူရယ်ဟာ ဘယ်ကနေ ဆင့်ကဲပြောင်းလဲပြီး ထွက်ပေါ်လာခဲ့သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အဖြစ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံး (အောင်ရင်ငြိမ်းရဲ့ နီယိုမော်ဒန်ဆောင်းပါးတစ်ခုမှာလည်း ပါရှိခဲ့ဖူးသလို) မှန်းဆကြည့်ရရင် ‘နီယိုမော်ဒန်အခြေပြုကွန်ဆက်ပ်ချူရယ်’ ပဲလား။ ဒါမှမဟုတ် နီယိုမော်ဒန်မျိုးကွဲ(၁၀)မျိုး ထဲက ‘ကွန်ဆက်ပ်ချူရယ်-နီယိုမော်ဒန်’ ပဲလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ (ကွန်ဆက်ပ်ချူရယ်ကဗျာကို ယနေ့အထိ လိုက်ပါရေးသားသူ နည်းပါးနေရခြင်းမှာ ‘Uncreative’ ဆိုတဲ့ စကားလုံးကို နားလည်မှုလွဲနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။)

ကဗျာအီဗော်လူးရှင်း

            ဆရာဇေယျာလင်းက ကဗျာဟာ ‘ရိုင်ဇုမ်း’ တွေလို အဘက်ဘက်ကို အခက်အလက်ခွဲဖြာပြီး ပြန့်ပွားလာတယ်လို့ ဆောင်းပါးတွေမှာ ပြောခဲ့ဖူးပါတယ်။ ကဗျာလောကတစ်ခုလုံးအတွက်ဆိုပါက အဆိုပါအယူအဆဟာ မှန်ကန်နေပေမယ့် ကဗျာရေးသူ တစ်ယောက်ချင်းစီအတွက်ဆိုရင်တော့ ‘ရိုင်ဇုမ်းသီအိုရီ’ ထက် ဆင့်ကဲပြောင်းလဲလာတဲ့ ‘အီဗော်လူးရှင်း သီအိုရီ’ က ပိုမိုသင့်တော်တယ်လို့ ထင်မိပါတယ်။     

            ၂၁ ရာစု မြန်မာကဗျာလမ်းကြောင်းသစ်များ ဖြစ်ထွန်းပေါ်ပေါက်လာခြင်းကို လက်လှမ်းမီသလောက် ပြန်လှန် သုံးသပ်ကြည့်ရပါက ပင်မရေစီးခေတ်ပေါ်ကဗျာမှ အယ်လ်ပီစတင်ခွဲထွက်လာခဲ့ခြင်းဟာ အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်နေခဲ့သလို နီယိုမော်ဒန်ကြေငြာစာတမ်းနဲ့ လှုပ်ရှားမှုများဟာလည်း ကဗျာလမ်းကြောင်းသစ်သမိုင်းမှာ ချန်ထားရစ်ခဲ့လို့ မရသော အကြောင်းတရားတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ထို့အပြင် အယ်လ်ပီ-နီယိုမော်ဒန် ထိခတ်တိုးတိုက်မှုများကြောင့် အသစ်အသစ်သော ကဗျာဗေဒများ၊ ကဗျာရေးသူများ၊ ကဗျာများ အမြောက်အမြား ထွက်ပေါ်လာခဲ့ခြင်းကိုလည်း ယခု ၂၀၁၅ မှာ တွေ့မြင်နေနိုင်ပါပြီ။ အရေအတွက်ကနေ အရည်အသွေးကို ကူးပြောင်းလာနိုင်ဖို့ကတော့ (သင်ရိုးမပြည့်စုံတဲ့/ တက္ကသိုလ်မရှိတဲ့ မြန်မာကဗျာလောကအတွက်) ကဗျာရေးသူတစ်ဦးချင်းစီရဲ့ ကဗျာလုပ်အားနဲ့ ကဗျာဝါယမစိုက်ထုတ်မှု အပေါ်မှာပဲ မူတည်နေပါတော့တယ်။

ခေတ်ပေါ်ကဗျာမှ အယ်လ်ပီစတင်ခွဲထွက်ပြီး (၂၀၀၅ မှ ၂၀၁၀) ငါးနှစ်တာကာလအတွင်း မြန်မာကဗျာဖွံ့ထွား လာပုံနဲ့ နောက်ပိုင်း (၂၀၁၀ မှ ၂၀၁၅) ငါးနှစ်တာကာလအတွင်း မြန်မာကဗျာဖွံ့ထွားလာပုံခြင်း နှိုင်းယှဉ်ကြည့်ပါက နောက်ပိုင်းငါးနှစ်၌ သိသာစွာဖွံ့ထွားလာခဲ့ကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် ကဗျာရေးသူတစ်ဦးချင်းစီ၏ကဗျာများကို လေ့လာကြည့်ပါကလည်း အယ်လ်ပီ/နီယိုမော်ဒန် လှုပ်ရှားမှုများ၌ပါဝင်ခဲ့သော ရှေ့မျိုးဆက်ကဗျာရေးသူများ၏ ကဗျာများ သာမက နောက်ပိုင်း ကျွန်တော်တို့မျိုးဆက်ကဗျာရေးသူများ၏ ကဗျာများတွင်ပါ ‘ဆင့်ကဲပြောင်းလဲလာမှု’ များကို တွေ့ရှိနိုင် ပါတယ်။ သို့သော်လည်း ဖြတ်သန်းမှုများသော ရှေ့မျိုးဆက်ကဗျာရေးသူများ၏ ဆင့်ကဲပြောင်းလဲလာမှုများက ပိုမိုထင်ရှား နေပါတယ်။ ဥပမာ - ဇေယျာလင်း၊ ခင်အောင်အေး၊ မိုးဝေး၊ လူဆန်း၊ မောင်ယုပိုင်၊ လွန်းဆက်နိုးမြတ်၊ ခိုင်မြဲကျော်စွာ၊ လူလန်း။ (ပုံနှိပ်ထုတ်ဝေခဲ့ပြီးသော စာအုပ်များအပေါ်မူတည်၍ သတ်မှတ်ရခြင်းဖြစ်ပါသည်။) နောက်ပိုင်း ကျွန်တော်တို့ မျိုးဆက် ကဗျာရေးသူများ၏ ဆင့်ကဲပြောင်းလဲလာမှုများကိုတော့ ယခု ၂၀၁၅ မှ နောက်ငါးနှစ်တာကာလအတွင်း၌ ပိုမို ထင်ရှားစွာ တွေ့မြင်လာနိုင်ဖွယ် ရှိနေပါတယ်။
           
            အနှစ်ချုပ်အနေနဲ့ ယနေ့(၂၀၁၅)အထိ မြန်မာကဗျာကို ရေးသားနေကြ/ရေးသားနေဆဲ မြန်မာကဗျာရေးသူများကို အောက်ပါ အတိုင်း အဓိကမျိုးဆက်ကြီး(၄)ခုအဖြစ် သတ်မှတ်ကြည့်ချင်ပါတယ်။ ၄င်းတို့မှာ -
            (၁) ခေတ်ပေါ်မှ ဆင်းသက်ပြောင်းလဲလာသော မျိုးဆက်များ
            (၂) အယ်လ်ပီမှ ဆင်းသက်ပြောင်းလဲလာသော မျိုးဆက်များ
            (၃) နီယိုမော်ဒန်မှ ဆင်းသက်ပြောင်းလဲလာသော မျိုးဆက်များ
            (၄) ကွန်ဆက်ချူရယ်မှ ဆင်းသက်ပြောင်းလဲလာသော မျိုးဆက်များ          
ပဲဖြစ်ကြပါတယ်။
(သို့သော်လည်း ကျွန်တော့်အနေနဲ့ အမျိုးအစားခွဲခြားရန်ခက်ခဲသောကြောင့် အောက်ပါကဗျာရေးသူများကိုတော့ ချွင်းချက်အနေနဲ့ ထားချင်ပါတယ်။ မောင်ဒေး၊ အောင်ပြည့်စုံ၊ သည်မော်နိုင်၊ အောင်ခင်မြင့်။)

စိန်ခေါ်မှုများ

            အသစ်တစ်ခုဖြစ်ပေါ်လာရခြင်းအတွက် ပင်မအကြောင်းအရင်းတစ်ခုမှာ ‘အဟောင်းကိုငြီးငွေ့လာခြင်း’ ပဲ ဖြစ်ပါ တယ်။ ရှေ့မျိုးဆက်အတွက် ခေတ်ပေါ်ကိုငြီးငွေ့လာခြင်းဟာ ပင်မအကြောင်းအရင်းဖြစ်ခဲ့သလို ကျွန်တော်တို့မျိုးဆက် အတွက် တာရာမင်းဝေကိုငြီးငွေ့လာခြင်းဟာ ပင်မအကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ သည်နေရာမှာ ရှေ့မျိုးဆက်နဲ့ ကျွန်တော်တို့မျိုးဆက် မတူညီတဲ့အချက်တစ်ခုက အင်တာနက်၊ နည်းပညာ၊ ဂလိုဘယ်လိုက်ဇေးရှင်း စသည်တို့ကြောင့် ကျွန်တော်တို့မျိုးဆက်ဟာ အရာရာကို အချိန်တိုအတွင်းမှာပဲ ငြီးငွေ့လွယ်၊ ရိုးအီလွယ်လာကြခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ‘ငြီးငွေ့လွယ်ခြင်းစိန်ခေါ်မှု’ ကြောင့် ကျွန်တော်တို့မျိုးဆက်ရဲ့ (ကဗျာ)ဆင့်ကဲဖြစ်စဉ်များ၊ အသစ်အသစ်ကို ရှာဖွေလိုခြင်း များဟာ အချိန်တိုအတွင်း၌ ဖြစ်ပျက်နေရသဖြင့် မျဉ်းတစ်ပြေးတည်းအရွေ့မျိုးမဟုတ်ဘဲ ခုန်ခုန်ပြီးရွေ့နေရသော အရွေ့ မျိုးမှာ အားနည်းချက်၊ အားသာချက်များစွာနဲ့ ကြုံတွေ့လာကြရပါတယ်။ အားနည်းချက်က အခုန်မြန်ရခြင်းကြောင့် အရေးကြီးသောအစိတ်အပိုင်းတချို့ ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး အားသာချက်ကတော့ အမြန်ခုန်ရခြင်းကြောင့် အသစ်အသစ်များ အချိန်တိုအတွင်း ဆက်လက်ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ သည်နေရာမှာ တစ်ခုတင်ပြလိုတာက ‘ခေတ်ပေါ်ကိုမသိခြင်း’ ဟာ ကြီးမားတဲ့ပြစ်မှုတစ်ခု မဟုတ်တော့သလို ‘ခေတ်ပေါ်ကိုသိခြင်း’ ဟာလည်း မဖြစ်မနေလိုအပ်တဲ့၊ မဖြစ်မနေဖြည့်ဆည်း ရမယ့်အရာတစ်ခု (ကျွန်တော်တို့မျိုးဆက်အတွက်) မဟုတ်တော့တဲ့အကြောင်းပါ။ (ကျွန်တော်တို့မျိုးဆက် ရာခိုင်နှုန်း အတော်များများဟာ ခေတ်ပေါ်နဲ့စတင်ခဲ့ခြင်းမဟုတ်ကြောင်းကိုလည်း အထက်မှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။) ဒါဟာ ခေတ်ပေါ်ကို ပစ်ပယ်ခြင်း/ ဆန့်ကျင်ခြင်းမဟုတ်ကြောင်းနဲ့ အရှိန်အဟုန်နဲ့ တိုးတိုက်စီးဆင်းလာတဲ့ ခေတ်ရဲ့လိုအပ်ချက် အရသာဖြစ်ကြောင်း နားလည်ပေးစေချင်ပါတယ်။ မြန်မာကဗျာမှာ ‘မြကန်သာ၊ တောင်ကျချောင်းတေး’ ကနေ ‘နားနားပြီး ပြော’ အထိဟာ ကျွန်တော်တို့မျိုးဆက်ကဗျာရေးသူများအတွက် ပြန်လည်လေ့လာရမယ့် သင်ခန်းစာများအနေနဲ့ ရှိနေဆဲ ပါ။

            နောက်ထပ်ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ‘ပင်မရေစီးဆန်လာနိုင်ခြင်း’ ပဲဖြစ်ပါတယ်။ ကဗျာအမျိုးအစား သစ်တစ်ခု ပေါ်ပေါက်လာတဲ့အခါ ယင်းကဗျာသစ်ပုံစံအတိုင်း ဝိုင်းဝန်းရေးသားကြခြင်းကြောင့် အသစ်ဖြစ်ပေါ်လာတဲ့ ကဗျာ သစ်ကိုယ်တိုင် ‘ပင်မရေစီး’ ဖြစ်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်နားလည်မှုလွဲခြင်း၊ အွန်လိုင်း-အွန်ပရင့် အငြင်းပွားခြင်း၊ အားပြိုင်ခြင်းပြဿနာများကလည်း အခြားစိန်ခေါ်မှုများအနေနဲ့ ဆက်လက်ရှိနေနိုင်ပါသေးတယ်။ ထို့အပြင် ကျွန်တော်တို့မျိုးဆက် ကဗျာရေးသူများရဲ့ကဗျာများ ဘာသာပြန်ရခက်ခဲခြင်း၊ ဘာသာပြန်ဆိုမှုနည်းပါးနေခြင်း ဟာလည်း အားနည်းချက်တစ်ခုလို့ မြင်မိပါတယ်။ (ဘာသာပြန်ဆိုရလွယ်ကူအောင် ကဗျာရေးစေလိုရင်း မဟုတ်ပါ။)

            နောက်ဆုံး စိန်ခေါ်မှုတစ်ခုကတော့  အသစ်ဖြစ်ပေါ်လာတဲ့ ကဗျာများရဲ့အရည်အသွေးပဲဖြစ်ပါတယ်။ “အသစ် ပေါ်လာတဲ့/ အသစ်ရေးကြတဲ့ကဗျာတိုင်း ကောင်းကြသလား” ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကဗျာ တွေရဲ့ ကောင်းခြင်း/မကောင်းခြင်း အရည်အသွေးစံချိန်များကတော့ ကဗျာကိုဖန်တီးတဲ့ ကဗျာရေးသူတွေရဲ့ ဖန်တီးနိုင်မှု စွမ်းရည်ပေါ်မှာ မူတည်နေနိုင်သလို ကဗျာဖတ်သူရဲ့ လက်ခံနိုင်မှု/လက်မခံနိုင်မှုနဲ့ တိုင်းတာကြည့်ကြတဲ့ စံနှုန်းများအပေါ် မှာလည်း မူတည်နေနိုင်ပါတယ်။

နိဂုံး

            ဤစာတမ်းငယ်ဟာ ၂၁ ရာစု မြန်မာကဗျာလမ်းကြောင်းသစ်များ ဖြစ်ပေါ်လာမှုကို လက်လှမ်းမီသလောက် လေ့လာပြီး အတတ်နိုင်ဆုံး ခြုံငုံမိအောင်ရေးသားထားခြင်း ဖြစ်သောကြောင့် လိုအပ်ချက်များစွာရှိနေသေးကြောင်း ဝန်ခံပြောကြားရင်း နိဂုံးချုပ်ပါတယ်။


လင်းဇင်ယော်
၂၀၁၅၊ စက်တင်ဘာ။

ကိုးကား -

၁။ ဇေယျာလင်း - ခေတ်ပေါ်၊ ခေတ်ပြိုင်နှင့် ၂၁ ရာစု မြန်မာကဗျာရှုခင်း (၂၀၀၉)
၂။ ပန်ဒိုရာ - မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ် ဘယ်ပုံဘယ်နှယ် ၁၊၂၊၃
၃။ မောင်ဒေး - ပို့စ်မော်ဒန်ကဗျာ၊ ဘာသာစကားကဗျာနဲ့ ယနေ့မြန်မာကဗျာဆိုင်ရာပြဿနာများ
၎။ လင်းနီညို - ဦးဦးထိန်းသို့ပေးစာများ (၂၀၁၁)
၅။ လွန်းဆက်နိုးမြတ် - ကဗျာနွေဦးတော်လှန်ရေး (၂၀၁၂)
၆။ လွန်းဆက်နိုးမြတ် - ခေတ်ပြိုင်ကဗျာလွန်သုံးသပ်ချက် (၂၀၁၂)
၇။ အောင်ရင်ငြိမ်း - နီယိုမော်ဒန်ကြေငြာစာတမ်း (၂၀၀၇)
၈။ Myanmar Online Poetry Seminar (MOPS) မှ ဆွေးနွေးချက်များ


နောက်ဆက်တွဲ

 

ခေတ်ပေါ်နောက်ပိုင်း မြန်မာကဗျာ ဆင့်ကဲပြောင်းလဲလာပုံ


           

No comments:

Post a Comment