ဟင်းပွဲ (၀) - ကိုကာကိုလာ၊
ဟိုက်ကော်မရှင်နာ၊ စားရေခဲ
ရောစပ်တာမကောင်း။ အထိနာ။
ရောစပ်မှကောင်းတယ်။ အဝင်ချော။
ရောချင်ရော။ မစပ်ချင်နေ။
သောက်သုံးသူများလည်း လွတ်လပ်စွာသောက်သုံးနိုင်သလို
မသောက်သုံးသူများလည်း
လွတ်လပ်စွာသောက်သုံးနိုင်ပါသည်။ အဖွင့်။
ဟင်းပွဲ (၁) - သုံးထပ်သားကင်
ကျွန်တော်တို့မျိုးနွယ်စုဘုံအဖွဲ့ရဲ့
မုန့်လုံးရေပေါ်လ မိတ်ဆုံစားပွဲစတင်ကျင်းပပါတော့မယ်။
အားလုံးပဲ စားရင်းသောက်ရင်း
ကျေးဇူးပြုပြီး နားထောင်ပေးကြပါ။ သုံးထပ်သားကင်က အဆီတွေချည်းပဲ။
ဒါပဲ လွယ်တာကိုး။ စား
စား။ မင်းတို့လူငယ်တွေ ငယ်တုန်းစားထားကြ။ ငါတို့လည်း ငယ်တုန်းက စားထားကြပြီးပြီ။ အသက်ကြီးမှစားရင်
အစာမကြေချင်ဘူး။ ဆရာဝန်ကတော့ ပြောထားတယ်။ စားချင်တာ အားလုံးစားတဲ့။ ကိုယ်ဖြစ်ကိုယ်ခံတဲ့။
စားသာစား။ လက်မနှေးနဲ့။
ဟင်းပွဲ (၂) - ကဏန်းပေါင်း
ပုလင်းပေးစမ်း။ မစားခင်
တစ်ဖုံးစာလောက် အရင်ထည့်မွှေ။ ဟင့်အင်း။ မကြိုက်တဲ့သူတွေရှိတယ်။
ဒါထည့်မှ ကောင်းတာ။
အကြောအချင်ပြေ။ ရင်ချောင်။ ခံတွင်းရှင်း။ စားဝင်။ နည်းနည်းပါးပါး။ ဒါမျိုး
ဒီအတိုင်းလုပ်ဖို့
မသင့်။ ကော်မရှင်ဖွဲ့။ ဒါဆို မင်းဥက္ကဌလုပ်။ ကျွန်တော်က အသက်ငယ်သေးတယ်။ ဖြစ်ပါ့မလား။
ဖြစ်တာပေါ့။ ငါထောက်ခံတယ်။
ကဲပါ။ မင်း ဒုဥက္ကဌပဲလုပ်။ ငါ ဥက္ကဌလုပ်မယ်။ ဟင့်အင်း။ ဒီအတိုင်းပဲစားမယ်။
ကဲ ကဲ။ မရောချင်တဲ့သူတွေ
ပန်းကန်ပေး။ အရင်ထည့်ပေးမယ်။ ခင်ဗျားရောမှာလား။ ရတာပေါ့။ ခင်ဗျားရော။
ဟင့်အင်း။ မင်းရော။
ရောမလား။ ရောမယ်။
ဟင်းပွဲ (၃) - ကြက်ကောက်ညှင်း
ငါတို့ ဒီဘက်ဝိုင်းထိုင်တာ
မှန်သွားပြီ။ ဟိုဘက်ဝိုင်းမှာ မုန်တိုင်းထန်နေပြီ။ တက်ကြွသူများအသင်းက
လုပ်ပစေပေါ့ကွာ။ ငါတို့
တာဝန်လာပေးတော့လည်း လုပ်ပေးလိုက်ပေါ့ကွာ။ စား စား။ မြန်မြန်စား။ မြန်မြန်ကုန်။
မြန်မြန်ပြီး။ မြန်မြန်ပြန်။
ဖဲ့မနေနဲ့။ တစ်တုံးလုံးသာ ယူလိုက်။ ဒီစကားတွေ ဒီနေရာမှာ မပြောသင့်ဘူး။ ကောက်ညှင်းက
ဝမ်းချုပ်တယ်။ ရင်ပြည့်တယ်။ မင်းတို့လူငယ်တွေပဲစားကြ။ မင်းမျက်နှာကြီး ရဲတက်လာလိုက်တာ။
တိုက်ကြက်ဖကြီးလိုပဲ။
အဲဒါ သောက်သက်နုသေးလို့ကွ။ ဆားဗစ်ရင့်သွားရင် ဘယ်လိုသောက်သောက်
အရောင်မပြောင်းဘူး။
မင်း ဘာသွေးလဲ။ အေ။ ငါက အို။ မျက်နှာနီတာ သွေးအုပ်စုနဲ့ ဆိုင်လို့လား။
ဆားဗစ်နဲ့ရော ဆိုင်လို့လား။
နီချင်တဲ့သူ နီတာပဲ။ ရဲရဲနီ။ ရှဲရှဲနီ။
ရွေးချယ်လို့မရ။ ငြင်းပယ်လို့မရ။
ဟင်းပွဲ (၄) - ပုစွန်ချိုချဉ်
ဒါဘာကြီးလဲ။ မေးမနေနဲ့။
စားပစ်။ အကုန်စားလို့ရတယ်။ အား! ပူသေးတယ်ကွ။
ခွက်ထဲနည်းနည်းထပ်ထည့်လိုက်ဦး။
ဒီတစ်ခါ အချိုရည်မရောနဲ့။ ရိုးရိုးရေရော။ အား! ပြင်းတယ်။
ရေခဲထပ်ထည့်ပေး။ ဒါပဲကွ။
ဘယ်အရာမှ လွယ်လွယ်မတတ်ဘူး။ သင်စရာမလိုဘဲ လွယ်လွယ်တတ်တာဆိုလို့
တစ်ခုပဲရှိတယ်။ မင်းသိလား။
ကျွန်တော်တို့ဘုံမှာ မတတ်နိုင်တဲ့သူတွေအတွက် သေရင်ထောက်ပံ့ပေးဖို့ ရိုးရာအခေါင်းတလားတွေ
ငါးလုံးလောက်ဆောင်ထားသင့်တယ်။ စီးပွားရေးအသွင်မဆောင်စေရ။ အခေါင်းလုပ်ရင်
ဈေးမဆစ်ကောင်းဘူးဆိုတာသိတော့
အခေါင်းရောင်းသမားတွေက စိတ်ကြိုက်လုပ်စားနေကြ။
အခေါင်းဖိုးဘယ်လောက်။
ဂူဖိုးဘယ်လောက်။ မေးရင် မဖြေဘူး။ တချို့ အခေါင်းဖိုးမတတ်နိုင်လို့ အပေါစားအခေါင်းနဲ့ပဲ
ဖြစ်သလိုပြီးလိုက်ရ။ ကောင်လေး ဒီပန်းကန်လာသိမ်းတော့။ ဒါတွေ
ဘယ်သူမှမစားတော့ဘူး။
ဟင်းပွဲ (၅) - ထမင်းကြော်
အစာပိတ်ပွဲက မြန်လှချည်လား။
ပြီးပြီလားဟ။ ဒါနောက်ဆုံးမှ ချတာမဟုတ်ဘူးလား။ ကဲ ကဲ။
ရှိတာသာ အကုန်ချတော့။
ဟင်းပွဲ (၆) - ဝက်သားတို့ဟူးကြော်။ ဟင်းပွဲ (၇) - ငါးလုံးဟင်းချို။
မုန်းစရာကောင်းလိုက်တဲ့
ငါးလုံး။ မကြိုက်ဘူး။ လုံးဝ။ ငယ်ကတည်းကပဲ။ ဟုတ်လား။ ဒါဆို ငါပဲ
အနစ်နာခံပြီး ပိုစားပေးလိုက်မယ်။
ငါးလုံးက ငါနဲ့တည့်တယ်။ ထမင်းကြော်ထည့်စားဦးလေ။ အေးပါ။ နည်းနည်းချင်းစီစားမှာပေါ့။
ကိုယ်စားရင် ကိုယ်ပဲခံရမှာ။ ဒါဘာလဲ။ တို့ဟူးလား။ ပြာမုန့်လား။ မေးမနေနဲ့။ မြန်မြန်စား။
အားလုံး စားလို့ရတယ်။ အားလုံး စားလို့ရတယ်။ အဘိုးကြီးတွေ စားနိုင်တုန်းပဲ။
လူငယ်တွေ လိုက်မမီသေးဘူး။
ဟင်းပွဲ (၈) - အချိုပွဲ
ပန်းကန်ထဲမှာ အသားကြော်တစ်တုံးကျန်သေးတယ်။
မင်း စားလိုက်။ ဟင့်အင်း။
ကျွန်တော် အချိုပွဲစားပြီးသွားပြီ။
၂၀၁၃၊ ဒီဇင်ဘာ။
No comments:
Post a Comment