Tuesday, January 6, 2015

ငါသည် = သည်ငါ




သော့ခတ်ထားတဲ့အခန်းထဲမှာ ငါရှိတယ် လည်နေတဲ့ပန်ကာအောက်မှာ ငါရှိတယ်
ခေါင်းအုံးစွပ်အသစ်လဲထားတဲ့ ခုတင်ပေါ်မှာ ငါရှိတယ် ငါအသုံးပြုချင်ရင် လာခေါ်ကြ

ချိတ်ဆွဲထားတဲ့သင်ပုန်းပေါ်မှာ ငါရှိတယ် တယ်လီဖုန်းဘေးကစာအုပ်မှာ ငါရှိတယ်
မှတ်တမ်းစာအုပ်ရဲ့ဒီနေ့စာမျက်နှာမှာ ငါရှိတယ် ငါနဲ့ဆက်သွယ်ချင်ရင် လာခေါ်ကြ

ဝင်ဝင်လာချင်း မြင်နိုင်တဲ့နေရာမှာ ငါရှိပါတယ်
တုတ်တစ်ပြက် ဓားတစ်ပြက် လျှပ်တစ်ပြက်ကိစ္စတွေမှာ ငါပါတယ်
ယာဉ်(ကျေးမှု)အချင်းချင်း တိုးတိုက်မိတဲ့အခါ ငါပါတယ်
ငါအချင်းချင်း ညှိလို့မရရင် ငါပါတယ်
သုံးခွန်ခြောက် သုံးခွန်ခွန် ငါပါတယ်
ငါယင်းထတဲ့အခါ ငါပါတယ်
ငါမပါတဲ့ အလောင်းတွေသယ်ဆောင်လာတဲ့အခါ
ငါပါတယ် ငါပါလွန်းလို့ဖြစ်တဲ့ ပြဿနာတွေကိုဖြေရှင်းဖို့
ငါပါတယ် သူသူ ငါငါ ပျော်ပျော် ရွှင်ရွှင်
ငါပါစေချင်ရင် လာခေါ်ကြ

သွေးအန်နေတဲ့ဘုန်းကြီးလည်း ငါနဲ့ပတ်သက်ရတယ် ပုလင်းကွဲရှပြီးခြေမပြတ်သွားတဲ့ကောင်လေးလည်း ငါနဲ့ ပတ်သက်ရတယ် ထုပ်တန်းပေါ်ကားယားခွချော်လဲတဲ့ယောက်ျားလည်း ငါနဲ့ပတ်သက်ရတယ် အောက်နှုတ်ခမ်းသားတစ်ခုလုံးမရှိတော့လို့ သွားရည်တမြားမြားနဲ့ ခြောက်ခြားနေတဲ့မိန်းမလည်း ငါနဲ့ပတ်သက်ရတယ်
ငါ့နောက်ကိုရဲသားတွေလိုက်နေကြတယ် ငါ့နောက်ကိုစစ်သားတွေလိုက်နေကြတယ်
ငါ့နောက်ကိုမလိုက်ကြနဲ့
ဆိုပြီး ခြေဦးတည့်ရာလျှောက်သွားနေတဲ့ ကလေးအမေလည်း
ငါနဲ့
ပတ်သက်ရတယ် ထွက်ပေါက်ပိတ်ပြီး ပြည့်တင်းဖောင်းကားနေတဲ့ဆီးအိမ်ကြောင့်
ကြံရာမရ ပြတင်းပေါက်ကခုန်ချဖို့ကြိုးစားနေတဲ့ အဘိုးကြီးလည်း ငါနဲ့ပတ်သက်ရတယ်
ငါနဲ့ပတ်သက်ချင်ရင်လာခေါ်ကြ

ဒီတစ်နေ့တော့ တာဝန်အရ ငါပါရလိမ့်မယ် ဒီတစ်နေ့ဖြစ်သမျှ ငါပါနေမှာပဲ
ငါကိုယ်တိုင် ငါပါဝင်မှုကို နေရာအနှံ့အပြားသို့ စေလွှတ်ပြီးသား ဖြစ်သမျှ ငါပါဝင်ခွင့်ပြုကြောင့်
အမိန့်စာထွက်ပြီးသား  ငါပါရင်ဘာဖြစ်နိုင်သလဲ ငါမပါရင်ဘာဖြစ်နိုင်သလဲ ကြိုက်ကြိုက် မကြိုက်ကြိုက်
မနက်ဖြန်နေထွက်တဲ့အထိ ငါပါနေဦးမှာပဲ ဒီနေ့စာမျက်နှာရဲ့အောက်ဆုံးမှာ အဆုံးသတ်လက်မှတ်မထိုးခင်အထိ ငါပါနေဦးမှာပဲ
မနက်ဖြန်ရောက်ပြီးတာနဲ့ ငါမပါတော့ဘူး
မနက်ဖြန်ဆို ငါမိမိမဟုတ်သော ငါသူတစ်ပါးများ ဆက်လက်ပါဝင်
လက်မှတ်ရေးထိုး လက်ဝှေ့ရေးပြ

ငါမပါလည်း ငါကတော့ဆက်ရှိနေဦးမှာပဲ
လက်တစ်လုံးခြားမှာ လက်တစ်ကမ်းမှာ လက်လှမ်းမမီရာမှာ
ဝါးတစ်ရိုက်အကွာမှာ ရေနွေးတစ်အိုးပွက်ခန့်မှာ မိုင်တစ်ရာပတ်လည်မှာ
ဆက်သွယ်မှုဧရိယာပြင်ပမှာ
သံသရာစက်ဝိုင်းအတွင်းမှာ
ငါတို့ဆက်ရှိနေဦးမှာပဲ။

ပိုးစုန်းကြူးတွေ တလက်လက်တောက်ပနေတဲ့ မြက်ခင်းပြင်စိုထိုင်းထိုင်းမှာ ငါဆက်ရှိချင်ရှိနိုင်တယ် အလုံပိတ် ထားတဲ့ ပြတင်းပေါက်မှန်ရဲ့အပြင်ဘက်မှာ ငါဆက်ရှိချင်ရှိနိုင်တယ် အေးစက်မှောင်မဲနေတဲ့ အလောင်းစင်မှာ ငါဆက်ရှိချင်ရှိနိုင်တယ် အမောဖောက်နေတဲ့ သေကောင်ပေါင်းလဲလူနာရဲ့ ပိန်ချည်ဖောင်းချည်နှာသီးဖျားမှာ ငါ ဆက်ရှိချင်ရှိနိုင်တယ် ရေငွေ့တွေသီးထနေတဲ့သွေးအိတ်ထဲက တစ်စက်စက်ကျနေတဲ့သွေးစက်တွေမှာ ငါဆက် ရှိချင်ရှိနိုင်တယ် အိတ်စ်ရောင်ခြည်ဖြတ်သန်း အဖြူအမည်းဖလင်ပြားရဲ့ ရင်ဝမ်းတားကြွက်သားအောက်က အမှောင်လောကထဲမှာ ငါဆက်ရှိချင်ရှိနိုင်တယ် ပေါင်နှစ်ချောင်းကြားက မွေးလမ်းကြောင်းအဝမှာပြူထွက်နေ တဲ့ စေးပျစ်ပျစ်ဆံပင်မွေးတွေကြားမှာ ငါဆက်ရှိချင်ရှိနိုင်တယ် ပါးစပ်ထဲနို့သီးခေါင်းတစ်ခုလုံးထိုးထည့်ပေးလို့မှ မစို့တတ် မမျိုတတ်တဲ့ လမစေ့ပေါင်မပြည့်နှုတ်ခမ်းဖျားမှာ ငါဆက်ရှိချင်ရှိနိုင်တယ် အသံအိုးပျက်ပြီး စကား မပြောနိုင်တော့လို့ စာရေးပြီးပြောနေရတဲ့လူနာရဲ့ ဘောပင်ထိပ်ဖျားမှာ ငါဆက်ရှိချင်ရှိနိုင်တယ် ဒါတွေအားလုံး ရဲ့ ဆန့်ကျင်ဘက်အရပ်မှာလည်း ငါဆက်ရှိချင်ရှိနိုင်တယ်

            ငါသည်
မြတ်သော
အကျင့်
ကိုကျင့်
၍နေ
ရာအ
နှံ့၌
နေ၏*

လင်းဇင်ယော်
(*ခိုင်ထူးသီချင်းစာသား)

ရယ်စရာ - ၂၀၁၄၊ စက်တင်ဘာ။















No comments:

Post a Comment