Thursday, March 7, 2013

ဆေးရုံဟာတောင်ကုန်းပေါ်မှာ လည်ဆံတဖွားဖွားနဲ့ဆောင့်ကြောင့်ထိုင်



ဆေးရုံဟာ အလံတော်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား
ဆေးရုံဟာ နေပူပူမိုးရွာရွာ ညာလက်ကိုဖြန့်ခင်းထား
ဆေးရုံဟာ နေ့နေ့ညည ဘယ်လက်ကိုဆန့်ထုတ်ထား

ညနေစောင်းမှောင်လာရင် ဆေးရုံဟာ တစ်နေကုန်ငြိမ်သက်နေရာက ကုန်းရုန်းထလာ
မော်တော်ကားတစ်စီး ရှေ့မီးနှစ်လုံးဝင်းဝင်းတောက်အောင် တဂီးဂီးအော်ရင်း ဆေးရုံရဲ့ညာလက်တစ်လျှောက်
တွားတက်လာ ဆေးရုံဟာ လာသမျှအလွယ်တကူဝင်ထွက်လို့ရအောင် သူ့ပါးစပ်ကိုတစ်ညလုံးဟထား
အရေးပေါ်ခွဲစိတ်မှုတစ်ခုစတင်ဖို့အတွက် တောင်ကုန်းပေါ်ကဆေးရုံဟာ ညကြီးမင်းကြီး မျက်တောင်
တဖျတ်ဖျတ်ခတ် ဆေးရုံရဲ့လှေကားအတက်အဆင်းမှာ အရိပ်တွေ တရိပ်ရိပ်ရွေ့လျားတက်ဆင်း
ဆေးရုံဟာ ညတစ်ရေးနိုး သွေးတွေတစ်ထုပ်ပြီးတစ်ထုပ်ဖောက်သောက် ဆေးရုံဟာ တစ်ညလုံး
သူ့ခံတွင်းဝရောက်လာသမျှ တစ်ခုပြီးတစ်ခုကောက်မြိုချ

ဆေးရုံကို အဝေးကလှမ်းကြည့်ရင် တောင်ကုန်းပေါ်က မကောင်းဆိုးဝါးတစ်ကောင်

အရုဏ်တက်ချိန်ရောက်ရင် တစ်ညလုံးကောက်မြိုထားသမျှ အစာမကြေတဲ့ဆေးရုံဟာ လက်ထိုးအန်
ကုတင်၊ မွေ့ယာ၊ စောင်၊ ခေါင်းအုံး၊ ဖျာတွေ လက်ထိုးအန်
အိုးခွက်ပန်းကန်၊ ဇွန်းကြီးဇွန်းသေး၊ ဆီးအိုး၊ ရေသန့်ဘူး၊ ကျွဲရိုင်းဘူး၊ ကော်ဖီမစ်ထုပ်တွေ လက်ထိုးအန်
ဆေးလုံး၊ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ ဆေးပုလင်း၊ သွေးပုလင်း၊ အပ်တိုအပ်စတွေ လက်ထိုးအန်
ဘီရိုဟောင်း၊ သော့ခလောက်ဟောင်း၊ တံခါးရွက်အကျိုးအပဲ့၊ ထိုင်ခုံအကျိုးအပဲ့တွေ လက်ထိုးအန်
တစ်ပတ်ရစ် စက်ယန္တရားအကောင်းစားတွေ လက်ထိုးအန်
အောက်ဆီဂျင်အိုးကြီးတွေ တစ်လုံးပြီးတစ်လုံး လက်ထိုးအန်
မပြည့်စုံမှုတွေ လက်ထိုးအန် (ဒေါသတကြီးမြိုချထားတဲ့လက်ညှိုးတွေ

တစ်ချောင်းပြီးတစ်ချောင်း တဝေါ့ဝေါ့ပြန်ထွေးထုတ်
ဒေါသတကြီးမြိုချထားတဲ့မျက်လုံးတွေ တစ်လုံးပြီးတစ်လုံး

တဝေါ့ဝေါ့ပြန်ထွေးထုတ်) ဆေးရုံတစ်ရုံလုံးထွက်ကျလာအောင် အဆက်မပြတ်အန်
အမြှုပ်ထွက်အောင်အန် မျက်ရည်ထွက်အောင်အန် ဇောချွေးထွက်အောင်အန် သွေးတုံးသွေးခဲထွက်
အောင်အန် အသက်ထွက်လုမတတ်အန် ဘာတစ်ခုမှ ထပ်မထွက်နိုင်တော့တဲ့အထိ
အန်

နေထွက်လာတဲ့အခါ
ဆေးရုံဟာ တောင်ကုန်းပေါ်က တစက်စက်အရည်ပျော်ကျ

၂၀၁၃၊ မတ်။

No comments:

Post a Comment