Showing posts with label စကားပြေ. Show all posts
Showing posts with label စကားပြေ. Show all posts

Monday, November 30, 2015

မှန်ကူကွက်များ







(၁)
သော့ခလောက်တစ်ခုကို အလျင်စလိုဖွင့်နေသံ၊ ဖွင့်နေတဲ့သော့တွဲရဲ့ သော့ချောင်းချင်းရိုက်ခတ်သံ၊ သော့ပွင့်သွားတဲ့ တံခါး ကို အမြန်ပြန်ပိတ်လိုက်သံတွေက ရေအိမ်ထဲတစ်ယောက်ယောက်ဝင်သွားတယ်ဆိုတာ သိနိုင်တယ်။ ဒီအသံတွေက နေ့ တစ်နေ့မှာ ဒုတိယအများဆုံး ကြားရနိုင်တဲ့အသံတွေ။ အကယ်၍ သော့ခလောက်ကို အေးအေးဆေးဆေးဖွင့်နေမယ်၊ သော့ တွဲရဲ့သော့ချောင်းချင်းရိုက်သံကလည်း တချွင်ချွင်နဲ့ အဆက်မပြတ်မြည်နေမယ်၊ တံခါးအဖွင့်အပိတ်သံတွေကလည်း လေးလေးပင်ပင်ရှိနေမယ်ဆိုရင် ဒါဟာ ပါမောက္ခကြီးအခန်းတံခါးဖွင့်သံကလွဲပြီး အခြားမဖြစ်နိုင်။ ဒီတံခါးအဖွင့်အပိတ်သံက အများကြီး မကြားရတတ်ပေမယ့်လည်း ဂရုတစိုက် နားစိုက်ထောင်နေရတတ်တဲ့ အသံတွေ။ အသံတစ်ကြိမ် ထွက်လာရင် တံခါးဖွင့်ခြင်း။ အသံနှစ်ကြိမ်ထွက်လာရင် တံခါးပိတ်ခြင်း။ ဇီးရိုးနှင့်ဝမ်း။ ဘိုင်နရီ စစ္စတမ်။ ပါမောက္ခကြီးအခန်းတံခါး ပွင့်နေရင် ကျန်တဲ့အခန်းတံခါးတွေ ပိတ်နေတတ်တယ်။ ပါမောက္ခကြီးအခန်းတံခါးပိတ်သွားရင် ကျန်တဲ့အခန်းတံခါးတွေ ပွင့်လာသံကြားရတတ်တယ်။ သော့ချောင်းလှုပ်ခတ်သံမကြားရဘဲ သော့ခလောက်ပွင့်သံနဲ့ အခန်းတံခါးဖွင့်သံတွေပဲ ထွက် လာရင် လျှို့ဝှက်နံပါတ်နဲ့ဖွင့်ရတဲ့ ကျောင်းသားနားနေခန်းများ။ တိတ်ဆိတ်နေတတ်တဲ့ အခိုက်အတန့်တွေမှာ တဂျောက် ဂျောက် နံပါတ်နှိပ်သံတွေ ကြားရနိုင်တယ်။ အဲဒီအခန်းတွေဟာ နေ့လည်စာစားပြီးချိန်များမှာ အဆူညံဆုံး။ သော့ချောင်း လှုပ်သံလည်း မကြားရ၊ သော့ခလောက်ဖွင့်သံလည်း မကြားရဘဲ ဂျွီးခနဲ တံခါးပွင့်သံသက်သက်ပဲကြားရရင် ဒီအသံဟာ ဓာတ်လှေကားဆီကလွဲပြီး အခြားမဖြစ်နိုင်။ တံခါးပွင့်သံနဲ့အတူ စကားပြောသံတွေပါ တစ်ဆက်တည်းလိုက်ပါလာတတ် တယ်။ လူနာတင်လှည်းတွန်းသံနဲ့ တိုးတိုးညင်သာ ညည်းညူနေသံတွေလည်း မကြာခဏလိုက်ပါလာတတ်တယ်။ လျှပ်စစ် မီးရတဲ့အချိန်တွေနဲ့ ရုံးချိန်အတွင်းမှာ အများဆုံးကြားရတတ်တဲ့ အသံတွေပေါ့။

(၂)
နက်စ်ပလိန်းတစ်ခွက် တစ်ရာပဲပေးရသေးတဲ့ ၂၀၀၂ကာလတွေတုန်းက ညညဆို မေတ္တာလမ်းထောင့် ဦးတင့်ဇော် အဆောင်ကနေ လမ်းထဲလက်ဘက်ရည်ဆိုင်မှာ နက်စ်ပလိန်းတစ်ခွက်နဲ့ ရာစုသစ်တစ်ခွေလုံးနီးပါး ထိုင်နားထောင်ခဲ့ကြ တာတွေ သတိရမိပါသေးတယ် အို-ဒီဇင်ဘာ။ အဲဒီတုန်းက အားလုံးမတ်တပ်ရပ်ပေးလို့ရမလားလို့ပြောရင် တစ်ဆောင်လုံး မတ်တပ်ရပ်ပေးကြတာ။ လက်ခုပ်တီးပေးလို့ရောရမလားဆိုရင်လည်း တစ်ဆောင်လုံး တီးလိုက်ကြတာပဲ။ လက်ခုပ်သံတွေ တဖြိုးဖြိုး တဖျောက်ဖျောက်။ အဲဒီတုန်းက အဆောင်မှူးဒေါ်မိမိအေးရဲ့ ထမင်းချိုင့်ထဲက အသားတုံးတွေ ကြီးလိုက် ငယ်လိုက်နဲ့ ဖွင့်ကြည့်လိုက်တိုင်း ပဉ္စလက်ဆန်ပြနေခဲ့တာပေါ့။ အဲဒီတုန်းက စော်ဘွားကြီးအဆောင်မှာနေခဲ့ကြတဲ့ ကောင်မ လေး လေးယောက်ဟာ အခုဆို ကလေးအမေဖြစ်တဲ့သူကဖြစ်၊ အပျိုကြီးဖြစ်တဲ့သူကဖြစ်နဲ့။ လမ်းကြောင်း-၄ မှန်လုံ ဘတ်စ်ကားကြီး မမီလိုက်တဲ့နေ့တွေဆို စစ်လက်ကျန် အာတီစီနောက်မှာတွဲခိုပြီး မြေနီလမ်းတစ်လျှောက် ဖုန်မှုန့်တွေရှူရင်း ကျောင်းကို ရောက်မှန်းမသိ ရောက်ခဲ့ကြရတယ်။ ဖော်မလင်ကန်တွေကို စပ်စပ်စုစုလိုက်ဖွင့်ကြည့်ပြီး ဖော်မလင်စိမ်ထားတဲ့ ညိုမည်းမည်း အလောင်းသုံးလေးခုကို မရဲတရဲချောင်းကြည့်ကြ၊ ပြီးတော့ ဖော်မလင်မွှန်ချင်ယောင်ဆောင်ပြီး အမြန်ပြန် ပိတ်ခဲ့ကြ။ အခု ပထမနှစ်ဌာနတွေရှိတဲ့ဘက်က တစ်ရိပ်ရိပ်မိုးပြီး စိမ်းစိုဝေဖြာနေတဲ့အပင်တွေဟာ အဲဒီတုန်းက ခေါင်းငုံ့ပြီး လျှောက်မှ မြင်ခဲ့ရတာတွေလေ။ အဲဒီဘက်တွေမှာ လက်ချာလစ်ပြီးသွားထိုင်ကြတဲ့အခါ သိပ်မဝေးတဲ့ ထန်းပင်စုတွေဆီက နေ ပေါ်လိုက်ပျောက်လိုက် ခုန်လိုက်ပေါက်လိုက်နဲ့ ခြောက်သွေ့နေတဲ့လယ်ကွင်းကို ဖြတ်လျှောက်လာသူတွေကတော့ မြေမှုန်ဝါဝါတွေနဲ့ဖွဲ့စည်းထားတဲ့ ကတော့ချွန်လေပွေငယ်လေးတွေပဲပေါ့။

(၃)
အန်တီဖြူ ခေါင်းလေးတစ်ချက်ငုံ့၊ မျက်မှန်ကိုကျော်ပြီးစိုက်ကြည့်လိုက်ရင် ကျွန်တော်တို့မှာ မတ်တပ်အနေအထားနဲ့ အေးခဲ တောင့်တင်းသွားရစမြဲပါ။ ဟောက်စ်ဆာဂျင်ဘဝတုန်းက မနက်မနက် လူနာရောင်းမလှည့်ခင် ညတုန်းက အိပ်ငိုက်ငိုက်နဲ့ ရေးထားတဲ့ ရီပို့စာအုပ်ကြီးပိုက်ပြီး အန်တီဖြူ့ရုံးခန်းထဲမှာ ရီပို့ဖတ်ရပါတယ်။ အန်တီဖြူက ဟောက်စ်ဆာဂျင်ရေးတဲ့ ရီပို့ကို ပဲဖတ်ပါတယ်။ တာဝန်ကျဆရာဝန်ရေးတဲ့ ရီပို့ကတော့ ဆေးရုံအုပ်ကြီးဖတ်ပါတယ်။ ညတုန်းကတင်ထားတဲ့ လူနာတွေ၊ ပေးထားတဲ့ကုသချက်တွေကိုဖတ်။ လိုအပ်ချက်တွေထောက်ပြ။ ဆူစရာရှိဆူ။ ပွက်စရာရှိပွက်။ ရစ်စရာရှိရစ်။ ပြီးတော့မှ သူ့ရှေ့မှာ မျက်နှာငယ်လေးတွေနဲ့ ငေါင်တောင်တောင်ဖြစ်နေတဲ့ ဟောက်စ်ဆာဂျင်သုံးကောင်ကို မိန့်မိန့်ကြီးပြုံးကြည့်ရင်း စာစသင်ပါတော့တယ်။ အန်တီဖြူ့အခန်းထဲက ဝှိုက်ဘုတ်ပေါ်မှာရေးထားတဲ့ ဟောက်စ်ဆာဂျင်တွေတတ်ရမယ့် သင်ရိုး မကုန်မချင်း တစ်နေ့တစ်ခု သင်ပါတယ်။ တချို့ရက်တွေမှာ အင်္ဂလိပ်စာသင်ပါတယ်။ တချို့ရက်တွေမှာ စိတ်ကောက်ပါ တယ်။ တချို့ရက်တွေမှာ သူ့အိမ်က ကြောင်တွေအကြောင်း ပြောပါတယ်။ တချို့ရက်တွေမှာ သူ့စားပွဲပေါ်က အရွက်ညှိုးစ ပြုနေတဲ့ ပန်းပင်လေးကို ရေလောင်းပေးဖို့ ပြောပါတယ်။ ခရစ္စမတ်ရောက်ရင် သီချင်းဆိုခိုင်းပါတယ်။ နျူးယီးယားရောက်ရင် ကော့တေးဖျော်တိုက်ပါတယ်။ ဒုံးယိမ်းညသီချင်းဆိုရင် အရှေ့ထွက်ကပါတယ်။ ကမ်းရိုးတန်းမြို့လေးရဲ့ ဆေးရုံတစ်ရုံမှာ။

(၄)
အဲဒီ စော်ဘွားကြီးအဆောင်က ကောင်မလေး လေးယောက်ဟာ မနက်ကျောင်းသွားရင် စာအုပ်တွေအများကြီး သယ်လာ တတ်ကြပါတယ်။ အဲဒီနေ့ သင်မယ့်စာအုပ်တွေရော အဲဒီနေ့ မသင်တဲ့စာအုပ်တွေရောပေါ့။ ညနေ နောက်ဆုံးလက်ချာချိန် မပြီးခင် ဆယ်မိနစ်လောက် ကြိုလစ်ထွက်လာတတ်ကြပြီး စာသင်ဆောင်နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကျောင်းကားတွေ ပေါ်ပြေးတက်၊ လွယ်အိတ်ထဲပါသမျှစာအုပ်တွေနဲ့ ဒေါ်မိမိအေးအဆောင်သား ဆယ်ယောက်ကျော်အတွက် ခုံနေရာဦးပေး ခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက မှန်လုံခြောက်စီးလားပဲ ရှိပါသေးတယ်။ လမ်းကြောင်းက ငါးခု။ စုရပ်နေရာက ကွင်းပြင်ကြီးထဲ က သရက်ပင်ကြီးကြီးတစ်ပင်။ အဲဒီ သရက်ပင်ကိုပဲ ဝိုင်းပတ်ခြံရံပြီး ကျောင်းကားစောင့်ခဲ့ကြရတာ။ လမ်းကြောင်းလေးခုရဲ့ မှန်လုံကားကြီးတွေ အသီးသီးထွက်သွားပြီးရင် နောက်ထပ်ချီတက်လာကြတာကတော့ အာတီစီလို့ခေါ်ကြတဲ့ ရိန်းဂျားကား ကြီးတွေပါပဲ။ သရက်ပင်အောက်မှာ ပရွက်ဆိတ်အုံလိုစောင့်နေကြတဲ့ ကျောင်းသားအုပ်ကြီးဟာ ဖုန်လုံးကြီးတွေကြားထဲ တဂီးဂီးအော်ပြီး ချီတက်လာကြတဲ့ကားတွေကို မျှော်လင့်ခြင်းကန္တာရကွင်းပြင်ကမျှော်ကြည့်ရင်း ဘယ်ကားက ဘယ်လမ်း ကြောင်းနဲ့ပြန်မှာလဲဆိုတာ မှန်းဆတတ်ရပါတယ်။ ကိုပိန်မောင်းတဲ့ကားဆိုရင် လမ်းကြောင်း ၃ နဲ့ ၄ အဖြစ်များတတ်ပြီး ဦးရဲ ဆိုရင်တော့ လမ်းကြောင်း ၅ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အတည်တကျမရှိနိုင်သေးတဲ့ အဲဒီနေ့ရက်တွေမှာ ဘားသက်ကြီးရဲ့ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ခဲ့ပါတယ်။ ဘားသက်က ရွှီးခနဲ ဝီစီမှုတ်၊ လက်ညှိုးထိုးပြီး ‘သုံး’ လို့အော်ရင် ဘားသက်လက်ညှိုးတည့်တည့်ကကားဟာ လမ်းကြောင်း ၃ က မောင်းရပါတယ်။ ၄ မောင်းခိုင်းလို့ မရပါဘူး။ ဘားသက်မျက်နှာကြည့်ရင်း၊ ဝီစီသံနားထောင်ရင်း အဆောင်ပြန်ခဲ့ကြရတဲ့ နေ့ရက်များပါပဲ။ ကမ္ဘာဦးလူတွေ အုပ်စုဖွဲ့ပြီး အမဲလိုက်ခဲ့ကြသလို ကျောင်းကားစီးခဲ့ကြရတဲ့ နေ့ရက်များပေါ့။

(၅)
ပလတ်စတစ်ပိတ်ထားတဲ့ ဂျယ်လီခွက်ပေါ်ကို အာထရာဆောင်းထောက်လိုက်တော့ အထဲမှာရှိချင်သလိုရှိနေကြတဲ့ သစ်သီးတုံး သုံးလေးခုဟာ မော်နီတာမျက်နှာပြင်ပေါ်မှာ အဖြူရောင်လေးထောင့်တုံးလေးတွေအဖြစ်နဲ့ ပေါ်လာကြတယ်။ လက်တစ်ဘက်နဲ့ အာထရာဆောင်းလက်ကိုင်ကို ငြိမ်အောင်ထောက်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ဆေးထိုးအပ်ကို အသင့်အနေအထားဖြစ်အောင် ကိုင်လိုက်တယ်။ လှုပ်ရှားနေတဲ့စိတ်တွေ တည်ငြိမ်သွားအောင် ခဏစောင့်ပြီး အပ်ကို အာထရာဆောင်းထောက်ထားတဲ့ အောက်နားကနေကပ်ပြီး ဂျယ်လီခွက်ထဲကို အသာထိုးထည့်လိုက်တယ်။ ဝင်သွားတဲ့ အပ်ဖျားဟာ အဖြူရောင်အချောင်းလေးအဖြစ်နဲ့ မော်နီတာပေါ်မှာ လှုပ်စိလှုပ်စိ ပေါ်လာတယ်။ အပ်ဖျားက သွားချင်တဲ့ နေရာကို မရောက်သေးဘူး။ လက်ကိုငြိမ်အောင်ထားပြီး နည်းနည်းထပ်ထိုးလိုက်မှ အပ်ဖျားဟာ အထဲရှိတဲ့ သစ်သီးတုံးထဲ စိုက်ဝင်သွားတာကို မော်နီတာပေါ်မှာ မြင်ရတယ်။ ဆရင်းနောက်ပိတ်ကို စုပ်လျက်သားနဲ့ အပ်ကိုအသာပြန်ဆွဲထုတ်ပြီး နောက်တစ်ချက်ပြန်ထိုးတယ်။ နှစ်ချက် သုံးချက်လောက် မိမိရရထိုးပြီးသွားတော့မှ အပ်ကို ဂျယ်လီခွက်ထဲကနေ ပြန်ဆွဲ ထုတ်လိုက်တယ်။ ပြီးတော့ အပ်ကိုအသာဖြုတ်။ ဆရင်းထဲလေစုပ်။ အပ်ပြန်တပ်ပြီး အသင့်ဖြန့်ခင်းထားတဲ့ တစ်ရှူးစပေါ် မှုတ်ထုတ်လိုက်တော့ အပ်ထဲမှာပါလာတဲ့ သစ်သီးစဝါဝါလေးတွေ ထွက်လာတယ်။ ကွန်ဂရက်ကျူလေးရှင်းဆိုပြီး သင်တန်း နည်းပြက လက်ခုပ်တီးအားပေးတယ်။ ပြီးတော့ နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပြီလားတဲ့။ ရယ်ဒီပဲဆိုတော့ သူက မော်နီတာပေါ်မှာ အပေါ်အောက်ကပ်လျက်ရှိနေတဲ့ သစ်သီးတုံးလေးနှစ်တုံးကို လက်နဲ့ထောက်ပြပြီး အပေါ်ကအတုံးကို လည်ပင်းသွေးကြောမကြီးလို့ မှတ်ယူလိုက်ပါတဲ့။ သူ့ကို မထိစေဘဲ အောက်ကအတုံးကို ရအောင်ထိုးပါတဲ့။ ပြုံးရင်းပြော တယ်။ သူ့အပြုံးရဲ့ရိုက်ခတ်မှုကြောင့် အသံလွန်လှိုင်းတွေလိုပဲ မသိမသာတုန်ခါလာတဲ့လက်တွေကို ငြိမ်အောင်ထိန်းချုပ်ပြီး အာထရာဆောင်းပြန်ထောက်တယ်။ စိတ်ကြိုက်မြင်ကွင်းရတော့မှ စောစောကလိုပဲ ကျန်တဲ့လက်တစ်ဘက်နဲ့ အပ်ကိုထိုး ထည့်လိုက်တယ်။ အပ်ဖျားက မော်နီတာပေါ်မှာ ပေါ်တစ်ချက် ပျောက်တစ်ချက်နဲ့။ လက်ကလည်း မသိမသာတုန်နေရာက သိသိသာသာတုန်လာတယ်။ ဇွတ်ထိုးထည့်မယ်လုပ်တော့ သင်တန်းနည်းပြက အပ်ဖျားကို မမြင်ဘဲမထိုးရဘူးတဲ့။ တားမြစ် တယ်။ ဒါနဲ့ အပ်ကို အပြင်ပြန်ဆွဲထုတ်။ တည်ငြိမ်အောင်ပြန်ကြိုးစားတယ်။ မကြောက်နဲ့။ အဲဒါ လည်ပင်းသွေးကြော မဟုတ်ဘူး။ သစ်သီးတုံးပါကွာ။ ကိုယ့်ဟာကိုယ်အားပေးရင်း အပ်ကို ဂျယ်လီခွက်ထဲ အသာထိုးထည့်လိုက်တယ်။ အပ်ဖျား ကို မော်နီတာပေါ်မှာ မြင်နေရတယ်။ နည်းနည်းထပ်ထိုးထည့်တယ်။ အပ်ဖျားကို မြင်နေရတုန်းပဲ။ ထပ်ထိုးတယ်။ အပ်ဖျား ဟာ ပျောက်မသွားဘူး။ အပေါ်တုံးနားမှာ အပ်ဖျားက လှုပ်စိလှုပ်စိနဲ့။ ဝဲနေတယ်။ အပ်လမ်းကြောင်းကို လွတ်လွတ် ကျွတ်ကျွတ်ဖြစ်အောင် ချိန်ပြီးထပ်ထိုးလိုက်တော့ အပ်ဖျားဟာ အပေါ်တုံးအဖျားနဲ့ငြိပြီးမှ အောက်အတုံးထဲကို စိုက်ဝင်သွား တယ်။

(၆)
ကလေးမွေးပြီးလို့ ဆေးရုံဆင်းခါနီးကျရင် အမေတွေက လက်တစ်ဘက်က ကလေးကိုပိုက်၊ နောက်တစ်ဘက်က တရော် ကင်ပွန်းခွက်လေးကိုင်ပြီး ကလေးခေါင်းဆေးပေးချင်လို့ပါဆိုပြီး ရောက်လာတတ်ကြတယ်။ အဲဒီအခါကျ ကလေးအမေ လက်ထဲက အနှီးထုပ်လေးအသာဖြည်ချပြီး အမေ့ရင်ငွေ့နဲ့အိပ်ပျော်နေတဲ့ မွေးကင်းစလေးရဲ့ ဆံစ၊ လက်ဖဝါး၊ ခြေဖဝါးလေး တွေကို စောစောက တရော်ကင်ပွန်းရည်လေးနဲ့ အသာသပ်ချပေးရင်း ဆုတောင်းမေတ္တာစာတွေ မရွတ်တတ်ရွတ်တတ်နဲ့ ရွတ်ရပါတယ်။ ငယ်ထိပ်စိုသွားလို့ ကလေးက ခွီးခနဲ နှာထချေတဲ့အခါမျိုးကျတော့လည်း ဖြည်ထားတဲ့အနှီးကို ကပျာကယာ ပြန်ထုပ်ပေးပြီး သူ့အမေလက်ထဲ အမြန်ပြန်ထိုးထည့်ပေးရတာပေါ့။ အဲဒါတွေပြီးရင် ဆေးရုံက ဆရာ၊ ဆရာမတွေစားဖို့ ဆိုပြီး ကလေးအမေနဲ့ ဆွေမျိုးသားချင်းတစ်သိုက်က မုန့်ပဲသွားရည်စာတွေ ပေးခဲ့တတ်ကြပါတယ်။ ငှက်ပျောသီးအဖီးလိုက် တွေဟာ ကလေးပြေးမွေးလိုက်၊ အမောပြေစားလိုက်နဲ့ဆိုတော့ တစ်ရက်တောင် အနိုင်နိုင်ရယ်။ နောက် တစ်လကျော် ကျော်လောက်ကြာရင် ဒါဆရာ့သားလေ၊ ဒါဆရာသမီးလေဆိုပြီး သန္ဓေတားဆေးလာထိုးရင်း၊ ကလေးလာပြရင်း ပြန် ရောက်လာတတ်ကြပါတယ်။ အသည်းအသန် ခဲမှန်လုပ်ထားခဲ့ရတဲ့ ပေါင်မပြည့်၊ လမစေ့လေးတွေ အမေနို့ရည်တန်ခိုးနဲ့ ဝတုတ်ပြဲလေးတွေဖြစ်လာရင်တော့ ဒါ ကျွန်တော့သားလေးလားဆိုပြီး သူတို့မပြောသေးခင် ဦးအောင်မေးမိပါတော့တယ်။

(၇)
ဖူဂျီဆပ်ပြာခရင်ကို ဘတ်ခနဲ ကလော်သုတ်ပြီး ဘရပ်ရှ်နဲ့တဗျင်းဗျင်း တိုက်ချွတ်လျှော်ဖွပ်ထားတဲ့ ဂျင်းဘောင်းဘီတွေလို အဟောင်းမြန်ခဲ့တဲ့နေ့ရက်များ။ ညနေကျောင်းပြန်ချိန် အဆောင်ဘေးမှာ ဆိုင်လာခင်းတတ်တဲ့ ကြာဇံကြော်နဲ့ ဝက်သား တုတ်ထိုးဆိုင်က အထူးမှာစားခဲ့ကြရတဲ့ တစ်လုံးငါးဆယ်တန် ဝက်မျက်လုံးများ။ ဆောင်းဘောက်စ်ထဲက သီချင်းသံတွေ ထိရှခံရပြီး ကွဲအက်ထွက်ကျခဲ့ကြတဲ့ လက်ဘက်ရည်ဆိုင်အကြမ်းပန်ကန်လုံးထဲက ကြက်ဥကာကျက်များ။ ထမင်းပုံစား တစ်နပ် နှစ်ရာ့ငါးဆယ်ပဲပေးရသေးတဲ့ မေတ္တာလမ်းထိပ်က အောင်ချမ်းသာထမင်းဆိုင်ရယ်၊ သူနဲ့မနီးမဝေးမှာရှိတဲ့ လွင်မိုး ဆိုတဲ့ဆံပင်ညှပ်ဆိုင်က ဒိုးလုံးနဲ့တူတဲ့အရပ်ပုပုလူရယ်၊ မင်းသိင်္ခဝတ္ထုတွေ ကြိုက်တတ်တဲ့ ဦးတင့်ဇော်အဆောင်က ကွမ်း တမြုံ့မြုံ့ကိုကျော်ရယ်၊ နေ့စဉ်လိုလိုနည်းမျိုးစုံနဲ့ ဖြတ်သန်းခဲ့ကြရတဲ့ ဧရာဝတီတံတားကြီးရယ်၊ ဝမ်းစတားက ငှားဖတ်ပြီး ကြိုက်လွန်းလို့ ပြန်မအပ်ခဲ့တဲ့ တာရာမင်းဝေဝတ္ထုတွေရယ်၊ ကြက်သွန်ဖြူကို ဓားပြားနဲ့ရိုက်လိုက်တာ ပြားသွားရောဆိုတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ ငမောင်ရယ်၊ တစ်ဆောင်လုံး အပြိုင်အဆိုင် ဝယ်စီးခဲ့ကြတဲ့ ရောင်စုံ scholl ဖိနပ်ထူထူတွေရယ်၊ အဆောင်မှာ လူမျိုးမရွေး၊ ဘာသာမရွေး ခြောက်တတ်တဲ့ သရဲလိုလို ဘာလိုလိုကြီးရယ်၊ အွန်စောနဲ့တူတယ်ဆိုတဲ့ ကောင်မလေးနှစ်ယောက်ရယ်။

(၈)
ဂျူတီချိန်မှာ အရေးပေါ်ကို လူတစ်ယောက်ဝင်လာတယ်။ နား ပြချင်လို့ပါတဲ့။ ဒီက မဟုတ်ပါဘူး။ ခရီးသွားရင်း လမ်းကြုံ လို့ပါတဲ့။ အင်း နားက ဘာဖြစ်လို့တုန်းဆိုတော့ အရည်တွေထွက်နေလို့ပါတဲ့။ ဆရာမတွေက နားပြည်ယိုတာ ပြင်ပလူနာမှာ ပြရမှာလို့ပြောပေမယ့်လည်း မသွားသေးဘဲရပ်နေတာနဲ့ နားကိုက်သေးလားလို့ မေးလိုက်တယ်။ နည်းနည်းကိုက်တယ်တဲ့။ အင်း ဒါဆိုလည်းလာ ကြည့်ပေးမယ်ဆိုတော့ လူနာက ကျွန်တော်မဟုတ်ဘူး။ လူနာက ဆေးရုံအောက်က ကန်တီးမှာ ထမင်းစားနေလို့ ကျွန်တော်က အရင် စာရင်းလာပေးတာပါတဲ့။ တအောင့်လောက်နေတော့ လူနာဆိုတဲ့သူကို ခေါ်လာကြ တယ်။ စွပ်ကျယ်လက်ပြတ်နဲ့ အသက်အစိတ်ဝန်းကျင်လောက်ရှိမယ်။ ရောက်ရောက်ချင်းပဲ သူက နောက်မှကြည့်ပေးလို့ မရဘူးလား။ ကျွန်တော်လက်သည်းညှပ်နေတာ မပြီးသေးလို့တဲ့။ ဘာပြောရမှန်းမသိဖြစ်နေတုန်း စောစောကလာမေးတဲ့ လူကြီးက ဆရာ သူ့ကို ရွာသာကြီးကပြန်ခေါ်လာတာ မကြာသေးဘူးတဲ့။ အတူပါလာတဲ့ မိန်းမကြီးတစ်ယောက်က ဟဲ့ အရင်ပြလိုက်လေ။ လက်သည်းက နောက်မှညှပ်တဲ့။ လူနာက လက်သည်းညှပ်ကိုင်ရင်း ခပ်တွေတွေစိုက်ကြည့်ပြီး ရပ်နေ တယ်။ ဆရာမတွေလည်း ဘာလုပ်ပေးရမှန်မသိတော့။ ကဲ ကဲ လက်သည်းအရင်ပြီးအောင်ညှပ်ပြီးမှ လာပြပါလို့ ပြော လိုက်ရတော့တယ်။ တော်ကြာ ကိုယ်က သူ့နားရွက်ဖြဲကြည့်နေတုန်း တစ်ခုခု ထလုပ်နေမှဖြင့်။ လူနာကတော့ ဝမ်းသာ အားရနဲ့ ဆေးရုံရှေ့မှာ သူ့လက်သည်းတွေ စိမ်ပြေနပြေညှပ်နေတော့တယ်။ အဲဒီအချိန်တုန်းက ဗမာသရဲကားတွေထဲကလို မိုးတွေကလည်းရွာ။ မီးကလည်း ပျက်နေသေးတယ်လေ။

(၉)
ခေတ္တာလမ်းအဆောင်ရောက်တော့ လမကုန်ခင် အဆောင်လခ လာလာတောင်းတတ်တဲ့ ဒေါ်ညွန့်ကြီး နောက်မလာရဲ အောင် အရိုးတွေရေဆေးပြီး အဆောင်ရှေ့ထုတ်လှန်းထားခဲ့ဖူးတယ်။ အဲဒီတုန်းက နီမောကူးမားရ်တီးတဲ့ ဗုံသံဟာ မနက် တိုင်းကြားခဲ့ရတဲ့ သည်မောင့်လက်သံ ဒေါင်ဒေါင်လန်တွေ။ ဆီတွေရွှဲလက်နေတဲ့ တစ်ချောင်း တစ်ရာ့ငါးဆယ်တန် အမဲညှင်းချောင်းတုတ်တုတ်ကြီးတွေနဲ့ သုခိတာထမင်းသုတ်ဟာ မြိန်ရည်ယှက်ရည်ပဲ။ လမ်းထိပ်က ကွန်ပျူတာဂိမ်းဆိုင်မှာ ညလုံးပေါက် စစ်တိုက်ကြ၊ မိုးလင်းခါနီးမှ အဆောင်ပြန်လာ၊ မအိပ်နိုင်ကြသေးဘဲ ငါဘယ်လိုလုပ်လိုက်တာ ဟိုကောင့် တရုတ်မ ဘယ်လိုဖြစ်သွားတာဆိုပြီး လေနဲ့ထပ်တိုက်ကြ၊ ဖိုင်နယ်စာမေးပွဲရက်တွေတောင် အလွတ်မပေးဘဲ တစ်နာရီရရ တစ်နာရီ ပြေးဆော့ခဲ့ကြတဲ့ ဂိမ်းကစားသူများနေ့ရက်တွေ။ ဒေါ်ညွန့်ကြီး သူ့အဆောင်တံခါးကို ဘယ်သော့ခလောက်နဲ့ပဲ ခတ်ခတ် အချိန်တန်ရင် ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်နေခဲ့ကြတာပဲ။ ခေါင်းအုံးအောက်ကနေ လက်မမဲကြီးတွေထောင် ပြီး ထွက်ထွက်လာတတ်ကြတဲ့ ကင်းမြီးကောက်တွေလို။

လင်းဇင်ယော်
IDEA Magazine - 2015, December.

Sunday, February 1, 2015

ကီးလွိုက်



ကြာလှပြီ။ အဲဒီ ကီးလွိုက်ကြီး။ ရင်ဘတ်ပေါ်မှာရှိနေခဲ့တာ။ ဆယ့်ငါးနှစ်။ တစ်ရက်မှမေ့လို့မရဘူး။ လိပ်ပြာကြီးတစ်ကောင် တောင်ပံဖြန့်ပြီးကပ်နေသလိုမျိုး။ ညိုမည်းမည်း။ ထူပိန်းပိန်း။ ဖုထစ်ထစ်။ ရင်အုံနှစ်ဖက်လုံးကို ဆွဲဆုပ်ဖျစ်ညှစ်ထားတာ။ တစ်ခါတစ်ခါ အသက်တောင် ဘယ်လိုရှူရမှန်းမသိဘူး။ နာလွန်းလို့။ ဘယ်လိုဖြစ်လာတယ်ဆိုတာတော့ အတိအကျ မမှတ်မိတော့ဘူး။ အမာရွတ်ကနေ တဖြည်းဖြည်းဖြစ်လာတာပဲ။ ပုခုံးတို့၊ တံတောင်ဆစ်တို့၊ ဒူးခေါင်းတို့မှာလည်း ကီးလွိုက် သေးသေးလေးတွေ ရှိသေးတယ်။ ဒါပေမယ့် ရင်ဘတ်က ဒီလိပ်ပြာကောင်ကြီးက ဒုက္ခအပေးဆုံးပဲ။ ခွဲဖူးတာပေါ့။ လှီးဖူး တာပေါ့။ ဖြတ်ဖူးတာပေါ့။ ဒါပေမယ့် ဒီကောင်ကြီးက အသက်တော်တော်ပြင်းတယ်။ ခွဲပြီးခဏပဲငြိမ်သွားတယ်။ တစ်လ၊ နှစ်လလောက်ကြာရင် ပြန်ထလာပြန်ရော။ အဲဒီအခါကျ သူ့ကိုလုပ်ထားတဲ့အညှိုးနဲ့ အရင်ကထက်တောင် ပိုပိုပြီး ကြီးလာ လိုက်တာ။ ပွားလာလိုက်တာ။ ထွားလာလိုက်တာ။ အခုမြင်တဲ့အတိုင်းပဲ။ ရင်ဘတ်တစ်ပြင်လုံး ပြည့်တော့မယ်။ နေ့စဉ်နဲ့ အမျှ ပေးလာခဲ့တဲ့ဒုက္ခ။ တစ်စက္ကန့်မှ စိတ်မအေးရဘူး။ နာကျင်မှု။ ကိုက်ခဲမှု။ ပိုးဝင်လိုက်။ ပြည်ထွက်လိုက်နဲ့။ ကြာတော့ စိတ်ဓာတ်တွေပါကျ။ စိတ်ရောဂါဆရာဝန်နဲ့တောင် ပြရတော့မလိုလို။ ကင်ဆာလည်းမဟုတ်ဘူး။ ကင်ဆာဖြစ်လိုက်တာက မှ ကောင်းဦးမယ်။ သူမသေလည်း ကိုယ်သေပေါ့။ ပြတ်ရော။ ခုတော့။ ဒီလိပ်ပြာကောင်ကြီး တောင်ပံတစ်ချက်ခတ်လိုက် တိုင်း ကျွန်တော့်မှာ နာကျင်ဆင်းရဲခြင်းဗရပွနဲ့ ကစဥ့်ကလျား ဖြစ်ကျန်ရစ်ခဲ့ရတာချည်းပဲ။ နာမည်ကတော့ ခေါ်လို့ကောင်း တယ်။ ကီးလွိုက်။

လူရှေ့သူရှေ့မှာများ အင်္ကျီချွတ်မိလိုက်လို့ကတော့ တွေ့သမျှမြင်သမျှလူတွေရဲ့ မဆုံးနိုင်တဲ့ မေးမြန်းစူးစမ်းခြင်းတွေကို ဖြေပေရော့ပဲ။ အဲဒါဘာကြီးလဲဟင်။ ဘယ်လိုဖြစ်တာလဲ။ နာသလား။ ဆရာဝန်မပြဘူးလား။ ခွဲထုတ်လိုက်လေ။ ဒီမှာမရရင် နိုင်ငံခြားသွားကုပေါ့။ ဆေးထိုးလို့ရတယ်လို့ကြားဖူးတယ်။ စိတ်မညစ်ပါနဲ့။ အသည်းယားစရာကြီး။ ကိုင်ကြည့်မယ်နော်။ ကလေးတွေဆိုရင် ဒါကြီးမြင်တာနဲ့ ကြောက်ပြီးငိုတော့တာပဲ။ ကမ်းခြေတွေရောက်တိုင်း ဘယ်တော့မှ အင်္ကျီချွတ်ပြီး ရေကူး လို့မရဘူး။ ဒီကောင်ပေးတဲ့ အကျိုးဆက်တွေ။ အဆိုးဆုံးကတော့ ရည်းစားနဲ့ချိန်းတွေ့တဲ့အချိန်ပဲ။ ကီးလွိုက်ကို သူ့ လက်သည်းနဲ့ ထိုးရင်းဆိတ်ရင်း ရာဇဝင်ပြန်လှန်နေတာနဲ့ပဲ လိုရင်းမရောက်တော့ဘူး။ တွေးမိတိုင်း ဒေါသက ကျောမအထိ တက်လိုက်လာတယ်။ ဒေါပွလာတိုင်း နီးရာဓားတစ်ချောင်းယူပြီး လှီးထုတ်ပစ်လိုက်ချင်စိတ်တွေက တဖွားဖွားပဲ။ ပြီးရင် ပွက်ပွက်ဆူနေတဲ့ ဆီပူအိုးထဲထည့်ကြော်ပြီး စားပစ်လိုက်ရမလား။ ဘလန်ဒါထဲထည့်ချေပြီး သကြားနဲ့ခေါက်သောက်ပစ်ရ မလား။ နုတ်နုတ်စင်း သံပုရာသီညှစ်ပြီး အစိမ်းလိုက်သုတ်စားပစ်ရမလား။ အဲသလောက်အထိ။ မိုက်မိုက်ကန်းကန်း လုပ်ပစ်လိုက်ချင်တာ။ ဒီကောင်။ ကီးလွိုက်။ တစ်ခါ ပြည်တည်ပြီး ရောင်ရမ်းလာတုန်းက ကိုက်ခဲလွန်းလို့မနေနိုင်တာနဲ့ ဘရိတ်ဓားတစ်ချောင်းယူ မှန်ရှေ့ရပ်ပြီး ကိုယ့်ရင်ဘတ်ကိုယ် ဇွိခနဲ လှီးချလိုက်တယ်။ ပြည်တွေ။ သွေးတွေ။ ပန်းထွက် လာလိုက်တာမှ။ ရင်ဘတ်တစ်ခုလုံး မြင်လို့တောင်မကောင်းဘူး။

ခွဲလိုက်၊ ပြန်ဖြစ်လိုက်၊ ပိုဆိုးလာလိုက်နဲ့ဆိုတော့ ဆရာဝန်တွေလည်း ထပ်မထိရဲတော့ဘူး။ ဒီလိုပဲ။ အချိန်တန်လာရင် ဒီကောင်နှိပ်စက်တာကို အံကြိတ်ခံရင်း နေလာလိုက်တာ။ ကြာတော့ နာကျင်မှုတွေနဲ့ အသားကျလာပြီး မသိစိတ်ထဲကနေ သံယောဇဉ်တောင် ဖြစ်ချင်လာသလိုပဲ။ မနာမကျင်ရတဲ့နေ့တွေဆို နေလို့ထိုင်လို့မကောင်းချင်ဘူး။ မနေနိုင်တဲ့အခါမျိုးဆို ရင်တော့ ကိုယ့်ကီးလွိုက်ကိုယ် အပ်တစ်ချောင်းနဲ့ထိုးဆွရင်း နာအောင်လုပ်နေရတယ်။ နာကျင်မှုကို သာယာတာများ ဖြစ်နေလေမလား။ စဉ်းစားရင်း ရူးချင်လာတယ်။ ဒီကောင်။ ကီးလွိုက်။ နေနှင့်ဦးပေါ့။ နည်းကောင်းလမ်းကောင်းတွေ ပေါ်လာလို့ကတော့ တစ်မှုန်တစ်စမကျန်အောင်ကို လှီးထုတ်ပစ်မယ်။ ကြိမ်းဝါးရင်း။ အသက်တွေပဲ ကြီးလာတယ်။ သူက တော့ ရင်ဘတ်ပေါ်မှာ ပမာမခန့်ကြီး ရှိနေတုန်းပဲ။ တစ်ခါတလေကျတော့လည်း စဉ်းစားမိတယ်။ ဒီလိပ်ပြာကောင်ကြီးက တကယ်များ အသက်ဝင်နေတာလား။ အဲဒါ ငါ့လိပ်ပြာများလား။ ငါ့လိပ်ပြာဆိုရင်တော့ ဒီကောင် တော်တော်အရုပ်ဆိုးတာ ပဲ။ ဒီကောင်ကြီးလှီးထုတ်လိုက်ရင် ငါ့လိပ်ပြာပါရောယောင်ပြီး လွင့်ထွက်သွားမလား။ ဒီအတိုင်းထားလိုက်တာပဲ ကောင်း မယ်ထင်တယ်။ အတွေးများ။ မချစ်ဘဲနဲ့ အောင့်နမ်းလာခဲ့ရတာ။ ဆယ့်ငါးနှစ်။ ဆယ့်ငါးနှစ်။
*

ဆရာခွဲပေးထားတဲ့ ကီးလွိုက်တွေ ပြန်မဖြစ်ဘူးဆို။ ကြားရတာ ဝမ်းသာစရာပဲ။ ဘာပဲဖြစ်ဖြစ်။ လုပ်မယ်။ ဒီကောင်နှိပ်စက် ထားလို့ ရင်ဘတ်တစ်ခုလုံးလည်း မွနေပြီ။ စိတ်ဓာတ်တွေလည်း ဇောက်ထိုးမိုးမျှော်နေပြီ။ ပြန်မဖြစ်ရင် အမြတ်။ ပြန်ဖြစ်လာ တော့လည်း အရင်းပေါ့။ တွေ့ကြသေးတာပေါ့။ ကီးလွိုက်ဆိုတဲ့အကောင်။ ဒီတစ်ခါတော့ ဒီကောင်ကိစ္စတုံးပဲ။ စိတ်ထဲက အလိုလိုသိနေတယ်။ ဒါနောက်ဆုံးပဲဆိုတာ။ ခွဲခန်းဝတ်စုံဝတ်လိုက်တော့ ရှေ့တန်းစစ်မျက်နှာကို ချီတက်ရတော့မယ့် စစ်သူ ကြီးတစ်ယောက်လိုပဲ။ ခန္ဓာကိုယ်ထဲ လှည့်ပတ်နေတဲ့သွေးတွေ တစ်စက်မကျန် ပွက်ပွက်ဆူလာတယ်။ နှလုံးခုန်နှုန်းတွေ တဒိန်းဒိန်းနဲ့။ စိတ်က လှုပ်ရှားနေတာလား၊ တက်ကြွနေတာလား။ မဝေခွဲတတ်တော့ဘူး။ ခြေလှမ်းတွေက လေထဲလှမ်းနေ ရသလို။ ခွဲစိတ်ခုတင်ပေါ်တက်လိုက်တာနဲ့ အာဇာနည်းမြင်းတစ်ကောင်ရဲ့ ကျောပေါ်ခွလိုက်ရသလိုမျိုး။ မမြင်ရတဲ့စွမ်းအား တစ်ခုက ခုတင်မျက်နှာပြင်ကနေ ကိုယ့်ကျောပြင်ထဲ ဖျင်းခနဲ စိမ့်ခနဲ စီးဝင်သွားသလို။ ဒါပေမယ့် အဲဒီစွမ်းအားက ကိုယ်ထဲ ရောက်တော့ နှစ်ခြမ်းကွဲထွက်သွားပြီး ကီးလွိုက်ထဲတစ်ခြမ်း၊ ကိုယ်ကတစ်ခြမ်း ခွဲဝေပေးလိုက်ရသလို။ မလွယ်ဘူး။ သွေး ထွက်သံယိုများနိုင်တယ်။ တွေးမိတော့ စောစောက တက်ကြွစိတ်တွေဟာ စိုးရိမ်စိတ်အဖြစ်။ အသွင်ပြောင်း။

ခုတင်ပေါ်လှဲချလိုက်တာနဲ့ မျက်နှာကျက်မီးဆိုင်းကြီးက ဗြန်းခနဲ စူးခနဲ လင်းထွက်လာတယ်။ ဆရာဝန်က ရင်ဘတ်ကို ဆွဲလှန်လိုက်ပြီး ကီးလွိုက်ကို ကိုင်ကြည့်နေတယ်။ သူ့မျက်မှန်မှာ အရိပ်ထင်နေတဲ့ ကီးလွိုက်ကြီးကတော့ လက်ခမောင်း ခတ်ပြီး စိန်ခေါ်နေတယ်။ လာလေ။ လုပ်ကြည့်လိုက်လေ။ သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့။ ဟုတ်လားနဲ့။ ရင်ဘတ်ပေါ် ခွထိုင်ပြီး ဟိန်းဟောက်နေတယ်။ ဆရာဝန်ကတော့ ကြားမှာမဟုတ်ဘူး။ သူလုပ်စရာရှိတာတွေ ဆက်တိုက်လုပ်နေတယ်။ ပိုးသတ်ဆေးရည်တွေနဲ့ ကီးလွိုက်ကို သေသေချာချာ ဆေးကြောတယ်။ ဆေးရည်နံ့တွေ နှာခေါင်းဝမှာ မွှန်တက်လာလို့ အသက်အောင့် ထားလိုက်ရတယ်။ ပြီးတော့ ကီးလွိုက်ပတ်ပတ်လည်ကို ထုံဆေးတွေ တစ်လုံးပြီးတစ်လုံး ထိုးထည့်လိုက် တယ်။ စစ်ခနဲ။ စစ်ခနဲ။ ကိုယ်နာရင် ဒီကောင်လည်းနာမှာပဲဆိုတဲ့စိတ်နဲ့ အောင့်ခံထားတယ်။ မှတ်ပလားကွ။ ကီးလွိုက်။ ဒါအစပဲရှိသေးတယ်။ စိတ်ထဲကနေ ပြန်ဟောက်လိုက်တယ်။ ဆရာမက မျက်လုံးကို ပုဝါနဲ့အုပ်မယ်လုပ်တော့ ကမန်း ကတန်း တောင်းပန်လိုက်ရတယ်။ နှစ်ပေါင်းများစွာ အနိုင်ယူလာခဲ့တဲ့ မကောင်းဆိုးဝါးကောင်ရဲ့ရှုံးပွဲကို ကြည့်ချင်လို့ပါ ဆရာမရယ်လို့။ ကြည့်ချင်သပဆိုလည်း ကြည့်ပေါ့ရှင်တဲ့။ ပြောပြီး ပုဝါပြန်သိမ်းသွားလိုက်တယ်။ ပုဝါမကူ ရေမရှူကြေးပေါ့။ တွေးနေတုန်း ရုတ်တရက် အာခေါင်တွေခြောက်ပြီး ရေငတ်လာလို့ ရေနည်းနည်းလောက် အရေးပေါ်တောင်းသောက်လိုက် ရသေးတယ်။ ခွဲစိတ်ဆရာဝန်ကတော့ ဒီလူနာ ဂနာမငြိမ်ဖြစ်နေတယ်လို့ ထင်တော့မှာပဲ။ ထင်ပါစေ။ ပြန်ရှင်းပြမနေ တော့ပါဘူး။

လက်မောင်းမှာပတ်ထားတဲ့ သွေးပေါင်ချိန်ကိရိယာကတော့ တတီတီနဲ့ အချက်ပြနေတယ်။ ဆရာဝန်က သွေးတိုးရှိလားတဲ့။ အရင်တုန်းကတော့ နည်းနည်းပါးပါး တိုးဖူးတယ်လို့။ ကြောက်နေလား။ စိတ်အေးအေးထားပါတဲ့။ သွေးပေါင်တွေ တက်နေ တယ်။ ဆရာမရေ၊ ဒိုင်ရာဇီပန် ဖိုက်မီလီဂရမ်လောက် ထိုးပေးလိုက်ပါတဲ့။ သွေးကျဆေးလေးလည်း ဆောင်ထားလိုက် ဦးတဲ့။ ဆရာဝန်ပြောမှပဲ ကိုယ့်စိတ်ကိုယ် အချိန်မီပြန်ထိန်းလိုက်ရတယ်။ အရင်ကလည်း ခွဲဖူးတာပဲ။ အစိမ်းသက်သက်မှ မဟုတ်တာ။ အဆင်ပြေသွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း။ ဆရာဝန်က ဓားပါးလေးတစ်ချောင်းကိုင်ပြီး သွေးတိုးကျ လာအောင် ခဏစောင့်နေတယ်။ ရယ်ဒီဖြစ်ပြီဆိုတော့မှ ရင်ဘတ်ပေါ်က လိပ်ပြာပုံကီးလွိုက်ကြီးကို အလယ်ကနေ ကန့်လန့်ဖြတ် တစ်ချက်လှီးချလိုက်တယ်။ သွေးစလေးတွေ ဓားရာအတိုင်း တဖြည်းဖြည်း စိမ့်ထွက်လာတာကို မြင်နေရ တယ်။ ထုံဆေးတန်ခိုးကြောင့် နာတော့မနာဘူး။ ဆရာဝန်ကတော့ ဓားပါးလေးနဲ့ အရေပြားအောက်မှာကပ်နေတဲ့ ကီးလွိုက်ကို တဂျစ်ဂျစ်နဲ့ ဆက်ပြီး ခြစ်ထုတ်ခွာထုတ်နေတယ်။ ကိုယ့်အရေပြားကို လှီးထုတ်နေတယ်ဆိုတဲ့ သိစိတ်ကြောင့် တကယ်မနာပေမယ့် နာကျင်မှုကို ခံစားနေရသလိုပဲ။

ဆရာဝန်ကတော့ အရေပြားကို ဇာဂနာနဲ့ဆွဲလှန်ကြည့်လိုက်၊ ဓားနဲ့ခြစ်ခွာလိုက်၊ သွေးထွက်တဲ့နေရာကို လျှပ်စစ်နဲ့ရှို့လိုက်၊ မီးအလင်းချိန်ခိုင်းလိုက်၊ နေရာပြောင်းလိုက်နဲ့ စိမ်ပြေနပြေလုပ်နေတယ်။ ကိုယ်ကတော့ အိပ်ဆေးတန်ခိုးနဲ့ မှေးခနဲဖြစ်သွား လိုက်၊ ပြန်နိုးလာလိုက်၊ ဆရာဝန်နဲ့စကားပြောလိုက်။ ဒါ ကိုရီးယားနည်းတဲ့။ ကျွန်တော် ဒီမှာစလုပ်တာ သိပ်မကြာသေးဘူး တဲ့။ သူတို့ကတော့ ပြန်မဖြစ်ဘူးလို့ပြောတာပဲ။ ဒီနည်းနဲ့ လူတစ်ကိုယ်လုံးက ကီးလွိုက်တွေခွဲပြီး သုတေသနလုပ်ထားပြီးပြီ လို့ပြောတယ်။ ရလဒ်ကောင်းတယ်တဲ့။ လောလောဆယ်အထိတော့ ကျွန်တော်လုပ်ထားသမျှလူနာတွေ ပြန်မဖြစ်သေးဘူး တဲ့။ ဆရာဝန်ကပြောတော့ အာရုံထဲမှာ မျှော်လင့်ချက်အလင်းရောင်တွေ တောက်ပလာတယ်။ ဒါကြီးမရှိရင်တော့ ဘဝက တော်တော်သာယာ နေမှာပဲ။ မနာမကျင်။ စားဝင်အိပ်ပျော်။ လူကြားထဲ အင်္ကျီချွတ်ရမှာလည်း ကြောက်စရာမလိုတော့ဘူး။ လူတွေရဲ့ စပ်စုတဲ့မျက်လုံးတွေ၊ မေးခွန်းတွေကိုလည်း ရှောင်စရာ ပြန်ဖြေစရာ မလိုတော့ဘူး။ နောက်ကျရင် ကီးလွိုက် ဆိုတဲ့စကားလုံးကိုပါ မေ့သွားမလားပဲ။

ခွာထုတ်ခြစ်ထုတ်ပြီးတဲ့ သွေးသံရဲရဲ ကီးလွိုက်ဖတ်တွေကို ဆရာမက ဂွမ်းပတ်တီးစလေးနဲ့ တစ်နေရာမှာ သပ်သပ်စုထား တယ်။ ဆရာမရေ။ အဲဒါတွေ မလွှင့်ပစ်နဲ့ဦးနော်။ ကျွန်တော် ကြည့်ချင်သေးတယ်။ ရတယ်။ စိတ်ချ။ ဓာတ်ပုံလေးပါ ရိုက် ထားလိုက်လေ။ ပြီးရင် ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပေါ့တဲ့။ ဆရာမက ပြန်ပြောနေတယ်။ ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်မိတော့ သွေးအလိမ်းလိမ်းနဲ့ အရေပြားတွေ ဖွာလန်ကြဲလို့။ ဆရာဝန်ကတော့ အေးအေးဆေးဆေးပဲ။ လက်နဲ့စမ်းလိုက်။ ခွာလိုက်နဲ့။ စိမ်ပြေနပြေ။ လက်ဝင်တယ်တဲ့။ ဒီကောင် ဒီလောက်ဆိုတော်ပါပြီတဲ့။ စိတ်တိုင်းကျခွာပြီးသွားတော့မှ အပေါ်ကဆွဲလှန်ထား တဲ့ အရေပြားကို အပ်နဲ့အပ်ချည် သေးသေးလေးနဲ့ တစ်ချက်ချင်းပြန်ချုပ်ပြီး လက်စသတ်လိုက်တယ်။ ပြီးတော့ နာရီကြည့် ရင်း ဟ သုံးနာရီတောင်ကြာသွားတာပဲတဲ့။ ပြောပြီး ခွဲစိတ်ခန်းထဲက ထွက်သွားတယ်။ ရော့ ဒီမှာ ရှင့်ကိုနှစ်ပေါင်းများစွာ ဒုက္ခပေးလာတဲ့ ရှင့်အသွေးအသားတွေတဲ့။ ဆရာမက ခွာထားတဲ့ ကီးလွိုက်အစအနတွေကို စတီးဗန်းထဲမှာ စုပုံပေးထားပြီး အပြင်ထွက်သွားပြန်တယ်။

ကီးလွိုက်။ အခုတော့ သွေးသံတရဲရဲနဲ့ မလှုပ်မယှက် ငြိမ်သက်လို့။

တစ်ယောက်တည်း စိမ်ပြေနပြေ ထိုင်ကြည့်နေတုန်းမှာပဲ သွေးအလိမ်းလိမ်းနဲ့ ကီးလွိုက်အစတွေဟာ တဖြည်းဖြည်း လှုပ်ရှားလာသလိုထင်ရတယ်။ မဟုတ်ဘူး။ တကယ်လှုပ်နေတာ။ အစပိုင်းမှာ မသိမသာပဲ။ နောက်တော့ သိသိသာသာ။ ပြင်းပြင်းထန်ထန်။ တုန်ခါလှုပ်ရှားရင်း လေထဲကို ပြိုင်တူမြောက်တက်လာကြတယ်။ လေထဲမှာ တလှပ်လှပ်နဲ့ ရွေ့လျားနေ ကြတယ်။ ခွဲစိတ်ခန်းထဲမှာ။ အနီရောင်လိပ်ပြာ ကောင်လေးတွေလို။ တစ်စုံတစ်ခုကို လိုက်ရှာနေကြသလိုမျိုး နေရာအနှံ့ လျှောက်ပျံနေကြတယ်။ အဲဒီအချိန်မှာပဲ ကိုယ့်ရဲ့လက်က ကိုယ့်ဆန္ဒမပါဘဲ ရုတ်တရက် လှုပ်ရှားလာပြန်တယ်။ ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းမှာပဲ ကိုယ့်လက်က ရင်ဘတ်မှာကပ်ထားတဲ့ ပလာစတာကို ဇွိဆို ဆွဲခွာပစ်လိုက်တယ်။ အဲဒီတော့မှ ဦးတည်ရာမဲ့ ပျံသန်းနေကြတဲ့ လိပ်ပြာကောင်တွေလည်း သွေးညှီနံ့ရသွားတဲ့ ငါးမန်းတစ်ကောင်လို ရင်ဘတ်ပေါ်ကို အုပ်စု လိုက် ဆင်းသက်လာကြတယ်။
 
လင်းဇင်ယော်
IDEA Magazine - ၂၀၁၄၊ နိုဝင်ဘာ။

Wednesday, October 16, 2013

အသံအိုး



သူက ရန်ကုန်မှာ တက္ကစီမောင်းတယ်။ ကားမောင်းနေရင်းကနေ ရုတ်တရက်အသံဝင်သွားပေမယ့် ပြန်ကောင်းသွားမှာပါ ဆိုပြီး ပေတေပြီးနေခဲ့တာ တစ်နှစ်တိတိကြာသွားတယ်။ နောက်တော့မှ လည်ချောင်းထဲ တစ်ဆို့ဆို့ကြီးဖြစ်လာပြီး အသက် ရှူမရဘဲပိတ်လာလို့ ဆေးရုံရောက်ပြီး အရေးပေါ်လေပြွန်ဖောက်လိုက်ရတယ်။ ဆေးရုံမှာ ရောဂါရှာဖွေကြတော့ အသံအိုး ကင်ဆာဆိုတာကို တွေ့ရှိသွားကြတယ်။ ကင်ဆာမှန်းသိလိုက်ရတော့ အသံဝင်နေရာကနေ စိတ်ဓာတ်တွေပါတိမ်ဝင်သွား ပြီး ဆက်မကုတော့ဘူး၊ အိမ်ပြန်သေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မိဘတွေ၊ ညီမတွေရှိရာ ကိုယ့်ဇာတိမြို့ကိုယ် ပြန်ရောက် လာတော့ ဆေးရုံနဲ့အဆက်အစပ်ရှိတဲ့ညီမတစ်ယောက်က ဒီမြို့ကိုရောက်နေတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကြီး နဲ့ ပြပေးဖို့ကြိုးစားတယ်။ လူနာက အစပိုင်းတော့ မပြချင်ဘူး၊ တရားပဲအားထုတ်တော့မယ်လို့ ခေါင်းခါပေမယ့် ညီမတွေက တဂျီဂျီ တိုက်တွန်းပါများတော့ ဆေးရုံပါလာတယ်။ ဆရာကြီးနဲ့တွေ့တော့ လူနာက သူ့လည်ပင်းမှာဖောက်ထားတဲ့ ကြေး လေပြွန်ပေါက်လေးကို လက်ညှိုးနဲ့ပိတ်ပိတ်ပြီး လေသံအက်အက်နဲ့ ရောဂါရာဇဝင်အကြောင်းပြောပြတယ်။ ရန်ကုန်နေပူပူ မှာ တက္ကစီမောင်းရင်း ရေခဲရေတွေသောက်လိုက်၊ ကော်ဖီပူပူ၊ လက်ဘက်ရည်ပူပူတွေကို အအေးမခံနိုင်ပဲ အမြန်မော့လိုက် နဲ့ ပူလိုက်အေးလိုက်ဖြစ်နေရာက ကြာလာတော့ ကျွန်တော်လည်ချောင်းလည်း ကားအိတ်ဇောလိုပဲ အသံမထွက်နိုင်တော့ ဘူးဆရာတဲ့။ မော်တော်ကားဆရာက မော်တော်ကားဥပမာနဲ့ ပြောပြတယ်။ စီးကရက်ကလည်း တစ်လိပ်ပြီးတစ်လိပ် သောက်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပေါ့တဲ့။ ဆရာကြီးက သူပြောတာနားထောင်ရင်း လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ် ကြည့်ပြီးတော့ ခင်ဗျားရောဂါ ခွဲစိတ်ကုသလို့ရပါသေးတယ်၊ မသေနိုင်သေးပါဘူးတဲ့။ လည်ပင်းမှာလည်း ကင်ဆာပြန့်တဲ့ အကြိတ်တွေ မတွေ့သေးတော့ ခွဲစိတ်ပြီးရလဒ်ကလည်း အကောင်းဘက်မှာရှိနေပါတယ်တဲ့။ အဲတော့ လူနာက ဒါဆိုလည်း ခွဲပါ့မယ်လို့ ချက်ချင်းသဘောတူတော့ ခွဲစိတ်မှုဒဏ် ခံနိုင်၊ မခံနိုင်သိနိုင်ဖို့အတွက် သွေးစစ်၊ ဓာတ်မှန်ရိုက်၊ အီးစီဂျီဆွဲ လိုအပ်တာတွေဆက်လုပ်ကြတယ်။ အားလုံးစစ်ဆေးပြီးတဲ့အချိန်လောက်မှာပဲ ဆရာကြီးလည်း အရေးပေါ်ကိစ္စတစ်ခုပေါ် လာလို့ ခရီးထွက်သွားတာ နှစ်ပတ်လောက်ကြာသွားတယ်။ ခရီးသွားခါနီး လက်ထောက်ကို သေသေချာချာ မှာသွားတယ်။ အဲဒီလူနာလာရင် ခွဲမယ့်ရက်ချိန်းကြိုပေးထားလိုက်တဲ့။ လက်ထောက်လည်း ဟုတ်ကဲ့ဆရာဆိုပြီး ကျန်ရစ်ခဲ့တယ်။ ဒါပေ မယ့် ဆရာကြီးမရှိတော့ လူနာလည်း ရောက်မလာဘူး။ ဆရာကြီးပြန်လာမှပဲ ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်းပဲ ဆရာကြီးက ခွဲဖို့စိတ်ဖို့စပြင်တယ်။ ဒါပေမယ့် လောလောဆယ် မေ့ဆေးဆရာဝန်ကြီးတစ်ယောက်ပဲရှိနေတော့ မေဂျာကေ့စ် တစ်ခုလုပ်ချင်လို့၊ မေ့ဆေးက လက်ခံနိုင်သလားဆိုတာကို လက်ထောက်က အရင်သွားမေးရတယ်။ မေ့ဆေးက ဘယ်နှ နာရီကြာမယ့် အော်ပရေးရှင်းလဲတဲ့။ ခြောက်နာရီကနေ ရှစ်နာရီအထိကြာနိုင်ပါတယ်အစ်မဆိုတော့ လူနာက ဘယ်အရွယ် လဲတဲ့၊ တောင့်တောင့်တင်းတင်းပဲလားတဲ့။ ဟုတ်ကဲ့၊ ငါးဆယ်ဝန်းကျင်ပါ၊ သန်သန်မာမာ တောင့်တောင့်တင်းတင်းပါပဲ အစ်မလို့ လက်ထောက်က ပြန်ဖြေတယ်။ ကဲ၊ ဒါဆိုလည်း လုပ်ကြတာပေါ့၊ လူနာလည်း စောင့်ရတာကြာနေပြီတဲ့။ မေ့ဆေးက လက်ခံတဲ့အကြောင်း ဆရာကြီးကိုပြန်ပြောပြတော့ ဟုတ်လား၊ ဒါဆိုလည်း ချကွာတဲ့။

မခွဲစိတ်ခင်တစ်ရက်အလိုမှာ လူနာက ညအိပ်မပျော်တဲ့အကြောင်းပြောတော့ ဆရာကြီးက ဒါဆို ဆရာစိတ်ဆီ မြန်မြန်ခေါ် သွားတဲ့။ ဒါမျိုးက ဆရာစိတ်ကူညီမှရမှာတဲ့။ ဆရာစိတ်ဆီရောက်တော့ သူကလူနာကိုမေးမြန်းပြီး ညအိပ်ခါနီး တစ်လုံး သောက်ဖို့၊ တစ်ခြမ်းသောက်ဖို့၊ တစ်စိတ်သောက်ဖို့ဆိုပြီး ဆေးလုံးသေးသေးလေးတွေ ပေးလိုက်တယ်။ လူနာကိုလည်း စိတ်အေးအေးထား၊ ဆရာကြီးက လက်အရမ်းကောင်းတာ ဆိုပြီးတော့လည်း အားပေးစကားပြောလိုက်သေးတယ်။ ခွဲမယ့် နေ့မနက်မှာတော့ လူနာရဲ့မျက်နှာလန်းဆန်းနေတယ်။ ညက ကောင်းကောင်းအိပ်ပျော်ထားတဲ့ပုံပဲ။ သိပ်မကြာခင်မှာပဲ လူနာကို ဆီမဝလို့တကျွီကျွီမြည်နေတဲ့ ထရော်လီပေါ်တင်ပြီး ခွဲစိတ်ခန်းတံခါးဝဆီကို တွန်းခေါ်သွားကြတယ်။ အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့ ခွဲခန်းဆရာမတစ်ယာက်က တံခါးဖွင့်ပေးလိုက်ပြီး လူနာကိုလည်း ခွဲစိတ်ခန်းထဲကိုခေါ်သွားတယ်။ ခွဲစိတ် ခုတင်ပေါ်ကို လူနာတက်အိပ်နေတဲ့အချိန်မှာတော့ စောစောကခေါ်ဆောင်လာပေးတဲ့ ဆရာမကလွဲပြီး ဘယ်သူမှမရောက် ကြသေးဘူး။ ခွဲခန်းထဲမှာတော့ လေအေးပေးစက်ကြောင့် အေးစိမ့်နေတယ်။ သွေးခုန်နှုန်းတိုင်းတဲ့ စက်ရဲ့ တောက်၊ တောက်၊ တောက်၊ တောက် မြည်သံကလည်း တစ်မျိုးတစ်မြည် စိတ်ခြောက်ခြားစေတယ်။ ခဏနေတော့ လူနာက ချမ်းတယ်ပြောတာကြောင့် ဆရာမက စောင်တစ်ထည်ယူပြီး လာခြုံပေးထားလိုက်တယ်။ သိပ်မကြာခင်မှာပဲ ခွဲစိတ်ခန်း ထဲမှာ လူစုံတက်စုံဖြစ်သွားကြပြီး ရွက်ကုန်လွှင့်ကြဖို့ပဲကျန်တော့တယ်။ ဆရာ၊ မေ့ဆေးကို ဘယ်အပေါက်ကပေးပေးရ မလဲတဲ့။ မေ့ဆေးဆရာဝန်ကြီးက ဆရာကြီးကိုမေးတယ်။ လူနာရဲ့လည်ပင်းက အရေးပေါ်လေပြွန်ဖောက်ထားတဲ့ အပေါက် ကပေးရမလား၊ ခါတိုင်းလိုပဲ ပါးစပ်ထဲကနေ ပိုက်ထည့်ပြီးပေးရမလားဆိုတာ။ ခွဲစိတ်မှုက လည်ပင်းမှာလုပ်မှာဆိုတော့ လွတ်လွတ်လပ်လပ်ဖြစ်အောင် ပါးစပ်ကနေပဲပေးပေးပါလို့ဆရာကြီးက ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ပဲ မေ့ဆေးဆရာဝန်ကြီး လည်း လူနာရဲ့ခေါင်းရင်းမှာရပ်ပြီး နှာခေါင်းနဲ့ပါးစပ်ကို မေးဆေးပေးတဲ့အုပ်ဆောင်းနဲ့အုပ်လိုက်တယ်။ ပြီးတော့ မေ့ဆေး အငွေ့တွေကို ရှူးခနဲလွှတ်ပေးလိုက်တယ်။ ပါးစပ်ကလည်း လူနာကို မေးခွန်းတွေ တစ်ခုပြီးတစ်ခု မေးပေးနေတယ်။ အစ ပိုင်းမှာ မှန်မှန်ကန်ကန်ပြန်ဖြေနိုင်ပေမယ့် နောက်ပိုင်းကျတော့ လူနာနဲ့အဖြေတွေက တစ်ခုထက်တစ်ခုပိုပြီးတော့ လေးကန် နှေးကွေးလာပြီး နောက်ဆုံးမှာ ဘာမှပြန်မဖြေနိုင်တော့ဘဲ ငြိမ်သွားတယ်။ အဲတော့မှ မေ့ဆေးဆရာဝန်ကြီးလည်း လူနာရဲ့ ခေါင်းကိုမော့တင်လိုက်ပြီး မီးသီးလေးပါတဲ့ ငှက်နုတ်သီးလိုကိရိယာလေးနဲ့ လည်ချောင်းထဲကို ထိုးချိတ်မတင်လိုက်တယ်။ လည်ချောင်းထဲချောင်းကြည့်လိုက်တော့ အသံကြိုးတစ်ဖက်မှာ ကင်ဆာအလုံးတစ်ခုရှိနေတာ တွေ့လိုက်ရတယ်။ အသက် ရှူပိုက်ကို အဲဒီကင်ဆာအလုံးနဲ့ တတ်နိုင်သမျှ မထိခိုက်မိအောင်ထိန်းပြီးတော့ ဖြည်းဖြည်းချင်းထိုးထည့်လိုက်တယ်။ ပြီးတော့ လက်ထဲမှာကိုင်ထားတဲ့ အောက်ဆီဂျင်ဘောလုံးကို လေဖြည့်သွင်းပြီး နားကြပ်တစ်ခုနဲ့ အဆုတ်နှစ်ဖက်ထဲ လေဝင်မှုရှိမရှိ၊ လေဝင်တာညီမညီ နားထောင်နေတယ်။ ဘယ်ဘက်အဆုတ်ထဲ လေဝင်တာနည်းနေသလိုပဲ၊ ဆရာ နည်းနည်းနားထောင်ကြည့်ပါဦးဆိုပြီး ဆရာကြီးကို နားကြပ်ပေးလိုက်တယ်။ ဆရာကြီးလည်း နားကြပ်ယူပြီးတော့ ရင်ဘတ် တစ်ဖက်စီကိုထောက်ကြည့်ပြီး နားထောင်လိုက်တယ်။ ပြီးတော့ ဟုတ်တယ်အစ်မ၊ ဘယ်ဘက်မှာ လေဝင်တာနည်းနည်း လျော့နေတယ်လို့ပြောပြီး နားကြပ်ပြန်ပေးလိုက်တယ်။ အဲဒါနဲ့ မေ့ဆေးဆရာဝန်ကြီးလည်း လူနာရဲ့လည်ချောင်းထဲ ထိုးထည့်ထားတဲ့ အသက်ရှူပိုက်ကို အပေါ်နည်းနည်းပြန်ဆွဲထုတ်လိုက်တယ်။ ပြီးတော့ ပြန်နားထောင်တယ်။ သိပ်မကြိုက် သေးဘူးဆိုပြီး အနေအထားနည်းနည်းထပ်ပြင်တယ်။ သေချာအောင် ဆရာကြီးကိုလည်း နားထောင်ခိုင်းသေးတယ်။ အော်ပရေးရှင်းက မေဂျာလည်းဖြစ်တယ်။ အချိန်လည်းကြာမယ်ဆိုတော့ အစကတည်းက အစစအရာရာ သေချာနေဖို့ အရေးကြီးတယ်။ လမ်းတစ်ဝက်ကျမှ အသည်းအသန်ပြန်လိုက်လုပ်ရတာတွေဟာ လူနာအတွက်ရော၊ ဆရာဝန်အတွက်ပါ စိတ်ဖိစီးမှုများမှန်း အတွေ့အကြုံတွေကသင်ကြားထားလို့ စလုံးရေစကတည်းက သေချာအောင်ဂရုစိုက်နေကြတယ်။ အသက်ရှူပိုက်ကိစ္စ အဆင်ပြေသွားတော့ ဆရာကြီးက လူနာကိုပုခုံးကနေဆွဲမပြီး ကျောအောက်မှာသဲအိတ်ခုလိုက်တယ်။ ခေါင်းအောက်မှာလည်း လှုပ်ရှားမှုမရှိအောင် ခေါင်းခုတစ်ခုခံထားလိုက်ပြီး လိုချင်တဲ့အနေအထားရအောင် ပြင်နေတယ်။ ဆရာကြီးကလူနာရဲ့ဦးခေါင်းပိုင်းကို ပြင်ဆင်နေတဲ့တစ်ချိန်တည်းမှာပဲ ဆရာမတွေကလည်း လူနာကို ဆီးပိုက်တပ်ပေးနေ ကြတယ်။ ဆီးပိုက်ကရှောရှောရှူရှူဝင်သွားပေမယ့် ဆီးမထွက်လာသေးလို့ ခဏစောင့်နေရသေးတယ်။ ဆီးပိုက်ထည့်တဲ့ ဆရာမလေးလည်း သူထည့်လိုက်တာ နေရာများမှားဝင်သွားလားဆိုပြီး ရုတ်တရက် စိတ်ပူသွားတယ်။ ဒါပေမယ့် ဒီ တစ်ပေါက်တည်းပဲရှိတာ၊ မှားနိုင်စရာမရှိပါဘူးဆိုတာကို စဉ်းစားမိတော့မှ စိတ်ချလက်ချစောင့်နေလိုက်တယ်။ မကြာခင် ဆီးပိုက်ထဲကို ကောက်ရိုးနုရောင်ဆီးရည်တွေ ကြည်ကြည်လင်လင်စီးဆင်းလာတော့မှပဲ အားလုံး ပြုံးပျော်သွားတော့တယ်။ အော်ပရေးရှင်းကြာမယ်ဆိုတော့ ဆီးပိုက်တပ်ထားဖို့လိုတယ်။ ပြီးတော့ ဆီးအိတ်ထဲမှာရှိတဲ့ ဆီး ပမာဏကိုကြည့်ပြီး လူနာ ရဲ့အခြေအနေကို ခန့်မှန်းတွက်ဆကြည့်နိုင်တယ်။ သွေးထွက်များရင် ကျောက်ကပ်ရုတ်တရက် ပျက်စီးသွားပြီး ဆီးထွက် နည်းသွားတတ်တယ်။ ခြေထောက်မှာထိုးထားတဲ့ ဆေးပိုက်တွေမှာလည်း ဆေးပုံမှန်ဆင်းနေသလား၊ ဆေးပိုက်ပိတ်နေ သလား၊ ဆေးစက်ကျရဲ့လား စစ်ကြည့်ကြတယ်။ အပေါ်ပိုင်းရော၊ အောက်ပိုင်းရော အားလုံးအိုကေပြီဆိုတော့မှ လက်ထောက်က ခွဲစိတ်မယ့်လည်ပင်းတစ်ဝိုက်ကို ရေစဆေးတယ်။ ဆရာကြီးက နားရွက်နောက်တွေကိုပါ ပြောင်အောင် ဆေးလို့ညွှန်ကြားပြီး ဘေစင်မှာလက်သွားဆေးနေတယ်။

ဆရာကြီးလက်ဆေးနေတုန်း လက်ထောက်က ပိုးသတ်ထားတဲ့ပုဝါနဲ့ လူနာရဲ့ခေါင်းကို ခပ်ကြပ်ကြပ်လုံအောင်ထုပ်လိုက် တယ်။ ပြီးတော့ ခွဲမယ့်လည်ပင်းတစ်ဝိုက်ကိုပဲ ချန်ထားခဲ့ပြီး ကျန်တဲ့အစိတ်အပိုင်းတွေအကုန်လုံးကိုလည်း ပုဝါနဲ့အုပ်ခင်း လိုက်တယ်။ ဆရာကြီးလာတော့ ခွဲမယ့်လမ်းကြောင်းတစ်လျှောက်ကို ဆေးပြာနဲ့တို့ပြီးတော့ မှတ်သားလိုက်တယ်။ ညာဘက်နားရွက်နောက်နားကနေ လည်ဇလုတ်အောက်ဘက်ကို ဝိုက်ဆင်းလာပြီး ဘယ်ဘက်နားရွက်နောက်ကို ပြန် တက်သွားတယ်။ ဆရာ၊ ဒါ ဘာအင်စီရှင်လဲလို့ လက်ထောက်ကမေးတော့ အေပရွန်အင်စီရှင်လို့ပြောပြီး ဆေးပြာဆွဲထား တဲ့ လမ်းကြောင်းတစ်လျှောက် သွေးထွက်နည်းအောင် ထုံဆေးရည်တွေ ထိုးထည့်လိုက်တယ်။ ပြီးတော့ မီးချိန်ခိုင်းလိုက် တယ်။ ပြီးတော့မှ လျာထားတဲ့လမ်းကြောင်းအတိုင်း လျှပ်စစ်ဓားနဲ့ ဖျစ်ဖျစ်ဖျစ်ဖျစ်ဆိုပြီး ခွဲချလိုက်တယ်။ ခွဲခန်းထဲမှာ ညှော်နံ့တွေလှိုင်သွားတယ်။ ညာဖက်ကို အရင်ရှင်းမယ်၊ ပြီးတော့မှ ဘယ်ဖက်ဆက်ရှင်းမယ်တဲ့။ ဆရာကြီးက ခွဲနေရင်းပြော လိုက်တယ်။ အရေပြား၊ အဆီပြင်၊ အမြေးပါး၊ ကြွက်သား တစ်လွှာပြီးတစ်လွှာရှင်းပြီးသွားတော့ လည်ပင်းဘေးမှာရှိတဲ့ သွေးလွှတ်ကြောကြီးနဲ့ သွေးပြန်ကြောကြီးနှစ်ချောင်း ထင်းခနဲ လင်းခနဲ ပေါ်လာတော့တယ်။ သွေးပြန်ကြောကြီးထဲမှာ သွေးတွေလှည့်ပတ်စီးဆင်းနေတာကိုလည်း အတိုင်းသားမြင်နေရတယ်။ ဆရာ၊ ဒီပေးရှင့်က လည်ပင်းအကြိတ်တွေ မရှိ သေးဘူးလားလို့ မေ့ဆေးဆရာဝန်ကြီးကမေးတော့ ဟုတ်တယ်အစ်မ၊ မရှိသေးဘူး၊ အကြိတ်ရှိနေရင်လည်း သူ့ရဲ့ ပြန် ကောင်းနိုင်ခြေက တစ်ဝက်လောက်လျော့သွားတယ်လို့ ဆရာကြီးကပြန်ဖြေရင်း လည်ပင်းသွေးပြန်ကြောကြီးကနေ ခွဲထွက် လာတဲ့ သွေးကြောတွေကို ညှပ်အသေးလေးတွေနဲ့ညှပ်ပြီး ဖြတ်တောက်ချည်နှောင်နေတယ်။ သွေးကြောတွေက ပါးလွှာ နူးညံ့လွန်းတော့ အငြင်သာဆုံးကိုင်တွယ်နေရတယ်။ အဲဒီလို ချည်နေတုန်းမှာပဲ သွေးကြောတစ်ခုက ရုတ်တရက် ပြဲထွက် ပြီး သွေးတွေဟောခနဲ အိုင်ထွန်းသွားတယ်။ လက်ထောက်က ချက်ချင်းပဲ လက်ညှိုးနဲ့ထိုးပိတ်လိုက်တယ်။ ဆရာကြီးက ထွက်လာတဲ့သွေးတွေကို ဂွမ်းပုဝါစတစ်ခုနဲ့သုတ်ပစ်ပြီး သွေးထွက်တဲ့နေရာကိုလိုက်ရှာတယ်။ လက်ညှိုးနဲ့ထိုးပိတ်ထားတဲ့ နေရာက သိပ်မလုံသေးပဲ သွေးနည်းနည်းယိုနေသေးလို့ ဆရာကြီးက နေရာနည်းနည်းရွှေ့ပြီး ပြန်ပိတ်ခိုင်းလိုက်တယ်။ အဲဒီ အချိန်မှာပဲ ရုတ်တရက်မီးပျက်သွားပြီး ခွဲစိတ်ခန်းတစ်ခုလုံး မှောင်မဲဆူညံသွားတော့တယ်။ ခွဲစိတ်ခန်းထဲက အခြားခွဲစိတ် ခန်းငယ်လေးတွေထဲမှာ ခွဲစိတ်နေကြတဲ့ အရိုးအကြောအဖွဲ့နဲ့ ဗိုက်ခွဲအဖွဲ့တို့ရဲ့ အလင်းရောင်ပျောက်ဆုံးသွားလို့ အော်ဟစ် နေတဲ့အသံကိုလည်း အတိုင်းသားကြားနေရတယ်။ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အလင်းရောင်ကို အယ်လ်အီးဒီဓာတ်မီး တွေနဲ့ ချက်ချင်းအစားပြန်ထိုးလိုက်ကြတယ်။ ခွဲစိတ်ခန်းတာဝန်ခံမေ့ဆေးဆရာဝန်ကြီးက ချက်ချင်းမီးစက်နှိုးခိုင်းနေတယ်။ အီးပီစီကိုလည်း ချက်ချင်းဖုန်းဆက်အကြောင်းကြားခိုင်းနေတယ်။ ခဏနေတော့ တယ်လီဖုန်းက အကြောင်းပြန်လာတယ်။ မီးစက်က ဘက်ထရီအားကုန်နေလို့ ဘက်ထရီအိုးသွားငှားနေတယ်တဲ့။ အီးပီစီကလည်း ဘုန်းကြီးပျံပွဲလှည့်နေတာ ဓာတ် ကြိုးနဲ့မလွတ်လို့ မီးဖြတ်ထားတယ်ဆိုပြီး ဖုန်းချသွားတယ်တဲ့။ ဘယ်လိုပဲပြန်ခေါ်ခေါ် ဖုန်းကိုင်မယ့်သူ မရှိဘူးတဲ့။ ဒီလိုအခြေ အနေမျိုးမှာ မေ့ဆေးဆရာဝန်ကြီးကရော မီးမြန်မြန်ပြန်လာအောင်ဆုတောင်းနေရုံကလွဲပြီး ဘာများတတ်နိုင်ပါဦးမည်နည်း ပေါ့။ ခွဲစိတ်ခန်းထဲက အလင်းရောင်ပျောက်ဆုံးသူများကွန်ယက်အဖွဲ့ကလည်း မိတ်အင်ချိုင်းနား အယ်လ်အီးဒီဓာတ်မီးတွေ နဲ့ ဆက်လက်ချီတက်ရုံမှလွဲ၍ ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့။ အော်ပရေးရှင်းတွေက ရပ်ထားလို့မှမရတာ။

ဆရာကြီးကတော့ စိတ်ကုန်တယ်လို့တစ်ခွန်းပြောပြီး ခွဲစိတ်စရာရှိတာ ဆက်ခွဲနေတယ်။ စောစောက သွေးထွက်နေတဲ့ သွေးကြောရဲ့ အရင်းအမြစ်နေရာတွေကိုရှာဖွေပြီး ချည်နှောင်ဖြတ်တောက်လိုက်တယ်။ ထွက်လာတဲ့သွေးတွေကိုလည်း စုပ် စက်နဲ့စုပ်လို့ ယောင်ပြီးတော့ပြောနေသေးတယ်။ ဆရာကြီး မီးမလာသေးဘူးဆိုတော့မှ သြော်၊ ဟုတ်သားပဲဆိုပြီး ဂွမ်းပုဝါနဲ့ အသာအယာသုတ်ခိုင်းလိုက်တယ်။ ပြီးတော့ အသံအိုး၊ လေပြွန်နဲ့ သိုင်းရွိုက်အကြိတ်ကို ထောက်ပံ့ပေးနေတဲ့ သွေးကြော မှန်သမျှကို ဖြတ်တောက်ပစ်လိုက်တယ်။ မလိုအပ်တော့တဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေကိုလည်း ဖြတ်ပစ်လိုက် တယ်။ ဒါပေမယ့် အရေးကြီးတဲ့ မေးရိုးအောက်နားက အာရုံကြောတစ်ချောင်းကိုတော့ မရမကလိုက်ရှာပြီး သေသေချာချာ ချန်ရစ်ထားခဲ့လိုက်တယ်။ အဲဒါ၊ ဟိုက်ပိုဂလော့ဆယ်နာ့ဗ်၊ ဖြတ်မိသွားရင်မလွယ်ဘူး၊ ခွဲပြီးမှ လျှာလှုပ်လို့မရ၊ လျှာသိမ်းလို့ မရဘဲ အစာမြိုချရခက်ပြီး ဒုက္ခရောက်နေလိမ့်မယ်လို့လည်း ပြောနေသေးတယ်။ တကယ်ဆို ဒါတွေက ဘိုင်ပိုလာလေးနဲ့ ရွှိ ရွှိ ဆိုပြီးတော့ ပြီးသွားရမှာ၊ အခုတော့ မလိုအပ်ဘဲနဲ့ ကြန့်ကြာကုန်ပြီလို့ ညည်းပြောပြောရင်း သွေးကြောတွေကို ညှပ်လိုက်၊ ဖြတ်လိုက်၊ ချည်လိုက် လုပ်နေတယ်။ လည်ပင်းရဲ့ညာဖက် တစ်ခြမ်းရှင်းပြီးသွားတဲ့အချိန်ကျမှပဲ လျှပ်စစ်မီးက ဖြန်းခနဲ ပြန် လင်းလာတယ်။ ခွဲစိတ်ခန်းတစ်ခုလုံး ချက်ချင်းနတ်ပြည်ရောက်သွားသလို လင်းလက်တောက်ပသွားတယ်။ ဆရာကြီးက ဘယ်ဘက်လည်ပင်းကိုဆက်ရှင်းဖို့ လူနာရဲ့ဦးခေါင်းကို လှည့်နေတဲ့အချိန်မှာ ခွဲစိတ်ကိရိယာပေးတဲ့ဆရာမက ဆရာကြီး၊ လူလဲလိုက်တော့မယ်လို့ပြောလိုက်တယ်။ ဆရာကြီးက အေး၊ အေး လို့ပြောပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်တယ်။ ဆရာမအသစ်ဝင်လာတော့ ဆရာကြီးက ဘယ်ဘက်လည်ပင်းကို ညာဖက်လည်ပင်းတုန်းကလိုပဲ ခွဲချလိုက်ပြီး ရှင်းလင်း ဖြတ်တောက်နေတယ်။ စောစောကလိုပဲ သွေးကြောကြီးတွေ ဘွားခနဲ ထောင်လာတယ်။ စောစောကလိုပဲ သတိကြီးစွာနဲ့ ကိုင်တွယ်နေရတယ်။ ဒါပေမယ့် စောစောကလိုတော့ မီးမပျက်တော့ဘူး၊ သွေးမထွက်တော့ဘူး။ လည်ပင်းသွေးကြောမ ကြီးတွေကို ရှောင်ကွင်းဖြတ်တောက်နေရတာကို ကြည့်နေရတာ ဓားသွားပေါ်မှာ ခြေဗလာနဲ့လမ်းလျှောက်နေရသလိုပဲ။ ဒီတစ်ခါ လျှပ်စစ်မီးက အနှောင့်အယှက်မပေးတော့ ဘယ်ဘက်လည်ပင်းခွဲစိတ်မှုဟာ ညာဖက်လောက်မကြန့်ကြာတော့ ဘူး။ ဒါပေမယ့် ဟိုက်ပိုဂလော့ဆယ် ရှာဖို့ကျန်နေသေးတယ်။ မေးရိုးအောက်နားမှာ အာရုံကြောဖြူဖြူတစ်ချောင်းတွေ့ တယ်။ ဆရာကြီးက အဲဒီအာရုံကြောကို ဖြတ်မယ်လုပ်ပြီးမှ သေချာအောင် နည်းနည်းထပ်ပြီးရှင်းကြည့်လိုက်တယ်။ ရှင်းနေ ရင်းကနေ အမယ်လေး၊ တော်သေးတယ်တဲ့။ ငါ တွယ်မိတော့မလို့တဲ့။ ပုံမှန်ဆို ဒီကောင်က ဒီနေရာမှာမရှိတတ်ဘူးတဲ့။ ချန်ရမယ့်အစိတ်အပိုင်းတွေချန်၊ ဖြတ်တောက်ရမယ့်အစိတ်အပိုင်းတွေ ဖြတ်တောက်ပြီးသွားတဲ့အခါမှာတော့ ပြဿနာ အရင်းအမြစ်ဖြစ်တဲ့ အလယ်ကအသံအိုးကြီးတစ်ခုလုံး လှီးထုတ်ပစ်ဖို့ပဲကျန်တော့တယ်။ ဆရာကြီးက သိုင်းရွိုက်လေးနည်း နည်းချန်ခဲ့မယ်ဆိုပြီး သိုင်းရွိုက်ဂလင်းတစ်ခုလုံးမထုတ်ပစ်ဘဲ လက်တစ်ဆစ်စာလောက်ချန်ခဲ့ပြီး မုန့်ဖက်ထုပ်လို ချုပ်ပေး ထားခဲ့လိုက်တယ်။

ပြီးတော့ လည်ပင်းအလယ်က အတက်လေးခုပါတဲ့ဟိုက်ရွိုက်အရိုးကို လျှပ်စစ်ဓားနဲ့ခွဲစိတ်ကလော်ထုတ်နေတယ်။ ဟိုက် ရွိုက်အရိုးဖြူဖြူလေးပေါ်လာတော့ သူ့အောက်မှာကပ်လျက်ရှိနေတဲ့ လည်ဇလုတ်သိုင်းရွိုက်အရိုးကို ဆက်ပြီးတော့ခွာ တယ်။ အရင်ဆုံး လည်ဇလုတ်ရိုးမှာကပ်နေတဲ့ ကြွက်သားအကြွင်းအကျန်တွေကို လျှပ်စစ်ဓားနဲ့ပြောင်အောင်ခြစ်ထုတ်ပစ် လိုက်တယ်။ အသားစတွေမီးတူးပြီး မီးခိုးလုံးတွေအလိပ်လိုက်တက်လာတယ်။ လက်ထောက်က မီးခိုးငွေ့တွေဖုံးသွားတဲ့ အော်ပရေးရှင်းမြင်ကွင်းရှင်းသွားအောင်  စုပ်စက်နဲ့စုပ်ထုတ်လိုက်တယ်။ ဆရာကြီးက လည်ဇလုတ်ရိုးကို ငါးပါးဟက်ခွာ သလို လျှပ်စစ်ဓားနဲ့ ဘေးကခွာလိုက်၊ အောက်ကပတ်ခွာလိုက်နဲ့ အသာအယာ ဆွဲခွာဖြတ်ထုတ်နေတယ်။ အသွားနှစ်ခု ပါတဲ့ လျှပ်စစ်ဓားနှစ်ချောင်းကို တစ်ချောင်းညစ်ပတ်ရင် နောက်တစ်ချောင်းနဲ့ အလဲအဖယ်လုပ်ရင်း ဇွဲကောင်းကောင်းနဲ့ ဆက်ခွဲနေတယ်။ ခွဲခန်းအကူဆရာမလည်း ဓားသွားမှာချိုးတူးပြီးကပ်နေတာတွေကို ဂွမ်းစနဲ့သန့်ရှင်းရေးလုပ်ပေးနေရတာ လက်မလည်နိုင်ဘူး။ ဆရာကြီးကတော့ ပြောင်အောင်သုတ်ဆိုပြီး ဆက်ခွဲလာလိုက်တာ ခွဲစိတ်ချိန်ဟာ လေးနာရီကျော်လာ ပြီး ငါးနာရီတင်းတင်းပြည့်တော့မယ်။ ပွဲစကတည်းက ဇွဲကောင်းကောင်းနဲ့ အခုချိန်အထိလိုက်ပါလာနိုင်တဲ့ ဒုတိယ လက်ထောက်ဆရာမကတော့ မီးခိုးညှော်နံ့မခံနိုင်တော့လို့ ဆရာကြီးကိုခွင့်တောင်းပြီး လူစားလဲလိုက်ပြီ။ ဆရာကြီးနဲ့ လက်ထောက်ကတော့ စကားတစ်ခွန်းမှမပြောနိုင်သေးဘဲ အပေးအယူအချိတ်အဆက်မိမိနဲ့ မြန်မြန်သွက်သွက် ဆက်လက် ချီတက်နေတယ်။ အသံအိုးအပေါ်ပိုင်းတစ်ခုလုံးလည်း ရှင်းသလောက်ရှိသွားပြီဆိုတော့ ဆရာကြီးက မေ့ဆေးဆရာဝန်ကြီး ကို အစ်မရေ၊ ဖြုတ်တော့မယ်လို့ပြောပြီး လည်ဇလုတ်အောက်နားက လေပြွန်ကိုလွတ်လွတ်ကျွတ်ကျွတ် လှီးချလိုက်တော့ ပါးစပ်ထဲကနေထိုးထည့်ထားတဲ့ ပလတ်စတစ်အသက်ရှူပိုက်ကြီးလည်း ထင်းခနဲ ပေါ်လာတယ်။ မေ့ဆေးဆရာဝန်ကြီးက အဲဒီပိုက်ကိုပါးစပ်ထဲကနေ ဆွဲထုတ်လိုက်ပြီး အင်္ဂလိပ်အက္ခရာ ဂျေပုံသဏ္ဍာန်ရှိတဲ့ အသက်ရှူပိုက် အသစ်တစ်ချောင်းနဲ့ လည်ပင်းအရင်းက လေပြွန်ဖြတ်စထဲကို မိမိရရ ထိုးသွင်းချိတ်ဆက်လိုက်ရင်း မေ့ဆေးဘောလုံးကို ဟန်မပျက် ဆက်ညှစ် နေလိုက်တယ်။ အသက်ရှူပိုက်ပြောင်းတပ်ပြီးသွားတာနဲ့ တစ်ပြိုင်နက် ဆရာကြီးက လေပြွန်အပါအဝင် အသံအိုးကြီးတစ်စုံ လုံးကို ဖြတ်ထုတ်ပစ်လိုက်တယ်။ လူနာရဲ့လည်ပင်းမှာ ဟင်းလင်းပွင့်သွားတဲ့အစာရေမြိုပြွန်နဲ့ ဘေးတစ်ဘက်တစ်ချက်က သွေးကြောမကြီးတွေပဲ ထီးထီးကြီးကျန်ရစ်ခဲ့တော့တယ်။ လူနာမှာ နှာခေါင်းကနေ အသက်ရှူသွင်းစရာ လေပြွန်မရှိတော့ ဘူး။ ရှူသမျှလေတွေဟာ လည်ပင်းအရင်းမှာရှိတဲ့ လေပြွန်ငုပ်တိုကနေပဲ အဝင်အထွက်လုပ်ရတော့တယ်။ ဆရာမ တစ်ယောက်က လူနာရဲ့နှာခေါင်းထဲကနေ နှာခေါင်းပိုက်ထိုးထည့်လိုက်တော့ ပွင့်နေတဲ့အစာရေမြိုပြွန်ကိုဖြတ်ပြီး အစာအိမ် ထဲ လျှောခနဲဝင်သွားတာ တွေ့လိုက်ရတယ်။ ခွဲစိတ်မှုဟာ ရှစ်ဆယ့်ငါးရာခိုင်နှုန်းလောက် ပြီးသွားပြီ။ လည်ပင်းမှာကျန်ရစ်ခဲ့ တဲ့အစိတ်အပိုင်းတွေကို ရေသန့်သန့်နဲ့ဆေးကြာပစ်လိုက်တော့ အကျိအချွဲတွေဟာ သွေးတွေနဲ့ရောပြီးစီးကျလာတယ်။ လက်ထောက်က စုပ်စက်နဲ့စုပ်ထုတ်သန့်ရှင်းလိုက်ပြီးတော့ ဆရာကြီးက ဂွမ်းပုဝါအသစ်တစ်ခုကိုရေဆွတ်ပြီး လည်ပင်းမှာ ခပ်ဖွဖွဖုံးအုပ်ထားလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ မုန့်စားခဏနားလိုက်ဦးမယ်အစ်မလို့ မေ့ဆေးဆရာဝန်ကြီးကို လူနာ အပ်ပြီးထွက်သွားလိုက်တယ်။

ဆယ်မိနစ်လောက်ကြာတော့ လက်ထောက်နဲ့ဆရာကြီး ရှေ့ဆင့်နောက်ဆင့် ပြန်ဝင်လာကြတယ်။ လူနာကတော့ ခွဲစိတ် ခုတင်ပေါ်မှာ အသက်ရှူပိုက်တန်းလန်းနဲ့ လည်ပင်းပွင့်လျက်သား မေ့လို့ကောင်းတုန်း။ အော်ပရေးရှင်းပြီးဆုံးတော့မယ်ဆို တော့ အားလုံးလန်းဆန်းတက်ကြွနေကြပြီ။ ဆရာကြီးက ပွင့်နေတဲ့အစာရေမြိုကို ချုပ်ကြိုးသေးသေးလေးနဲ့ အင်္ကျီအပြဲစ ကိုပြန်ချုပ်သလိုမျိုး အပ်ချည်နဲ့တစ်ချက်ပြီးတစ်ချက် ပြန်တွယ်ချုပ်လိုက်တယ်။ ပြီးတော့ သေချာအောင် အပေါ်ကတစ်ထပ် ထပ်ချုပ်တယ်။ ပြီးတော့ မေးစေ့အပေါ်ဆွဲလှန်တင်ထားတဲ့ လည်ပင်းအရေပြားဖတ်ကို ပြန်အုပ်ချလိုက်တယ်။ လည်ပင်း အရင်းက လေပြွန်ငုပ်တိုရဲ့ပတ်ပတ်လည်ကိုလည်း လည်ပင်းအရေပြားနဲ့ ပြန်တွဲချုပ်ပေးလိုက်တယ်။ ပြီးတော့ လည်ပင်း အရေပြားအောက်နားကနေ ပိုက်သေးသေးလေးနှစ်ချောင်းထိုးထည့်လိုက်ပြီး ယိုစိမ့်စီးကျလာတဲ့သွေးတွေကိုခံထားဖို့ ပိုက် အဖျားမှာ ပလတ်စတစ်ဘူးလေးတစ်လုံးစီ တပ်ပေးထားလိုက်တယ်။  ပြီးတော့မှ ဆရာကြီးနဲ့လက်ထောက် ဇာဂနာကိုယ်စီ အပ်နဲ့အပ်ချည်ကိုယ်စီနဲ့ လူနာရဲ့လည်ပင်းအရေပြားကို ဘေးတစ်ဖက်တစ်ချက်စီကနေ ပြိုင်တူပြန်ပိတ်ပေးလိုက်ကြတယ်။ မေ့ဆေးဆရာဝန်ကြီးကလည်း မေ့ဆေးအချိန်အဆကို ဖြည်းဖြည်းချင်း ပြန်လျှော့နေပြီ။ အရေပြားအားလုံးပြန်ချုပ်ပြီးသွား တော့ လူနာရဲ့လည်ပင်းအပေါက်ထဲကိုထိုးထည့်ထားတဲ့ ပလတ်စတစ်အသက်ရှူပြွန်အစား ပိုးသတ်ထားပြီးသား ကြေးပြွန် ကောက်ကြီးတစ်ခု ပြန်ပြောင်းတပ်လိုက်တယ်။ ပြီးတော့ ခွဲစိတ်ခန်းဆရာမက လူနာလည်ပင်းမှာပေနေတဲ့ သွေးစသွေးန တွေကို အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းပတ်တီးစလေးနဲ့ ပြောင်စင်အောင်သုတ်ပေးလိုက်တယ်။ အခုတော့လည်း လူနာ လည်ပင်းမှာ ကင်းခြေများတစ်ကောင်ပတ်ခွေနေသလို ချုပ်ရိုးကြောင်းရာကြီးနဲ့ လေပြွန်ပေါက်တစ်ပေါက်ပဲ ကျန်ရစ်တော့ တယ်။ နာရီကြည့်လိုက်တော့ ညခုနှစ်နာရီထိုးခါနီးနေပြီ။ မေ့ဆေးပေးစက်ဖြုတ်လိုက်ပြီး သိပ်မကြာခင်မှာပဲ လူနာက သူ့ဖာသာသူ အသက်ပြန်ရှူနေပြီ။ ဒါပေမယ့် သတိတော့ကောင်းကောင်းမရသေးဘူး။ မေ့ဆေးဆရာဝန်ကြီးက လူနာ သတိရလာတဲ့အချိန် နာကျင်မှုမခံစားရအောင်ဆိုပြီး ပက်သဒင်း ငါးဆယ်မီလီဂရမ်ကို အကြောထဲထိုးထည့်ပေးလိုက် တယ်။


လင်းဇင်ယော်
ပိတောက်ပွင့်သစ် - ၂၀၁၃၊ အောက်တိုဘာ။