အုတ်နံရံပေါ်ကို လက်နဲ့အသာ
ကုတ်ပွတ်လိုက်တာနဲ့ တစ်ဆုပ်တစ်ခဲပါလာတဲ့ ရေညှိ
အထွေးလိုက်ကြားမှာ
လည်တဆန့်ဆန့် ပြိုင်တူယိမ်းနေကြတဲ့ ငန်းရိုင်းတွေလို
အပင်ငေါက်တောက်လေးများကို
တစ်ယောက်တစ်ပင်ကိုင်ကြပြီး လည်ချင်းချိတ်၊ မျက်စိမှိတ်၊
တစ်၊ နှစ်၊ သုံး ပြိုင်တူအော်ပြီး-ဆွဲ၊
ပြီး၊ မျက်လုံးပြန်ဖွင့်ကြည့်၊
ခေါင်းပြတ်ပြီး လက်ထဲမှာအမြီးပဲကျန်ရစ်ခဲ့တဲ့ကောင်-ရှုံး၊
တချို့ခေါင်းတွေက စိမ်းစိုစို၊ အဆံ
ကြီးကြီးနဲ့ ခန့်ညားပေမယ့်
တကယ်တန်းယှဉ်ဖြတ်ရင် ခွက်ခွက်လန်အောင်ရှုံး၊ တချို့ခေါင်းထိပ်မှာ
နှုတ်သီးလိုလို၊ အမောက်လိုလို၊
ထိပ်ဖူးနီရဲရဲလေးနဲ့ ကြည့်လို့လှပေမယ့် ဒီကောင်တွေလည်း စိတ်မချရ၊
နိုင်တစ်လှည့်၊ ရှုံးတစ်လှည့်၊
ခေါင်းမဖြစ် တန်းမဝင်သေးတဲ့ အနုအရွများကတော့ ဘယ်လိုချိတ်ချိတ် မမိ၊ နီညိုညိုမည်းပိန်ပိန်
ရှုံ့တွခြောက်သယောင်းနေတဲ့ အဆံသေးသေး ပိန်တာရိုးခေါင်းမျိုးကမှ ပွဲတိုင်းကျော်၊ ခေါင်းဖြတ်ဗိုလ်၊
ခေါင်းနီဆိုရင် ကျန်တဲ့ကောင်တွေ မျက်စောင်းမထိုးရဲ၊ ခေါင်းနီကိုယှဉ်ဖြတ်နိုင်တာ
ခေါင်းနီပဲ၊ ခေါင်းနီထက်ရင့်တာ-ခေါင်းမဲ၊
အရင့်လွန်လွန်းလို့ ပွဲမစခင်ကတည်းက ဇက်ကျိုးပြီးသား၊
အားလုံးထဲ-ခေါင်းနီကဗိုလ်၊
ခေါင်းနီးအချင်းချင်းတွေ့ရင်တော့ လက်သာတဲ့ကောင်-အနိုင်၊ ခေါင်းနီ
အချင်းချင်း ယှဉ်ဖြတ်ကြပြီဆိုရင်
လျှာပေါ်တင်၊ တံတွေးနဲ့ အမြှုပ်တစီစီထအောင်ဆွတ်ပြီး မန်းကြ မှုတ်ကြ
ဆွဲကြ ဖြတ်ကြ၊ နိုင်တဲ့ကောင်
အာကျယ်၊ ရှုံးတဲ့ကောင် မျက်စောင်းခဲ၊ တောက်ခေါက်၊ မကျေနပ်ရင်
နိုင်တဲ့ခေါင်းနီကို
လက်နဲ့ ဖြတ်ခနဲ ဆွဲဖြုတ်၊ လက်မနဲ့လက်ညှိုးကြား စိစိညက်ညက် ဖိပွတ်ကြိတ်ချေ၊
တိုင်းထွာ၊ ဆဲရေး၊
ဆွဲထိုး၊ ရုံးခန်းရောက်၊ ဝါးခြမ်းပြား၊ မကျေနပ်သေးရင် မကြေပွဲထပ်နွှဲ၊ ကျောင်းတက်
ခေါင်းလောင်းမထိုးသေးခင်စပ်ကြား၊
ကမ္ဘာမကြေ မဆိုရခင်စပ်ကြား၊ မင်္ဂလာပါဆရာမ နှုတ်မဆက်ရသေးတဲ့
အခါမျိုး၊ ကျေးဇူးတင်ပါတယ်ဆရာမ
နှုတ်ဆက်ပြီးသွားတဲ့အခါမျိုး၊ သုံးမိနစ်ပဲရရ၊ ငါးမိနစ်ပဲရရ၊ ရသမျှအချိန်အတွင်း စာသင်ခုံတန်းပေါ်
မျက်နှာချင်းဆိုင်ခွထိုင်၊ မျက်လုံးချင်းစိုက်ကြည့်၊ ပြီးတော့ ရှူရှူးသွားချင်ယောင်ဆောင်ပြီး
အိမ်သာအုတ်နံရံကြားက ဆွဲနှုတ်လာတဲ့၊ စာသင်ခုံအံထဲ၊
လွယ်အိတ်ထောင့်ထဲ၊
စာအုပ်ကြားထဲ ဆရာမ မသိအောင်ဖွက်ထားတဲ့၊ ထိုးထိုးထောင်ထောင် ခေါင်းနီပေါင်းများစွာထဲက
အကောင်းဆုံးလို့ထင်ရတဲ့ ခေါင်းနီတစ်ကောင်ရွေးထုတ်၊ အင်္ကျီလက်မောင်းပင့်တင်၊ ပြိုင်ဘက်ခေါင်းနီနဲ့
ခေါင်းချင်းချိတ်၊ လည်ချင်းချိတ်၊ ဒိုင်လုပ်တဲ့ကောင်က တစ်၊ နှစ်၊ သုံး၊ ဆွဲဆိုတာနဲ့
မျက်စိစုံမှိတ်၊ ခေါင်းနီရဲ့အမြီးကိုကိုင်ထားတဲ့ လက်မနဲ့လက်ညှိုးထိပ်ဖျားဆီ အတွင်းအားများ
စုစည်းပို့ဆောင်ပြီးသကာလ လက်ပစ်ဗုံးတစ်လုံးရဲ့စံနက်တံကို ဆွဲဖြုတ်ပစ်ကြဲလိုက်သလို အံကြိတ်ပြီး
အသားကုန်ဆောင့်-ဆွဲ။
လင်းဇင်ယော်
ကဗျာလောက - စုစည်းမှု (၅)၊ ၂၀၁၄၊ မတ်။
No comments:
Post a Comment