Sunday, February 1, 2015

ကီးလွိုက်



ကြာလှပြီ။ အဲဒီ ကီးလွိုက်ကြီး။ ရင်ဘတ်ပေါ်မှာရှိနေခဲ့တာ။ ဆယ့်ငါးနှစ်။ တစ်ရက်မှမေ့လို့မရဘူး။ လိပ်ပြာကြီးတစ်ကောင် တောင်ပံဖြန့်ပြီးကပ်နေသလိုမျိုး။ ညိုမည်းမည်း။ ထူပိန်းပိန်း။ ဖုထစ်ထစ်။ ရင်အုံနှစ်ဖက်လုံးကို ဆွဲဆုပ်ဖျစ်ညှစ်ထားတာ။ တစ်ခါတစ်ခါ အသက်တောင် ဘယ်လိုရှူရမှန်းမသိဘူး။ နာလွန်းလို့။ ဘယ်လိုဖြစ်လာတယ်ဆိုတာတော့ အတိအကျ မမှတ်မိတော့ဘူး။ အမာရွတ်ကနေ တဖြည်းဖြည်းဖြစ်လာတာပဲ။ ပုခုံးတို့၊ တံတောင်ဆစ်တို့၊ ဒူးခေါင်းတို့မှာလည်း ကီးလွိုက် သေးသေးလေးတွေ ရှိသေးတယ်။ ဒါပေမယ့် ရင်ဘတ်က ဒီလိပ်ပြာကောင်ကြီးက ဒုက္ခအပေးဆုံးပဲ။ ခွဲဖူးတာပေါ့။ လှီးဖူး တာပေါ့။ ဖြတ်ဖူးတာပေါ့။ ဒါပေမယ့် ဒီကောင်ကြီးက အသက်တော်တော်ပြင်းတယ်။ ခွဲပြီးခဏပဲငြိမ်သွားတယ်။ တစ်လ၊ နှစ်လလောက်ကြာရင် ပြန်ထလာပြန်ရော။ အဲဒီအခါကျ သူ့ကိုလုပ်ထားတဲ့အညှိုးနဲ့ အရင်ကထက်တောင် ပိုပိုပြီး ကြီးလာ လိုက်တာ။ ပွားလာလိုက်တာ။ ထွားလာလိုက်တာ။ အခုမြင်တဲ့အတိုင်းပဲ။ ရင်ဘတ်တစ်ပြင်လုံး ပြည့်တော့မယ်။ နေ့စဉ်နဲ့ အမျှ ပေးလာခဲ့တဲ့ဒုက္ခ။ တစ်စက္ကန့်မှ စိတ်မအေးရဘူး။ နာကျင်မှု။ ကိုက်ခဲမှု။ ပိုးဝင်လိုက်။ ပြည်ထွက်လိုက်နဲ့။ ကြာတော့ စိတ်ဓာတ်တွေပါကျ။ စိတ်ရောဂါဆရာဝန်နဲ့တောင် ပြရတော့မလိုလို။ ကင်ဆာလည်းမဟုတ်ဘူး။ ကင်ဆာဖြစ်လိုက်တာက မှ ကောင်းဦးမယ်။ သူမသေလည်း ကိုယ်သေပေါ့။ ပြတ်ရော။ ခုတော့။ ဒီလိပ်ပြာကောင်ကြီး တောင်ပံတစ်ချက်ခတ်လိုက် တိုင်း ကျွန်တော့်မှာ နာကျင်ဆင်းရဲခြင်းဗရပွနဲ့ ကစဥ့်ကလျား ဖြစ်ကျန်ရစ်ခဲ့ရတာချည်းပဲ။ နာမည်ကတော့ ခေါ်လို့ကောင်း တယ်။ ကီးလွိုက်။

လူရှေ့သူရှေ့မှာများ အင်္ကျီချွတ်မိလိုက်လို့ကတော့ တွေ့သမျှမြင်သမျှလူတွေရဲ့ မဆုံးနိုင်တဲ့ မေးမြန်းစူးစမ်းခြင်းတွေကို ဖြေပေရော့ပဲ။ အဲဒါဘာကြီးလဲဟင်။ ဘယ်လိုဖြစ်တာလဲ။ နာသလား။ ဆရာဝန်မပြဘူးလား။ ခွဲထုတ်လိုက်လေ။ ဒီမှာမရရင် နိုင်ငံခြားသွားကုပေါ့။ ဆေးထိုးလို့ရတယ်လို့ကြားဖူးတယ်။ စိတ်မညစ်ပါနဲ့။ အသည်းယားစရာကြီး။ ကိုင်ကြည့်မယ်နော်။ ကလေးတွေဆိုရင် ဒါကြီးမြင်တာနဲ့ ကြောက်ပြီးငိုတော့တာပဲ။ ကမ်းခြေတွေရောက်တိုင်း ဘယ်တော့မှ အင်္ကျီချွတ်ပြီး ရေကူး လို့မရဘူး။ ဒီကောင်ပေးတဲ့ အကျိုးဆက်တွေ။ အဆိုးဆုံးကတော့ ရည်းစားနဲ့ချိန်းတွေ့တဲ့အချိန်ပဲ။ ကီးလွိုက်ကို သူ့ လက်သည်းနဲ့ ထိုးရင်းဆိတ်ရင်း ရာဇဝင်ပြန်လှန်နေတာနဲ့ပဲ လိုရင်းမရောက်တော့ဘူး။ တွေးမိတိုင်း ဒေါသက ကျောမအထိ တက်လိုက်လာတယ်။ ဒေါပွလာတိုင်း နီးရာဓားတစ်ချောင်းယူပြီး လှီးထုတ်ပစ်လိုက်ချင်စိတ်တွေက တဖွားဖွားပဲ။ ပြီးရင် ပွက်ပွက်ဆူနေတဲ့ ဆီပူအိုးထဲထည့်ကြော်ပြီး စားပစ်လိုက်ရမလား။ ဘလန်ဒါထဲထည့်ချေပြီး သကြားနဲ့ခေါက်သောက်ပစ်ရ မလား။ နုတ်နုတ်စင်း သံပုရာသီညှစ်ပြီး အစိမ်းလိုက်သုတ်စားပစ်ရမလား။ အဲသလောက်အထိ။ မိုက်မိုက်ကန်းကန်း လုပ်ပစ်လိုက်ချင်တာ။ ဒီကောင်။ ကီးလွိုက်။ တစ်ခါ ပြည်တည်ပြီး ရောင်ရမ်းလာတုန်းက ကိုက်ခဲလွန်းလို့မနေနိုင်တာနဲ့ ဘရိတ်ဓားတစ်ချောင်းယူ မှန်ရှေ့ရပ်ပြီး ကိုယ့်ရင်ဘတ်ကိုယ် ဇွိခနဲ လှီးချလိုက်တယ်။ ပြည်တွေ။ သွေးတွေ။ ပန်းထွက် လာလိုက်တာမှ။ ရင်ဘတ်တစ်ခုလုံး မြင်လို့တောင်မကောင်းဘူး။

ခွဲလိုက်၊ ပြန်ဖြစ်လိုက်၊ ပိုဆိုးလာလိုက်နဲ့ဆိုတော့ ဆရာဝန်တွေလည်း ထပ်မထိရဲတော့ဘူး။ ဒီလိုပဲ။ အချိန်တန်လာရင် ဒီကောင်နှိပ်စက်တာကို အံကြိတ်ခံရင်း နေလာလိုက်တာ။ ကြာတော့ နာကျင်မှုတွေနဲ့ အသားကျလာပြီး မသိစိတ်ထဲကနေ သံယောဇဉ်တောင် ဖြစ်ချင်လာသလိုပဲ။ မနာမကျင်ရတဲ့နေ့တွေဆို နေလို့ထိုင်လို့မကောင်းချင်ဘူး။ မနေနိုင်တဲ့အခါမျိုးဆို ရင်တော့ ကိုယ့်ကီးလွိုက်ကိုယ် အပ်တစ်ချောင်းနဲ့ထိုးဆွရင်း နာအောင်လုပ်နေရတယ်။ နာကျင်မှုကို သာယာတာများ ဖြစ်နေလေမလား။ စဉ်းစားရင်း ရူးချင်လာတယ်။ ဒီကောင်။ ကီးလွိုက်။ နေနှင့်ဦးပေါ့။ နည်းကောင်းလမ်းကောင်းတွေ ပေါ်လာလို့ကတော့ တစ်မှုန်တစ်စမကျန်အောင်ကို လှီးထုတ်ပစ်မယ်။ ကြိမ်းဝါးရင်း။ အသက်တွေပဲ ကြီးလာတယ်။ သူက တော့ ရင်ဘတ်ပေါ်မှာ ပမာမခန့်ကြီး ရှိနေတုန်းပဲ။ တစ်ခါတလေကျတော့လည်း စဉ်းစားမိတယ်။ ဒီလိပ်ပြာကောင်ကြီးက တကယ်များ အသက်ဝင်နေတာလား။ အဲဒါ ငါ့လိပ်ပြာများလား။ ငါ့လိပ်ပြာဆိုရင်တော့ ဒီကောင် တော်တော်အရုပ်ဆိုးတာ ပဲ။ ဒီကောင်ကြီးလှီးထုတ်လိုက်ရင် ငါ့လိပ်ပြာပါရောယောင်ပြီး လွင့်ထွက်သွားမလား။ ဒီအတိုင်းထားလိုက်တာပဲ ကောင်း မယ်ထင်တယ်။ အတွေးများ။ မချစ်ဘဲနဲ့ အောင့်နမ်းလာခဲ့ရတာ။ ဆယ့်ငါးနှစ်။ ဆယ့်ငါးနှစ်။
*

ဆရာခွဲပေးထားတဲ့ ကီးလွိုက်တွေ ပြန်မဖြစ်ဘူးဆို။ ကြားရတာ ဝမ်းသာစရာပဲ။ ဘာပဲဖြစ်ဖြစ်။ လုပ်မယ်။ ဒီကောင်နှိပ်စက် ထားလို့ ရင်ဘတ်တစ်ခုလုံးလည်း မွနေပြီ။ စိတ်ဓာတ်တွေလည်း ဇောက်ထိုးမိုးမျှော်နေပြီ။ ပြန်မဖြစ်ရင် အမြတ်။ ပြန်ဖြစ်လာ တော့လည်း အရင်းပေါ့။ တွေ့ကြသေးတာပေါ့။ ကီးလွိုက်ဆိုတဲ့အကောင်။ ဒီတစ်ခါတော့ ဒီကောင်ကိစ္စတုံးပဲ။ စိတ်ထဲက အလိုလိုသိနေတယ်။ ဒါနောက်ဆုံးပဲဆိုတာ။ ခွဲခန်းဝတ်စုံဝတ်လိုက်တော့ ရှေ့တန်းစစ်မျက်နှာကို ချီတက်ရတော့မယ့် စစ်သူ ကြီးတစ်ယောက်လိုပဲ။ ခန္ဓာကိုယ်ထဲ လှည့်ပတ်နေတဲ့သွေးတွေ တစ်စက်မကျန် ပွက်ပွက်ဆူလာတယ်။ နှလုံးခုန်နှုန်းတွေ တဒိန်းဒိန်းနဲ့။ စိတ်က လှုပ်ရှားနေတာလား၊ တက်ကြွနေတာလား။ မဝေခွဲတတ်တော့ဘူး။ ခြေလှမ်းတွေက လေထဲလှမ်းနေ ရသလို။ ခွဲစိတ်ခုတင်ပေါ်တက်လိုက်တာနဲ့ အာဇာနည်းမြင်းတစ်ကောင်ရဲ့ ကျောပေါ်ခွလိုက်ရသလိုမျိုး။ မမြင်ရတဲ့စွမ်းအား တစ်ခုက ခုတင်မျက်နှာပြင်ကနေ ကိုယ့်ကျောပြင်ထဲ ဖျင်းခနဲ စိမ့်ခနဲ စီးဝင်သွားသလို။ ဒါပေမယ့် အဲဒီစွမ်းအားက ကိုယ်ထဲ ရောက်တော့ နှစ်ခြမ်းကွဲထွက်သွားပြီး ကီးလွိုက်ထဲတစ်ခြမ်း၊ ကိုယ်ကတစ်ခြမ်း ခွဲဝေပေးလိုက်ရသလို။ မလွယ်ဘူး။ သွေး ထွက်သံယိုများနိုင်တယ်။ တွေးမိတော့ စောစောက တက်ကြွစိတ်တွေဟာ စိုးရိမ်စိတ်အဖြစ်။ အသွင်ပြောင်း။

ခုတင်ပေါ်လှဲချလိုက်တာနဲ့ မျက်နှာကျက်မီးဆိုင်းကြီးက ဗြန်းခနဲ စူးခနဲ လင်းထွက်လာတယ်။ ဆရာဝန်က ရင်ဘတ်ကို ဆွဲလှန်လိုက်ပြီး ကီးလွိုက်ကို ကိုင်ကြည့်နေတယ်။ သူ့မျက်မှန်မှာ အရိပ်ထင်နေတဲ့ ကီးလွိုက်ကြီးကတော့ လက်ခမောင်း ခတ်ပြီး စိန်ခေါ်နေတယ်။ လာလေ။ လုပ်ကြည့်လိုက်လေ။ သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့။ ဟုတ်လားနဲ့။ ရင်ဘတ်ပေါ် ခွထိုင်ပြီး ဟိန်းဟောက်နေတယ်။ ဆရာဝန်ကတော့ ကြားမှာမဟုတ်ဘူး။ သူလုပ်စရာရှိတာတွေ ဆက်တိုက်လုပ်နေတယ်။ ပိုးသတ်ဆေးရည်တွေနဲ့ ကီးလွိုက်ကို သေသေချာချာ ဆေးကြောတယ်။ ဆေးရည်နံ့တွေ နှာခေါင်းဝမှာ မွှန်တက်လာလို့ အသက်အောင့် ထားလိုက်ရတယ်။ ပြီးတော့ ကီးလွိုက်ပတ်ပတ်လည်ကို ထုံဆေးတွေ တစ်လုံးပြီးတစ်လုံး ထိုးထည့်လိုက် တယ်။ စစ်ခနဲ။ စစ်ခနဲ။ ကိုယ်နာရင် ဒီကောင်လည်းနာမှာပဲဆိုတဲ့စိတ်နဲ့ အောင့်ခံထားတယ်။ မှတ်ပလားကွ။ ကီးလွိုက်။ ဒါအစပဲရှိသေးတယ်။ စိတ်ထဲကနေ ပြန်ဟောက်လိုက်တယ်။ ဆရာမက မျက်လုံးကို ပုဝါနဲ့အုပ်မယ်လုပ်တော့ ကမန်း ကတန်း တောင်းပန်လိုက်ရတယ်။ နှစ်ပေါင်းများစွာ အနိုင်ယူလာခဲ့တဲ့ မကောင်းဆိုးဝါးကောင်ရဲ့ရှုံးပွဲကို ကြည့်ချင်လို့ပါ ဆရာမရယ်လို့။ ကြည့်ချင်သပဆိုလည်း ကြည့်ပေါ့ရှင်တဲ့။ ပြောပြီး ပုဝါပြန်သိမ်းသွားလိုက်တယ်။ ပုဝါမကူ ရေမရှူကြေးပေါ့။ တွေးနေတုန်း ရုတ်တရက် အာခေါင်တွေခြောက်ပြီး ရေငတ်လာလို့ ရေနည်းနည်းလောက် အရေးပေါ်တောင်းသောက်လိုက် ရသေးတယ်။ ခွဲစိတ်ဆရာဝန်ကတော့ ဒီလူနာ ဂနာမငြိမ်ဖြစ်နေတယ်လို့ ထင်တော့မှာပဲ။ ထင်ပါစေ။ ပြန်ရှင်းပြမနေ တော့ပါဘူး။

လက်မောင်းမှာပတ်ထားတဲ့ သွေးပေါင်ချိန်ကိရိယာကတော့ တတီတီနဲ့ အချက်ပြနေတယ်။ ဆရာဝန်က သွေးတိုးရှိလားတဲ့။ အရင်တုန်းကတော့ နည်းနည်းပါးပါး တိုးဖူးတယ်လို့။ ကြောက်နေလား။ စိတ်အေးအေးထားပါတဲ့။ သွေးပေါင်တွေ တက်နေ တယ်။ ဆရာမရေ၊ ဒိုင်ရာဇီပန် ဖိုက်မီလီဂရမ်လောက် ထိုးပေးလိုက်ပါတဲ့။ သွေးကျဆေးလေးလည်း ဆောင်ထားလိုက် ဦးတဲ့။ ဆရာဝန်ပြောမှပဲ ကိုယ့်စိတ်ကိုယ် အချိန်မီပြန်ထိန်းလိုက်ရတယ်။ အရင်ကလည်း ခွဲဖူးတာပဲ။ အစိမ်းသက်သက်မှ မဟုတ်တာ။ အဆင်ပြေသွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း။ ဆရာဝန်က ဓားပါးလေးတစ်ချောင်းကိုင်ပြီး သွေးတိုးကျ လာအောင် ခဏစောင့်နေတယ်။ ရယ်ဒီဖြစ်ပြီဆိုတော့မှ ရင်ဘတ်ပေါ်က လိပ်ပြာပုံကီးလွိုက်ကြီးကို အလယ်ကနေ ကန့်လန့်ဖြတ် တစ်ချက်လှီးချလိုက်တယ်။ သွေးစလေးတွေ ဓားရာအတိုင်း တဖြည်းဖြည်း စိမ့်ထွက်လာတာကို မြင်နေရ တယ်။ ထုံဆေးတန်ခိုးကြောင့် နာတော့မနာဘူး။ ဆရာဝန်ကတော့ ဓားပါးလေးနဲ့ အရေပြားအောက်မှာကပ်နေတဲ့ ကီးလွိုက်ကို တဂျစ်ဂျစ်နဲ့ ဆက်ပြီး ခြစ်ထုတ်ခွာထုတ်နေတယ်။ ကိုယ့်အရေပြားကို လှီးထုတ်နေတယ်ဆိုတဲ့ သိစိတ်ကြောင့် တကယ်မနာပေမယ့် နာကျင်မှုကို ခံစားနေရသလိုပဲ။

ဆရာဝန်ကတော့ အရေပြားကို ဇာဂနာနဲ့ဆွဲလှန်ကြည့်လိုက်၊ ဓားနဲ့ခြစ်ခွာလိုက်၊ သွေးထွက်တဲ့နေရာကို လျှပ်စစ်နဲ့ရှို့လိုက်၊ မီးအလင်းချိန်ခိုင်းလိုက်၊ နေရာပြောင်းလိုက်နဲ့ စိမ်ပြေနပြေလုပ်နေတယ်။ ကိုယ်ကတော့ အိပ်ဆေးတန်ခိုးနဲ့ မှေးခနဲဖြစ်သွား လိုက်၊ ပြန်နိုးလာလိုက်၊ ဆရာဝန်နဲ့စကားပြောလိုက်။ ဒါ ကိုရီးယားနည်းတဲ့။ ကျွန်တော် ဒီမှာစလုပ်တာ သိပ်မကြာသေးဘူး တဲ့။ သူတို့ကတော့ ပြန်မဖြစ်ဘူးလို့ပြောတာပဲ။ ဒီနည်းနဲ့ လူတစ်ကိုယ်လုံးက ကီးလွိုက်တွေခွဲပြီး သုတေသနလုပ်ထားပြီးပြီ လို့ပြောတယ်။ ရလဒ်ကောင်းတယ်တဲ့။ လောလောဆယ်အထိတော့ ကျွန်တော်လုပ်ထားသမျှလူနာတွေ ပြန်မဖြစ်သေးဘူး တဲ့။ ဆရာဝန်ကပြောတော့ အာရုံထဲမှာ မျှော်လင့်ချက်အလင်းရောင်တွေ တောက်ပလာတယ်။ ဒါကြီးမရှိရင်တော့ ဘဝက တော်တော်သာယာ နေမှာပဲ။ မနာမကျင်။ စားဝင်အိပ်ပျော်။ လူကြားထဲ အင်္ကျီချွတ်ရမှာလည်း ကြောက်စရာမလိုတော့ဘူး။ လူတွေရဲ့ စပ်စုတဲ့မျက်လုံးတွေ၊ မေးခွန်းတွေကိုလည်း ရှောင်စရာ ပြန်ဖြေစရာ မလိုတော့ဘူး။ နောက်ကျရင် ကီးလွိုက် ဆိုတဲ့စကားလုံးကိုပါ မေ့သွားမလားပဲ။

ခွာထုတ်ခြစ်ထုတ်ပြီးတဲ့ သွေးသံရဲရဲ ကီးလွိုက်ဖတ်တွေကို ဆရာမက ဂွမ်းပတ်တီးစလေးနဲ့ တစ်နေရာမှာ သပ်သပ်စုထား တယ်။ ဆရာမရေ။ အဲဒါတွေ မလွှင့်ပစ်နဲ့ဦးနော်။ ကျွန်တော် ကြည့်ချင်သေးတယ်။ ရတယ်။ စိတ်ချ။ ဓာတ်ပုံလေးပါ ရိုက် ထားလိုက်လေ။ ပြီးရင် ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပေါ့တဲ့။ ဆရာမက ပြန်ပြောနေတယ်။ ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်မိတော့ သွေးအလိမ်းလိမ်းနဲ့ အရေပြားတွေ ဖွာလန်ကြဲလို့။ ဆရာဝန်ကတော့ အေးအေးဆေးဆေးပဲ။ လက်နဲ့စမ်းလိုက်။ ခွာလိုက်နဲ့။ စိမ်ပြေနပြေ။ လက်ဝင်တယ်တဲ့။ ဒီကောင် ဒီလောက်ဆိုတော်ပါပြီတဲ့။ စိတ်တိုင်းကျခွာပြီးသွားတော့မှ အပေါ်ကဆွဲလှန်ထား တဲ့ အရေပြားကို အပ်နဲ့အပ်ချည် သေးသေးလေးနဲ့ တစ်ချက်ချင်းပြန်ချုပ်ပြီး လက်စသတ်လိုက်တယ်။ ပြီးတော့ နာရီကြည့် ရင်း ဟ သုံးနာရီတောင်ကြာသွားတာပဲတဲ့။ ပြောပြီး ခွဲစိတ်ခန်းထဲက ထွက်သွားတယ်။ ရော့ ဒီမှာ ရှင့်ကိုနှစ်ပေါင်းများစွာ ဒုက္ခပေးလာတဲ့ ရှင့်အသွေးအသားတွေတဲ့။ ဆရာမက ခွာထားတဲ့ ကီးလွိုက်အစအနတွေကို စတီးဗန်းထဲမှာ စုပုံပေးထားပြီး အပြင်ထွက်သွားပြန်တယ်။

ကီးလွိုက်။ အခုတော့ သွေးသံတရဲရဲနဲ့ မလှုပ်မယှက် ငြိမ်သက်လို့။

တစ်ယောက်တည်း စိမ်ပြေနပြေ ထိုင်ကြည့်နေတုန်းမှာပဲ သွေးအလိမ်းလိမ်းနဲ့ ကီးလွိုက်အစတွေဟာ တဖြည်းဖြည်း လှုပ်ရှားလာသလိုထင်ရတယ်။ မဟုတ်ဘူး။ တကယ်လှုပ်နေတာ။ အစပိုင်းမှာ မသိမသာပဲ။ နောက်တော့ သိသိသာသာ။ ပြင်းပြင်းထန်ထန်။ တုန်ခါလှုပ်ရှားရင်း လေထဲကို ပြိုင်တူမြောက်တက်လာကြတယ်။ လေထဲမှာ တလှပ်လှပ်နဲ့ ရွေ့လျားနေ ကြတယ်။ ခွဲစိတ်ခန်းထဲမှာ။ အနီရောင်လိပ်ပြာ ကောင်လေးတွေလို။ တစ်စုံတစ်ခုကို လိုက်ရှာနေကြသလိုမျိုး နေရာအနှံ့ လျှောက်ပျံနေကြတယ်။ အဲဒီအချိန်မှာပဲ ကိုယ့်ရဲ့လက်က ကိုယ့်ဆန္ဒမပါဘဲ ရုတ်တရက် လှုပ်ရှားလာပြန်တယ်။ ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းမှာပဲ ကိုယ့်လက်က ရင်ဘတ်မှာကပ်ထားတဲ့ ပလာစတာကို ဇွိဆို ဆွဲခွာပစ်လိုက်တယ်။ အဲဒီတော့မှ ဦးတည်ရာမဲ့ ပျံသန်းနေကြတဲ့ လိပ်ပြာကောင်တွေလည်း သွေးညှီနံ့ရသွားတဲ့ ငါးမန်းတစ်ကောင်လို ရင်ဘတ်ပေါ်ကို အုပ်စု လိုက် ဆင်းသက်လာကြတယ်။
 
လင်းဇင်ယော်
IDEA Magazine - ၂၀၁၄၊ နိုဝင်ဘာ။

No comments:

Post a Comment