မျက်လုံးတွေမှိတ်လိုက်ရင်
အလွန်လှပတဲ့ လောကသစ်တစ်ခု ပေါ်လာတယ်
မျက်လုံးဖွင့်ထားတဲ့ကမ္ဘာ
မပြနိုင်တဲ့မြင်ကွင်းတွေ မျက်လုံးမှိတ်ထားတဲ့ကမ္ဘာမှာ မြင်ရတယ်
နားတွေပိတ်လိုက်ရင်
အလွန်ဆန်းကြယ်တဲ့ ဂီတသစ်တစ်မျိုး ကြားရတယ်
နားပွင့်နေတဲ့ကမ္ဘာမှာ
ကြားနေကျဆူညံပေါက်ကွဲသံတွေ နားပိတ်ထားတဲ့ကမ္ဘာကို မခြိမ်းခြောက်နိုင်
ပါးစပ်တွေပိတ်ထားရင်
အလွန်ရိုးရှင်းတဲ့ ဘာသာစကားအသစ်တွေ ဖြစ်လာတယ်
ပါးစပ်မပိတ်တတ်တဲ့ကမ္ဘာရဲ့
ပြောမကုန်တဲ့ဘာသာစကားတွေ ဆိတ်သုဉ်းသွားရင်
နှုတ်ဆိတ်နေတဲ့ကမ္ဘာတစ်ခု
ကျန်ရစ်ခဲ့တယ်
လင်းဇင်ယော်
နှင်းဆီဖြူ
- အတွဲ ၂ အမှတ် ၂၊ မေ၊ ၂၀၁၅။
ဖြစ်စဉ်အကျဉ်း
- ကျွန်တော်တို့မျက်လုံးတွေဟာ မှိတ်ထားပေမယ့်လည်း မြင်နိုင်တယ်။ နားတွေလဲ ပိတ်ထားပေမယ့်
ကြားနိုင်စွမ်း ရှိနေကြတယ်။ ပါးစပ်တွေလဲ ပိတ်ထားပေမယ့် စကားတွေဆက်ပြောနေတတ်ကြတယ်။ စရေးတော့
မျက်လုံးမှိတ်ထားလဲ မြင်နေ ရတဲ့ အကြောင်းအရာတွေကိုပဲ သီးသန့်ရေးဖို့စဉ်းစားထားပေမယ့်
တကယ်ချရေးမိတော့ အထက်ပါအတိုင်း ရှောရှောရှူရှူ ရေးဖြစ် သွားပါတယ်။ ခေါင်းစဉ်ပေးတော့မှပဲ
ဒုက္ခတွေ့ပါတယ်။ ကမ္ဘာ။ ကမ္ဘာသစ်။ လောကသစ်။ စသဖြင့် စဉ်းစားမိတာတွေကလဲ စိတ် ကြိုက်မဖြစ်။
အဲဒါနဲ့ ခေါင်းစဉ်မပေးဘဲ ဒီအတိုင်းထားထားလိုက်ရပါတယ်။ ဖေ့စ်ဘုတ်ခ်ပေါ်တင်လိုက်တော့မှ
ကိုယုပိုင်က ‘မျက်စိ ပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် မျောက်သုံးကောင်ကို သတိရသွားတယ်’ လို့
ကွန်မန့်ဝင်ပေးမှပဲ ခေါင်းစဉ်ပေးဖို့ အတွေးရသွားပါတယ်။ ဒါပေမယ့် မျောက်သုံးကောင်လို့
ဒဲ့ကြီးမပေးချင်တာကတစ်ကြောင်း၊ Dawn of the planet ape ရုပ်ရှင် ကြည့်ထားမိတာက တစ်ကြောင်းကြောင့်
ကဗျာခေါင်းစဉ်ကို ‘PLANET APE’ လို့ ဒီဇင်ဘာလထဲကျမှ သတ်သတ်မှတ်မှတ် ပေးဖြစ်သွားပါတော့တယ်။
(မြန်မာလိုမပေးဘဲ ဘာဖြစ်လို့ အင်္ဂလိပ်လိုပေးရသလဲလို့ မေးလာခဲ့ရင်တော့ မြန်မာလိုပေးလိုက်ရင်
လူဝံဂြိုလ် (သို့) မျောက်ဝံဂြိုလ် ဆိုပြီးဖြစ်သွားမှာ ကြောက်လို့ပါပဲ။)
No comments:
Post a Comment