Tuesday, January 29, 2013

ညဆယ်နာရီတစ်ကြိမ်။ မနက်ခြောက်နာရီတစ်ကြိမ်။



အဲဒီ အရူးမပေါ့
အိုဂျီတစ်ယောက်ပြောင်းပြီးတိုင်း ဗိုက်တစ်လုံးနဲ့တက်တက်လာတာ

ထမီခရမ်းတွေ ကြမ်းတိုက်နေတုန်း
ဘယ်သူမှ ဖြတ်မလျှောက်နဲ့

ဗီရိုထဲက ငါးမန်းခြောက်ကောင် တနင်္ဂနွေကော်ဖီနဲ့သွားလဲလိုက်

ကျွန်မကို ဘယ်တော့
သားအိမ်ခြစ်ပေးမှာလဲ ဒေါက်တာ

ခြင်ထောင်ကြိုးမရှိလည်း
ဆေးသွင်းပိုက်နဲ့ချည်လို့ရပါတယ်

ဟယ် ဆီးထွက်လာပြီ! ဆီးထွက်လာပြီ!

အဲဒါ လူနာစောင့်လား
လူနာပွဲစားလား

ညဆယ်နာရီတစ်ကြိမ် မနက်ခြောက်နာရီတစ်ကြိမ်

အပေါ်ထပ်ကသွေးတွေ
အောက်ထပ်စီးကျကုန်ပြီ!

ဒီမှာတွေ့လား လှုပ်စိလှုပ်စိနဲ့ခုန်နေတာ
ကလေးနှလုံး

အလုပ်ရှုပ်ရတဲ့ကြားထဲ
ဟယ်လို

တစ်လုတ်စားလိုက် တစ်ခါပြေးလိုက်

ဒီအထဲမှာ
ဘယ်သူမုန့်ဟင်းခါးချက်တတ်လဲ

အိမ်သာသော့က အိမ်သာထဲပြုတ်ကျကျန်ရစ်ပြီ။

၂၀၁၃၊ ဇန်နဝါရီ။

Saturday, January 26, 2013

စပျစ်သီးသန္ဓေ



အသံလွန်လှိုင်းနဲ့လှမ်းထောက်ကြည့်တော့။
ခင်ဗျားကိုယ်ထဲ စပျစ်သီးတွေပြွတ်သိပ်။ အချိန်မဟုတ်။
အခါမဟုတ်။

ခင်ဗျားကိုယ်ထဲက စပျစ်သီးတွေဟာ ခင်ဗျားချဉ်ခဲ့တဲ့စပျစ်သီးတွေလား။
ခင်ဗျားမမြင်ခဲ့တဲ့စပျစ်သီးတွေလား။ ခင်ဗျားချိုခဲ့တာလား။ ခင်ဗျားမြိုခဲ့တာလား။
ဝါးပင်မှာ။ ရွှေဖရုံသီးမှာ။ ရွှေငါးကြီးဗိုက်ထဲမှာ။ လူသားသန္ဓေတည်သလို။
ခင်ဗျားကိုယ်ထဲ စပျစ်သီးသန္ဓေ။

ခင်ဗျားသွေးကြောထဲမှာ (Zuma Game) ထဲကလို ရောင်စုံစပျစ်သီးတွေတန်းစီရွေ့လျား။
ခင်ဗျားအူလမ်းကြောင်းထဲမှာ ခင်ဗျားမြိုခဲ့တဲ့စပျစ်သီးတွေ တစ်လုံးနဲ့တစ်လုံးတွန်းတိုက်။
ခင်ဗျားအဆုတ်နှစ်ဖက်လုံး စပျစ်နွယ်တွေစင်ထိုး။ စပျစ်တွေ ရာသီမရွေး။
ခင်ဗျားဦးနှောက်ထဲ စပျစ်မှိုစွဲ။ စပျစ်ပိုးထိုး။ ခင်ဗျားရိုးတွင်းချဉ်ဆီမှာ စပျစ်(အချင်းချင်း)ယိုထိုး။
ခင်ဗျားနှလုံးအခန်းလေးခန်းထဲ စပျစ်သီးတွေကျင်းဝင်စိမ်။
ခင်ဗျားအသည်းမှာ စပျစ်ဝိုင်ချိုမြမြ။ လျှံကျ။
ခင်ဗျားမှုတ်ထုတ်လိုက်တဲ့သက်ပြင်းထဲ စပျစ်ရနံ့တွေ ဖွားခနဲ။ ဖွားခနဲ။
ခင်ဗျားဟာ စပျစ်သီးတွေကိုယ်ဝန်ဆောင်ထားသူ။

မည်းမှောင်နေတဲ့လောကထဲ။
ခင်ဗျား ပထမဆုံးမွေးထုတ်လိုက်တဲ့စပျစ်သီးက နေလုံးဖြစ်သွား။ စပျစ်နေပူပူအောက်။
ပင်လယ်ရေခန်းခြောက်။ ကုန်းမြေတွေပေါ်ပေါက်လာ။ ကျွန်းတန်းတွေပေါ်လာ။
ခင်ဗျားမကျေမနပ်နဲ့ နောက်တစ်ကြိမ်မွေးထုတ်လိုက်တဲ့ ဒုတိယမြောက်စပျစ်သီးက လဖြစ်သွား။
နောက်ထပ်ဆက်တိုက် မွေးထုတ်လိုက်တဲ့စပျစ်သီးတွေ။ ကြယ်မှုန်ကြယ်မွှား။ လွင့်စင်။
ရှိသမျှကုန်းမြေ တစ်လက်မမှမကျန်အောင် စပျစ်ခြံတွေသိမ်းပိုက်။ နှစ်ချို့စပျစ်ဝိုင်တွေ။
ချက်လုပ်။

စပျစ်ဝိုင်မူးတော့ ခင်ဗျားသွေးဆိုး။
တွေ့သမျှ မြင်သမျှ စပျစ်သီးအကုန် ခင်ဗျားတွင်းနက်ကြီးထဲ
ကောက်ထည့်။ ကြီးကြီး။ ငယ်ငယ်။ ချဉ်ချဉ်။ ချိုချို။
ပိုးထိုးထိုး။ မှိုစွဲစွဲ။ ကောက်ထည့်။

ကမ္ဘာဟာ ခင်ဗျားချဉ်ခဲ့တဲ့ စပျစ်သီးတစ်လုံး။

ခင်ဗျားဟာ စပျစ်သီးတစ္ဆေ။ ကိုယ်စပျစ်ရိုင်း ကိုယ်ပြန်မထိန်းချုပ်နိုင်တဲ့
စပျစ်သီးတစ္ဆေ။ ကိုယ့်စပျစ်ကိုယ်ပတ်။ ကိုယ်မွေးတဲ့စပျစ် ကိုယ့်ပြန်ခြောက်။
ခင်ဗျားရဲ့စပျစ်ရိုင်းတွေ ခုတ်လေပွားလေ။ ရှင်းလေပွားလေ။ ခင်ဗျားရဲ့စပျစ်သီးတွေ။
ခင်ဗျားခန္ဓာကိုယ်ထဲ ကင်ဆာဆဲလ်တွေလိုပြန့်နှံ့။

အဲဒီစပျစ်သီးတွေကပဲ ခင်ဗျားကိုဝမ်းသာအားရ လိုက်ပါပို့ဆောင်။ နှုတ်ဆက်။
စပျစ်ရွက်ခြောက်တွေနဲ့ဖုံးလွှမ်းထားတဲ့ ခင်ဗျားမြေပုံမှာ။ စပျစ်နွယ်တွေလိမ်ယှက်ရှုပ်ထွေး။
ခင်ဗျားနာမည်နဲ့ စပျစ်သီးတစ်လုံး။ ဒီနေ့ဒီအချိန်အထိ။ ဘယ်သူမှရှာမတွေ့သေး။

၂၀၁၃၊ ဇန်နဝါရီ။

Monday, January 21, 2013

တာဝန်ကျဆရာဝန်



ညညဆို ဆေးရုံဝင်းထဲ
ဖိုးမောင်ကြီး မကြာခဏလာတတ်တယ်

ဖိုးမောင်ကြီးလာရင် ခွေးတွေဟောင်တယ်
ကလေးတွေ ငိုတယ်

ဖိုးမောင်ကြီး ကျောသပ်ခံရတဲ့ကလေး
ချောင်းတဟွတ်ဟွတ် ထဆိုးတယ်

ဖိုးမောင်ကြီး ကလိထိုးလိုက်တဲ့ကလေး
မျက်ဖြူလန် အကြောဆွဲ

ဖိုးမောင်ကြီး ထိပ်ပုတ်လိုက်တဲ့ကလေး
ဝမ်းတွေဒလဟောသွား

ဖိုးမောင်ကြီး ဗိုက်ခေါက်ဆွဲလိမ်လိုက်တဲ့ကလေး
တစ်ညလုံး ဗိုက်နာ

ဖိုးမောင်ကြီး အာဘွားပေးလိုက်တဲ့ကလေး
သတိလစ်မေ့မြော

ဖိုးမောင်ကြီးဟာ တစ်ညမှာ
တာဝန်ကျဆရာဝန်အခန်းထဲ ဝင်သွားတယ်

နောက်နေ့ကစပြီး
(ကလေးတွေ)
ဆရာဝန်မြင်ရင် ချောင်းတဟွတ်ဟွတ်ထဆိုး
ဆရာဝန်မြင်ရင် မျက်ဖြူလန်အကြောဆွဲ
ဆရာဝန်မြင်ရင် ဝမ်းတွေဒလဟောသွား
ဆရာဝန်မြင်ရင် တစ်ညလုံးဗိုက်နာ
ဆရာဝန်မြင်ရင် သတိလစ်မေ့မြော
ဆရာဝန်မြင်ရင်
ငို

ဖိုးမောင်ကြီးကတော့
ဆေးရုံရှေ့မှာ ဖက်ကြမ်းတစ်လိပ်နဲ့အေးအေးလူလူ။

၂၀၁၃၊ ဇန်နဝါရီ။

Sunday, January 20, 2013

လိင်တူ/လိင်ကွဲနာမ်စားများ



ကိုယ် မင်းကို ချစ်တယ်
ကျမ လိင်တူ စိတ်မဝင်စားဘူး

ကျမ ရှင့်ကို ချစ်တယ်
ကျုပ် လိင်တူ စိတ်မဝင်စားဘူး

ကျုပ် ခင်ဗျားလေးကို ချစ်တယ်
တို့ လိင်တူ စိတ်မဝင်စားဘူး

တို့ ယူ့ကို ချစ်တယ်
ငါ လိင်တူ စိတ်မဝင်စားဘူး

ငါ နင့်ကို ချစ်တယ်
များ လိင်တူ စိတ်မဝင်စားဘူး

များ သူ့ကို ချစ်တယ်
ကျွန်တော် လိင်တူ စိတ်မဝင်စားဘူး

ကျွန်ုပ် သင့်ကို ချစ်သည်။

၂၀၁၃၊ ဇန်နဝါရီ။