Sunday, July 19, 2015

ထရိုဂျန်မြင်းရုပ်မဝင်နိုင်တဲ့မြို့



ခါးသီးလှသောနေ့ရက်တို့ကို ဖန်တီးပေးခဲ့သည့် ကတ္တီပါလမ်းခွဲ၏အစသည် ဝေးကွာခြင်းဖြစ်ခဲ့သောကြောင့် ရင်းနှီးခဲ့ရသည့် နှလုံးသားတစ်ခုအစား တနင့်တပိုးပြန်လည်ရရှိခဲ့သောလက်ဆောင်မှာ ကြေကွဲခြင်းဖြစ်ခဲ့/ ရုတ်တရက် လစ်ဟာသွားသည့် ကွက်လပ်တစ်ခုကို လွမ်းဆွတ်တမ်းတရင်း အဖော်ပြုနေခဲ့ရသူမိတ်ဆွေတစ်ဦးမှာ အထီးကျန်ခြင်းဖြစ်ခဲ့သောကြောင့် နေ့စဉ် ရက်ဆက် သွေးပျက်ချောက်ချားခဲ့ရသော ဝေဒနာတို့ကို တဖွဲဖွဲရွာသွန်းစေခဲ့သည်မှာ ဒဏ်ရာဖြစ်ခဲ့/ တစစ်စစ် ကိုက်ခဲ နာကျင်လျက်ရှိသည့် ဒဏ်ရာတို့ကို သက်သာကောင်းမွန်စေရန် ကုစားပေးခဲ့သော သမားတော်တစ်ဦးမှာ အချိန်ဖြစ်ခဲ့ သောကြောင့် မေ့ပျောက်၍မရနိုင်လောက်အောင် တစ်စစီလွင့်စင်ခဲ့သည့် ကာလတစ်ခုရှိခဲ့ဖူးကြောင်း ရံဖန်ရံခါ အမှတ်ရစေ သည်မှာ အမာရွတ်ဖြစ်ခဲ့/ အစွဲအလန်းလွန်ကဲတတ်သည့် မှတ်ဥာဏ်အကန့်များထဲမှ မည်သို့ပင် ဖျောက်ဖျက်ပစ်၍ မရခဲ့ သောအရာမှာ ပုံရိပ်ဖြစ်ခဲ့သောကြောင့် ယင်းပုံရိပ်တို့နှင့် နေသားတကျဖြစ်စေရန် ပင်ပန်းကြီးစွာလေ့ကျင့်ခဲ့ရသော အတတ် ပညာတစ်ခုမှာ ခွင့်လွှတ်ခြင်းဖြစ်ခဲ့/ ဆွေးမြည့်သွေ့ခြောက်နေခဲ့သည့် ဖုန်းဆိုးမြေတစ်ခုကို ပြန်လည်စိမ်းမြလန်းဆတ်စေရန် ရရှိခဲ့သောဆုလာဘ်တစ်ပါးမှာ အသစ်တစ်ဖန်မွေးဖွားခြင်း ဖြစ်ခဲ့သောကြောင့် အရောင်အသွေးစိုလက်သည့် ဥယျာဉ်တော် တစ်ခုဖြစ်ထွန်းစေရန် လိုအပ်လာသောအနုပညာတစ်ရပ်မှာ နားလည်မှုဖြစ်ခဲ့/ မုန်တိုင်းများကြားမှ အစွမ်းကုန်ဖြူစင်စွာဖြင့် အသစ်ဖူးပွင့်လာခဲ့သည့် အဖိုးတန်ရတနာမှာ ပန်းကလေးတစ်ပွင့်ဖြစ်ခဲ့သောကြောင့် ချိုမြမွှေးရှသည့်ရနံ့တို့ဖြင့် စကြဝဠာ အနှံ့ သင်းပျံ့ထုံမွမ်းစေခဲ့သည်မှာ ရဲရင့်ခြင်းဖြစ်ခဲ့/

မိုးလေတိမ်တောင်တို့ မသာယာစဉ်အခိုက်အတန့်များ၌ ပန်းပွင့်ကလေးကို မကြည်လင်စေခဲ့သည်မှာ အလိုမကျခြင်းဖြစ်ခဲ့ သောကြောင့် ပြန်လည်ဝင်းပလာစေရန် ယုယစွာတောက်ဖျန်းပေးခဲ့ရသော ပြာလဲ့လဲ့ရေမှုန်စက်ကလေးများမှာ ခယခြင်း ဖြစ်ခဲ့/ ခဏတာခွဲခွာနေရစဉ် အချိန်ကာလများ၌ ချိုမြိန်စွာငေးမောနေရသည်မှာ ရွှန်းစိုတောက်ပသည့် မျက်ဝန်းလေးများ ဖြစ်ခဲ့သောကြောင့် အာသာပြင်းပြင်း ခုံမင်ယစ်မူးစွာတောင့်တမိသည်မှာ ပါးလွှာနူးညံ့သောနှုတ်ခမ်းတစ်စုံဖြစ်ခဲ့/ အရာအား လုံးကို ညင်သာစွာပြီးမြောက်အောင်မြင်နိုင်မည့် တစ်စုံတစ်ယောက်သည် သူ(မ) ဖြစ်ခဲ့သောကြောင့် အရာအားလုံးကို ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံမည့် တစ်စုံတစ်ယောက်မှာ ကျွန်တော်ဖြစ်ခဲ့/ ကျွန်တော်တို့နှစ်ယောက်ကို အေးချမ်းသိမ်မွေ့စွာ အတူတွဲဖက်စေသည့် ကြိုးကလေးတစ်ချောင်းမှာ ချစ်ခြင်းမေတ္တာဖြစ်ခဲ့သောကြောင့် ဆူးခလုတ် တင်းကြမ်းခရီးလမ်းမှာ အပြုံးမပျက်လက်တွဲမပြုတ် လျှောက်လှမ်းစေနိုင်မည့်အင်အားတစ်ခုမှာ အနာဂတ်ဖြစ်ခဲ့/ အနာဂတ် တွင် ပြိုးပြက်လင်းလက်လာအောင် ဖွဲ့တည်ပုံဖော်ရမည့်အရာသည် အသိုက်အမြုံဖြစ်ခဲ့သောကြောင့် ယင်းအသိုက်အမြုံ လေး တစ်စစီကွဲအက်ကြွေလွင့်မသွားစေရန် ရစ်ပတ်ချည်နှောင်ပေးထားသည်မှာ ချိုလွင်လွင် ဆည်းလည်းလေးများဖြစ်ခဲ့/ အနှိုင်းမဲ့ဂီတတို့ အလျင်မပြတ် စီးဆင်းလာစေမည့် ချစ်စရာဆည်းလည်းလေးများ၏နေ့ရက်တို့ကို အရောင်စုံစေသည်မှာ မျှော်လင့်ချက်ဖြစ်ခဲ့သောကြောင့် ထိုမျှော်လင့်ချက်ကို ထင်ရှားပေါ်လွင်လာစေရန် ထုဆစ်ပေးနိုင်မည့် ကြီးမားသော ခွန်အားတစ်စုံတစ်ရာမှာ ယုံကြည်ချက်ဖြစ်ခဲ့/

လင်းဇင်ယော်
၂၀၁၁၊ သြဂုတ်။

Monday, July 6, 2015

ဖိုးမောင်တစ္ဆေ



ဖိုးမောင်လာပြီ
==========
မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာ့တောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင့်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ၀ဲ တက်ချောင်းနှင့်
ခါးစောင်းကိုင်းကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ပဲ
တစ်ယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊ မကျွေးပါက
တို့ရွာသူသား၊ လူအများတို့
ငါးစိုငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တံခါးဝင်လို၊ သူမဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဒမြငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင်ထပ်သတည်း။

ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီဆိုဆဲပင်။

မင်းသုဝဏ်

ဒီကဗျာကို မြန်မာကဗျာလက်ရွေးစင် ပြဌာန်းစာအုပ်ဟောင်းတစ်ခုထဲကနေ ဖတ်ဖူးခဲ့တာပါ။ မှတ်မှတ်ရရ ဆယ်တန်းတုန်းကပါ။ ၂၀၀၀ -၂၀၀၁ လောက်က ဖြစ်မယ်ထင်ပါတယ်။ အဲဒီကဗျာနဲ့အတူ မောင်လင်းယုန်(ရှမ်းပြည်)ရဲ့ “ပအို့ဝ်မိခင်၏လက်စားချေခန်း” ဆိုတဲ့ကဗျာကိုပါ ဆက်တိုက်ဖတ်မိပြီး ကြိုက်ခဲ့ပါတယ်။ (အဲဒီတုန်းက ခေတ်ပေါ်တွေ မော်ဒန်တွေလည်း လုံးဝမသိသေးခဲ့ပါဘူး။ မဂ္ဂဇင်းဖတ်ရင်လည်း ရှေ့ဆုံးစာမျက်နှာတွေက ကဗျာတွေကို လက်ကအလိုအလျောက် ကျော်ဖတ်မိခဲ့တဲ့အချိန်တွေပေါ့။)
ရွာသားတွေစားဖို့ ဖားငါးရှာပေးနေကျ ဖိုးမောင်ဟာ အရေးကြုံလာတဲ့အခါမှာလည်း ရပ်ရွာအတွက် အနစ်နာခံ အသက်စွန့်သွားခဲ့ပုံ၊
သေလွန်ပြီးနောက်မှာလည်း ရွာအနားမှာပဲ မကျွတ်မလွတ်ဖြစ်နေခဲ့ပုံတွေဟာ ဖတ်ပြီးတော့စွဲကျန်ရစ်ခဲ့ပါတယ်။ ဖိုးမောင်တစ္ဆေဟာလည်း အဲဒီအချိန်ကတည်းက ကျွန်တော့်အာရုံထဲကို မသိမသာပူးဝင်သွားခဲ့ပုံရပါတယ်။ (နောက်ပိုင်းကာလတွေမှာ ကြည်အေးရဲ့တစ္ဆေနဲ့ တွေ့ခဲ့ရပေမယ့်လဲ ရှိရင်းစွဲ ဖိုးမောင်တစ္တေကို မလွှမ်းမိုး မကျွတ်လွတ်စေခဲ့ပါဘူး။)

နောက်ကျောင်းပြီးလို့ ကဗျာတွေ တစိုက်မတ်မတ်ရေးဖြစ်လာတဲ့အချိန်ကျတော့ အတိတ်ကပူးကပ်လာတဲ့ခဲ့ ဖိုးမောင်တစ္ဆေဟာ ကျွန်တော်ကို မကြာခဏဆိုသလို ခြောက်လှန့်လာပါတော့တယ်။ နေလို့ထိုင်လို့မရအောင် ခြောက်လှန့်လာတဲ့အခါမှာတော့ ဆရာမင်းသုဝဏ်ရဲ့ ဖိုးမောင်ကို ကျွန်တော်အလုပ်လုပ်တဲ့ဆေးရုံကို ခေါ်လာခဲ့မိပါတော့တယ်။ အချိန်ကာလက ၂၀၁၃ ရောက်နေခဲ့ပြီဆိုတော့ ဖိုးမောင်လည်း ဖိုးမောင်ကြီးဖြစ်သွားခဲ့ပါတယ်။

တာဝန်ကျဆရာဝန်
============
ညညဆို ဆေးရုံဝင်းထဲ
ဖိုးမောင်ကြီး မကြာခဏလာတတ်တယ်

ဖိုးမောင်ကြီးလာရင် ခွေးတွေဟောင်တယ်
ကလေးတွေ ငိုတယ်

ဖိုးမောင်ကြီး ကျောသပ်ခံရတဲ့ကလေး
ချောင်းတဟွတ်ဟွတ် ထဆိုးတယ်

ဖိုးမောင်ကြီး ကလိထိုးလိုက်တဲ့ကလေး
မျက်ဖြူလန် အကြောဆွဲ

ဖိုးမောင်ကြီး ထိပ်ပုတ်လိုက်တဲ့ကလေး
ဝမ်းတွေဒလဟောသွား

ဖိုးမောင်ကြီး ဗိုက်ခေါက်ဆွဲလိမ်လိုက်တဲ့ကလေး
တစ်ညလုံး ဗိုက်နာ

ဖိုးမောင်ကြီး အာဘွားပေးလိုက်တဲ့ကလေး
သတိလစ်မေ့မြော

ဖိုးမောင်ကြီးဟာ တစ်ညမှာ
တာဝန်ကျဆရာဝန်အခန်းထဲ ဝင်သွားတယ်

နောက်နေ့ကစပြီး
(ကလေးတွေ)
ဆရာဝန်မြင်ရင် ချောင်းတဟွတ်ဟွတ်ထဆိုး
ဆရာဝန်မြင်ရင် မျက်ဖြူလန်အကြောဆွဲ
ဆရာဝန်မြင်ရင် ဝမ်းတွေဒလဟောသွား
ဆရာဝန်မြင်ရင် တစ်ညလုံးဗိုက်နာ
ဆရာဝန်မြင်ရင် သတိလစ်မေ့မြော
ဆရာဝန်မြင်ရင်
ငို

ဖိုးမောင်ကြီးကတော့
ဆေးရုံရှေ့မှာ ဖက်ကြမ်းတစ်လိပ်နဲ့အေးအေးလူလူ။

၂၀၁၃၊ ဇန်နဝါရီ။

အဲဒီတော့မှပဲ နေ့တိုင်းနီးပါးခြောက်လှန့်လာခဲ့တဲ့ ဖိုးမောင်ကြီးလည်း စိတ်ကျေနပ်သွားပါတော့တယ်။ ဒါပေမယ့် သိပ်ကြာကြာမခံပါဘူး။ လအနည်းငယ်အကြာမှာပဲ ဖိုးမောင်တစ္ဆေဟာ တစ်စခန်းထလာပြန်ပါတယ်။ ဆေးရုံမှာနေရတာ ခြောက်လှန့်ရတာကို ငြီးငွေ့လာလို့နဲ့ တူပါတယ်။ နောက်ထပ်ကဗျာတစ်ပုဒ်ထဲဝင်ပြီး ခြောက်လှန့်ချင်ကြောင်း၊ ဒါပေမယ့် ဖိုးမောင်ကြီးအဖြစ်နဲ့ မဟုတ်ဘဲ အခြားအမည် အခြားခန္ဓာကိုယ်တစ်ခုနဲ့ ခြောက်လှန့်ချင်ကြောင်း တောင်းဆိုပြန်ပါတယ်။ အဲဒီမှာ ကျွန်တော်လည်း သိပ်ကြာကြာမစဉ်းစားလိုက်ရဘဲနဲ့
“သံချောင်း” ဆိုတဲ့ နာမည်ပေးဖြစ်လိုက်ပါတယ်။ (ဆရာမြသန်းတင့်ရဲ့ “ဓားတောင်” ဝတ္ထုရဲ့ လွှမ်းမိုးမှုလည်း ပါခဲ့မယ်ထင်ပါတယ်။)
အဲဒီမှာ သံချောင်း အမည်ခံ ဖိုးမောင်ဟာ နောက်ထပ် သံချောင်းပေါင်းများစွာ ထပ်မံကွဲပွားလာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေထဲကို ရောက်ရှိသွားခဲ့ရပါတော့တယ်။
၂၀၁၃၊ ဇွန်မှာပါ။

သံချောင်း။
=======
သံချောင်းကို ဆန့်ကျင်ကြ။ သံချောင်းတစ်ချောင်းဆုံးလျှင် သံချောင်းတစ်ချောင်းချင်း။ သံကိုသံချင်း မတုံ့နှင်းကြပါနှင့်။
သံခင်းတမန်ခင်းဆယ်အိမ်မှူးဗျို့ဟစ်သံချောင်း။ အပစ်အခတ်ရပ်ဆဲထိုင်ဆဲတွေ့ဆုံဆွေးနွေးဆဲသံချောင်း။
အကြမ်းဖက်သူပုန်ကြီးမီးရှို့သံချောင်း။ ဆန့်ကျင်ကြ။ အသက်စွန့်ဖောက်ခွဲကုသိုလ်ယူသံချောင်း။
ရွေးကောက်ပွဲဝင်မဲဆွယ်စည်းရုံးသံချောင်း။ လူထုထောက်ခံတော်လှန်သံချောင်း။
နိုင်ငံတော်သမ္မတအာဏာရှင်ကြီးဦးသံချောင်း။

သံချောင်းကို မညှာမတာ ဆန့်ကျင်ကြ။ သံသေတစ်ပြည်ဝဂမ္ဘီရသံချောင်း။ သက်သာချောင်ချိတန်ဖိုးနည်းသံချောင်း။
ရေနံသံချောင်း။ သဘာဝဓာတ်ငွေ့သံချောင်း။ ကျောက်စိမ်းသံချောင်း။ ရွှေသံချောင်း။ ထင်းအစားထိုးသံချောင်း။
ခေတ်မီမီကမ္ဘာကြည့်ကြည့်မြင်သံချောင်း။ ဆန့်ကျင်ကြ။ အိမ်နောက်ဖေးဈေးဆိုင်တည်သံချောင်း။
ကိုယ်ပိုင်တဲ့ကိုယ့်လယ်ယာ ဘယ်သူ့ကိုမှမပေးနိုင် ပိုးသတ်ဆေးလွန်ဆန်စပါးသံချောင်း။
စီးပွားကူးသန်းတိုက်စစ်မှူးမစ္စတာသံချောင်း။

သံချောင်းကို သံချောင်းဖြင့် မညှာမတာ ဆန့်ကျင်ကြ။ သံလူသားသံချောင်း။ သံဝါသစွဲလန်းသံချောင်း။
သံလူသား-နှစ်သံချောင်း။ ပန်းကုံးစွပ်လူကြီးမင်းဂုဏ်သရေရှိသံချောင်း။ သံလူသား-သုံးသံချောင်း။
ပုခုံးနဲ့လက်ပြင် ကြောခြင်ကသံချောင်း။ ဆန့်ကျင်ကြ။ ဗိုလ်မှူးကြီးရှုံးလောက်တဲ့သံချောင်း။
သံချောင်းကိုချစ်တဲ့သံချောင်းချစ်သူသံချောင်းချစ်သူများအသင်း။
လူမှုဖူလုံသံဓာတ်အားနည်းပရော်ဖက်ဆာသံချောင်း။

မှိုင်းညှိုညဥ့်ရိပ် လူခြေတိတ်၌ ရေဆိပ်တံခါး ရွာအနားသို့ သံချောင်းကျယ်လောင် ဆီးကြိုဟောင်သော်
သံချောင်းကို ရင်းရင်းနှီးနှီး ဆန့်ကျင်ကြ။
သံချောင်းလာပြီ ဆိုကြသည်။

လင်းဇင်ယော်
၂၀၁၃၊ ဇွန်။

အဲဒီနောက်ပိုင်းကနေ အခုချိန်အထိတော့ ဖိုးမောင်တစ္ဆေဟာ ထပ်မံခြောက်လှန့်ခြင်းမရှိတော့ဘဲ ငြိမ်ချက်သားကောင်းနေပါတော့တယ်။

လင်းဇင်ယော်
၂၀၁၅၊ ဇွန်၊ ၂၁။