ခွဲစိတ်ဆရာဝန်ဟာ ချုပ်ရိုးမည်းမည်းတွေကို
ကတ်ကြေးနဲ့ တစ်ချောင်းချင်းညှပ်
လူနာအဘိုးကြီးပါးမှာရုပ်ပျက်ဆင်းပျက်ကပ်နေတဲ့
ပြည်အလိမ်းလိမ်း ချွဲအထပ်ထပ် အသားတစ်ကြီးကို ဇာဂနာနဲ့ဆွဲဖယ်ပြီး အမှိုက်ပုံးထဲ ဘုတ်ခနဲ
ပစ်ချလိုက်တယ်
လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက
အသားကုန်အယုအယခံ အသားကုန်ဂရုစိုက်ခံဘဝမှာ
ရှိနေခဲ့တဲ့ အသားတစ်ကြီးရဲ့မူလဆင်းသက်ရာကတော့
အဘိုးကြီးရဲ့ ထိုးကွင်းတွေ အကွက်လိုက်နဲ့
ထင်းနေတဲ့ ညာဘက်ပေါင်သလုံး
အဘိုးကြီးရဲ့ပါးတစ်ခြမ်းလုံးလှိုက်စားပွားများနေတဲ့
အဘိုးကြီးရဲ့ပါးတစ်ခြမ်းကို ခွဲစိတ်ဆရာဝန်က
ချိုးဖဲ့လှီးဖြတ်ကုတ်ဖဲ့ထုတ်ပြီးတဲ့နောက်
ဟောက်ပက်ကြီးဖြစ်သွားတဲ့ အဘိုးကြီးရဲ့ပါးတစ်ခြမ်းနေရာကို ဖြည့်စွက်အစားထိုးဖို့ အကောင်းဆုံးဟာ
အဘိုးကြီးရဲ့ပေါင်သားပါးပါးတွေ
ပေါင်ကထိုးကွင်းတွေ
ပါးပေါ်ရောက်သွားတော့ ပါးရဲကြီးနဲ့ ချင်းအဘိုးကြီးလိုလို
ခွဲစိတ်ဆရာဝန်က အဘိုးကြီးရဲ့ပေါင်သားကို
သွေးကြောတွေပြတ်ထွက်မသွားရအောင်
ငါးအပြားလိုက်လွှာသလို
နူးနူးညံ့ညံ့လှီးထုတ် ညင်ညင်သာသာကိုင်တွယ်
ပေါင်က ပါးကိုရောက်သွားတော့
မျက်စိလည်
သတ်မှတ်ချိန်အတွင်းမှာ
ပေါင်ကပါးအဖြစ် အသွင်မပြောင်းနိုင်တဲ့အခါ
ပါးထဲကပေါင်ဟာ ပိုးဝင်ပြီးပုပ်သိုး
နောက်ဆုံးမှာ
ပေါင်မဟုတ် ပါးမဟုတ်ဘဝနဲ့
ပစ်ချခံလိုက်ရ
ပါးစောင်ဟောက်ပက်ကြီးကို
ဖြည့်စွက်အစားထိုးဖို့
ပါးအသားအဖြစ် ပါးပါးနပ်နပ်နေရာယူနိုင်မယ့်
အဘိုးကြီးရဲ့ကိုယ်ပေါ်က
ကောင်းနိုးရာရာအသားပါးပါးတွေကို
ခွဲစိတ်ဆရာဝန်က ဆက်လက်ရွေးချယ်
လင်းဇင်ယော်
ကဗျာ့အသံ စုစည်းမှု
(၄)
No comments:
Post a Comment