Wednesday, July 10, 2013

သိုင်းလောက



သိုင်းသမားများသည် -

(က)      မိမိမှာရှိသောအတွင်းအားနှင့် သင့်တော်မည့်သိုင်းကို ရွေးချယ်ကစားသင့်သည်။
(ခ)        မိမိနှစ်သက်သောသိုင်းကို ကစားရန်အတွက် လိုအပ်သောအတွင်းအားရရှိအောင် အရင်ကျင့်သင့်သည်။

-ရှောင်လင်ဂိုဏ်းတွင်လည်း ရှောင်လင်ဂိုဏ်း၏ ကိုယ်ပိုင်အတွင်းအားကျင့်စဉ်နှင့် လျှို့ဝှက်သိုင်းကစားကွက်များ ရှိ၏။
 ထို့အတူ ဝူတန်းဂိုဏ်း၊ အော်မေ့ဂိုဏ်း၊ သူတောင်းစားဂိုဏ်းတို့၌လည်း ကိုယ်ပိုင်အတွင်းအားကျင့်စဉ်နှင့်
 ထူးခြားသောသိုင်းကစားကွက်များ ကိုယ်စီရှိကြ၏။

-အတွင်းအားနှင့် သိုင်းကွက်များသည် သက်ဆိုင်ရာဂိုဏ်း၏ အမည်နာမကို အရောင်လက်သထက်လက်လာအောင်
 သိုင်းသမားများကိုယ်တိုင် ခေတ်အဆက်ဆက် ပွတ်တိုက်ထုဆစ်ခဲ့ကြသည်။
 ရှောင်လင်ဂိုဏ်း၏ သြဇာသက်ရောက်မှု၊ ဝူတန်းဂိုဏ်း၏ တည်ကြည်ဖြောင့်မတ်မှု၊
 အော်မေ့ဂိုဏ်း၏ စုစည်းညီညွတ်မှု၊ သူတောင်းစားဂိုဏ်း၏ ဖြန့်ကျက်လှည့်စားနိုင်မှု စသည်ဖြင့်…။

-သို့ရာတွင် အတွင်းအားကျင့်စဉ်နှင့် သိုင်းကွက်များမှာ သူ့ချည်းသက်သက် သီးခြားပေါ်ပေါက်လာခဲ့ကြသည်မဟုတ်။
 အခြားသော အတွင်းအား၊ သိုင်းကွက်တို့နှင့် တစ်နည်းမဟုတ် တစ်နည်း၊ တစ်နေရာမဟုတ် တစ်နေရာ၌ ဆက်စပ်ပတ်သက်မှု
 ရှိခဲ့ကြသည်ပင်။
 ဥပမာ - ဝူတန်းဂိုဏ်းကို စတင်တည်ထောင်ခဲ့သူသည် ငယ်စဉ်က ရှောင်လင်ကျောင်းတော်၌ အခြေခံအတွင်းအားကျင့်စဉ်နှင့်
 သိုင်းကွက်များကို လေ့ကျင့်သင်ကြားခဲ့ဖူးသူဖြစ်၏။

-သိုင်းလောက၌ မည်သည့်ဂိုဏ်း၏လက်အောက်ခံမှမဟုတ်ဘဲ တစ်ကိုယ်တော်ကျင်လည်ကျက်စားနေကြသော
 သိုင်းသမားများစွာ ရှိကြသော်လည်း ယင်းတို့၏ အတွင်းအားနှင့်သိုင်းကွက်တို့၏ ရင်းမြစ်ကိုခြေရာခံကြည့်လျှင်
 တစ်ဂိုဏ်းမဟုတ် တစ်ဂိုဏ်းနှင့် ဆက်နွယ်မှုရှိနေကြသည်ပင်။

-ဂူအောင်း၍ နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ပြီးမှ အတွင်းအားဖွံ့ဖြိုးလာသူများ ရှိကြသကဲ့သို့
 ရေခဲတောင်ကြာပွင့်စားမိပြီး  အတွင်းအားများ အဆပေါင်းများစွာ ရုတ်ခြည်းတိုးပွားလာသူများလည်း မနည်းပေ။

-အဆိပ်ရှိသော အကောင်တစ်မျိုးမျိုးအကိုက်ခံရပြီး ထူးခြားဆန်းပြားသော သိုင်းကွက်များတီထွင်တတ်မြောက်လာသူများ ရှိကြသကဲ့သို့
 ဖားပြုတ်သိုင်းကျင့်ရင်းမှ ဖားပြုတ်ကြီးတစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလဲသွားသူများလည်း ဒုနဲ့ဒေး။

-လက်နက်မဲ့သိုင်းတွင် သူမတူအောင်ထူးချွန်သူများရှိကြသကဲ့သို့
 ဓားနှစ်လက်သိုင်းနှင့် ပြိုင်ဘက်ကင်းနေသူများလည်း မရေတွက်နိုင်။

-သံလက်သီးသိုင်း၊ သွေးလက်ဝါးသိုင်း၊ ခြင်္သေ့အော်သံသိုင်းတို့ကဲ့သို့ တစ်ယောက်ချင်းအစွမ်းပြနိုင်သူများ ရှိကြသကဲ့သို့
 ခုနှစ်စဉ်ကြယ်သိုင်းကဲ့သို့ အဖွဲ့လိုက် တက်ညီလက်ညီအကွက်ရွှေ့ကြသူများလည်း ထွက်ပေါ်လာ၏။

-အတွင်းအားနှင့်သိုင်းကွက်ကို ထပ်တူကျအောင် ပေါင်းစပ်ဖန်တီးနိုင်သူများ ရှိကြသကဲ့သို့
 အတွင်းအားနှင့်သိုင်းကွက်လွဲချော်ပြီး လမ်းခုလတ်၌ဒုက္ခရောက်ရသူများလည်း အမြောက်အမြားပင်။

-မည်သည့်အတွင်းအားပဲဖြစ်ဖြစ်၊ မည်သည့်သိုင်းကွက်ပဲဖြစ်ဖြစ်
 ကိုယ်တိုင်ကျင့်ကြံအားထုတ်မှသာ တတ်မြောက်နိုင်မည်။

-သို့သော် အရက်မူးသိုင်းကို
 အရက်သောက်ပြီးမှ ကစားခြင်းနှင့်၊ အရက်မသောက်ဘဲ ကစားခြင်း မည်သည်ကပို၍ခရီးရောက်သည်ကိုတော့
 သိုင်းကစားသူကိုယ်တိုင်သာ သိနိုင်ပါလိမ့်မည်။

 သိုင်းသမား လင်းဇင်ယော်
 ၂၀၁၃၊ ဇူလိုင်။

No comments:

Post a Comment