ဆန်တာကလော့ကြီးက မြို့လယ်နာရီစင်ထိပ်ကနေ
တဟားဟား အော်ရယ်ရင်း
မှို့တွေကြဲချ
တစ်မြို့လုံး မှို့တွေ
ဖုံးလွှမ်းလွင့်ပျံ ကလေးတွေ ဟေးခနဲအော်
အိမ်ထဲကနေ ပြေးထွက်လာကြပြီး
မှို့တွေကို အရူးအမူးလိုက်ဖမ်း
ကလေးတွေလက်ကြားကလွတ်ထွက်လာတဲ့
မှို့တွေ ပြတင်းပေါက်ကတစ်ဆင့်
အိမ်တွေထဲပြေးဝင်ပုန်း
ဖမ်းမိခံလိုက်ရတဲ့မှို့တွေက
ကလေးတွေလက်ထဲမှာ ရောင်စုံသကြားလုံးတွေအဖြစ်
ချက်ချင်းအသွင်ပြောင်းသွား
အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြားမကျန်
ကလေးတွေ မှို့ဖမ်းပွဲဆင်နွှဲကြ
ပြေးကြလွှားကြ အော်ကြဟစ်ကြ
လဲကြကွဲကြ
ဆန်တာကလော့ကြီးက နာရီစင်ပေါ်ကနေ
တဝါးဝါး တဟားဟား ရယ်ရင်း
မှို့တွေကို တစ်ဆုပ်ပြီးတစ်ဆုပ်
လေထဲကိုပက်ကြဲချနေ
မီးရှူးမီးပန်းတွေလို
မှို့တွေ ဖွားခနဲ ဖွားခနဲ လွင့်ကျလာ
သကြားလုံးစားမိတဲ့ကလေးတွေ
တစ်ယောက်ပြီးတစ်ယောက် မှို့အဖြစ်
အသွင်ပြောင်းသွားပြီး
လေထဲပျံတက်ကုန်ကြ မကြာခင်
ကလေးအားလုံး မှို့တွေအဖြစ်ပြောင်းသွား
မှို့ဖြစ်သွားတဲ့ကလေးတွေကို
လူကြီးက စိုးရိမ်တကြီး နည်းမျိုးစုံနဲ့ပြန်လိုက်ဖမ်း
လက်ဗလာနဲ့ဖမ်း ပိုက်ကွန်နဲ့ဖမ်း
ဇကာတွေ ခြင်းတောင်းတွေနဲ့ဖမ်း လူကြီးတွေ
ဖမ်းမိသမျှမှို့တွေဟာ
ဘာမှဖြစ်မလာဘဲ မှို့အဖြစ်နဲ့ပဲ လေထုထဲကိုပျံတက်သွားကြ
မှို့ဖမ်းရင်း အမောဆို့ကုန်ကြတဲ့
လူကြီးတွေက ဆန်တာကလော့ကြီးကို ဆန္ဒပြ
ဆန်တာကလော့ကြီးကတော့
မှို့တွေ တစ်ဆုပ်ပြီးတစ်ဆုပ်ကြဲချရင်း
တဟားဟားအော်ရယ်ရင်းကနေ
တဖြည်းဖြည်းဖောင်းကားလာပြီး ဖွမ်းခနဲ ပေါက်ထွက်
မှို့တွေအဖြစ်နဲ့ နာရီစင်ထိပ်ကနေ
ဝဲခနဲ လွင့်ကျလာ
လေထုထဲကမှို့တွေနဲ့
ရောထွေးသွား
အဲဒီမြို့ရဲ့လေထုထဲ
မှို့တွေ ရာစုနှစ်ပေါင်းများစွာ
လွင့်တက်ပျံသန်း
လင်းဇင်ယော်
၂၀၁၅ မြန်မာကဗျာ
No comments:
Post a Comment