နေထွက်ရာမျက်နှာကြက်ကို အရပ်မူပါ။ လက်နှစ်ဖက်ကို
ဘေးသို့ဆန့်တန်းထားပါ။ မိမိအရေပြား မိမိယူဆောင်လာ ပါ။ တံခါးမကြီးများ တစ်ခုပြီးတစ်ခုဖြတ်သန်းပါ။
လာပါ။ ထိုင်ပါ။ အေးမြသောသစ်သီးကို စားသုံးပါ။ အေးမြသောရေ ကို သောက်သုံးပါ။ ကြိုက်နှစ်သက်ရာခေတ်ကို
သီဆိုပါ။ ကြိုက်နှစ်သက်ရာခေတ်ကို ဖတ်ရှုပါ။ ဒူးနှစ်ဖက်ကို ရင် ဘတ်နှင့်ထိအောင်ကွေးပါ။
ထပ်၍ကွေးပါ။ ထပ်၍ထပ်၍ ကွေးပါ။ မသိမှုများကိုကျောရိုးတစ်လျှောက် တအိအိ ထိုး ထည့်ပါ။
မေ့မြောခြင်းကို ပုံမှန်ရှူသွင်းပါ။ သွေးထွက်များလျှင် ချွေးထွက်များပါ။ ချွန်မြထက်ရှသော
သတ္တုကိုသာ အသုံးပြုပါ။ မလို-အပ်ချက်များကို ရှောင်တိမ်းပါ။ ခက်ခဲသောသွေးထွက်သံယိုမှုကြီးများကို
လျှပ်စစ်-စစ်-စစ်ဖြင့် အလွန်အကျွံထိန်းချုပ်ခြင်းမှ ရှောင်ကြဉ်ပါ။ ကြိုးများကို မြဲမြံစွာချည်နှောင်ပါ။
ဖြတ်တောက်ပါ။ တသွင်သွင်စီးဆင်း နေသော အသက်သွေးကြောမကြီးများကို ငြင်သာစွာကိုင်တွယ်ပါ။
ဟုတ်ကဲ့ပါ။ ကျေးဇူးပြုပြီး ခေတ္တစောင့်ဆိုင်းပါ။ အရေးမပေါ်ပါ။ အရေးပေါ်ပါ။ အရေးကြုံလျှင်
အသက်ကို(ဖက်နှင့်)လုံအောင်ထုပ်ပိုးထားပါ။ ဖဝါး ဖမိုး လက်ခေါက် ချိုးပါ။ တစ်ခန်းကူး
တစ်ခန်းဆက်ပါ။ တစ်ခန်းဝင် တစ်ခန်းထွက်ပါ။ တစ်ခန်းပြီး တစ်ခန်းပြင်ပါ။ ထမင်းဝအောင် စား
ထားပါ။ ကိစ္စပြီးလျှင် ရေများများလောင်းပါ။ လုပ်ငန်းရှုခင်း ပွင့်လင်းမြင်သာမှုရှိအောင်
ဝိုင်းဝန်းပါ။ ကူညီပါ။ သတိ ရလျှင်ရချင်း သတိရပါ။ ခြောက်နာရီကျော်မှ ဦးခေါင်းလှုပ်ပါ။
နေဝင်လျှင် မျက်နှာဖုံးစွပ်များခွာချ၍
အိမ်သို့ပြန်ပါ။
မြန်မြန်လုပ်ပါ။
မြန်မြန်မြန်လုပ်ပါ။
မြန်မြန်မြန်မြန်လုပ်ပါ။
ထသွားပြန်ကြည့် သတိရှိပါ။
၂၀၁၂၊ အောက်တိုဘာ။
No comments:
Post a Comment