Monday, November 30, 2015

မျက်လှည့်ဆရာ





ခေါင်းထဲမှောင်ကျနေလို့ နှာခေါင်းထဲ နာရီဓာတ်ခဲတွေ တန်းစီထိုးထည့်လိုက်တယ်
မျက်လုံးကမီးလင်းလာတယ် နားနှစ်ဘက်ထဲက
အကောင်ပလောင်တွေ ဗြုန်းခနဲ ထပျံထွက်သွားကြတယ် နားပေါက်ထဲ
ခေါင်းထိုးဝင်ကြည့်တော့ ပျစ်ချွဲချွဲအရည်တွေနဲ့ ကျွတ်ကျကျန်ရစ်ခဲ့တဲ့တောင်ပံတချို့
ဟူးခနဲ မှုတ်ထုတ်လိုက်တိုင်းမှာ ကျန်တဲ့နားရွက်တစ်ဘက်ကနေ
ဖူးခနဲ ကန်ထွက်လာတတ်တဲ့ တစ်ရှူးအပိုင်းအစတွေ နားထဲ
ဘယ်သူဝင်အူနေတာလဲ ဒေါသတကြီးပဲ
လျှာကိုဆောင့်ဆွဲလိုက်တော့ မျက်နက်ဆန်တွေ အချင်းချင်းပြေးရိုက်ကြတယ်
ဆံပင်ဆောင့်ဆွဲတော့ လည်ချောင်းထဲနင်နေတဲ့
ပြားငါးဆယ်အကြွေစေ့ ပါးစပ်ထဲခုန်ထွက်လာတယ်
ထွီခနဲ ထွေးထုတ်လိုက်တဲ့တံတွေးကို အပျစ်အကျဲ ဘယ်လိုချိန်ဆမလဲ
ထွေးထုတ်လိုက်တဲ့တံတွေးရဲ့ အက်စစ်ဂုဏ်သတ္တိကြောင့်
အထွေးခံရသူ တစစ်စစ်နဲ့လှိုက်စားကူးခတ်နေရတယ် စိတ်သိပ်ပူမနေပါနဲ့
အသက်ကြီးလာလေလေ
တံတွေးအထွက်နှုန်းနည်းလာလေလေမှာ ဟား ဟား ဟား ဆိုတဲ့ရယ်သံကြောင့်
အသံကြိုးတွေပြတ်ထွက်ကုန်ပြီး ဖောက်ထားတဲ့လည်ပင်းအပေါက်ကနေ
တန်းလန်းထွက်ကျလာတယ် ဆူညံခြင်းမပြုရဆိုတဲ့စာသားနဲ့ လည်ချောင်းနာကင်းပြီး
ကြည်လင်ပြတ်သားသောအသံအတွက် ဒီဂျရောငုံဆေးပြားဆိုတဲ့စာသားဟာ
ဆိုင်းဘုတ်တစ်ချပ်တည်းမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တယ်
သံချေးကိုက် ဟ,မရတော့လို့ လွှကြိုးနဲ့ တဂျွီးဂျွီး တိုက်ဖြတ်ပစ်လိုက်ရတဲ့
အောက်မေးရိုးတစ်ခြမ်းနဲ့ သွေးတစိမ့်စိမ့်ယိုနေတဲ့
အာခေါင်နေရာကို မီးစနဲ့ထိုးလိုက်တော့ ခံတွင်းဝထိ တဖျစ်ဖျစ်လှိုက်အူလာတဲ့မီးခိုးလိပ်တွေ
သွားကြိုသွားကြားပါမကျန် ချွေးသီးချွေးပေါက်သီးထလာတယ်
တစ်ခြမ်းပဲကျန်တော့တဲ့လျှာကို ပါးစပ်ထဲအသာပြန်ခွေတွဲချုပ်ပေးလိုက်ပြီး
ကြိုးစတွေခပ်ရှည်ရှည်ချန်ထားခဲ့တယ်
အသက်အရွယ်အလိုက် တဖြည်းဖြည်းပဲကြီးထွားလာတတ်တဲ့လေအိတ်တွေနဲ့အတူ
ဦးခေါင်းခွံဟာပေါ့ပါးလွန်းပြီး လေထုထဲကို တဖြည်းဖြည်းပဲမြောက်တက်သွား
ဟတ်ချိုးဟာ မိုးထစ်ချုန်းသလိုကြားလိုက်ရပြီးနောက်
နာရီဓာတ်ခဲပြားလေးတွေ တဖြောဖြော တဖျောက်ဖျောက်နဲ့
ပြန်ရွာကျလာတယ် ခေါင်းမရှိတော့တဲ့ကိုယ်ထည်ကြီးက စမ်းတဝါးဝါးနဲ့
ပြန်လိုက်ကောက်နေတယ်

လင်းဇင်ယော်
ခေတ်ရနံ့ - ၂၀၁၅၊ နိုဝင်ဘာ။






No comments:

Post a Comment