Tuesday, January 6, 2015

ငါသည် = သည်ငါ




သော့ခတ်ထားတဲ့အခန်းထဲမှာ ငါရှိတယ် လည်နေတဲ့ပန်ကာအောက်မှာ ငါရှိတယ်
ခေါင်းအုံးစွပ်အသစ်လဲထားတဲ့ ခုတင်ပေါ်မှာ ငါရှိတယ် ငါအသုံးပြုချင်ရင် လာခေါ်ကြ

ချိတ်ဆွဲထားတဲ့သင်ပုန်းပေါ်မှာ ငါရှိတယ် တယ်လီဖုန်းဘေးကစာအုပ်မှာ ငါရှိတယ်
မှတ်တမ်းစာအုပ်ရဲ့ဒီနေ့စာမျက်နှာမှာ ငါရှိတယ် ငါနဲ့ဆက်သွယ်ချင်ရင် လာခေါ်ကြ

ဝင်ဝင်လာချင်း မြင်နိုင်တဲ့နေရာမှာ ငါရှိပါတယ်
တုတ်တစ်ပြက် ဓားတစ်ပြက် လျှပ်တစ်ပြက်ကိစ္စတွေမှာ ငါပါတယ်
ယာဉ်(ကျေးမှု)အချင်းချင်း တိုးတိုက်မိတဲ့အခါ ငါပါတယ်
ငါအချင်းချင်း ညှိလို့မရရင် ငါပါတယ်
သုံးခွန်ခြောက် သုံးခွန်ခွန် ငါပါတယ်
ငါယင်းထတဲ့အခါ ငါပါတယ်
ငါမပါတဲ့ အလောင်းတွေသယ်ဆောင်လာတဲ့အခါ
ငါပါတယ် ငါပါလွန်းလို့ဖြစ်တဲ့ ပြဿနာတွေကိုဖြေရှင်းဖို့
ငါပါတယ် သူသူ ငါငါ ပျော်ပျော် ရွှင်ရွှင်
ငါပါစေချင်ရင် လာခေါ်ကြ

သွေးအန်နေတဲ့ဘုန်းကြီးလည်း ငါနဲ့ပတ်သက်ရတယ် ပုလင်းကွဲရှပြီးခြေမပြတ်သွားတဲ့ကောင်လေးလည်း ငါနဲ့ ပတ်သက်ရတယ် ထုပ်တန်းပေါ်ကားယားခွချော်လဲတဲ့ယောက်ျားလည်း ငါနဲ့ပတ်သက်ရတယ် အောက်နှုတ်ခမ်းသားတစ်ခုလုံးမရှိတော့လို့ သွားရည်တမြားမြားနဲ့ ခြောက်ခြားနေတဲ့မိန်းမလည်း ငါနဲ့ပတ်သက်ရတယ်
ငါ့နောက်ကိုရဲသားတွေလိုက်နေကြတယ် ငါ့နောက်ကိုစစ်သားတွေလိုက်နေကြတယ်
ငါ့နောက်ကိုမလိုက်ကြနဲ့
ဆိုပြီး ခြေဦးတည့်ရာလျှောက်သွားနေတဲ့ ကလေးအမေလည်း
ငါနဲ့
ပတ်သက်ရတယ် ထွက်ပေါက်ပိတ်ပြီး ပြည့်တင်းဖောင်းကားနေတဲ့ဆီးအိမ်ကြောင့်
ကြံရာမရ ပြတင်းပေါက်ကခုန်ချဖို့ကြိုးစားနေတဲ့ အဘိုးကြီးလည်း ငါနဲ့ပတ်သက်ရတယ်
ငါနဲ့ပတ်သက်ချင်ရင်လာခေါ်ကြ

ဒီတစ်နေ့တော့ တာဝန်အရ ငါပါရလိမ့်မယ် ဒီတစ်နေ့ဖြစ်သမျှ ငါပါနေမှာပဲ
ငါကိုယ်တိုင် ငါပါဝင်မှုကို နေရာအနှံ့အပြားသို့ စေလွှတ်ပြီးသား ဖြစ်သမျှ ငါပါဝင်ခွင့်ပြုကြောင့်
အမိန့်စာထွက်ပြီးသား  ငါပါရင်ဘာဖြစ်နိုင်သလဲ ငါမပါရင်ဘာဖြစ်နိုင်သလဲ ကြိုက်ကြိုက် မကြိုက်ကြိုက်
မနက်ဖြန်နေထွက်တဲ့အထိ ငါပါနေဦးမှာပဲ ဒီနေ့စာမျက်နှာရဲ့အောက်ဆုံးမှာ အဆုံးသတ်လက်မှတ်မထိုးခင်အထိ ငါပါနေဦးမှာပဲ
မနက်ဖြန်ရောက်ပြီးတာနဲ့ ငါမပါတော့ဘူး
မနက်ဖြန်ဆို ငါမိမိမဟုတ်သော ငါသူတစ်ပါးများ ဆက်လက်ပါဝင်
လက်မှတ်ရေးထိုး လက်ဝှေ့ရေးပြ

ငါမပါလည်း ငါကတော့ဆက်ရှိနေဦးမှာပဲ
လက်တစ်လုံးခြားမှာ လက်တစ်ကမ်းမှာ လက်လှမ်းမမီရာမှာ
ဝါးတစ်ရိုက်အကွာမှာ ရေနွေးတစ်အိုးပွက်ခန့်မှာ မိုင်တစ်ရာပတ်လည်မှာ
ဆက်သွယ်မှုဧရိယာပြင်ပမှာ
သံသရာစက်ဝိုင်းအတွင်းမှာ
ငါတို့ဆက်ရှိနေဦးမှာပဲ။

ပိုးစုန်းကြူးတွေ တလက်လက်တောက်ပနေတဲ့ မြက်ခင်းပြင်စိုထိုင်းထိုင်းမှာ ငါဆက်ရှိချင်ရှိနိုင်တယ် အလုံပိတ် ထားတဲ့ ပြတင်းပေါက်မှန်ရဲ့အပြင်ဘက်မှာ ငါဆက်ရှိချင်ရှိနိုင်တယ် အေးစက်မှောင်မဲနေတဲ့ အလောင်းစင်မှာ ငါဆက်ရှိချင်ရှိနိုင်တယ် အမောဖောက်နေတဲ့ သေကောင်ပေါင်းလဲလူနာရဲ့ ပိန်ချည်ဖောင်းချည်နှာသီးဖျားမှာ ငါ ဆက်ရှိချင်ရှိနိုင်တယ် ရေငွေ့တွေသီးထနေတဲ့သွေးအိတ်ထဲက တစ်စက်စက်ကျနေတဲ့သွေးစက်တွေမှာ ငါဆက် ရှိချင်ရှိနိုင်တယ် အိတ်စ်ရောင်ခြည်ဖြတ်သန်း အဖြူအမည်းဖလင်ပြားရဲ့ ရင်ဝမ်းတားကြွက်သားအောက်က အမှောင်လောကထဲမှာ ငါဆက်ရှိချင်ရှိနိုင်တယ် ပေါင်နှစ်ချောင်းကြားက မွေးလမ်းကြောင်းအဝမှာပြူထွက်နေ တဲ့ စေးပျစ်ပျစ်ဆံပင်မွေးတွေကြားမှာ ငါဆက်ရှိချင်ရှိနိုင်တယ် ပါးစပ်ထဲနို့သီးခေါင်းတစ်ခုလုံးထိုးထည့်ပေးလို့မှ မစို့တတ် မမျိုတတ်တဲ့ လမစေ့ပေါင်မပြည့်နှုတ်ခမ်းဖျားမှာ ငါဆက်ရှိချင်ရှိနိုင်တယ် အသံအိုးပျက်ပြီး စကား မပြောနိုင်တော့လို့ စာရေးပြီးပြောနေရတဲ့လူနာရဲ့ ဘောပင်ထိပ်ဖျားမှာ ငါဆက်ရှိချင်ရှိနိုင်တယ် ဒါတွေအားလုံး ရဲ့ ဆန့်ကျင်ဘက်အရပ်မှာလည်း ငါဆက်ရှိချင်ရှိနိုင်တယ်

            ငါသည်
မြတ်သော
အကျင့်
ကိုကျင့်
၍နေ
ရာအ
နှံ့၌
နေ၏*

လင်းဇင်ယော်
(*ခိုင်ထူးသီချင်းစာသား)

ရယ်စရာ - ၂၀၁၄၊ စက်တင်ဘာ။















Friday, January 2, 2015

သယံဇာတကြွယ်ဝသောတိုင်းပြည်




တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ
တစ်နိုင်တစ်ပိုင်သုတေသနပညာရှင်

ကြာဇံ
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ
သဘာဝပတ်ဝန်းကျင်အရေးဦးဆောင်လှုပ်ရှားသူ

ဖြူဖြူ
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ
ပြည်တွင်းဖြစ် နိုင်ငံခြားအိုင်ဒီယာ

ဒေါ်အာကျယ်
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ ပြောရေးဆိုခွင့်ရှိသူ

ဦးလူပေါ
သယံဇာတကြွယ်ဝသောတိုင်းပြည်၏ ကိုးဆယ်ရာခိုင်နှုန်း

ဥာဏ်ကျယ်လေး
သယံဇာတကြွယ်ဝသောတိုင်းပြည်၏ ဆယ်ရာခိုင်နှုန်း

ဦးရှံစား
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ
အငြင်းပွားဖွယ် ပြဿနာဖြေရှင်းသူ

ဦးဒိန်းဒေါင်
သယံဇာတကြွယ်ဝသောတိုင်းပြည်၏
ဖြေရှင်းချက်များအား အဖြူတစ်ဝက်၊ အနက်တစ်ဝက် မေးခွန်းထုတ်သူ

ဦးအုံးခွေ
သယံဇာတကြွယ်ဝသောတိုင်းပြည်၏
စခန်းမှူး

ဦးစိတ်တို
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ လက်နက်ကိုင်နယ်ခြားစောင့်တပ်မှူး
ကျူးကျော်သူမှန်သမျှ ဒေါသနှင့်လက်နက်ပေါင်း၍တုန့်ပြန်

မျောက်ညို
သယံဇာတကြွယ်ဝသောတိုင်းပြည်၏
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား အိမ်နီးချင်း

တိုက်ဂါး
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ လူမျိုးခြား၊ ရက်ဆား

ခင်မောင်သိန်းထွန်းဝင်း
သယံဇာတကြွယ်ဝသောတိုင်းပြည်မှ ပစ္စည်းမဲ့ပြည်သူ

ဦးကပ်စီး
သယံဇာတကြွယ်ဝသောတိုင်းပြည်

၂၀၁၃၊ ဇွန်။
(ကာတွန်းဆရာကြီးဦးအောင်ရှိန်၏ ဇာတ်ကောင်များဖြင့် ပြန်လည်တင်ဆက်သည်။)

Thursday, January 1, 2015

ပါးထဲကပေါင်




ခွဲစိတ်ဆရာဝန်ဟာ ချုပ်ရိုးမည်းမည်းတွေကို ကတ်ကြေးနဲ့ တစ်ချောင်းချင်းညှပ်
လူနာအဘိုးကြီးပါးမှာရုပ်ပျက်ဆင်းပျက်ကပ်နေတဲ့ ပြည်အလိမ်းလိမ်း ချွဲအထပ်ထပ် အသားတစ်ကြီးကို ဇာဂနာနဲ့ဆွဲဖယ်ပြီး အမှိုက်ပုံးထဲ ဘုတ်ခနဲ ပစ်ချလိုက်တယ်

လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက အသားကုန်အယုအယခံ အသားကုန်ဂရုစိုက်ခံဘဝမှာ
ရှိနေခဲ့တဲ့ အသားတစ်ကြီးရဲ့မူလဆင်းသက်ရာကတော့ အဘိုးကြီးရဲ့ ထိုးကွင်းတွေ အကွက်လိုက်နဲ့
ထင်းနေတဲ့ ညာဘက်ပေါင်သလုံး

အဘိုးကြီးရဲ့ပါးတစ်ခြမ်းလုံးလှိုက်စားပွားများနေတဲ့ အဘိုးကြီးရဲ့ပါးတစ်ခြမ်းကို ခွဲစိတ်ဆရာဝန်က
ချိုးဖဲ့လှီးဖြတ်ကုတ်ဖဲ့ထုတ်ပြီးတဲ့နောက် ဟောက်ပက်ကြီးဖြစ်သွားတဲ့ အဘိုးကြီးရဲ့ပါးတစ်ခြမ်းနေရာကို ဖြည့်စွက်အစားထိုးဖို့ အကောင်းဆုံးဟာ အဘိုးကြီးရဲ့ပေါင်သားပါးပါးတွေ

ပေါင်ကထိုးကွင်းတွေ ပါးပေါ်ရောက်သွားတော့ ပါးရဲကြီးနဲ့ ချင်းအဘိုးကြီးလိုလို
ခွဲစိတ်ဆရာဝန်က အဘိုးကြီးရဲ့ပေါင်သားကို သွေးကြောတွေပြတ်ထွက်မသွားရအောင်
ငါးအပြားလိုက်လွှာသလို နူးနူးညံ့ညံ့လှီးထုတ် ညင်ညင်သာသာကိုင်တွယ်

ပေါင်က ပါးကိုရောက်သွားတော့ မျက်စိလည်
သတ်မှတ်ချိန်အတွင်းမှာ ပေါင်ကပါးအဖြစ် အသွင်မပြောင်းနိုင်တဲ့အခါ
ပါးထဲကပေါင်ဟာ ပိုးဝင်ပြီးပုပ်သိုး

နောက်ဆုံးမှာ
ပေါင်မဟုတ် ပါးမဟုတ်ဘဝနဲ့
ပစ်ချခံလိုက်ရ

ပါးစောင်ဟောက်ပက်ကြီးကို ဖြည့်စွက်အစားထိုးဖို့
ပါးအသားအဖြစ် ပါးပါးနပ်နပ်နေရာယူနိုင်မယ့် အဘိုးကြီးရဲ့ကိုယ်ပေါ်က
ကောင်းနိုးရာရာအသားပါးပါးတွေကို ခွဲစိတ်ဆရာဝန်က ဆက်လက်ရွေးချယ်

လင်းဇင်ယော်
ကဗျာ့အသံ စုစည်းမှု (၄)





နိုင်ငံတော်လုပ်ကြံမှု





ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။ လမ်းခုလတ်။ ဂျစ်ကားဗုံးပေါက်ကွဲ။
လက်နက်ကိုင်များ အရိုးတစ်ခြားအသားတစ်ခြား တစ်ဖဲ့စီကျဆုံး။ ယမ်းငွေ့တလူလူဖုံးလွှမ်း။
ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။ လမ်းခုလတ်။ ဂျစ်ကားဘီးပေါက်။
လမ်းဘေးထိုးရပ်။ ပြန်လည်ပြင်ဆင်။ ဆက်လက်ထွက်ခွာ။ အတွင်းဝန်များရုံး။ အစည်းအဝေးခန်းမ။
ဝင်ရောက်စီးနင်းစဉ်လူသူမရှိ။ ချိန်ကိုက်ဗုံးပေါက်ကွဲ။ လက်နက်ကိုင်များ ခေါင်းတစ်ခြားကိုယ်တစ်ခြား
အတုံးလိုက်အရုံးလိုက်ကျဆုံး။ ယမ်းငွေ့တလူလူဖုံးလွှမ်း။ ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။
အတွင်းဝန်များရုံး။ အစည်းအဝေးခန်းမ။ ဝင်ရောက်စီးနင်း။ တန်ပြန်ပစ်ခတ်။ လက်ပစ်ဗုံးပေါက်ကွဲ။
လက်နက်ကိုင်များ အပေါက်ဝမှာတင် လက်နက်တစ်ခြားလူတစ်ခြား အထပ်လိုက်ကျဆုံး။
ယမ်းငွေ့တလူလူဖုံးလွှမ်း။ ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။
အစည်းအဝေးခန်းမ။ ဝင်ရောက်စီးနင်းစဉ် သေနတ်ကျည်မထွက်။ လက်နက်အမြန်ချပြီး
အပြန်အလှန်လုံးထွေးသတ်ပုတ်။ အင်အားချင်းမမျှ။ လက်နက်ကိုင်များအရေးနိမ့်။
ဂျစ်ကားဖြင့်ဆုတ်ခွာစဉ် လက်နက်ကြီးထိမှန်။ ဂျစ်ကားတစ်ခြားလူတစ်ခြား ပေါက်ကွဲလွင့်စင်။ ယမ်းငွေ့တလူလူဖုံးလွှမ်း။ ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။
အစည်းအဝေးခန်းမ။ ဝင်ရောက်စီးနင်းပစ်ခတ်။ အရေးကြီးပုဂ္ဂိုလ်များ အငိုက်မိကျည်သင့်လဲကျ။
ယမ်းငွေ့တလူလူဖုံးလွှမ်း။ လက်နက်ကိုင်လူတစ်စု။ ဂျစ်ကားတစ်စီးဖြင့် ပြန်လည်ထွက်ခွာ။
အစည်းအဝေးခန်းမ၌ လဲကျနေသူများ တစ်ယောက်ချင်းပြန်ထလာ။ က်ည္ကာအက်ႌ
ရင်ဘတ်၌ ကျည်ဆန်ရာများဇကာပေါက်ထ။ ယမ်းငွေ့တလူလူဖုံးလွှမ်း။
ဂျစ်ကားတစ်စီး။ လက်နက်ကိုင်လူတစ်စု။ အတွင်းဝန်များရုံး။ လမ်းခုလတ်၌
ဂျစ်ကားဗုံးမပေါက်ကွဲခင် အချိန်မီရှင်းလင်း။ အစည်းအဝေးခန်းမ၌ ချိန်ကိုက်ဗုံးမပေါက်ကွဲခင်
အချိန်မီရှင်းလင်း။ အလစ်ဝင်ရောက်စီးနင်း။ တန်ပြန်ပစ်သွင်းလိုက်သော လက်ပစ်ဗုံးများ
မပေါက်ကွဲခင် အချိန်မီရှင်းလင်း။ အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန်ဖြစ်ပွား။
အစည်းအဝေးခန်းမထဲမှပုဂ္ဂိုလ်များ တစ်ယောက်မကျန်လဲကျသေဆုံး။ ယမ်းငွေ့တလူလူ
ဖုံးလွှမ်း။ သွေးအိုင်ထဲမှသေဆုံးသူများကို ကြည့်ရှုစစ်ဆေး။ သေဆုံးသူများသည်
သေဒဏ်ချမှတ်ခံထားရသော ရာဇဝတ်သားများဖြစ်နေ။ လက်နက်ကိုင်လူတစ်စု
ဒီကွိုင်များနှင့် ကွိုင်အကြီးကြီးပတ်မိ။ ဂျစ်ကားတစ်စီးဖြင့် အချိန်မီပြန်လည်ဆုတ်ခွာ။
အတွင်းဝန်များရုံးမှ လက်နက်ကြီးဖြင့်ပစ်လွှတ်။ ဂျစ်ကားတစ်ခြား ကျည်ဆံတစ်ခြား။
ယမ်းငွေ့တလူလူဖုံးလွှမ်း။

လင်းဇင်ယော်
နှင်းဆီဖြူမဂ္ဂဇင်း - အောက်တိုဘာ၊ ၂၀၁၄။